Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, January 23, 2010

လတ်လတ်ဆက်ဆက်ည

လတ်လတ်ဆက်ဆက်ည

ညလေးက လတ်ဆက်လိုက်တာ
လလေးက သာလို့
ကွေးကွေးလေးရယ်..
ကြယ်လေးတွေ တရုံးရုံးနဲ့
သူပျော်နေရှာပေါ့......။

ညလေးက ချစ်စရာကောင်းလိုက်တာ
လလေးကိုကြည့်ပြီး
ချစ်သူဆီ စကားတွေပြောနေတယ်..
ကြယ်လေးတွေသိရင်
ရယ်များရယ်နေမလား.....။

ညလေးက နှစ်သက်စရာ.
လလေးကသာလို့
ဒီချိန် မှာချစ်သူ
ဘုရားရှစ်ခိုး နေမလား
ဆုတောင်းမေတ္တာ ပို့နေလား..
သူ့အသံလွင်လွင်လေး ကြားနေရတယ်....။

ညလေးက ကြည်နူးစရာ
လလေးကသာလို့...
ဘ၀ရဲ့ အမောတွေ ခဏမေ့ပြီး..
ညလေးရဲ့ အလှကိုခံစား..
အသံလေးများလည်း ကြားနေရတယ်..
ဟိုးအဝေးဆီကပေါ့...........။ ။

ဖိုးသူတော်


၂၃.၁.၂၀၁၀

၂၁ နာရီ ၃၀ မိနစ်

Photo source : Internet

Sunday, December 6, 2009

နိုဝင်ဘာပြီး နောက်တစ်လ

နိုဝင်ဘာပြီး နောက်တစ်လ

ဟေ့...ဒီမှာ

နိုဝင်ဘာပြီး နောက်တစ်လ
မင်းကို နာမည်မခေါ်ချင်လို့
ဒီလိုခေါ်တယ်....။

ဘာလို့လဲ...မင်းဟာ...
မင်းဟာ မင်းကို ခေါ်ဖို့ မပီသလို့ပဲ
အရင်က မင်းက နှင်းမှုံဝေေ၀နဲ့
အေးအေးချမ်းချမ်း॥

ခုတော့ မင်းက॥
မင်းတာဝန် မကြေသလိုလို...

မဆိုင်သလိုလိုနဲ့...
ငါ့တို့ကို ပူလောင်မှုတွေပေးလေရဲ့...

နိုဝင်ဘာပြီး နောက်တစ်လရေ॥
မင်းရဲ့အရင်လို အစွမ်းတွေပြန်ပြပါကွာ॥
ငါတို့ကြောင့် ဖြစ်ရတယ်ဆိုပေမဲ့॥
မင်းအစွမ်းမင်းပြပါ॥
ငါတို့လည်း ထိမ်းပါမယ်॥

နိုဝင်ဘာပြီး နောက်တစ်လရေ...
တကယ်တော့ မင်းရှိတဲ့လဟာ
ပျော်စရာကောင်းတဲ့ လပါကွာ....
နှစ်သစ်ကို ရောက်ဖို့
မင်းဆီ အရင်လာရတာပါ...။

နိုဝင်ဘာပြီး နောက်တစ်လရေ...
ငါ တကယ်အေးစက်မှုအပြင်
မင်းရဲ့ အရသာကိုပါခံစားမိရင်
မင်းကို နာမည်အရင်းပြန်ခေါ်ပါမယ်

ခုတော့...
နိုဝင်ဘာပြီး နောက်တစ်လရေ...

ဖိုးသူတော်
(၆.၁၂.၂၀၀၉)
၂ နာရီ ၄၅ မိနစ်

Thursday, November 5, 2009

ပင်လယ်အပြုံး


ပင်လယ်အပြုံး....

