Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Saturday, October 29, 2011

The IT era, the news media and the flow of social networks


သုတနည်းပညာခေတ်၊ သတင်းမီဒီယာနှင့် လူမှုကွန်ယက်များ စီးဆင်းမှု

ယနေ့ ကမ္ဘာနှင့် အ၀ှမ်းတွင် အင်တာနက် အသုံးပြု စီးဆင်းမှုသည် ကြီးမားကျယ်ပြန့်လာသည်နှင့်အမျှ လူတန်းစားပေါင်း များစွာတို့သည် အင်တာနက်ကို တကိုယ်ရည် တကာယအနေနှင့်သာမက အသင်းအဖွဲ့အစည်းများထိပါ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုလာနေပြီ ဖြစ်ပါသည်။ ကမ္ဘာကျော် သတင်းဌာနကြီးများ၊ ကုမ္ပဏီများနှင့် အသင်းအဖွဲ့ကြီးများစွာသည် အင်တာနက် ၀က်ဘ်ဆိုဒ်များ၊ ဘလော့ဂ်များနှင့် ယနေ့ကမ္ဘာကျော် လူမှုကွန်ယက် မီဒီယာဖြစ်သော ဖေ့ဘွခ်ကဲ့သို့သော ၀က်ဆိုဒ်များကို အသုံးပြုပြီး လူထုအတွင်းသို့ ပျံ့နှံ့စိမ့်ဝင်စေပါသည်။ 

ကျနော်တို့သည်လည်း တိုးတက်သောနည်းပညာခေတ်နှင့် လျော်ညီစွာ ၎င်း ၀က်ဆိုဒ်၊ ဘလော့ဂ်၊ လူမှုကွန်ယက်များကို အသုံးပြု၍ ၎င်းတို့၏ စီးဆင်းမှု အခြေအနေကို လေ့လာနေကြပါသည်။ သုံးစွဲရင်း စောင့်ကြည့်နေကြပါသည်။ ကျနော်တို့ ယနေ့ခေတ် အလွန်အသုံးများသော ဖေ့ဘွခ်ကဲ့သို့သော လူမှုကွန်ယက်တွင် အကြောင်းအရာပေါင်းများစွာကို အချိန်နှင့် တပြေးညီ တပြိုက်နက် ပြသလေ့ရှိပါသည်။ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ မိတ်ဆွေစာရင်းထဲမှ တဦးတယောက်သော်လည်းကောင်း ၊ အဖြစ်အပျက် အကြောင်းအရာပေါင်းများစွာကို မိနစ်မခြားပဲ လူမှုကွန်ယက်များမှ တဆင့် မျှဝေလေ့ရှိကြပါသည်။

သတင်းတိုက်တခုမှ လူတဦးနှင့် လူမှုကွန်ယက်တခုခုတွင် မိတ်ဆွေဖြစ်ထားပါက ထိုသူ မျှဝေသော တိုက်နှင့်ဆိုင်သော သတင်း၊ ပြင်ပသတင်းများကို အချိန်မကုန်စေပဲ လွယ်လင့်တကူ ကြည့်ရှု့လာနိုင်ပြီ ဖြစ်ပါသည်။ ယနေ့ မျက်မှောက် သတင်း မီဒီယာများ၏ တိုးတက်မှုနှင့် လူမှုကွန်ယက် ၀က်ဆိုဒ်များနှင့် အင်တာနက် အသုံပြုမှုနှုန်း မြင့်မာလာမှုသည် တိုက်ရိုက် အချိုးကျလျက်ရှိပါသည်။

သတင်းစာတိုက်ကြီးများ၊ သတင်းဌာနကြီးများနှင့် ကမ္ဘာကျော်အရောင်းပစ္စည်း ကုမ္ပဏီကြီးများကိုယ်တိုင် လူမှုကွန်ယက်များတွင် ကိုယ်ပိုင်စာမျက်နှာများ ပြုလုပ်ပြီး စာသုံးသူလူတန်းစားနှင့် ထိတွေ့မှု အမြဲရှိစေရန် ဆောင်ရွက် နေကြပြီဖြစ်ပါသည်။

ထို့ပြင် ကမ္ဘာ့ခေါင်းဆောင်များ၊ နိုင်ငံခေါင်းဆောင်များနှင့် ထင်ရှားကျော်ကြားသော နိုင်ငံရေးသမားများ၊ အားကစားသမားများ၊ စာရေးဆရာများနှင့် ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များသည်လည်း ထို လူမှုကွန်ယက် ၀က်ဆိုဒ်များကို တွင်တွင်သုံးကာ ၎င်းတို့၏ လက်ရှိဖြစ်ပျက်နေသော အခြေအနေ အနေအထားတို့ကို ပရိတ်သတ် အချိန်နှင့် အမျှသိရှိစေရန် ဖော်ပြနေကြပြီဖြစ်ပါသည်။

အင်တာနက် အသုံးပြုမှုတွင်လည်း အရင်ကလို ကွန်ပျူတာပီစီရှေ့ ထိုင်နေရုံမဟုတ်တော့ပဲ နေရာတကာ အလွယ်တကူ ယူသွားနိုင်သော စမတ်ဖုန်းများ၊ တတ်ဘလက်သင်ပုန်းများနှင့် ၀ိုင်ဖိုင်ဆက်သွယ်ရေးနည်းပညာများကြောင့် ကမ္ဘာနှင့်အ၀ှမ်း သတင်းပေးပို့မှု၊ သတင်းဖတ်ရှု့မှု နှုန်းထားများ မြင့်မားတိုးတက်လာနေပါသည်။

ကျနော်တို့ မြန်မာ အင်တာနက် လူမှုကွန်ယက်သုံးစွဲသူများ ( အထူးသဖြင့် ဖေ့ဘွခ် ) သည်လည်း တနေ့တခြား တိုးတက် များပြားလာနေရာ ယနေ့အခါ တဦးနှင့် တဦး သတင်းပေးပို့မှု၊ သတင်းမျှဝေမှု၊ သတင်းတင်ပြမှု စသည်တို့ကို အတော်ပင် လုပ်ဆောင်လာကြပါသည်။ နိုင်ငံအရေးကိစ္စနှင့် ပတ်သက်သော အခြေအနေမျိုးတွင်လည်း ထို လူမှုကွန်ယက်များကို အသုံးပြု၍ အခြေအတင် ငြင်းခုံးဆွေးနွေးခြင်း၊ တင်ပြပြောဆိုခြင်း စသဖြင့် အပြုသဘောဆောင်သော ကိစ္စရပ်များကို ထင်ထင်ရှားရှား ပြုလုပ်လာကြသည်ကို တွေ့ရှိရပါသည်။

အနာဂတ် မဝေးလှသော နှစ်များတွင် ပုံနှိပ်ထုတ်ဝေသော သတင်းဂျာနယ်များ ပျောက်ကွယ်သွားပြီး လူတိုင်း (နီးပါး) တကိုယ်ရည်သုံး တတ်ဘလက်သင်ပုန်းများနှင့် အွန်လိုင်းမီဒီယာကို အသုံးချကာ သတင်းနှင့် အချက်အလက်များကို အချိန်နှင့် တပြေးညီ ပေးပို့ဖတ်ရှု့လာတော့မည်ဟု ယုံကြည်မိပါသည်။

ဖိုးသူတော်
၂၉.၁၀.၂၀၁၁
၁၂း၀၅မိနစ်

Photo Source : Internet

Wednesday, March 3, 2010

ကမ္ဘာပူနွေးလာမှုနှင့် ဖန်လုံအိမ်အာနိသင်သက်ရောက်မှု



ကမ္ဘာပူနွေးလာမှုနှင့် ဖန်လုံအိမ်အာနိသင်သက်ရောက်မှု


ဒီနေ့နေ့လည် သူငယ်ချင်းတစ်ယောက်က Global Warming ၊ Green House Effect များနှင့်ပတ်သက်၍ မြန်မာနိုင်ငံက လူများသိပ်မသိသေးကြောင်းနှင့် ၎င်းနှင့်ပတ်သက်၍ ကျတော့်ဘလော့ဂ်မှာ ရေးသားဖော်ပြပေးရန် ပြောဆိုသောကြောင့် ကျတော်လည်း ကြားဖူးဖတ်ဖူးသမျှတွေနှင့် အင်တာနက်မှာရှာဖွေတွေရှိမှုတွေကို စုပေါင်းပြီး အနည်းငယ်ရေးသားဖော်ပြလိုက်ပါသည်။ တကယ်တော့ ဒီကိစ္စက တစ်ဦးတစ်ယောက် တစ်မြို့ တစ်ရွာ တစ်နိုင်ငံတည်းနှင့်သက်ဆိုင်ရုံမျှမက တစ်ကမ္ဘာလုံးနှင့်ပါ သက်ဆိုင်သော ကိစ္စ ဖြစ်သောကြောင့် ဂလိုဘယ်ဝမ်းမင်းဟူပင် ခေါ်ဆိုခြင်းဖြစ်သည်။


ကမ္ဘာ့ပူနွေးမှုဆိုသည်မှာ ကမ္ဘာပေါ်တွင်ရှိသော ယေဘုယျအပူချိန်မြင့်တက်လာခြင်းဖြစ်သည်။ ထိုသို့ မြင့်တက်လာသောကြောင့် ကမ္ဘာကြီးဟာ ပိုမို ပူနွေးလာပြီး သဘာဝဘေးအန္တာရယ်တွေ ဖြစ်တဲ့ဟာရီကိန်းမုန်တိုင်းများတိုက်ခြင်း၊မိုးခေါင်ရေကြီးခြင်း အစရှိတဲ့ လူသားဆိုးကျိုးပြုတွေဟာ သာမန်ထက်ပိုမို၍ ဖြစ်ပွားလာနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။


ကမ္ဘာပူနွေးလာမှုနှင့်၎င်း၏အကျိုးဆက်များကြောင့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုတွေဖြစ်လာပြီး စိုက်ပျိုးရေး အဓီကလုပ်ကိုင်သော နိုင်ငံများမှာ ဆန်စပါးစိုက်ပျိုးနှုန်းများ ကျဆင်းစေလာနိုင်သည်။ ၀င်ရိုးစွန်းသိပ္ပံပညာရှင်များ၏ တွက်ချက်မှုအရ နောက်ဆယ်စုနှစ် တစ်ခု အကျော်လောက်တွင် အာတိတ်ဒေသမှ ရေခဲများသည် ကမ္ဘာပူနွေးမှုဖြစ်စဉ် မြင့်ကဲလာမှုကြောင့် ရှိတော့မည်မဟုတ်ကြောင်းလည်း သုံးသပ်ပြောဆိုထားသည်။ ထိုကဲ့သို ရေခဲများမရှိအရည်ပျော်ခြင်းကြောင့် ပင်လယ်ရေမျက်ပြင် မြင့်တက်မှုဖြစ်စေနိုင်သည်။


