ဖရန်စစ် ဘေကွန် (၁၅၆၁- ၁၆၂၆ )
နိုဗမ် အော်ဂနမ် (ကရိယာသစ်) သည် ဘေကွန်၏ အရေးပါဆုံးသော လက်ရာဟု့ဆိုရပေမည်။ ဤစာအုပ်က အခြေခံအားဖြင့် လက်တွေ့စူးစမ်းလေ့လာနည်းကို အလေးကဲ တင်ပြထားပေသည်။ အရစ္စတိုတယ်၏ အတွေးအခေါ်ကို လုံးဝအားကိုခြင်းထက် သိပ္ပံနည်းကျ လက်တွေ့စူးစမ်းကျင့်သုံးမှု လိုအပ်ပုံကို တင်ပြထားသည်။ အသိပညာကို တွေးဆရုံသက်သက်ဖြင့် မတင်းတိမ်အပ်။ ကမ္ဘာကြီးကိုနားလည်ရန် ပထမဦးစွာ တွေးဆမှုပြု၊ ရသမျှ အချက်များကိုစု၊ ဤအချက်များကို မှီပြီး လက်တွေ့လေ့လာဟု ဘေကွန်က ဆိုခဲ့သည်။ သိပ္ပံပညာရှင်များ ဘေကွန်၏နည်းကို အသေးစိတ် မလိုက်ကြရုံသာရှိ၏။ သူတင်ပြခဲ့သည့် အခြေခံကို မှီပြီး တွေးဆပြီး လက်တွေ့စူးစမ်းခြင်းကိုမှု သိပ္ပံပညာရှင်တို့က အဓိက လက်သုံးနည်းအဖြစ် ထိုစဉ်ကတည်းက စပြီးကျင့်သုံးလာခဲ့ကြသည်။
ဘေကွန်၏ နောက်ဆုံးစာအုပ်မှာ နယူးအတ္တလန်တစ် ဖြစ်သည်။ ပစိဖိတ်သမုဒ္ဒရာရှိ ကျွန်လေးတစ်ကျွန်းတွင် တည်ဆောက်ခဲ့သော စိတ်ကူးရင် ဓနသဟာယ စနစ်အကြောင်းဖြစ်၏။ ထိုစာအုပ်မှာ ဆာ သောမတ်စ်မိုး(ရ်)၏ ယူတိုးပီးယားနှင့် သဘောခြင်းဆင်သော်လည်း အမြင်ချင်း၊ အချက်အလက်ချင်းကား လုံးဝ ကွဲပြားနေပေသည်။ ဘေကွန်၏စာအုပ်တွင်မှု စံပြဓနသဟာယ၏ ကောင်းကျိုးစီးပွားမှာ သိပ္ပံနည်းကျ လေ့လာသုတေသန ပြုမှုတွင် လုံးဝမှုတည်နေပေသည်။ ဘေကွန်က သိပ္ပံနည်းကျ သုတေသနပြုချက်များ ဖြင့်သာလျှင် ဥရောပသားများမှာ ကောင်းကျိုးချမ်းသာကို ရလာကြပေမည်ဟု့ ဒဏ္ဍာရီဆန်သော ကျွန်းကလေးတွင်ရှိ ဇာတ်ကောင်များဖြင့် စာဖတ်ပရိသတ်ကို တင်ပြထားပေသည်။
ဖရန်စစ်ဘေကွန်သည် ပထမဆုံးသော ခေတ်သစ်တွေးခေါ်ရှင်ကြီးဟု့ လူတိုင်းပင်ပြောဆိုနိုင်၏။ သူ၏ လွှမ်းခြုံရှုမြင်ချက်မှာ ဘာသာရေးထက် လောကီရေးပိုဆန်သည်။ (သူသည် ထာဝရဘုရားကို လုံးဝယုံကြည်၏) သူသည် အယူမသည်းဘဲ ကျိုးကြောင်းယုတ္တိနှင့် တင်ပြခဲ့၏။ အတွေးအခေါ် ယူဆချက် သက်သက်ထက် လက်တွေ့ဆန်ဆန် အလေးကဲ တင်ပြခဲ့ပေသည်။ နိုင်ငံရေးတွင် သူသည် သဘောတရားသမား မဟုတ်ပဲ လက်တွေ့ဝါဒီ ဖြစ်သည်။ ရှေ့ဟောင်းစာပေကို နှံ့စပ်မှုနှင့် စာပေကျွမ်းကျင်မှုတို့ကြောင့် သူသည် သိပ္ပံနှင့် စက်မှုအတက်ဘက်သို့ ကူးခဲ့ရာတွင် သဟဇာတ ရှိခဲ့သည်။ သစ္စာရှိ အင်္ဂလိပ်အမျိုးသာဖြစ်သော်လည်း ဘေကွန်မှာ မိမိနိုင်ငံထက် ကျော်ပြီးမြင်တက်သူဖြစ်သည်။ သူ၏ထင်ရှားသော ရည်မှန်းချင် သုံးမျိုးသုံးစားမှာ……
ပထမအမျိုးအစားမှာ မိမိ၏ဇာတိနိုင်ငံတွင် မိမိ၏အာဏာကို ဖြန့်ကျက်လိုသူဖြစ်သည်။ ဤအမျိုးအစားကား ဆုတ်ယုတ်တတ်၏။ အောက်တန်းစားဆန်၏။
ဒုတိယအမျိုးအစားမှာ မိမိတို့နိုင်ငံ၏ အာဏာနှင့်နယ်ပယ်ကို လူသားထုကြားတွင် ချဲ့ထွင်းလို၏။ ဤအစားကား ဂုဏ်ကားရှိ၏။ လိုချင်တက်မက်မှုကား မကင်းပေ။
သို့သော် လူတစ်ဦးက မိမိအာဏာနှင့် နယ်ပယ်ကို ကမ္ဘာနှင့်အ၀ှမ်း ချဲ့ထွင်လိုခဲ့လျှင်မှု သူ၏လုပ်ရပ်မှာ အထက်ပါ အချက်နှစ်ချက်ထက် ပိုပြီး မြင့်မြတ်သည်ကိုမှု စောဒကတက်ဖွယ်ရာ မရှိဟူ၏။ ဘေကွန်မှာ သိပ္ပံစေတမန် တစ်ဦးဖြစ်သော်လည်း သူကိုယ်တိုင်က သိပ္ပံပညာရှင်မဟုတ်ပေ။ သူနှင့်ခေတ်ပြိုင်များနှင့်လည်း ရင်ဘောင်တန်းပြီးလိုက်နိုင်ခဲ့ခြင်းလည်း မရှိခဲ့ပေ။ နေပီယာ (မကြာသေးမိက လော်ဂရမ်သမ်ကို တီထွင်ခဲ့သူ) နှင့် ကက်ပလာတို့ကို သာမက သူ့ကဲ့သို့သော အင်္ဂလိပ်အမျိုးသားကြီး ၀ီလျံဟာဗေးတို့ကို ဘေကွန်က ဥပေက္ခာပြုခဲ့သည်။ ဘေကွန်က အပူသည် ရွေ့လျားမှုတစ်မျိုးဟူသော အခြေခံသိပ္ပံအယူအဆကို တင်ပြခဲ့သည်။ သူသည်သိပ္ပံနည်းကျ ဥပဒေသများကို အပြည့်အစုံအမှန်အကန် တင်ပြခဲ့သူ မဟုတ်ခြင်းကိုမှု အမှတ်ရကြပေမည်။ သူ၏သိပ္ပံဆိုင်ရာ ထင်မြင်ချက်များမှာ ဆက်လက်ဆွေးနွေးလေ့လာရန်သာဖြစ်ပြီး အဆုံးသတ်အဖြေတော့မဟုတ်ပေ။