ညနေခင်းဟာ ပယင်းရောင်တောက်နေတယ်
မင်းရဲ့အရိပ်ကိုလည်း မသည်းမကွဲမြင်နေရတယ်
ဟူး....ရွှေရည်တွေလွှမ်းခြုံထားတော့
ရင်မှာမူးဝေပြီပေါ့...။

တမြန်နေ့က တွေ့ခဲ့တဲ့ ချစ်သူရေ
ပြာနှမ်းနှမ်းပင်လယ်လို မရူးချင်ပါနဲ့
စိတ်ရှိတိုင်းသာ ရွက်လွှင့်မယ်ဆို
နောဧရဲ့လှေကို မှီတောင်မှီဦးမယ်
လမ်းပြကြယ်ကိုတော့ ကြည့်ထားဦး....။

ဂီတသံစဉ်ရဲ့ ပျော်ဝင်ပေါင်းစည်းမှု
တစ္ဆေအော်သံလို တဟူးဟူးမြည်ဟီး
ပင်လယ်ဟာကြမ်းပါတယ်ဆို
ဘာလို့ ဒုတ်ကိုခုန်တိုးချင်တာလဲ
လိမ္မာပါ ခွေးကလေးရယ်...။

ငါတို့ဟာ ပုစ္စုပန်မှာပဲ ပျော်သူတွေ
ကမ္ဘာပျက်မယ်ဆိုတဲ့ ရူးနှမ်းနှမ်းစကားကို
ရေခဲနဲ့ ရေသန့်လောက် မပြောဖြစ်ဘူး
တစ်ခါတစ်လေ ကြယ်ကြွေတာမြင်ရင်တောင်
ဆုတောင်းဖို့မေ့နေသူတွေ...။

မိုးလင်းလို့ မျက်စိဖွင့်ရသေးရင်
ငါ့ကမ္ဘာမပျက်သေးဘူး...
အပြုံးတွေကို လက်မခံချင်တော့ဘူးကွာ...
ဘာဖြစ်လို့လည်ဆိုတော့ ချိုချင်ယောင်ဆောင်နေတဲ့
ဓာတုဆေးထိုး အပြုံးတွေလေ...

ငါ့မနက်အလင်း အပြုံးကို
သဘာဝပဲ ဖြစ်ချင်တာပေါ့...
တနေ့တာ လူလောကထဲ
သဘာဝ အပြုံးတစ်ခုနဲ့ပဲဝင်ပါ
ကျန်တာတွေ အလိုလို လတ်ဆက်လာမှာပေါ့....

မိန်းခလေးရေ...
ပင်လယ်ကို မကိုးကွယ်နဲ့...
ပြာနှမ်းနှမ်းနဲ့ တည်ငြိမ်ချင်သယောင်...
ကမ္ဘာကိုတောင် အန်တုချင်သေးတာ...
ငါ့ပယင်းခွက်ထဲက ရွှေရည်လိုတော့
သူ ဟန်မဆောင်တက်သေးဘူး

တကယ်တော့ ......
ပင်လယ်ရဲ့ အပြုံးမှာ
သူငါတွေ ကျရှုံးတာများနေပြီ...
ပင်လယ် ပင်လယ်
အပြုံးတုတစ်ခုရဲ့ ရီသံ...
ဟိုး............အဆုံးမှာ....
လှိုင်း လှိုင်း လှိုင်း လှိုင်း.....။ ။

ဖိုးသူတော်
၅.၁၁.၂၀၀၉

၁၂ နာရီ ၅၂ မိနစ်။



Photo source : Internet

Sunday, October 4, 2009

နှုတ်ခမ်းထောင့်မှာ ခိုတွဲသီနေတဲ့ ချစ်ခြင်း

နှုတ်ခမ်းထောင့်မှာ ခိုတွဲသီနေတဲ့ ချစ်ခြင်း.


နှုတ်ခမ်းထောင့်မှာ

အချစ်ဆိုတာလေး သီတန်းနေတယ်..


တံစမြိတ်အောက်မှာ

ရေစက် ကလေးတွေ ခိုတွဲနေသလို

အချစ်ဆိုတာလေးတွေ ခိုနေတယ်

ထွက်ကျတဲ့ စကားလုံးတိုင်း

နှုတ်ခမ်းထောင့်မှာ

အချစ်ဆိုတာ တွေ ပါနေတယ်..


ကျွန်တော့် နှုတ်ခမ်းဖျားမှာ ခိုတွဲနေတဲ့

အချစ် စကားလုံး ရေစက်လေးတွေက

တပေါက်ပေါက် ကျနေတယ်

သက်တန့်တွေပေါ်လို့ မိုးတွေစဲသွားချိန်ထိပေါ့....