ထိုသို့ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကြောင့် ကျွန်းပေါင်း ၁၂၀၀ ခန့်ပါဝင်ဖွဲ့စည်းထားသော မော်လဒိုက်လို ပင်လယ်ရေပြင်ထက် ၇ ပေခန့်သာမြင့်သော ကျွန်းနိုင်ငံလေးများသည် ပင်လယ်ရေပြင်အောက်သို့ ရောက်ရှိသွားနိုင်ပြီး ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ်သွားမည့်အနေအထားများဖြစ်လာနိုင်သည်။


ကမ္ဘာ့ပူနွေးလာမှုဖြစ်စဉ်ကြောင့် ကမ္ဘာ့လေအေးပေးစက်နေရာအဖြစ်တင်စားရသော အာတိတ်ဒေသရှိ ရေခဲပင်လယ်ပြင်ကြီးသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖြစ်ပေါ်မှုတွင် အထူးအရေးပါလာသည်။ ရေခဲပြင်မှ အရည်ပျော်လာသော ရေခဲပျော်ရည်များသည် သမုဒ္ဒရာရေပြင်ကို ပိုမိုနက်မှောင်စေပြီး နေမှအပူရှိန်ကို ရောင်ပြန်ဟပ်ရမည့်အစား ပိုမိုစုပ်ယူသဖြင့် ကမ္ဘာလုံးဆိုင်ရာ ပူနွေးမူ ပိုမိုဖြစ်ပေါ်လာရသည်။ ၎င်းဖြစ်စဉ်သည် သံသရာလည်သကဲ့သို့ ဖြစ်နေသည်။ ဤဖြစ်ရပ်သည် ၂၀၀၉ ဒီဇင်ဘာတွင် ကိုပင်ဟေဂင် ၌ကျင်းပခဲ့သော ကုလသမဂ္ဂ၏ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်အသစ်နှင့် ပတ်သက်သော ဆွေးနွေးပွဲ တက်ရောက်ကြမည့် ကမ္ဘာခေါင်းဆောင်များအား အကြီးအကျယ် တပ်လှန့် သတိပေးခဲ့သည်။


ကမ္ဘာ့ပူနွေးမှုဖြစ်ရပ်များသည် တကယ်တော့ လူသားများ၏ မဆင်မခြင် စက်မှုပစ္စည်းများသုံးစွဲမှုကြောင့် ထွက်ပေါ်လာသော ဓါတ်ငွေ့များမှ ကမ္ဘာ့လေထုကို ကာကွယ်ပေးနေသော အိုဇုံးလွှားအား ဖျက်စီးပစ်လိုက်ခြင်း၏ အစဖြစ်သည်။ လူများသည် အဲယားကွန်များ၊ရေခဲသေတ္တာများ၊ မော်တော်ကားများ၊ စက်ရုံအလုပ်ရုံများ၊ အီလက်ထရောနစ် ပစ္စည်းများနှင့် ရေမွေးစပရေးများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ၎င်းတို့မှထွက်သော မီးခိုးငွေ့ နှင့် ဓာတ်ငွေ့ များသည် အိုဇုံးလွှာအား ဖျက်စီးပစ်ချင်းဖြစ်သည်။



ဖန်လုံအိမ်ဓာတ်ငွေ့နှင့် ဖန်လုံအိမ်အာနိသင် ဆိုသည်မှာလည်း ကမ္ဘာ့မြေပေါ်သို့ ရောက်လာသော နေရောင်ခြည်အချို့ ကို မြေထု၊ရေထု၊သစ်ပင်များနှင့် အခြားသောအရာဝတ္ထုများမှ စုပ်ယူသဖြင့် ၎င်းတို့သည် နွေးထွေးလာကြသည်။ ထိုသို့ နွေးလာမှုကြောင့် ၎င်းတို့ထဲရှိစွမ်းအင်သည် မြင့်မားလှုပ်ရှားလာပြီး အနီအောက်ရောင်ခြည်အသွင်ဖြင့် ထွက်လာသည်။ ထိုသို့ထွက်လာသော အနီအောက်ရောင်ခြည်ကို လူ့ မျက်စီဖြင့် မမြင်နိုင်သော်လည်း အနွေးဓာတ်အနေဖြင့်မူ သိရှိခံစားနိုင်သည်။


ကမ္ဘာ့မြေပြင်ရေပြင်တို့မှ ထွက်လာသော အနီအောက်ရောင်ခြည်များကို လေထုအတွင်းမှာရှိသော ဓာတ်ငွေ့ အချို့ က စုပ်ယူထိမ်းသိမ်းထားကာ ကမ္ဘာကို ပူနွေးစေသည်။ ထိုကဲ့သို့ စုပ်ယူထိမ်းသိမ်းပြီး ကမ္ဘာကို မပူနွေးစေပါက ကမ္ဘာ့အပူချိန်သည် ရေခဲအမှတ်အောက်ရောက်ပြီး အေးခဲနေလိမ့်မည်။ အချို့အအေးပိုင်းဒေသတွင် ထိုကဲ့သို့ ဥပမာမျိုးကို အတုဖန်တီးကာ သစ်ပင်စိုက်ခင်းများကို ရှင်သန်စေသည်။ ဖန်လုံအိမ်၊ ပလက်စတစ်အိမ်များဖြင့် အတုပြုလုပ်ထွက်ပေါ်လာသော အပူချိန်ကို ထိမ်းထားပြီး အပင်များကို ရှင်သန်စေသည်။ ထိုအရာကို ဖန်လုံအိမ်အာနိသင် ဟုခေါ်သည်။


ကမ္ဘာကြီးကို ထိုသို့ ဖန်လုံအိမ်အာနိသင်ဖြင့်နွေးထွေးစေပြီး လေထုတွင်းရှိနေသော ဓာတ်ငွေ့များကို ဖန်လုံအိမ်ဓာတ်ငွေ့များဟုခေါ်သည်။ သဘာဝအလျောက်ရှိသော ဓာတ်ငွေ့များမှာ အိုဇုန်း၊မီသိန်း၊နိုက်ထရပ်စ်အောက်ဆိုက်ဒ်နှင့် ကာဘွန်ဒိုင်အောက်ဆိုက်ဒ် တို့ဖြစ်သည်။ ထိုအထဲမှ ကာဘွန်ဒိုင်အောက်ဆိုက်ဒ် သည်လူအများ၏ မဆင်မခြင်သုံးစွဲမှုကြောင့် လေထုထဲတွင် ရှိသင့်သည့် ပမာဏထက် လွန်ကဲများပြားစွာ ဖြစ်ပေါ်နေသည်။ ဓာတ်ငွေ့သံသရာအရ သစ်ပင်တို့သည် လေထုထဲက ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်ထုတ်ပေးသည်။ ၎င်းတို့ပျက်သုန်းကာမှ ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ကို ပြန်ထုတ်ပေးသည်။ သို့ပေမဲ့ လူတို့၏ မဆင်မခြင် သစ်ပင်ခုတ်လှဲ မှုများကြောင့် လေထုထဲတွင် ကာဘွန်ဒိုင်အောက်ဆိုက်ဒ်သည် ရှိသင့်သိထက် ပိုမိုနေသည်။ ဒါပြင် စက်မှုလုပ်ငန်းများမှ ရေနံ၊ကျောက်မီးသွေးလောင်စာများမှလည်း ကာဘွန်ဒိုင်အောက်ဆိုဒ်များစွာထွက်ရှိပြီး လေထုထဲရောက်ရှိသည်။ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများမှလည်း မီသိန်းနှင့် နိုက်ထရပ်စ်အောက်ဆိုက်ဒ်များ များစွာ ပိုမိုလွန်ကဲစွာ ထွက်ရှိနေသေးသည်။


ကမ္ဘာပေါ်တွင် ဖန်လုံဓါတ်ငွေ့ ထုတ်လွှတ်မှုတွင် တရုတ်၊အမေရိကန်နှင့် ရုရှတို့ပြီးလျှင် အိန္ဒိယသည် တစ်နှစ်လျှင် ဖန်လုံအိမ်ဓာတ်ငွေ့ တန်ချိန်သန်း ၁၃၀၀ မျှ ထုတ်လွှင့်၍ စတုတ္ထလိုက်လျက်ရှိသည်။ ထိုကြောင့် ထိုကိစ္စများကို ထိမ်းသိမ်းရန် ကမ္ဘာ့ခေါင်းဆောင်များသည် ဆွေးနွေးခဲ့၊ ဆွေးနွေးဆဲ လုပ်နေကြသည်။


ဖန်လုံအိမ်ဓာတ်ငွေ့၏ တစ်ခုဖြစ်သော မီသိန်းဓာတ်ငွေ့သည် နွားနှင့် သိုးဆိတ်စသော သတ္တ၀ါများ လေချဉ်တက်ရာမှလည်း ထွက်ပေါ်လာသည်။ ထိုသို့မွေးမြူရေးလုပ်ငန်းများကြောင့်ထွက်သော ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏသည် စုစုပေါင်း ပမာဏ၏ ၁၈ ရာခိုင်နှုန်းမျှ ရှိကြောင်းသိရ၍ ကား၊ရထားစသော သယ်ယူပို့ဆောင်ရေးယာဉ်များမှ ၁၃ ရာခိုင်နှုန်းထွက်ကြောင်း သိရသည်။ မွေးမြူရေးမှထွက်သော ဓာတ်ငွေ့ကို တွက်ချက်ရာ၌ တိရစ္ဆာန်များမှတိုက်ရိုက်ထွက်သော ဓာတ်ငွေ့အပြင် မွေးမြူရေးခြံရှင်းလင်းခြင်း၊ အစာထုတ်ခြင်းတို့ကြောင့် တောခုတ်ခြင်း နှင့် အအေးခံ၊ချက်ပြုတ်ခြင်း အစရှိသဖြင့် ကာဘွန်ဒိုင်အောက်ဆိုက်ဒ်နှင့် မီသိန်းဓာတ်ငွေ့ထွက်ရှိခြင်း အဆင့်ဆင့်တွက်ချက်ထားခြင်းဖြစ်သည်။


ထိုသို့သော အကြောင်းအရာများကြောင့် ကမ္ဘာကြီးသည် ရှိသင့်သည့် အပူချိန်ထက် တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ပူလာပြီး ကမ္ဘာ့ပူနွေးမှုဖြစ်စဉ်သည် နိုင်ငံအားလုံးသို့ ရိုက်ခက်လျက်ရှိနေသည်။ ဖြစ်စဉ်အားလုံးသည် လူသားများ၏ မဆင်မခြင်အသုံးလွန်ကဲမှုများခြင်းကြောင့် ဖြစ်သဖြင့် လူသားများအနေနဲ့ လူသားအချင်းချင်း အသိပေး ပြောကြားပညာပေး၍ တက်နိုင်သမျှ ကမ္ဘာကြီးကို ၀ိုင်းဝန်းပြင်ဆင်ဖို့ လိုလာပါသည်။ တစ်ဦးတစ်ယောက် တစ်နိုင်ငံခြင်းသာ မက နိုင်ငံပေါင်းစုံ ၊ အဖွဲ့စည်းပေါင်းစုံပါက ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့နေထိုင်သော ဂြိုဟ်ပြာကြီးကို ထိမ်းသိမ်းကြပါလို့ ဤဆောင်းပါဖြင့် တိုက်တွန်းလိုက်ပါသည်။


