Monday, September 29, 2008

နေညိုရင်

နေညိုရင်

သူငယ်ချင်းတို့ရေ နေစောင်းပြီ

လေအောင်းတော့ မခံနဲ့

သွားကြစို့ ဆုံနေကြနေရာ

‘အေ့’ ခနဲ့လေတက်

အဖြေအတွက်တော့ ဘာမှမပူနဲ့

ဝက်မြီးရောက်ရင်

ချက်ချင်းပျောက်စေရမယ်….


ထုံးစံအတိုင်း ရေခဲရေသန့်

ဖန်ခွက်နဲ့ အပြားကြီးတစ်ပြား

ကစွန်းပလိန်းနဲ့ ရုံးနှစ်ကင်

ရူဘီတစ်ပွဲလောက်တော့ ဆွဲခဲ့ဦး


ဖန်ခွက်တွေတိုက်လိုက်

အောင်မြင်ပါစေတလှည့်

စော်ကြည်အကြွေးကြေ အသက်ရှည်တလှည့်

စလိုက်ကြတဲ့ပွဲ နဲနဲမှကို မစဲဘူး


ဆွေးနွေးတာတွေလည်းပါတယ်

ငြင်းခုန်တာတွေလည်းပါတယ်

အတင်းချတာတွေလည်းပါတယ်

သတင်းရတွေလည်းပါတယ်


ပွဲသိမ်းလို့ အိမ်အပြန်

ကားခတွေတော့မျှကြဦး

ဘုရင်မ နှစ်ရာဖိုးနဲ့

ရူဘီလေးတော့ ဆွဲလိုက်ဦး

ကဲ.. အားလုံးပဲ

ဂွဒ်ညတဲ့….


ဖိုးသူတော်(၂၉.၉.၀၈)

၁၉နာရီ၁၄မီနစ်

စက်တင်ဘာသမိုင်း

စက်တင်ဘာ သမိုင်း

သက္ကရာဇ်တွေ ပြိုပြိုကျလာတာ

ရာစု ၂၁ ခုတောင်ရှိသွားပြီ

မရင့်ကျက်နိုင်သေးဘူးလား..

ဒီလူ့သမိုင်းရဲ့ အတိတ်တွေ

အနာဂတ်တွေ ပုစ္စုပန်အချိန်တွေ..


အောင်မြင်ကျော်ကြားခဲ့တဲ့သူတွေ

ကျော်ကြားကျဆုံးခဲ့ရသူတွေ..

သမိုင်းစာမျက်နှာပေါ်က လူတွေ

သမိုင်းစာမျက်နှာအောက်က လူတွေ

………………………………….. လူတွေ..


ဒီနေ့ဟာ မနက်ဖြန်အတွက်သမိုင်းတဲ့

ဘယ်သူပြောခဲ့သလဲတော့မသိဘူး

မနှစ်ကဆိုတာ ဒီနှစ်အတွက် သမိုင်းပေါ့

ကောင်းတဲ့သမိုင်း ဆိုးတဲ့သမိုင်း

မေ့လို့မရတဲ့သမိုင်း သွေးစွန်းတဲ့သမိုင်း


အဲ့ဒီသမိုင်းတွေထဲမှာ သမိုင်းကို ပြန်ရှာကြည့်တယ်

တွေ့ပါပြီ အဲ့ဒါ စက်တင်ဘာရဲ့သမိုင်း..

မေ့လို့မရတဲ့ သွေးစွန်းတဲ့သမိုင်း…


ဖိုးသူတော် (၂၉.၉.၀၈)

၁၃နာရီ ၃၆ မိနစ်

Friday, September 26, 2008

ချစ်သူ

ချစ်သူ....


အစရှိရင်အဆုံးရှိတယ်တဲ့....

ပျောက်ဆုံးနေတဲ့ငါ့အတိတ်ကို

အစပြန်ဆွဲထုတ်တော့

ဘ၀ဟာ သုညဖြစ်လို့ပါလား....

တကယ်တော့...