နှုတ်ခမ်းထောင့်မှာခိုတွဲသိနေတဲ့

ချစ်ခြင်းရေစက်တွေ

လေတွေတိုက်လို့ နှုတ်ခမ်းထောင့်စွန်းကနေ

အောက်ကို ကျကုန်ပြီ...

ဒါကို မသိတဲ့ သူတွေက

သွားရည် တမြားမြား ကျတယ်ထင်မယ်


ခု အောက်ကျလုကျခင် နှုတ်ခမ်းထောင့်မှာ

သီတွဲခိုနေတဲ့ ချစ်ခြင်းရဲ့

အကြောင်းတွေပြောချင်လို့ပါ..

မလုပ်ပါနဲ့ ဒီလို လှောင်ပြောင်မှုလေးတော့

နှုတ်ခမ်းထောင့်လေး ကွေးရုံလေး

ပြုံးသွားတယ်


အဲ့ဒီ နှုတ်ဖျားမှာ သီတွဲခိုနေတဲ့ ချစ်ခြင်းတွေဟာ ..

ဟိုး.. စကြာဝဠာ အဝေးဆီက လွင့်စင်လာတဲ့

နူးညံ့မှုတွေ အားလုံးရဲ့ ကမ်းဆုံး..

တိကျ ရုပ်နာမ်မရှိတဲ့ မေတ္တာဆိုတာနဲ့ ပေါင်းစုံမိပြီး

ငါမင်းကို ချစ်တယ်လို့ ပြောထွက်ခဲ့တာပါ


နှုတ်ခမ်းထောင့်က တွဲခိုနေတဲ့

ချစ်ခြင်းရေစက်ငယ်ဟာ

လွင့်စင်လာတဲ့ မေတ္တာနဲ့ပေါင်းပြီး

သံယောစဉ်ဖြစ်စေမဲ့ နားစည်ရဲ့

အာရုံကြောကို ရိုက်ခက်စေပြီးမှ

ငါ့ရင်ထဲက ချစ်ခြင်းတွေကို ထုတ်ပြခဲ့တာပါ...


ဒီချစ်ခြင်း ရေစက်ကလေးရဲ့ အဆုံး..

နားစည်ရဲ့ အကြောထုံး..

နှလုံးသားရဲ့ သွေးကြော..

ဦးနှောက်ရဲ့ အာရုံခံအင်္ဂါ

ဒါတွေ ပေါင်းစုံပြီးမှ ချစ်ခြင်းကိုလက်ခံ တုန့်ပြန်မှုတော့ ပေးပါ..

နှုတ်ခမ်းထောင့်လေး ကွေးရုံ ပြုံးသွားတယ်.

အချစ်ရေပေါက်လေး တစ်စက်ကျသွားတယ်.

ကြယ်ကလေး လက်ခနဲ့ တစ်ချက်ဖြစ်ပြီး..

ပန်းတစ်ပွင့် အစွမ်းကုန်ပွင့်လိုက်တယ်.

နှုတ်ခမ်းထောင့်လေး လှုပ်သွားတယ်.

ချစ်တယ်….။ ။

ဖိုးသူတော်

၎.၁၀.၂၀၀၉

၃ နာရီ ၁၅ မိနစ်..။ ။

Photo Source : Internet

Thursday, August 13, 2009

စံပါယ်ဖြူအိပ်မက်


ကိုထူးအိမ်သင်ကိုယ်တိုင်ရေးကဗျာလေးပါ။ ၁၉၈၂ခုနှစ်က ရှုမ၀မဂ္ဂဇင်းမှာ"လင်းထက်"ဆိုတဲ့ကလောင်
နာမည်နဲ့ရေးသားခဲ့ပါတယ်။

စံပါယ်ဖြူအိပ်မက်

လှိုင်းခတ်သံ ဂီတ...
ချိုမြ မပီပြင်၊သည်ရင်မှာ
ကြယ်ပြာ..လပြာ..ကောင်းကင်ပြာ...
ရောင်လွှာ မြူးပြက်၊လျှပ်လက်သလို
အို.....လှလိုက်တာ။