လေးစားစွာဖြင့်....
ဖိုးသူတော်
၃.၃.၂၀၁၀

Photo source : Internet
Related Video Link :
NASA Climate Report on Global Warming
Global Warming 101
Lord Monckton: Global Warming big scientific fad

Monday, December 14, 2009

သုခရိပ်မြုံသို့ ဒုတိယအခေါက်

သုခရိပ်မြုံသို့ ဒုတိယအခေါက်

၁၃.၁၂.၂၀၀၉ တနင်္ဂနွေနေ့

မနက် ၉ နာရီ ၁၀ မိနစ်ခန့်။
ဖုန်းလာသည်ဟုလာပြောသောကြောင့် အိပ်ယာထဲမှ လူးလဲထကာသွားကိုင်ရပါသည်။ သူငယ်ချင်းမလေးတစ်ဦး ဆက်တာဖြစ်ပြီး ဒီနေ့ သုခရိပ်မြုံဂေဟာသွားဖို့ လှမ်းချိန်းခြင်းဖြစ်ပြီး နောက်သူငယ်ချင်း တစ်ယောက် ကိုပါ အကြောင်းကြားခိုင်းခြင်းဖြစ်သည်။ အင်း အင်း ပြောလိုက်မယ်ပြောပြီး အိပ်ယာထဲ ပြန်ခွေလိုက်တာ မနက် ၁၀ နာရီ ခွဲကျော်မှ နိုးသည်။း) ထို့နောက် ပြင်ဆင်စရာရှိတာများ ပြင်ဆင်ပြီး သောအခါ ၁၁ နာရီ ထိုးနေပြီဖြစ်သည်။ မည်သူ့မျှ မချိန်းရသေး။ အရေးထဲ ဗိုက်ထဲကလည်း ညက စားထားသော အချဉ်များနှင့် ထမင်းကြော်များက ဆန္ဒပြသဖြင့် သည်ကိစ္စလည်း ရှင်းလိုက်ရသေးသည်။ ခဏနေတော့ ဖုန်းတစ်ခါလာသည်။ ချိန်းရမည့်သူငယ်ချင်းက သေချာမသိ၍ လှမ်းဆက်ခြင်းဖြစ်သည်။ အတော်ပဲဖြစ်သွား၍ သူ့အား ဆုံမည့်အချိန်နှင့်နေရာအား ပြောလိုက်ပါသည်။ ထို့နောက် ဆက်လက်ပြီး ချိန်းဆိုရမည့်လူများကို ဆက်ချိန်းပါသည်။ အားလုံးပြီးစီး၍ နာရီကြည့်လိုက်တော့ ၁၂ အတိထိုးနေပြီ။ ကိုယ်ကချိန်းထားတာ ၁၂ ခွဲ။ လေယာဉ်ပျံလို မြန်သော ကားဖြင့် ချိန်းထားသော နေရာကို ရောက်အောင်သွားရပါသည်။

တကယ်တော့ ဒီနေ့သွားမည့်ကိစ္စကို စီစဉ်ထားသည်မှာ လွန်ခဲ့တဲ့ ၁ ပတ်ခန့်ကတည်းကဖြစ်သည်။ စေတနာရှင်တစ်ဦးမှ လှူဒါန်းသောငွေ နှင့် ကျွန်တော့်တို့ လှူဒါန်းသော ငွေ၊ ကလေးဆော့စရာ ပစ္စည်းများ အားလုံးစီစဉ်ထားသည်။ ထိုပစ္စည်းများအား ယူဆောင်ပြီးထွက်ခဲ့ရာ ချိန်းဆိုထားသောနေရာကို ၁၂ ခွဲပြီး ၅ မိနစ်တွင်ရောက်ပါသည်။ ကျန်သောသူများ မရောက်သေးသောကြောင့် အေးအေးပင် ကော်ဖီတစ်ခွက်ထပ်သောက်ပြီး စောင့်နေပါသည်။ ဗိုက်က ဆာနေသော်လည်း အစားတစ်ခုခု စားလိုက်၍ လမ်းမှာ ဒုက္ခရောက်မည်ဆိုသောကြောင့် သည်းခံနေရသည်။ ချိန်းသောသူများလည်း ရောက်လို့လာပြီ ဖြစ်သည်။ ကျွန်တော်လည်း မခံနိုင်သည့် အဆုံး နေ့လည်စာကို ကောက်ညှင်းပေါင်းလေး တစ်ပွဲ စားလိုက်ပြီး တင်းတိမ်လိုက်သည်။

ထိုနောက် သုခရိပ်မြုံဂေဟာသို့ ထွက်လာခဲ့ရာ နေ့လည် ၂ နာရီကျော်လောက်တွင်ရောက်ပါသည်။ ဂေဟာရောက်ရောက်ခြင်း သူနာပြုဆရာမကြီးနှင့်တွေ့ဆုံ၍ ကျွန်တော်တို့ ရောက်လာပြီးဖြစ်ကြောင်း အကြောင်းကြားပါသည်။ ယမန်နေ့က ဖုန်းကြိုဆက်ထားသောကြောင့် ဆရာမ ဒေါက်တာ ထားထား (စုထား) ကျွန်တော့်တို့ကို စောင့်နေပါသည်။ သို့သော် ၁ နာရီကျော်လောက်ရောက်မည်ပြောထားပြီး ၂ နာရီကျော်မှာ ရောက်လာသဖြင့် ဆရာမ စုထား ပြန်သွားပါသည်။ ဆရာမ စုထားအား လွန်စွာပင် အားနာမိပါသည်။ ကျွန်တော်တို့လည်း ထင်မှတ်မထားတဲ့ ကြန့်ကြာမှုလေးများ ရှိသောကြောင့်ဖြစ်သည်။

ထို့နောက် ဆရာမကြီးနှင့် စကားစမြည်အနည်းငယ်ပြော၍ အလှူငွေများ ပေးအပ်ပြီး ကလေးများ တီဗီကြည့်နေရာ နေရာလို့ သွား၍ ဆော့စရာပစ္စည်းများ သကြားလုံးနှင့် ပီကေများ သွားရောက်ပေးအပ်ပါသည်။ ထို့နောက် ကျွန်တော်တို့ အသင့်ယူလာသော ဆော့စရာပစ္စည်းများနှင့် ကလေးများ နှင့်အတူတူ ဆော့ကစားကြပါသည်။ ကလေးများသည် လွန်စွာပျော်ရွှင်၍ စိတ်ပါလက်ပါ ဆော့နိုင်ပါသည်။ အဖွဲ သုံးဖွဲ့ ခွဲ၍ ဆော့စေရာ နိုင်သော အဖွဲ့အား ဆုပေးသည့် စနစ်ကျင့်သုံးပါသည်။ ကံအားလျော်စွာ ကျွန်တော် တာဝန်ယူသောအဖွဲ့ နောက်ဆုံးရသွားပါသည်။

ထိုသို့ပစ္စည်းများနှင့် ဆော့ကစားခြင်း ပြီးဆုံး၍ ကလေးများနှင့် ကျွန်တော်တို့ ၀ိုင်းထိုင်ပြီး ပါဆယ်ဂိမ်းဆော့ကြပါသည်။ ထိုကစားနည်းမှာ သူတို့အားလွန်စွာ ပျော်ရွှင်စေပါသည်။ ပါဆယ်ဂိမ်း ထုံးစံအတိုင်း သီချင်းလေးတစ်ပုဒ်ဖွင့်ပြီး သီချင်းရပ်သောအခါ ပါဆယ်ကြသည့်သူသည်အားလုံး ခိုင်းရာ လုပ်ရမည်ဖြစ်သည်။ ဆော့သည်အခါ ပါဆယ်ကြသွားသော ကလေးများသည် သူတို့ချင်းချင်း လုပ်ခိုင်းသော ဟာမျိုးကို သေချာ မရှက်ပဲ လုပ်နိုင်ပါသည်။ မျောက်က ကခြင်း၊ ပဲပြုတ်ရောင်းခိုင်းခြင်း အစရှိသဖြင့် ဖြစ်သည်။ အသက် ၁၃ နှစ်ခန့် အရွယ် ကလေးမလေးတစ်ဦးဆိုလျှင် အများက သီချင်းဆိုခိုင်းသောကြောင့် သီချင်းဆိုရာ ၀ိုင်းစုခိုင်သိန်း၏ အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတယ် ဆိုသည့် သီချင်းအား သေချာပိုင်နိုင်စွာ တစ်ပုဒ်လုံး သီဆိုသွားသည်ကို အံ့ဩဖွယ် တွေ့ရပါသည်။ ပါဆယ်ကြသူများအား ခိုင်းတာလုပ်ပြီးသွားသောအခါ သကြားလုံးနှင့် ပီကေများ ပေးပါသည်။

ထိုသို့ ဆော့ကစားပြီးနောက် ကျွန်တော်တို့ အဖွဲ့လည်း ပြန်ချိန်ကျရောက်လာသောကြောင့် ပြန်ဖို့ ပြင်ရပါသည်။ ကလေးများ ဖွထားသော သကြားလုံးခွံများ၊ ပလက်စတစ်အိပ်များ၊ အမှိုက်များကို ရှင်းလင်းရပါသည်။ အချို့ကလေးများသည် ခင်မင်၍ ကိုယ့်အား ဖက်တွယ်ထားကြသည်။ မနည်းကို ချော့မော့၍ ထားခဲ့ရပါသည်။ နောက်အခါများ လာခဲ့ပါမယ်ဟု ပြောခဲ့ရပါသည်။ သူတို့က နောက်တစ်ခါလာရင် ပီကေ ၀ယ်ခဲ့ဟု အထပ်ထပ်မှာပါသည်။နောက်တစ်ခေါက်ဆိုလျှင် ပီကေ ( ချောကလက်သကြားလုံး) များများ ၀ယ်သွားမည်ဟု စိတ်ကူးမိပါသည်။