တည်ငြိမ်စပြုနေတဲ့ ငါ့နှလုံးသားကို

ခလုတ်တိုက်မိတဲ့ မင်းရဲ့အပြုံးတစ်ချက်ကြောင့်

ငါဟာ ထွက်ပေါက်မဲ့ခဲ့ရပြီလေ....

ပြုံးတော့ပြုံးပါ....မမုန်းလိုက်ပါနဲ့နော်....

ခံစားမှုကြောင့် ဖြစ်ပေါ်လာတဲ့

ငါ့ကဗျာအပိုင်းအစတွေက

အတော့်ကို ကာရံမဲ့နေသလား....

ဘာပဲဖြစ်ဖြစ်လေ...

နေပူပူမှာ အရိပ်မဲ့တာလောက်တော့....

ခရီးပေါက်အောင် လျှောက်နိုင်ပါသေးတယ်...

ဝန်ခံပါတယ်ချစ်သူ....

မင်းအပြုံးကြောင့်လည်း အိမ်မက်တွေအများကြီးမက်မိပါတယ်.....

ဒါပေမယ့်...

စိတ်ကူးအိမ်မက်တိုင်းဟာ...

မဖြစ်ပေါ်လာနိုင်သလို....

ပျက်စီးပျောက် ကွယ်ဖို့ဟာလည်း

လွယ်ကူလွန်းပါတယ်.......

နင့်အတွက်ကြောင့် ငါ...

အငိုမျက်လုံး..အပြုံးမျက်နှာနဲ့သာ...

လှည့်ပြန်ခဲ့ရမယ်ဆိုရင်လည်း...

နင့်ကို..

ငါ့ ဘာသာတစ်ယောက်ထဲလည်း

မေတ္တာရှိနေနိုင်တယ်မဟုတ်လို့...

တွေးမိပြန်တယ်...

အဆုံးမှာတော့...

အသိတစ်ခုရဲ့...နောက်ဆုံးမျက်ရည်တွေပဲဖြစ်ပါစေတော့.....

အလွမ်းသစ်...


သီဟရေးတဲ့ နောက်တစ်ပုဒ်ပါ.

သူတော်(၂၆.၉.၀၈)

Thursday, September 25, 2008

အနာဂတ်

အနာဂတ်

ပြုံးနေပေမယ့် ကျနေတဲ့ငါ့မျက်ရည်တွေ

ရိုးတံပေါ်တင်နေတဲ့ နှင်းစက်တွေလောက်

မချိုမြိန်ပါဘူး..........

ငါ့ ကိုယ်မှာစိုက်ဝင်နေတဲ့

ကိုယ်တိုင်မြနေအောင် သွေးခဲ့မိတဲ့ဓား

ပြန်ဆွဲမနုတ်ရက်တာနဲ့

ဒီအတိုင်းအရသာခံနေခဲ့တယ်.......

ဘယ်လောက်ထိခံစားရမလဲ......

ငါ့နှလုံးသွေးတွေ

တစ်စက်ပြီးတစ်စက်မြေခတယ်....

ပြက္ခဒိန်မရှိတဲ့ရက်စွဲတွေ

တစ်ရက်ပြီးတစ်ရက်ကြွေကျတယ်......

ငါ့အနာဂတ်ကို.....

ဘယ်သူတွေကများ ကျိန်စာတိုက်ခဲ့သလဲ......

အခုတော ထက်ပိုင်းကျိုးသွားတဲ့

ငါ့အိမ်မက်တွေနဲ့အတူစီးမျောရင်း....

ဘယ်တော့မှ အဆုံးသတ်မှာလဲ.....

အလွမ်းသစ်..

ကျောင်းနေတုန်းက သူငယ်ချင်း သီဟ ရေးဖွဲ့ထားသော ကဗျာလေးဖြစ်ပါတယ်။ သူ့ရဲ့ခွင့်ပြုချက်နဲ့ အခု ဒီဘလော့ဂ်လေးမှာ ပြန်တင်ပေးလိုက်ခြင်းဖြစ်ပါသည်။

ဖိုးသူတော် ( ၂၅.၉.၀၈)