သဲသောင်ခုံလား၊ရေစွယ်လားလေ
ခြေသံဖွဖွ၊ကြားနေရပေါ့
မွှေးမြသန့်စင်၊အာရုံမြင်ရနံ့
သင်းပျံနေဆဲ၊ရင်ထဲမှာ...။

စကားတိုးတိုး၊မြူခိုးဝေေ၀
စံပယ်ရေ..စံပယ်ဖြူ...
ဘယ်သူများလဲ၊မေးလိုက်ဆဲမှာ
သဲသဲလှုပ်လှုပ်၊ငှက်တစ်အုပ်...
ရုတ်ခြည်းပျံပြေး၊ဟိုးအဝေးကို။

သည်အိမ်မက်မှ၊မောင် နိုးထလည်း
တမ်းတတပ်မက်၊ရုန်းမထွက်ချင်
သက်ဦးမြတ်မွန်၊ရွာလွန် ရွက်တိုက်
ပြေးလိုက် ရှာဖွေ..။
စံပယ်ရေ..စံပယ်ဖြူ
ဘယ်သူများလဲ၊ဘယ်မှာလဲကွယ်
ရင်ထဲ မေးမိဆဲပါမေ။

လင်းထက်

ကိုထူးအိမ်သင် အားအမှတ်တရ ပြန်လည် တင်ပေးထားခြင်းဖြစ်ပါသည်။ ကျွန်တော့်သူငယ်ချင်း မမေလည်း ဒီကဗျာကို သူ့ဘလော့ဂ်မှာ ပြီးခဲ့တဲ့နှစ် ဧပြီလ က တင်ဖူးပါသည်။


Photo source. http://www.htooeainthin.com/ ကိုဖိုးသားဆိုဒ်မှာ ကူးယူတင်ပြပါသည်။


အားလုံးကို ကျေးဇူးတင်စွာဖြင့်.

ဖိုးသူတော်

၁၃.၀၈.၂၀၀၉

၂၂ နာရီ ၄၄ မိနစ်


Monday, August 3, 2009

သူများလူမှာ (ARE THERE KINSMEN IN WAR?)

မနေ့က(၂.၀၈.၂၀၀၉) စာပေလောကစာအုပ်ဆိုင်မှ စာအုပ်တစ်အုပ်ကြိုက်တာနဲ့ဝယ်လာဖြစ်သည်။ စာအုပ်က ဆရာကြီး ၀င်းဖေ ရဲ့ မြကန်သာ (Emerald Lake) ဆိုတဲ့ စာအုပ်ဖြစ်သည်။ စာအုပ်ရဲ့အမှာစာမှာ ဦးဝင်းဖေက မြန်မာကို ကမ္ဘာက သိစေသော ဆောင်ပုဒ်နှင့်အညီ မြန်မာ့အမွေကို ကမ္ဘာကရစေခြင်းငှာ မြန့်မာဂန္တ၀င် ကဗျာများကို မူရင်းမြန်မာ ဘာသာအပြင် အင်္ဂလိပ်ဘာသာပြန် ပြီး ထုတ်ဝေခြင်းဖြစ်သည် ဟု့ ရေးထားသည်။


စုစုပေါင်း မြန်မာ့ဂန္တ၀င်ကဗျာ အပုဒ် ၅၀ ပါဝင်သည်။ တစ်ချို့သော ကဗျာများက ကျွန်တော်တို့ ကျောင်းသားဘ၀ မှာ သိကျွမ်းရင်းနှီးသင်ကြားခဲ့ရသော ကဗျာတွေပဲ ဖြစ်သည်။ ထိုကဗျာ အပုဒ် ၅၀ ထဲမှ ပို၍ရင်းနှီးသည်ဟု့ ခံစားရသော တောင်တွင်းရှင်ငြိမ်းမယ် ရေးသားသည့် " သူများလူမှာ" ဆိုတဲ့ ကဗျာကို ဖော်ပြ လိုက်ပါသည်။


ဖိုးသူတော်(၄.၀၈.၂၀၀၉)


သူများလူမှာ (စစ်မှာတစ်မူ)