ညနေ လေးနာရီကျော်တွင် ဂေဟာမှပြန်ရာ ငါးနာရီကျော်ခန့်တွင် နေရပ်သို့ အေးဆေးစွာ ပြန်လည်ရောက်ရှိပါသည်။ ဤသို့ ရောဂါဝေဒနာ ရှိနေသော ကလေးသူငယ်များအား စိတ်ဓါတ်ရေးရာ အနည်းငယ်တက်လာစေရန် သူတို့နှင့် ရင်းနှီးစွာ ထိတွေ့၍ ဆော့ကစား (၀ါ) စကားပုံပြင်အစရှိသည်တို့ ပြောဆိုပြုလုပ်ပေးခြင်းဖြင့် သက်သာစေနိုင်သည်ဟု ပြောလို့ရပါသည်။ သူတို့သည်လည်း လာသောသူများအား များစွာ ခင်တွင်ပုံရပါသည်။ ဂေဟာတွင် HIV ရောဂါပိုး ကူးစက်ခံ ကလေးငယ်ပေါင်း အသက် ၁ နှစ်မှ ၁၅ ထိ စုစုပေါင်း ၄၅ ယောက်ရှိပါသည်။ အသေးစိတ် သိရှိလိုပါက ဒီမှာ သွား၍ ဖတ်နိုင်ပြီး ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မိမိတို့ တက်နိုင်သောအင်အားဖြင့် မိမိတို့ ပတ်ဝန်းကျင်တွင် ရှိသော ချို့တဲ့ ကလေးငယ်များ၊ HIV ကူးစက်ခံကလေးငယ်များအား ထောက်ပံ့ပေးခြင်းဖြင့် စေတနာသဒ္ဒါတရား ထားနိုင်ကြပါစေဟု မျှော်လင့်မိပါသည်။

အောက်တွင် ဓါတ်ပုံအနည်းငယ်အား ဖော်ပြထားပါမည်။ ကူးယူသုံးစွဲလိုပါက ကြိုတင်အကြောင်းပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကလေးများအား သကြားလုံးနှင့် ပီကေများ ပေးနေစဉ် (နောက်က မတ်တက်ရပ်နေတဲ့ ကလေးမ ၂ ယောက်လည်း စားချင်လို့ထင်ပါတယ်။ လှမ်းကြည့်နေတယ် :P )


ကလေးများအတွက် ဆော့စရာနှင့် စတစ်ကာ ပုံလေးများ


ကာတွန်းစတစ်ကာများ


ပစ္စည်းများ ပေးရန် ပြင်ဆင်နေပုံ

ဆော့စရာပစ္စည်းများပေးနေစဉ်

ကလေးများ ပြောနေသည်ကို နားထောင်နေစဉ်


အားလုံးကိုကျေးဇူးတင်စွာဖြင့်....

ဖိုးသူတော်


၁၄.၁၂.၂၀၀၉

၂ နာရီ ၃၀ မိနစ်

Thursday, December 10, 2009

Barcamp Yangon သတင်းမီဒီယာ ရှင်းလင်းပွဲ အောင်မြင်စွာ ကျင်းပ ပြီးစီး

Barcamp Yangon !!

Barcamp Yangon နဲ့ပတ်သတ်လို့ စာနယ်ဇင်းများသို့ ရှင်းလင်းပွဲကို ဒီနေ့ ( 10-Dec-2009) ကြာသပတေးနေ့ မနက် ၁၀ နာရီမှာ တာမွေအ၀ိုင်းထိပ်မှာရှိတဲ့ Moon bakery မှာပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပွဲကို 7 Days၊ Internet ၊ Myanamr Post၊ ပြည်မြန်မာ၊ အလင်းတန်း၊ ရန်ကုန်တိုင်းမ်၊ မြန်မာတိုင်းမ်၊ Time to Time ၊ Knowledge bridge ၊ Flower News ၊ PC Magazine စတဲ့ သတင်းမီဒီယာများမှ လာရောက်သတင်းယူ မေးမြန်းမှုများ ပြုလုပ်ခဲ့ပါတယ်။

ဒီရှင်းလင်းပွဲမှာ ကိုဇော်ဇော်မျိုးလွင်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး Public Relation Team မှ မထိုက်ထိုက်အောင်က Barcamp များဖြစ်ပေါ်လာပုံ၊ Barcamp များရဲ့ သဘောသဘာဝများကို Website များကို ကိုးကားပြီး ရှင်းလင်းပြသခဲ့ပါတယ်။ ကိုဇေသီဟမှ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ Barcamp များကို ထောက်ပံ့ပေးခြင်းဖြင့် Barcamp လာရောက်သူ ပရိတ်သက်များနဲ့ လုပ်ငန်းရှင်များ စသည်ဖြင့် နယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်၊ ပညာရှင်၊ ၀ါသနာရှင်လူငယ်များအားလုံးကို ဘယ်လိုအကျိုးဖြစ်ထွန်းစေနိုင် သလဲဆိုတာ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ကိုသက်ထူး@မျက်လုံး ကတော့ Barcamp Yangon မှာကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ လိုအပ်တဲ့ ဖြည့်စွတ်ချက် အချို့ကို ကိုကျော်ဇေယျမှ ဖြည့်စွတ်ရှင်းလင်းခဲ့ပြီး စာနယ်ဇင်းများမှ သိလိုတဲ့ အချက်များကိုတော့ ကျွန်တော်တို့ အဖွဲ့သားအားလုံးမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ရှင်းလင်းပွဲ ကျင်းပနေတဲ့ အချိန်မှာပဲ Facebook နှင့် Twitter (www.Twitter.com/barcampyangon) များမှလည်း Live update များ တင်ဆက်ပေးခဲ့ပါတယ်။

Barcamp ကို Barcamp Bangkok, Barcamp KL စသည်ဖြင့် ကျင်းပတဲ့ မြို့အမည်နဲ့ တွဲပြီး မှတ်တမ်းတင်လေ့ရှိပါတယ်။ အာရှနိုင်ငံများအနေနဲ့ ပြောရရင် Singapore, Malaysia, Kazakhtan, Thiland, India , Vientam နိုင်ငံတို့မှာရှိတဲ့ မြို့အသီးသီးမှာ Barcamp တစ်ကြိမ်ထက်မနည်း ကျင်းပပြုလုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။ India ဆိုရင် သူ့ရဲ့ မြို့ အသီးသီးမှာ Barcamp ၂၇ ကြိမ်လောက် ပြုလုပ်ကျင်းပနိုင်ခဲ့တာကို တွေ့ရပါတယ်။

အခြားသော Africa နိုင်ငံများ၊ Arab နိုင်ငံများ၊ Ameraica နိုင်ငံများ၊ Europe နိုင်ငံများမှာရှိတဲ့ မြို့အသီးသီးမှာလည်း Barcamp များ အကြိမ်းများစွာ ပြုလုပ်ကျင်းပ နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဆက်ပြီး ကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံတွေ မြို့တွေလည်း အများအပြား ရှိပါတယ်။

Barcamp Yangon ပွဲကို ၂၀၁၀ ဇန်န၀ါရီလ ၂၃၊ ၂၄ ရက်နေ့များတွင် Myanmar Info-Tech တွင် ကျင်းပသွားမှာဖြစ်ပြီး ၎င်းပွဲဖြစ်မြောက်ရေးအတွက် MCPA မှဦးဆောင်ပြီး Frellance လူငယ်အိုင်တီသမားများနှင့် ပူးပေါင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ ထပ်မံ၍ ပူပေါင်းပါဝင်လိုတဲ့ အိုင်တီသမားများ ၊ Volunteer များကိုလည်း ဖိတ်ခေါ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ BarcampYangon ဟာ ပထမဆုံးအကြိမ် ကျင်းပမဲ့ Barcamp တစ်ခု ဖြစ်ပါတယ်။ Barcamp Yangon မှာ နယ်ပယ်အသီးသီးမှာရှိတဲ့ လုပ်ငန်းရှင်၊ ပညာရှင်၊ ၀ါသနာရှင်များကို စုစည်းပြီး ကိုယ့်ရဲ့ အတွေ့အကြုံ၊ နည်းပညာ၊ ဗဟုသုတ၊ အကြံဉာဏ်တွေကို ဖော်ထုတ်စုစည်းနိုင်ဖို့၊ လက်တွေ့အကောင်အထည်ဖော်ကြဖို့ အတွက် Open Environment တစ်ခု ဖန်တီးပေးဖို့ ရည်ရွယ်ကျင်းပသွားမှာဖြစ်ပါတယ်။ Barcamp Yangon မှာ ကျွန်တော်တို့ရဲ့ အသိဉာဏ်ဗဟုသုတတွေကို လွတ်လပ်ပွင်းလင်းစွာ ဖလှယ်ကြဖို့၊ ပြန်ကျဲနေတဲ့ Idea တွေကို ၀ါသနာတူ ၊ စိတ်တူ၊ ကိုယ်တူသူများနဲ့ စုစည်း အကောင်အထည်ဖော်နိုင်ကြဖို့ အဓီက ရည်ရွယ်ကျင်းပသွားမှာပါ။ Barcamp Yangon မှာ ဘယ်နယ်ပယ်၊ ဘယ်ဘာသာရပ်တွေကို အဓိက ဆွေးနွေးကြမယ်ဆိုတာ တက်ရောက်တဲ့ ပရိတ်သက်များက ဆုံးဖြတ်ကြပါလိမ့်မယ်။ ကျွန်တော်တို့က ပရိတ်သတ်ကို အချိန်၊ နေရာ ၊ စသည်ဖြင့် organize လုပ်ပေးတာပဲဖြစ်ပါတယ်။ ဘာသာရပ်မျိုးစုံမှာ အားလုံးရဲ့ ပူးပေါင်းညှိနှိုင်းဆွေးနွေးမှု၊ သရုပ်ပြမှု ၊ အပြန်အလှန်ထိတွေ့မှုကနေ အကျိုးရလာဒ်ကောင်းတွေ ထွက်ပေါ်လာမယ်လို့ ယုံကြည်ယူဆပါတယ်။

Barcamp Yangon အတွက် Logo ပြိုင်ပွဲလေး တစ်ခုကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပြီး အရွေးချယ်ခံရတဲ့ ဒီဇိုင်းဆုအတွက် ငွေးသားထက် အမှတ်တရ လက်ဆောင်တစ်ခု ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် Logo ကို ဒီဇင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး Web Development Team မှ ကိုထူးတေဇာ tayzar44@gmail.com ထံကို ပေးပို့သွားရမှာ ဖြစ်ပါတယ်။ အခြားနိုင်ငံတွေမြို့တွေမှာ ပြုလုပ်ခဲ့တဲ့ Barcamp တွေရဲ့ Logo တွေကို http://Barcamp.org.LogoGallery မှာ လေ့လာကြည့်ရှုနိုင်ပါတယ်။

လူဦးရေ အရေအတွက်ပေါ်မူတည်၍ စီစဉ်စရာများရှိတဲ့အတွက် ပါဝင်လိုသူများ၊ တက်ရောက်လိုသူများ အနေနဲ့ www.barcampyangon.org မှာ ကြိုတင် Register ပြုလုပ်ဖို့ လိုအပ်ပါတယ်။ Lucky Draw အစီအစဉ်များ၊ Gift Pack များ ပေးသွားမဲ့ အစီအစဉ်များကိုလည်း အလျဉ်းသင့်သလို ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