ဖရန်စစ်ဘေကွန်မှာ လက်တွေ့စူးစမ်းလေ့လာနည်း၏ အရေးပါပုံကို ပထမဦးဆုံးတင်ပြခဲ့သူ မဟုတ်။ သိပ္ပံမှ လူ့အဖွဲ့အစည်းကို အကျိုးပြုမည့်အချက်များကို ပထမဆုံးနားလည်ခဲ့သူလည်းမဟုတ်။ သို့သော်သူ့အရင်က လူများမှာ ထိုအယူအဆများကို လူသိရှင်ကြားမတင်ပြခဲ့ခြင်းသာဖြစ်သည်။ ထိုပြင် ဘေကွန်မှာ စာရေးကောင်းနှင့် နိုင်ငံရေးအရ ကျော်ကြားခဲ့ခြင်းတို့ကြောင့် ဘေကွန်က သိပ္ပံကို အရေးထားတင်ပြချက်များမှာ ပိုပြီးဩဇာကြီးခဲ့ရ ခြင်းဖြစ်ပေသည်။ ၁၆၆၂ တွင် သိပ္ပံအသိကို မြှင့်တင်ရေးအတွက် လန်ဒန်ရွိုင်ရယ် ဆိုစိုက်တီကို တည်ထောင်စဉ်က တည်ထောင်သူများက ဘေကွန်ကို မိမိတို့အား ဤစိတ်ဓာတ်ကို သွင်းပေးခဲ့သူအဖြစ် ဂုဏ်တင်ပြောဆိုခဲ့ကြသည်။ ပြင်သစ် အသိညာဏ်ဝင့်ချိန်က ပြုစုခဲ့သည့် စွယ်စုံကျမ်းကြီးတွင်လည်း အဓိက ကျမ်းပြုကြီးများဖြစ်ကြသည့် ဒက်ထရွိုက်နှင့် အဲလမ်ဗတ်တို့က ဤစွယ်စုံကျမ်းကို ပြုစုခြင်းမှာ ဘေကွန်၏ နှိုးဆော်ချက်ကြောင့်ဟု့ ဂုဏ်ပြုပြောဆိုခဲ့ကြသည်။ နိုဗမ်ဩဂနမ်နှင့် သည်နယူးအတ္တလန္တိတ်တို့မှာ ရှေးကလောက်အဖတ်များခြင်း မရှိခဲ့သော်လည်း ဤစာအုပ်က တပ်လန့်ဆိုခဲ့သည့် သတင်းစကားကို ကမ္ဘာက တွင်ကျယ်စွာ လက်ခံခဲ့ကြပြီဖြစ်၏။
ဘေကွန်ကို ပြင်သစ်တွေးခေါ်ပညာရှင်ကြီး ရီနီဒက်စ်ကာတီးစ်နှင့် ယှဉ်မည်ဆိုက ယှဉ်နိုင်သည်။ ဒက်စ်ကာတီးသည်လည်း သိပ္ပံခေတ် ပေါ်ထွန်းရေးကို ရှေ့ပြေးဆောင်ရွက်ခဲ့သူဖြစ်ပေသည်။ ဘေကွန်က ဒက်စ်ကာတီးစ်ထက် မျိုးဆက်တစ်ဆက်စော၏။ သိပ္ပံနည်းကျ တွေးဆလေ့လာ စမ်းသပ်သုတေသန ပြုချက်နှင့် ပတ်သက်ပြီး ဒက်စ်ကာတီးစ်ထက်ပိုပြီး အလေးကဲတင်ပြခဲ့သည်။ သို့သော် ပြင်သစ်တွေးခေါ်ရှင်ကြီး၏ သင်္ချာဆိုင်ရာ တွေ့ရှိချက်က တပမ်းသာသွားချင်းကြောင့် ဒက်စ်ကာတီးစ်ကို ဘေကွန်ထက်ရှေ့ဆင့်ထားပြီး ကမ္ဗည်းတင်လိုက်ရခြင်း ဖြစ်ပါသည်။
ဖိုးသူတော်
( စာရေးဆရာ မောင်မင်းနိုင်( ၀ါးခယ်မ) ရေးသားသော ကမ္ဘာ့ ဩဇာအကြီးဆုံး ပုဂ္ဂိုလ် ၁၀၀ စာအုပ်ထဲမှ ကူးယူဖော်ပြပါသည်။ )
No comments:
Post a Comment