ချစ်တဲ့သူ၊သူငယ်ချင်းကောင်း၊ ယောက်မတို့လေး၊


သူများလူမှာ စစ်သံကြားလျှင်၊ နာဖျားဥပါယ် ခိုကြတယ်၊

နှမလေး ပျိုတို့မောင်မှာ၊ စစ်သံကြားလျှင်၊ရွှေဓါးပိုက်ကာ၊

အိုးစားဖက်ကို လိုက်လို့ရှာသည်။ ရိက္ခာကနည်း၊ မိုးကသဲသနှင့်၊

သံတွဲကိုကူးပါလိမ့် မလားတော်။ ။

စစ်မှာတစ်မူ၊ နှမလေးပျို့ထက်ဖြူကို၊ယူမလို့လားတော်။

စစ်မှာရှမ်းမ၊ နှမလေးပျို့ထက်လှကို၊ ရမလို့လားတော်။

စစ်မှာဆွေမျိုး၊ ဘိုးဘွားမောင့်မှာ ရှိသလားတော်။

"စစ်မှာတစ်မူ၊ နှမလေးမယ့်ထက်ဖြူကို၊ မယူဘူးဗျာ။

စစ်မှာရှမ်းမ၊ နှမလေးမယ့်ထက်လှကို၊ မရဘူးဗျာ။

စစ်မှာဆွေမျိုး၊ ဘိုဘွားကျုပ်မှာ မရှိဘူးဗျာ။

ရေမြေ့သခင်၊ ရှင်ဘုရင်က၊ မိန့်တော်စာနှင့်၊ အပါချသည်၊ လိုက်ရတော့မယ်။

မြင်းမှာအုန်းခွံ၊

ကျွန်မှာကုလား၊

ဓါးမှာမိုးကြိုး၊

ယွန်းပုဆိုးနှင့်၊

စစ်သည်ပုံမှာ၊ ကျွန်ယုံကဲ့သို့၊ မောင်ကလေ၊ မောင်သာလိုက်" တဲ့ တောင်ပတ်လည်နှင့်၊ ဇင်းမယ်ဆိုသည်၊ ညိုတဲ့မြို့မှာ ပျို့လွမ်းဖွယ်လေး။


ရှင်ငြိမ်းမယ်


ARE THERE KINSMEN IN WAR?


Dear one, good friends and sister-like.


When others hear the sounds of war,

they pretend sickness and other ills.

When my young man hears of war.

he takes down his sword and searches for

comrades to shear his campaign cooking pot.

With low rations, in heavy rain,

will he cross the hills to Sandoway?

Does war offer a fairer maid?

Does war promise a pretty Shan girl?

Are there ancestors and kinsmen in war?


"I expect no fairer maid than you in the wars,

nor shall I get a pretty Shan girl.

There are no kinsmen of mine in war.

I obey the orders of the Lord if the Land,

With a roan horse, a foreign slave,

a bronze sword, and a longyi from Yun,

like a loyal warrior I follow the flag."

It shall break my heart that he is far away.

in hazy Zinme, surrounded by hills.


Shin Nyein Mai.


ချစ်ခြင်းရဲ့ ရနံ့

ချစ်ခြင်းရဲ့ ရနံ့


အချစ်ရဲ့ ချိုမြိန်ခြင်းရနံ့ကို

ငါ သင်းသင်းလေး ရလိုက်တယ်..

ငါ့ရဲ့ ရင်ကို တကယ်ကြည်နူးစေတယ်.

သူ့အတွက် အချစ်တွေ.

အစွမ်းကုန် ရင်မှာ ပွင့်လန်း

ပွင့်သော ပန်းတိုင်း

ချစ်သောရနံ့ ဖြင့် မွှေးစေကွယ်..


အရိုးသားဆုံး ၀န်ခံရရင်

စိုးစိတ်နဲ့ တိုးတိတ်စွာ ချစ်နေရသူပါ

ခင်မင်စွဲ အဖြူရောင် သံယောစဉ်ကို

ရောင်စုံခြယ်ကာ ဆေးဆိုးမိတဲ့ ကိုယ့်ကို

သူ အချစ်ပြယ် အရင်လို မခင်မှာကို

မခံစား ၀ံ့နိုင်သူပါ..