နည်းပညာ၊ အတွေ့အကြုံ၊ အကြံဉာဏ်များကို ဖလှယ်ဖို့ စိတ်ဝင်စားသူအားလုံး Barcamp Yangon မှာ ဆုံကြဖို့ မျှော်လင့်ပါတယ်။

ဖိုးသူတော် ( ၁၀.၁၂.၂၀၀၉)
Related Post: ကိုကျော်ဇေယျ ၊ မင်းယွန်းသစ်

Monday, October 19, 2009

အဂါးမှသည် ဘိကလိုင်ဆီသို့


အဂါးမှသည် ဘိကလိုင်ဆီသို့

၁၇.၁၀.၂၀၀၉ စနေနေ့မနက် ၅ နာရီခွဲ…

နှိုးစက်ကြောင့် နိုးလာခြင်း မဟုတ်ပဲ အစောကြီးကတည်းကနိုးနေပြီး နှိုးစက်မြည်မှထမည်ဟုဆုံးဖြတ်ထားသောကြောင့် နှိုးစက်မြည်သောအခါ ထလိုက်သည်။ မျက်နှာသစ်သွားတိုက်ပြီး လိုအပ်တာများပြင်ဆင်ပြီး ထွက်လာတော့ ၆ နာရီထိုး နေပြီ။ အင်းစိန်ဘက်တွင်နေသော ခရီးစဉ်တွင်လိုက်မည့် သူငယ်ချင်းအားသွားခေါ်လိုက်သည်။ သူတို့အား အင်းစိန်ဈေးရှေ့တွင် စောင့်နေစဉ် အနီးအနား ကျောင်းတိုက်များမှ ဖြစ်ဟန်တူသော ရဟန်းသံဃာကိုရင် အပါး ၆၀ ၏ ညီညီညာညာ ဆွမ်းခံထွက်လာသည်ကို မြင်တွေ့ရ၍ စိတ်တွင် အေးချမ်းမှုနှင့် ကြည်နှုးမှုဖြစ်ရသည်။ ကိုယ်ကလည်း အလှူအတန်းသွားလုပ်မည့် ခရီးသွားဖို့ ထွက်လာသည်ဆိုတော့ မင်္ဂလာကျက်သရေရှိမြင်ကွင်းမျိုး မြင်ရသည်မှာ စိတ်ချမ်းသာလှပါသည်။

၇ နာရီတွင် ချိန်းဆိုထားသော စာအုပ်ဆိုင်မှ စာအုပ်များကို ကားဖြင့်သယ်၍ ဇတ်ဆိပ်သို့ရောက်လာပါသည်။ ထို့နောက် ဒလမှ တွံတေးသို့ လိုင်းကားဖြင့် စာအုပ်များ တင်၍ ထွက်လာရာ မနက် ကိုးနာရီလောက်တွင် တွံတေးဆိပ်ကမ်းသို့ ရောက်ပါသည်။ အသင့်စောင့်ကြိုနေသော အဂါးရွာမှစက်လှေသမားများ၊ ကျောင်းပညာရေးကော်မတီဥက္ကဌ နှင့် ဆရာမ တစ်ယောက်အား တွေ့ရပါသည်။ ထို့နောက် စာအုပ်များကို စက်လှေပေါ်သို့ရွှေ့ပြောင်းပြီး တွံ့တေးမှ အဂါးအုပ်စု အဂါးရွာဆီသို့ ထွက်လာခဲ့ပါသည်။ လမ်းခရီးစဉ် တစ်လျှောက်လုံး ရာသီဥတု သာသာယာယာနှင့် စက်လှေလည်း ကောင်းကောင်းမွန်မွန်ရှိပါသည်။

ခရီးစဉ်မှာ ကျွန်တော်တို့အတွက် သုံးခေါက်မြောက်ခရီးစဉ်ဖြစ်ပါသည်။ မအူပင်ခရိုင်၊ အဂါးအုပ်စုရှိကျေးရွာများမှ မူလတန်းကျောင်းများအား စာအုပ်နှင့် စာရေးကိရိယာများကို စေတနာရှင်အလှူရှင်များ၏ အကူအညီဖြင့် ထောက်ပံ့ပေးဝေ ခြင်းဖြစ်ပါသည်။ အဂါးအုပ်စုတွင် ကျေးရွာငါးရွာရှိပါသည်။ ကျုံကြိုက်၊ အဂါး၊ စကားလွန်း၊ ညောင်ချောင်း နှင့် ဘိကလိုင်တို့ဖြစ်ပါသည်။ ကျွန်တော်တို့ ဒီနေ့ အဂါးနှင့် ဘိကလိုင် ရွာ မူလတန်းကျောင်းများအား စာအုပ်နှင့် စာရေးကိရိယာ များလာရောက်လှူဒါန်းခြင်းဖြစ်ပါသည်။

အဂါးကို အရင်ဝင်သည်။ အဂါးကိုရောက်တော့ နေ့လည် ၁၁ ခွဲနေပြီ။ ထမင်းစားပြီးမှ အဂါးရွာ အခြေခံပညာမူလတန်း ကျောင်းကို သွားပါသည်။ ကျောင်းကလေးမှာ မူလတန်းပညာသင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၇၀ ရှိပါသည်။ ကျောင်းသာ ၁၇၀ အား စာအုပ်တစ်ယောက် ၁ ဒါဇင်၊ ခဲတံ ၁ ချောင်း၊ ပေတံ ၁ ခု ၊ ခဲဖျက် ၁ တုံးစီပေးအပ်ပါသည်။ သူငယ်တန်းကျောင်းသားလေးများအား လေးကြောင်းမျဉ်းစာအုပ် ၄ အုပ်ထပ်ပေးပါသည်။ စတုတ္ထတန်းကျောင်းသားများအား ဘောပင်အပြာ တစ်ချောင်းစီပေးပါသည်။ ကျောင်းတွင် ဆရာ၊ဆရာမ အင်အား ၅ ယောက်ရှိရာ ဆရာ၊ဆရာမများအတွက် ဘောပင်အနီများလည်း ပေးအပ်ပါသည်။ ထို့နောက် ဆရာမများရပ်မိရပ်ဖများနှင့် နှုတ်ဆက်စကားပြောပြီး အဂါးမှ စကားလွန်းရွာသို့ ထွက်လာပါသည်။



အဂါးအခြေခံပညာမူလတန်းကျောင်း

အဂါးမှ ကျောင်းသားကျောင်းသူလေးများ

စာအုပ်များစီစဉ်နေပုံ

လှူဒါန်းမည့် စာအုပ်များ

ကလေးငယ်များ စာအုပ်ယူရန် တန်းစီနေစဉ်

တစ်ဦးချင်းစီအား ပေးဝေနေပုံ

ကျောင်းသုံးစာရေးကိရိယာများ

အဂါးမူလတန်းကျောင်းနှင့်အမှတ်တရ

စကားလွန်းရွာမှ စာအုပ်များသွားရောက်လှူဒါန်းမည့် ဘိကလိုင်ရွာသို့ ခြေလျင်ခရီး ၁ မိုင်ခွဲ သာသာလောက် သွားရပါသည်။ ဘိကလိုင်ကျောင်းသို့ ရောက်သောအခါ အားလုံးပင်ပန်းနွမ်းနယ်နေသော်လည်း မနားပဲ စာအုပ်များအား ခွဲတမ်းချ၍ တခါတည်းပေးဝေပါသည်။ ဘိကလိုင် အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသားကျောင်းသူပေါင်း ၄၂ ယောက်ရှိပါသည်။ အဂါးမှာကဲ့သို့ စာအုပ်နှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းပြီး နောက် ဘိကလိုင်ရှိ အိမ်တအိမ်မှ ဒေသထွက် မုန့်ပဲသရေစာများဖြင့် ဧည့်ခံကျွေးမွေးပါသည်။

ဘိကလိုင် အခြေခံပညာမူလတန်းကျောင်း

စာအုပ်များပေးရန်စီစဉ်နေပုံ

စာအုပ်ပေးဝေနေစဉ်

သူဘာများစဉ်းစားနေပါလိမ့်...

ဘိကလိုင်မှ ဧည့်ခံသော ဒေသထွက်သီးနှံများ..း)

ဘိကလိုင်မှ ပြန်လာတော့ ညနေ ၄ နာရီထိုးနေပြီဖြစ်သည်။ ဘိကလိုင်နှင့် တွံတေး စက်လှေ ၂ နာရီခန့်စီးရပါမည်။ အမှန်မှာ ညအိပ်မည်ဟု ရည်မှန်းထားသော်လည်း အလုပ်ခွင့်ရက်အခက်အခဲကြောင့် ပင်ပန်းနေသည့်ကြားမှ နေ့ချင်းပြန်ရခြင်းဖြစ်ပါသည်။ ဤသို့ဖြင့် စက်လှေစီးလာရာ အချိန် ၁ နာရီ သာသာခန့်လောက်တွင် စက်လှေ အင်ဂျင်မှ ထောက်ခနဲ့ မြည်၍ စက်လှေ ထိုးရပ်သွားပါသည်။ ဘာဖြစ်တာလို့ မေးလိုက်တော့ ချိန်းပြတ်၍ ရေထဲကျသွားသည်ဟုဖြေသည်။ အချိန်က ညနေ ၅ နာရီထိုးနေပြီဖြစ်သည်။ ခရီးက နောက်ထပ် ၁ နာရီစာကျန်သေးသည်။ သို့နှင့် အနီးဆုံး ကျုံလမု ဆိုသော ရွာလေးသို့ မျှော၍ လှေအားကပ်ထားပြီး ထိုရွာမှ လှေတစ်စီးအား အကူအညီတောင်း၍ နီးစပ်ရာ တွင်ခုံရှိသောရွာသို့သွား၍ ချိန်းအသစ်လုပ်ရပါသည်။ ဘိကလိုင်ရွာမှသူများကတော့ အကယ်၍စက်လှေဖြင့် အဆင်မပြေတော့ပါက ရှေ့တစ်ရွာတွင် တွံတေးထိ ဆိုင်ကယ်လမ်းပေါက်၍ ဆိုင်ကယ်ဖြင့် ပြန်နိုင်ကြောင်း အကြံပြုပါသည်။ သို့သော် ၁နာရီ အတွင်း ပြင်ဆင်ပြီး၍ ကျူံလမု မှ ထွက်လာတော့ ၆ နာရီ ဖြစ်နေသည်။ နေကလည်း အစောကြီးဝင်သဖြင့် အမှောင်ထုက ခပ်မြန်မြန်ရောက်လာသည်။ မှောင်မှောင်မဲမဲ ရိုးလေးထဲမှ တွံတေးသို့ ပြန်လာရာ ည ၇ နာရီကျော်မှ ရောက်ပါသည်။

တွံတေးရောက်၍ လိုင်းကားများ မရှိတော့သောအခါ ဒလဘက်ကမ်းထိ တက္ကစီငှားရပါသည်။ ဤသို့ အဆင့်ဆင့်ပြန်ခဲ့ရာ အိမ်ရောက်တော့ ည ကိုးနာရီခွဲဖြစ်နေသည်။ လူအနည်းငယ် ပင်ပန်းသော်လည်း ဤခရီးစဉ်လေးသည် အောင်မြင် ပီတီဖြစ်ဖွယ်ကောင်းသော ခရီလေးဖြစ်ခဲ့သည်။ ဤသို့ ကျေးရွာငယ်လေးများမှ ကလေးသူငယ်များ၏ ပညာရေးကို ထောက်ပံ့မှုပေးသော လုပ်ငန်းသည် ကောင်းမွန်သော လုပ်ငန်းတစ်ခုဖြစ်သည်။ ချို့တဲ့၍ ပညာမသင်နိုင်၊ စာအုပ်စာရေးကိရိယာ မပြည့်စုံ၍ ပညာမသင်နိုင်စသည့် အဖြစ်များကို မလိုလားပါ။ ထို့ကြောင့် တက်နိုင်သလောက် လက်လှမ်းမှီရာ ဒေသများအား ယခုကဲ့သို့ သွားရောက်ထောက်ပံ့ပေးဝေချင်ပါသည်။ ထောက်ပံ့ပေးဝေနိုင်အောင်လည်း ကြိုးစားပါသည်။ စေတနာရှင်၊အလှူရှင်များကိုလည်းများစွာ ကျေးဇူးတင်ပါသည်။ စေတနာရှင်များ၏ အလှူငွေများမရှိလျှင်လည်း ဖြစ်လာမည်မဟုတ်ပါ။ ထို့ကြောင့် အားလုံးကိုကျေးဇူးတင်ပါသည်။

ယခုသွားရောက်လှူဒါန်းသော မအူပင်ခရိုင် အဂါးအုပ်စုရှိ ကျေးရွာစုစုပေါင်း ငါးရွာမှ လေးရွာအား ပေးလှူပြီးဖြစ်သည်။ ထိုအုပ်စု အတွက် ရွာတစ်ရွာကျန်နေပါသေးသည်။ ထို့ကြောင့် ထိုရွာအား လာမည့် ဒီဇင်ဘာလ တွင်သွားရောက် ပေးအပ်လှူဒါန်းမည်ဟု့ မျှော်မှန်းထားပါသည်။ ကျောင်းသားဦးရေ (၁၅၀)ခန့်ရှိပါသည်။ ထို့ကြောင့် ပါဝင်လှူဒါန်းလိုသော စေတနာရှင်များ ကျွန်တော်နှင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ မည်ကဲ့သို့လှူဒါန်းချင်သည်ကိုပါ ပြောပြနိုင်ပါသည်။ ဆက်သွယ်ရမည့်အီးမေးလ်လိပ်စာက mmaung07@gmail.com ဖြစ်ပါသည်။ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါနိုင်ပါသည်။

ထိုကဲ့သို့ မိမိတို့တက်နိုင်သလောက် ပညာရေးထောက်ပံ့မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ကုသိုလ်ပြုကြပါဟု တိုက်တွန်းလိုက်ပါသည်။

ဖိုးသူတော် (၁၈.၁၀.၂၀၀၉)


Sunday, August 23, 2009

ခရီးစဉ် ၂


ခရီးစဉ် ၂


နံနက် ၄ နာရီလောက်ကတည်းက လူက နိုးနေသည်။ ဘေးကုတင်မှ အခန်းဖော် သူငယ်ချင်းလည်း နိုးလာဟန်တူပါသည်။ ခဏလောက်ပြန်နှပ်ရင် ကောင်းမလား စဉ်းစားလိုက်သေးသည်။ မဖြစ်သေးပါဘူး သယ်သွားရမည့် ပစ္စည်းတွေ သေချာ မထုပ်ပိုးရသေးပဲဟုတွေးမိသဖြင့် ထလိုက်ရပါသည်။ ထို့နောက် ပစ္စည်းများထားရှိရာ အခန်းထဲသို့သွား၍ သယ်ယူမည့်ပစ္စည်းများအားသေချာစွာထုပ်ပိုးပြီး မှတ်သားထားပါသည်။

ကိုယ်လက်သန့်စင်ခြင်းဆောင်ရွက်ပြီး သွားရန်အဆင့်သင့်ဖြစ်သောအခါ နာရီ ကိုကြည့်လိုက်တော့ ၅ နာရီထိုး ရန် မိနစ်အနည်းငယ်ပဲလိုတော့သည်။ ၀န်းအပြင်ထွက်၍ ကားငှားပြီး ပစ္စည်းများတင်ပြီးသောအခါ ၅ နာရီထိုးလေပြီ။ ခရီးလိုက်ရန်ပြောထားသော နောက်သူငယ်ချင်းအား ဖုန်းဆက်၍ နိုးလိုက်ပါသည်။ အငှားကားလေးသည် လေးမှလွှတ်လိုက်သော မြှားတစ်စင်းပမာ လျှင်မြန်စွာ မောင်းလာပါသည်။ အဆောင်မှ နန်းသီတာဆိပ်ကမ်းသို့ မိနစ် အစိတ်ကျော်ကျော်လေးသာ မောင်းလိုက်ရပါသည်။


တကယ်တော့ ဒီခရီးစဉ်ဟာ မအူပင်ခရိုင် အဂါးအုပ်စု တွင်ပါရှိသော ညောင်ချောင်းမူလတန်းကျောင်းသို့ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ သွားရောက်လှူဒါန်းပေးအပ်မည့်ခရီးစဉ်ဖြစ်ပါသည်။ ကျွန်တော်နှင့် သူငယ်ချင်းမလေး ၂ ယောက် စုပေါင်းတိုင်ပင်ပြီး စေတနာရှင်အချို့၏ ထည့်ဝင်လှူဒါန်းသည့် ငွေ၊ ပစ္စည်းတို့အား လှူဒါန်းခြင်းပါသည်။ စစခြင်း သုံးယောက်စလုံးသွားရန် စီစဉ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သူငယ်ချင်းမလေး ၂ ယောက်က မလိုက်ဖြစ်ပါ။ ထို့ကြောင့် ကျွန်တော်တစ်ယောက်တည်းသာ ဖြစ်နေပါသည်။ အတူနေ သူငယ်ချင်းကို လိုက်ခဲ့ရန်အဖော်စပ်ထားသော် လည်းတိကျသော အဖြေမရသေးပါ။ နောက် လိုက်ရန်ပြောထားသော ဓါတ်ပုံဆရာ သူငယ်ချင်း ၂ ယောက်ကလည်း လိုက်မည်ဟု့သာပြောထားသော်လည်း အဆက်အသွယ် မရသေးပါ။ ထို့ကြောင့် ဘာဖြစ်ဖြစ် တစ်ယောက်တည်းလည်း လုပ်ရတော့မှာပဲဟု ဆုံးဖြတ်ထားပါသည်။


ည ၁၁ နာရီထိုးခါနီးလောက်မှ အခန်းဖော်သူငယ်ချင်းက မင်းဟာက မနက်ဘယ်နှစ်နာရီထရမှာလဲ ဘာလဲမေးပြီး၊ အကျိုးအကြောင်းပြောပြတော့ အင်း လိုက်မယ်ဟုသော အဖြေရ၍ ၀မ်းသာသွားပါသည်။ ၁၁ ခွဲလောက်ကြာတော့ နောက်သူငယ်ချင်းတစ်ယောက် ရုံးရောက်လာပါသည်။ နက်ဖန်အတွက်ဘာမှန်းမသိ၍ လာမေးခြင်းဖြစ်ပါသည်။ အခြေအနေ အကျိုးအကြောင်းပြောပြ၍ ချိန်းလိုက်ပါသည်။ ဓါတ်ပုံရိုက်မည့် တစ်ယောက်ကိုလည်း အွန်လိုင်းတွင် တွေ့၍ သေချာချိန်းလိုက်ပါသည်။ အဆင်ပြေသွားပါသည်။


ခရီးစဉ်လိုက်မည့် လူအားလုံး မနက် ၆ နာရီတွင် နန်းသီတာ ဆိပ်ကမ်းတွင် ဆုံကြပါသည်။ ဇတ် ၁၀ မိနစ်ခန့်စီး၍ ဒလ ဆိပ်ကမ်းသို့ ရောက်သွားပါသည်။ တွံတေးသို့ ထွက်မည့် လိုင်းကားပေါ်သို့ ပစ္စည်းများတင်ကြပြီး ကျွန်တော်တို့ မနက်စာစား လက်ဘက်ရည်သောက်ကြပါသည်။ ၆ နာရီ ခွဲကျော်ကျော် ဒလဆိပ်ကမ်းသို့ ဇတ် သုံးခါ ကပ်ပြီးချိန် လိုင်းကားစထွက်ပါသည်။ ရှေ့တစ်ခေါက်သွားတုန်းက လိုင်းကားသည် ၂ နာရီ နီးပါး စီးရပါသည်။ လမ်းလည်း အတော်ကိုဆိုးသည်။ ခု တစ်ခေါက်တော့ အသစ်ဖောက်ထားသော လမ်းကို ကြာချိန် မိနစ် ၅၀ ခန့်လောက်ဖြင့် တွံတေးသို့ ရောက်သွားပါသည်။ တွံတေး ဆိပ်ကမ်းထိ လိုင်းကားအား ခေါ်သွားပြီး ပစ္စည်းချပြီးချိန်တွင် ၇ နာရီ ခွဲလောက်သာ ရှိပါသေးသည်။


ရွာမှ လာကြိုမည့် ဆရာမများနှင့် ရွာသားများကို ချိန်းထားသည်မှာ ကိုးနာရီ ဖြစ်သဖြင့် လက်ဘက်ရည် ထပ်သောက်ရင်း စောင့်ရမည်ဟု့တွေးနေတုန်း ဆရာတို့ဟု ခေါ်သံကြားသဖြင့် ကြည့်လိုက်ရာ လာရောက်ကြိုဆိုနေသော သူများဖြစ်နေသည်ကို တွေ့ရသည်။ "ဆရာတို့ အစောကြီးရောက်နေပါလား ဟု ပြောရာ ဟုတ်တယ် ကားက တအားမြန်တာ လေယာဉ်ပျံလို မောင်းလာလို့ ခု အစောကြီးရောက်နေတာ၊ ကျွန်တော်တို့လည်း ခင်ဗျားတို့ကိုစောင့်ရတော့မယ်လို့ တွေးနေတာ" ဟု ပြောရပါသည်။ သူတို့လည်း မနက်ဝေလီဝေလင်းကတည်း ထလာသည်ဟုပြောပါသည်။ ထို့နောက် လိုက်ပါလာသော ညောင်ချောင်း မူလတန်း ကျောင်းမှ ဆရာမလေးနှင့် ကျွန်တော်တို့ပါလာသည့် ပစ္စည်းများ အမျိုးအမည်များကို ဆွေးနွေးပြောကြားပါသည်။ ထို့နောက် နံနက် ၈ နာရီခွဲလောက်တွင် တွံတေးဆိပ်ကမ်းမှ စထွက်လာပါသည်။