ကိုယ်ချစ်တဲ့ အချစ်ဟာ

ခဏပန်း မဟုတ်ပဲ..

တသက်လုံး တစ်ဘ၀စာ အတွက်

ရည်ရွယ်တယ်ဆိုတာ သူသိပါစ..


အပြင်မှာ ရွာနေတဲ့ မိုးရေတွေလို

ကိုယ့် အချစ်က သူ့ အပေါ် အေးမြစေမှာပါ.


မိန်းခလေးရေ..

ကျေးဇူးပြုပြီး အချစ်တွေကို လက်ခံပေးပါ.

မြတ်နိုး ယုံကြည်နားလည်မှု နဲ့

ချစ်မြတ်နိုးတယ်ဆိုတာကို လက်ခံပေးပါ.

အချစ်ရဲ့ ချိုမြိန်ခြင်း ရနံ့ကို

ငါ သင်းသင်းလေး ရနေတယ်…။ ။


ဖိုးသူတော်

၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်

၂၂ နာရီ ၄၇ မိနစ်.


photo source : Internet


Friday, June 26, 2009

နှလုံးသား ကြွေးကျန်

နှလုံးသား ကြွေးကျန်


ပုစ္စုပန်ရဲ့ အငိုမျက်နှာကို

လက်ရှိက သရော်တော်တော်.

အတိတ်ရဲ့ စပ်ဖြီးဖြီးက

လွန်ခဲ့သော ရဲ့ မျက်နှာပြောင်တိုက်မှုတစ်ခု..

အနာဂတ်မှာ ဘာတွေဖြစ်မယ်ဆိုတာ..

ကြိုတင်သိမှုတစ်ခုမှာ အကျုံးမ၀င်ခဲ့ဘူး….


ရည်ရည်မွန်မွန်ပါပဲ..

လောကကြီးကို နှုတ်ဆက်တယ်..

သိမ်သိမ်မွေ့မွေ့ပါပဲ..

ပတ်ဝန်းကျင်နဲ့ ဆက်ဆံတယ်..

ဒါပေမဲ့………

အတ္တများမယ်.. မာန ကြီးမယ်.

အရွဲ့တိုက် ရူးသွပ်မှုတစ်ခုခု..

နီးစပ်ရာနဲ့ ပျော်မွေ့တယ်..


တည်ငြိမ်တယ် စိတ်ကစားတယ်

မတိမကျနဲ့ သေချာခဲ့တယ်.

ရယ်မောပြီး လွမ်းဆွေးတယ်

ချောင်းဆိုးပြီး ဆေးလိပ်မီးညှိတယ်.

အသံဝင်လို့ အော် အော် ပြောရတာ..

မနှစ်က စိုက်ခဲ့တဲ့ အပင်လေးတောင်..

ခုထိ အပွင့်မပွင့်သေးဘူး…..


ကျေနပ်တယ် စိတ်တိုင်းမကျဘူး..

နွေရာသီ နှာစီးပြီး..

မိုးတွင်းကြီး အပူရှပ်လို့..

ပြီးခဲ့တဲ့ နှစ်တွေက အကြွေးတွေ တောင်..

ဆပ်ဖို့ ကျန်တာ…

ဆောင်းမှာ အိပ်မက်လို့

ကယောင်ချောက်ခြားဖြစ်..


သူ.. ဒီနှစ်

အကြွေးကြေပါစေ…..။ ။


သူတော်

၂၆।၆.၂၀၀၉ ( ၁၂ နာရီ ၁၇ မိနစ်)


Photo source: Internet




Friday, June 12, 2009

၁၀၀၁







၁၀၀၁


အရင်က ကမ္ဘာကြီးက

လုံးပြီး ၂၃ ၁/၂ ဒီဂရီတဲ့

အခု ကမ္ဘာကြီးက

ပြားပြီ ၁၀၀၁ ဒီဂရီ တဲ့


အပြားကမ္ဘာနဲ့ လူတွေ

၁၀၀၁ စကားတွေပဲပြောတယ်..

အဲ့ဒါတွေနဲ့ပဲ အသက်ရှင်တယ်..

ခုရေးနေတာလဲ ၁၀၀၁ ပဲ..