ရွာသို့ ၁၀ နာရီ ခွဲကျော်ကျော်လောက်ရောက်ပါသည်။ ရွာသို့ရောက်သော အခါ နားနေရမည့် အိမ်တွင် ရပ်မိရပ်ဖ များ၊ ရာအိမ်မှူး၊ သက်ဆိုင်ရာလူကြီးများနှင့် တွေ့ဆုံစကားပြောရပါသည်။ ထို့နောက် နေ့လည်စာ စားပြီးမှ ကျောင်းသို့သွားကြပါပြောသောကြောင့် နေ့လည်စာ စားသောက်ကြပါသည်။ နေ့လည်စာ စားပြီး၍ ကျောင်းသို့ ရောက်သောအခါ ကျောင်းပေါ်တက်ဖို့ ဖိနပ်ချွတ်နေတုန်း ရှိသေး " တန်းထ॥ လူကြီးမင်းများကို နှုတ်ဆက်ရန်.. မင်္ဂလာပါ လူကြီးမင်းများ" ဆိုပြီး နှုတ်ဆက်သောကြောင့် မင်္ဂလာပါ ကလေးတို့ ဆိုပြီး ပြောရသေးသည်။ ဒီက လူကြီးမင်းက ဖိနပ်ချွတ်ရင်း တန်းလန်းပဲရှိသေးသည်။ လိုက်လာသော သူငယ်ချင်းတစ်ဦးမှ ဖိုးသူတော်နဲ့ ပေါင်းမှ ပဲ ငါတို့လည်း လူကြီးမင်း ဖြစ်တော့တယ်ဟု့ပြောပါသည်။


မူလတန်းကျောင်းလေးအား မြင်တွေ့ရစဉ်


ကျောင်းသားကျောင်းသူလေးများ


ထို့နောက် မူလတန်း ကျောင်းသူကျောင်းသား ၁၅၀ ရှိသော ကျောင်းလေးကို စာအုပ်နှင့် စာရေးကိရိယာများ ဝေခြမ်းပေးအပ်ပါသည်။ စာအုပ် ဒါဇင် (၁၀၀ )၊ M- ကွန်ပါဘူး ၂၇ ဗူး၊ ခဲတံ ၁၅၆ ချောင်း၊ ဘောပင် ၃၂ ချောင်း၊ ချွန်စက် ၄၈ ခု ပေးအပ်ခဲ့သည်။ စတုတ္ထတန်းကျောင်းသား များအတွက် ဖိုးပြုံချို စာမျက်နှာ ၁၂၀ ပါ ဗလာစာအုပ် တစ်အုပ်စီ ပေးအပ်ခဲ့သေးသည်။ ဆရာမ များအတွက် ဘောပင် အနီ အပြာ အချောင်း ၂၀ ၊ ဘောဖျက် ၁၀ ခု ၊ ဖိုးပြုံချို စာအုပ် ၃ အုပ်ပေးအပ်ခဲ့သည်။ ကလေးများ စားရန် ကိတ်ခြောက် ဆာလာအိပ် ၂ အိပ်လည်း ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ကျောင်း၏ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၊ ကျောင်းမှ တာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။ အားလုံးပြီးစီး သောအခါ ကျောင်းရှေ့တွင် ရပ်မိရပ်ဖများ၊ ဆရာမများနှင့် ကျွန်တော်တို့ စုပေါင်း ဓါတ်ပုံရိုက်ခဲ့ကြသည်။




စတုတ္ထတန်းကျောင်းသူတစ်ဦး



ကလေးငယ်ငယ်


လာကြိုသော ဆရာမလေး




ရပ်မိရပ်ဖ၊ကျောင်းသားကျောင်းသူများနှင့် အမှတ်တရ


ညောင်ချောင်းရွာမှ နားနေအိမ်တွင် ခဏနားနေပြီးမှ ပြန်ထွက်တော့ ၁၂ ခွဲကျော်နေပြီဖြစ်သည်။ ရွာသို့အလာတွင် ပန်ကာဒလက် ၀က်အူချောင်သွားသောကြောင့် ပြင်လိုက်ရပြီး အပြန်တွင် ဒိုက်ပတ်သောကြောင့် ပြန်ဖြုတ်ရသည်က လွဲ၍ ဘာမှ ထူးထူးခြားခြားမဖြစ်ပါ။ တွံတေးရောက်တော့ သုံးနာရီ ထိုးခါနီးနေပြီး။ ဓါတ်ပုံဆရာ သူငယ်ချင်းက တွံတေး အိုးဖိုစုရပ်ရှိ အိုးလုပ်ငန်းများဓါတ်ပုံရိုက်မည်ဟုပြောသောကြောင့် အိုးဖိုစု သို့ ချီတက်ကြပါသည်။ လိုအပ်သော ဓါတ်ပုံများ ရိုက်ကူးပြီး ညနေ ၄ နာရီခွဲလောက်တွင် တွံတေးမှ ထွက်လာကြရာ ၅ နာရီခွဲလောက်တွင် ဒလ ဆိပ်ကမ်းသို့ရောက်ပါသည်။ ဓါတ်ပုံဆရာသူငယ်ချင်းအိမ်သို့ လိုက်သွားပြီး ရိုက်ကူးလာသော ဓါတ်ပုံများ ယူပြီး အဆောင်သို့ပြန်လာရာ ည ၉ နာရီ ကျော်တွင်ရောက်ရှိပါသည်။

လာမည့်ပွင့်လင်းရာသီ အောက်တိုဘာလလောက်တွင် နောက်တစ်ရွာသို့ ထပ်သွားနိုင်အောင် ကြိုးစားပါဦးမည်။ စေတနာရှင်၊အလှူရှင်များကိုလည်း ဖိတ်ကြားချင်ပါသည်။ စာအုပ်စာတန်းနှင့် ကျောင်းသုံးကိရိယာများ လှူဒါန်းချင်ပါက ကျွန်တော်နှင့်ဆက်သွယ်လှူဒါန်း နိုင်ပါသည်။ ဆက်သွယ်နိုင်မည့်လိပ်စာကတော့ mmaung07@gmail.com ဖြစ်ပါသည်။ အားလုံးကိုကျေးဇူးတင်ပါသည်။

ဖိုးသူတော်

၂၃ ရက် ဩဂုတ်လ ၂၀၀၉ ခုနှစ်

၁၃ နာရီ ၁၁ မိနစ်။


ဓါတ်ပုံများအား စိုးဇေယျထွန်း မှ ရိုက်ကူးထားခြင်းဖြစ်ပါသည်။


Monday, October 27, 2008

တနင်္ဂနွေ စကားဝိုင်း

တနင်္ဂနွေ စကားဝိုင်း

မနက်ပိုင်းကတည်းက မိုးက မစဲပဲ သည်းသည်းမဲမဲ ရွာနေပါသည်။ မုန်တိုင်းရှိသည်ဟုလည်း မနေ့ကတည်း ပြောနေကြသည်။ မိုးလေ၀သ ၀က်ဆိုဒ်တွေ ၀င်ကြည့်တော့လဲ ထူးထူးခြားခြား ဘာမှမတွေ့ပါ။ နေ့လည် ၂ နာရီတွင်း လူငယ်စကားဝိုင်းတစ်ခု ပြောဖို့ ချိန်းထားတာ ရှိသည်။ ဒီလိုပုံ မိုးရွာနေမျိုးနဲ့ ဘယ်လိုသွားရမှန်းမသိ။ ချိန်းထားက မြို့ထဲမှာ.. နာရီ တကြည့်ကြည့် လုပ်နေရာကနေ မိုးစဲတော့ နေ့လည် ၁ နာရီ ထိုးကျော်နေပြီ။ ချိန်းထားတဲ့ သူငယ်ချင်း ကိုဘလာဂေါက် ဆီ ဖုန်းဆက်ကြည့်တော့ ဟေ့လူ ခု ထွက်လာတော့ အချိန်မမှီပဲနေဦးမယ် ဟု့ဆိုတာကြောင့် ချက်ချင်းထွက်လာခဲ့ပါသည်။ ကိုဘလာဂေါက်ရုံးရှိရာ မြေနီကုန်းရောက်တော့ နေ့လည် ၂ နာရီ ကွက်တိ ထိုးနေပြီ။ ဒါနဲ့ပဲ ချိန်းထားတဲ့ စီးတီးစတားဟိုတယ် သို့ တက္ကစီ ငှားပြီး သွားကြရာ နေ့လည် ၂ နာရီ ၁၅ မှာရောက်ရှိလို့သွားပါသည်။

ဒီစကားဝိုင်းလေး ဖြစ်ပေါ်လာဖို့ ပြီးခဲ့တဲ့ အပတ် တနင်္ဂနွေနေ့ ကတည်းက ချိန်းဆိုထားခြင်းဖြစ်ပါသည်။ ပြီးခဲ့တဲ့ အပတ်တနင်္ဂနွေက ကျွန်တော်တို့ ဘလော့ဂ်ဂါ သူငယ်ချင်းတချို့နှင့် အလင်းတန်းဂျာနယ် နှင့် Teen မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ဦးမျိုးမြင့်ညိမ်းတို့ တွေ့ဆုံးစကားပြော၍ ယခုအပတ် စကားဝိုင်းလေးဖြစ်ရန် ချိန်းဆိုကြခြင်းဖြစ်ပါသည်။ စကားဝိုင်းမှာ လူငယ်များနှင့် ဒီဇိုင်းပညာရပ်အကြောင်းဖြစ်ပါသည်။

ကျွန်တော်တို့ ဟိုတယ်ရောက်သွားတော့ ကြိုရောက်နှင့်နေသောသူများကို ဦးမျိုးမြင့်ညိမ်းက မိတ်ဆက်ပေးပါသည်။ စကားဝိုင်းသို့ တက်ရောက်လာသူများမှာ ဒီဇိုင်နာ နှင့် ဒါရိုက်တာ ကိုစိုးကျော်ဆန်းနှင့် သူ့ညီတစ်ယောက် ၊ Teens မဂ္ဂဇင်းမှ မခင်လေးမြင့် ၊ မအေးအေးငြိမ်းနှင့် လူငယ်တစ်ယောက်၊ ဦးမျိုးမြင့်ညိမ်း၊ ကိုဘာလာဂေါက်နှင့် ကျွန်တော် ဖြစ်ပါသည်။ တခြားဘလော့ဂ်ဂါ သူငယ်ချင်းများကို ချိန်းဆိုထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်သောကြောင့် ကျွန်တော်တို့ ၂ ယောက်တည်းသွားလိုက်ရခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ တစ်ဦးနှင့် တစ်ဦးမိတ်ဆက်ကြပြီးနောက် စကားဝိုင်းကို စတင်ပါသည်။