သမီးရည်းစား စကားပြောလဲ

၁၀၀၁ ပဲ…..

တစ်နေရာနဲ့ တစ်နေရာ စာပို့လည်း

၁၀၀၁ ပဲ…

ဓါတ်ပုံရိုက်လဲ

၁၀၀၁ ပဲ…


အရာအားလုံး

၁၀၀၁ ပဲ..

ဘယ်ချိန် ရှိပြီလဲ..

လက်ကနာရီကို ကြည့်တယ်..

၁၀ ၀၁ နာရီတဲ့…

ငါတို့လည်း..

အပြားကမ္ဘာနဲ့ ၁၀၀၁ နဲ့..

…………………….. ။ ။


သူတော် ( ၁၂.၆.၀၉)

၁၉ နာရီ ၂၉ မိနစ်


Photo source: Internet


Wednesday, June 10, 2009

ငါ့ကိုငါမြင်ခြင်း

ငါ့ကိုငါမြင်ခြင်း
















စကြာဝဠာကြီး အကြောင်းမသိခဲ့သလို

မင်းအကြောင်းလည်း မသိခဲ့ဘူး..

ဒါပေမဲ့..

ကြယ်တွေ ကြွေလို့ လက်ခနဲ့ဖြစ်သွားတာထက်

မင်းမျက်စောင်းတစ်ချက် ကို ဆုတောင်းတယ်။


အသံမဲ့ တိတ်ဆိတ်ခြင်းထက်

စပီကာတွေ အော်ဟစ်တာကို

လိုလားခဲ့တယ်။

ရက်ပ် သီချင်းတစ်ပုဒ်က စာသားတွေလို

ဟိုဘက် တိုးတိုးပြီး ကကြည့်ချင်တယ်။


ဇင်ယော်တွေ မြင်ရပြီ..

ကမ်းခြေနဲ နီးနီးလာပြီ..

မင်းအသံ ကြားနေရပြီ….

လှိုင်းတွေ အဝေးက ပြေးပြေးလာနေတယ်..

ကမ်းခြေကတော့ သူ့ဟာသူ ခပ်အေးအေးပဲ..


မုန်တိုင်းထန်မဲ့ အချိန်တွေ

မလာသေးခင် လေပြည်တွေ တိုက်နေတက်တယ်..

မုန်တိုင်းစဲသွားရင်လည်း လေပြည်တွေ လာဦးမှာ..

တကယ်တော့..

မုန်တိုင်းဆိုတာ လေပြည်ကြားက

နတ်မိစ္ဆာကြီးပဲ…


ငါ့အသက်ဝိဉာည်ကို လာယူလည့်ပါ

အနာဂတ်တွေ မဖြစ်ချင်တော့ဘူး..

အသက်ရှုဖို့ ခဲယဉ်းနေတယ်

အဝေးက အသံသဲ့သဲ့ကြားနေရတယ်..

ဘာဖြစ်လို့ ခေါင်းလောင်းသံတွေတိုးသွားတာလည်း

မြစ်ထဲက တံငါအိုက ကွန်ပစ်မပျက်ပါဘူး..

ငါ… ရေလိုပဲ ပျောက်သွားတယ်..

ငြိမ်းချမ်းပြီးပေါ့……….။ ။


နက်ဖန်တွေဆိုတာ မျှော်လင့်ချက် ရှိသူတွေ ရဲ့ အိပ်မက်မဟုတ်တဲ့ အိပ်ယာထ လက်ဆောင်တွေ ဖြစ်ပါတယ်။


သူတော် ( ၁၀.၆.၂၀၀၉)

၁၈ နာရီ ၀၃ မိနစ်..


Saturday, February 28, 2009

တစ်ကိုယ်တော် အလွမ်း


ဥသြငှက်ကလေးရေ…


ဥသြငှက်ငယ်.. မင်းတွန်မြည်သံ

လွမ်းဆွေးသံလား ကြေကွဲသံလား

ထွက်ကြည့်မိတော့ ပင်ဖျားမှာနား

မင်းတစ်ကောင်တည်း တွန်နေဆဲ…


သူတော်(၂၈.၂.၂၀၀၉)