အဓိက ပြောဆိုသောအကြောင်းအရာမှာ ဒီဇိုင်းပညာအကြောင်းဖြစ်ပါသည်။ ကျွန်တော်တို့ ကိုယ်နှိုက်က ဒီဇိုင်းပညာရပ်တွင် ကျွမ်းကျင်တက်ကျွမ်းခြင်း မရှိကြသော်လည်း ဒီဇိုင်နာ ကိုစိုးကျော်ဆန်း၏ ပညာရည်ပြည့်ဝသော ပြောဆိုချင်များကို ကြားသိခွင့်ရပါသည်။ ဒီဇိုင်းပညာတွင် printing media ဖြစ်သော ဂရဂ်ဖစ်ဒီဇိုင်း လေးအောက် ဒီဇိုင်းမှ သည် များစွာသော ဒီဇိုင်းပညာရပ်များစွာပါဝင်ပါသည်။ ကိုစိုးကျော်ဆန်း၏ လူငယ်များကို ပြောလိုသည့် စကားမှာ ဒီနေ့ခေတ် ဒီဇိုင်းဘက်ကို လိုက်စားသည့် လူငယ်လူရွယ်များအားလုံး ခလုပ်များ ကို အရမ်းကြီးအားမကိုးဖို့ ဖြစ်ပါသည်။ နည်းပညာခေတ်ကြီးတွင် ဆန်းသစ်လာသော နည်းပညာများပေါ်ပေါက်လာသည်နှင့်အမျှ ဒီဇိုင်းနှင့် ပတ်သက်သော ဆော့ဝဲလ်များ အမြောက်အများပေါ်ထွက်လာနေပါသည်။ ထို့ကြောင့် ထိုဆော့ဝဲလ် များနှင့် ကွန်ပျူတာ ခလုပ်များထက်စာရင် ကိုယ်တိုင်ဖန်တီးမှုဖြစ်သော own creation များ များများ ဖြစ်ထွန်းလာဖို့လိုအပ်ပါသည်။ ကိုယ်တိုင်ဖန်တီးမှု အားကောင်းမှသာ မိမိ ဒီဇိုင်းသည် သူများနှင့် ယှဉ်နိုင်မည်ဖြစ်ပါသည်။ ပရော်ဖတ်ရှင်နယ် လုပ်စားမည့် ဒီဇိုင်းပညာရှင်တစ်ယောက် တက်သိနားလည်ကျွမ်းကျင် ထားရမည့် အကြောင်းအရာမျိုးကိုလည်း သေချာ ရှင်းလင်းပြောဆိုပြပါသည်။ ဒီဇိုင်နာ တစ်ဦးသည် ကိုယ့် ဒီဇိုင်းပညာရပ်ကို တက်ကျွမ်းယုံ သာမက ကိုယ့်ကို အလုပ်အပ်မည့် customer ၏ စိတ်ကိုလည်း သိရှိရမယ်လို့ပြောပါသည်။ ဒီဇိုင်းပညာရှင် ကိုစိုးကျော်ဆန်း၏ စကားဖြစ်သော မနက်အိပ်ယာထမှ ညအိပ်ယာဝင်ချိန်ထိ ဒီဇိုင်းနဲ့ လွတ်တာမရှိဟု့ဖြစ်သည်။ ထို့ပြင် ဒီဇိုင်နာ တစ်ယောက်သည် လမ်းလျှောက်လျှင်အောက်ကိုငုံမလျှောက်ပါနှင့် ပလက်ဖောင်းသာတွေ့ပါလိမ့်မည်။ မျက်နှာမူရာ တူရူနဲ့ ဘေးဘီဝဲယာသို့ ကြည့်ရှု့ဖို့လိုအပ်ပါ သည်။ ဒါမှသာ ပြောင်းလဲနေသော ပတ်ဝန်းကျင်၏ ဒီဇိုင်းများကို မြင်တွေ့နိုင်မည်ဖြစ်သည်။

ထို့ပြင် ဒီနေ့ခေတ် လူငယ်ဒီဇိုင်းပညာရှင်များနှင့် လေ့လာလိုက်စားနေသော လူငယ်များကို ပြောလိုသည်မှာ မိမိ၏ ကွန်ပျူတာမျက်နှာပြင်ကို အလေးထားရုံသာမက customer ၏ မျက်နှာပြင်ကိုလည်း အလေးထားရပါလိမ့်မည်။ ကော်မာရှယ်ဆန်စွာလုပ်ကိုင်လိုလျှင် ဒါကို အလေးပြုရပါလိမ့်မည်။ ပညာမာန ထားနိုင်ပါသည်။ ကိုယ်ကိုတိုင်လုံးဝ မဖြစ်နိုင်ဘူးဟု့ ယူဆထားသော ဒီဇိုင်းတစ်ခုကို ပြတ်ပြတ်သားသား ငြင်းဆန်နိုင်သော ပြတ်သားသော စိတ်ဓာတ်လည်း ရှိရပါမည်။ ဒီဇို်င်းသမားတစ်ယောက်သည် အခြေခံအားဖြင့် ပန်းချီသဘောတရား နှင့် အရောင်တို့၏ ရောစပ်မှုကိုလည်း နားလည်နိုင်ရမည်။ ထို့ပြင် ကင်မရာသဘောတရားနှင့် အလင်းအမှောင် ရောစပ်မှုသဘာဝကိုလည်း နားလည်သဘောပေါက်ဖို့လိုအပ်ပါသည်။ အထူးပြုလုပ်တဲ့ အရောင်ရောစပ်မှုမှာလည်း ကျွမ်းကျင်ပါးနပ်ဖို့လိုအပ်ပါသည်။ ဒီဇိုင်းပညာ၏ အခြေခံ အရင်ခေတ်ကသုံးခဲ့သော ပစ္စည်းများ၏ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကိုလည်း သိရှိထားရပါမည်။ လွန်ခဲ့သော ဆယ်စုနှစ်များက ယနေ့ခေတ်လို့ ဖိုတိုရှော့ ဆော့ဝဲလ် မျိုးမရှိပါ။ ဒီဇိုင်းလေး တစ်ခု တစ်ကွက်စာပါဖို့ အဆင့်များစွာ ပြုလုပ်ရပါသည်။ ထိုပြင် ဒီဇိုင်းဆရာသည် တစ်ကာလာ တစ်လိုင်းအဆင့်မှသည် ဖိုးကာလာ လေးလိုင်းထိ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင်အောင် ကြိုးစားအားထုတ်ရပါသည်။

ယနေ့ခေတ်တွင် သတင်းစာ၊ဂျာနယ်၊မဂ္ဂဇင်း ဒီဇိုင်းများ၊ လေးအောက်များသာမက ကြော်ငြာဆိုင်းဘုဒ်များထိ များစွာသော ဒီဇိုင်းများကို အသုံးပြုလာကြပါသည်။ အင်တာနက် ၀က်ဆိုဒ်ဘက်ပိုင်းတွင်လည်း ၀က်ဒ်ဒီဇိုင်းဆိုသည်မှာ အရေးပါသော အလုပ်တစ်ခု ဖြစ်ပါသည်။ ဒီဇိုင်းတစ်ခု သည် သူပေးချင်သော မက်ဆေ့ရှ်ကို တန်းကနဲ့ ပေးနိုင်ဖို့လိုအပ်သည်။ ထိုပြင်လူ၏ မျက်စီသည် နာရီလက်တံ အတိုင်းကြည့်တက်သော ကြောင့် လေးအောက်ဒီဇိုင်းရေးဆွဲလျင် သည်လို အထာများကို ကျွမ်းကျင်ပါးနပ်ဖို့လိုအပ်ပါသည်။ ဒီဇိုင်းသမားတစ်ယောက်သည် လူအများနှင့်ပေါင်းသင်း ဆက်ဆံရသောကြောင့် ပေါင်းသင်းဆက်ဆံရေးကောင်းဖို့လည်း လိုအပ်ပါသည်။ စိတ်ကူးစိတ်သန်းကောင်းမွန်ပြီး ချက်ချင်းတွေးနိုင်ဖို့လည်း လိုအပ်ပါသည်။

ဒီဇိုင်းပညာရပ်တစ်ခုကို သင်ကြားလိုလျှင် အချိန်မည်မျှကုန်လျင် တက်နိုင်ပါသလဲဆိုသည်နှင့် ပတ်သက်၍ သာမန်အသိဥာဏ်ရှိသူတစ်ဦးကို ဖိုတိုရှော့လို ဆော့ဝဲလ်မျိုးကို သင်ကြားပေးလျှင် တစ်လ အတွင်းကောင်းကောင်းတက်ကျွမ်းသွားနိုင်ပါသည်။ သို့သော် သူ၏ စိတ်ကူးစိတ်သန်း ၀ါသနာပါရွေးချယ်မှုစသည်များနှင့် အခြားသော အနေအထားများမှာ သူ၏ အပေါ်တွင်သာ မူတည်ပါသည်။ ထို့ကြောင့် အချိန်မည်ရွေ့မည်မျှမဟုတ်ပဲ စိတ်ပါဝင်စားမှုရှိရှိနှင့် ပညာရင့်သန်မှုပေါ်မူတည်၍ ကွဲပြားပါလိမ့်မည်။ အချုပ်ပြောလိုသည်မှာ လူငယ်ဒီဇိုင်းပညာရှင်များနှင့် လေ့လာလိုက်စားနေသော လူငယ်များအားလုံး နည်းပညာ ခလုပ်များကိုအရမ်းအားမကိုးပဲ မိမိ ကိုယ်ပိုင်ဖန်တီးမှု များနှင့် အသွင်သဏ္ဍာန်သစ်များဖော်ဆောင်နိုင်ကြဖို့ပဲ ဖြစ်ပါသည်။

အထက်ပါ ဖော်ပြချက်များမှာ ကျွန်တော် တို့ ဒီဇိုင်းပညာအကြောင်း စကားဝိုင်းမှ ဒီဇိုင်နာ ကိုစိုးကျော်ဆန်း ပြောကြားရှင်းလင်းခဲ့သည်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။ ယခုလို စကားဝိုင်းဖြစ်မြောက်အောင် စီစဉ်ပေးသော အယ်ဒီတာ ဦးမျိုးမြင့်ညိမ်း နှင့် မခင်လေးမြင့်၊ လာရောက် ဆွေးနွေးပေးသော ဒီဇိုင်နာ နှင့် ဒါရိုက်တာ ကိုစိုးကျော်ဆန်း၊ စကားဝိုင်းသို့ တက်ရောက် သော လူငယ်များအားလုံးကို ကျေးဇူးတင်ရှိပါသည်။

ဖိုးသူတော် ( ၂၇.၁၀.၀၈)