Monday, June 16, 2008

ဘိုကလေး တတိယခရီး

ဘိုကလေးတတိယခရီး
၂-၆-၀၈ ရက်နေ့ ညနေ ကျွန်တော့ ရုံးဆင်းတော့ ဘာညာတို့ ကိုဂေါက်တို့ရုံးကို သွားပါတယ်။ တကယ်တော့ မနက်ဖန်သွားမည့် ဘိုကလေး လေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများသွားရောက် ပေးမည့်ခရီးအား မလိုက်ဖြစ်ဘူးဟု့ သွားရောက်ပြောဆိုခြင်း ဖြစ်ပါသည်။ ကျွန်တော့် ရုံးတွင်အလုပ်အနည်းငယ် ရှိနေသောကြောင့်ဖြစ်သည်။
သို့သော် သူတို့နှင့်တွေ့ပြီး သူတို့က ရှင်းပြပါသည်။ ယခုတစ်ခေါက်သည် ပစ္စည်းများမှာ ၁၀ဘီးကား အပြည့်ဖြစ်ပြီး ဆန်အိတ် ၈၀ ကျော်နှင့် ပိုက်ဖျာများအချပ် ၁၀၀၀ကျော်၊ အ၀တ်အစားထုတ်များ နှင့်ဆေးဝါးပစ္စည်းများဖြစ်ပါကြောင်း ထို့ကြောင့်လူအင်အားလိုအပ်၍ လိုက်ခဲ့ပါရန်ပြောဆိုပါသည်။ ထို့ကြောင့်ကျွန်တော်လည်း ရုံးသို့ ဂျီတော့မှ လှမ်းဆက်သွယ်၍ ခွင့်ယူမည်ဖြစ်ကြောင်းပြောလိုက်ပါသည်။
ထို့နောက် ကျွန်တော် ကိုဂေါက်နှင့်ဘိုကြီး တို့သည်ပစ္စည်းများထားရှိသည့် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပါသည်။ ထိုဘုန်းကြီးကျောင်းမှ မနက် ၆ နာရီ ထွက်မည် ဖြစ်သောကြောင့် ထိုကျောင်းမှာပင် သွားရောက်အိပ်စက်ခြင်းဖြစ်ပါသည်။ ကျန်လူများကတော့ မနက်မှ ကိုယ့်အစီအစဉ်နှင့်ကိုယ် လာရောက်မည်ဖြစ်ပါသည်။
ဘုန်းကြီးကျောင်းသို့ရောက်သောအခါ ပစ္စည်းများမှာ ၁၄ပေ ကန်တာ နှစ်စီဖြင့် အပြည့်ထည့်ထားသည် ကို တွေ့ရပါသည်။ ထို့နောက် ကျွန်တော်တို့သည် ဘုန်းကြီးနှင့် လိုအပ်သည်များကို ပြောဆို၍ ထိုညအား အိပ်စက်လိုက်ကြပါသည်။
နောက်တစ်နေ့ မနက်တွင် ငါးနာရီလောက် ထ၍ ပြင်ဆင်စရာ ရှိသည်များ ပြင်ဆင်၍ လူစုံအောင်စောင့်၍ ဘုန်းကြီးကျောင်းမှ စတင်ထွက်ခွာခဲ့ကြပါသည်။ ကျွန်တော်တို့အဖွဲ့နှင့်အတူ ကျွန်တော်တို့အားကူညီမည့် အခြား စေတနာ့ဝန်ထမ်း လူငယ် ၁၅ ဦးခန့်ပါဝင်ပါသည်။ ထို့ကြောင့် ကျွန်တော့်တို့အဖွဲ့သည် အင်အား အယောက် ၂၀ ကျော်ခန့်ဖြစ်သွားပါသည်။ ကားများမှာ ကုန်ပစ္စည်းအပြည့် ၁၄ ပေကန်တာ နှစ်စီး အပါအ၀င် စုစုပေါင်း ၄ စီး ဖြစ်ပါသည်။
ကျွန်တော်တို့ကားသည် ညောင်တုန်းမရောက်ခင် ဘီးပေါက်ပါသည်။ အပိုလဲစရာ ပါသောကြောင့်မြန်မြန်ဆန်ဆန် လဲပြီးထွက်လာကြပါသည်။ တစ်ခါထက်၍ မအူပင် အလွန် ကျိုက်လတ်ရောက်ဖို့ အနည်းငယ်လိုသေးသည့်နေရာတွင် ဘီးပေါက်ပါသေးသည်။ ဒီတစ်ခါတော့ လဲစရာ အပိုမရှိတော့သောကြောင့် ပေါက်သည့်ဘီးနှင့် အရင်တစ်ခါ ပေါက်ထားသည့် ဘီးနှစ်ဘီးအား မအူပင်မြို့သို့ ဆိုင်ကယ် ကယ်ရီငှား၍ သွားဖာရပါသည်။ တကယ်တော့ ကျွန်တော်တို့သည် ဘိုကလေးသို့ ခပ်စောစော ရောက်လိုကြပါသည်။ ဘာကြောင့်လဲ ဆိုတော့ ကျေးရွာများသို့ တဆက်တည်း ဆက်သွားလို သောကြောင့်ဖြစ်ပါသည်။ ဒါပေမဲ့ မတက်နိုင်သေးပဲ ဘီးဖာအပြီးကိုစောင့်နေရပါသည်။
ဘီးများလဲလည်တပ်ဆင်ပြီးသော အခါ ကျွန်တော်တို့သည် ဆက်ထွက်လာပြီး ကျိုက်လတ် မြို့သို့ရောက်သောအခါ ခေတ္တနား၍ ထမင်းစားကြပါသည်။ ထို့နောက် မနားတော့ပဲ ဆက်တိုက်လာရာ ၂ နာရီ ခွဲလောက်တွင် ဘိုကလေးမြို့ရှိ တည်းခိုမည့် ဘုန်းကြီးကျောင်းသို့ ရောက်ရှိပါသည်။ ပစ္စည်းများကို ကားပေါ်မှ အားချင်းချ ၍ စက်လှေ ငှားပြီး လူသူအရောက်ပေါက် နည်းသေးသည်ဆိုသော ရိုးထဲမှ ရွာလေးများဆီသို့ ထွက်ခဲ့ကြသည်။ ကျွန်တော်တို့ စက်လှေလေးပေါ်တွင် ဆန်အိတ်များ နှင့် ပိုက်ဖျာတော်တော်များများ၊အ၀တ်အစားများ ပါလာ ပါသည်။ အချိန်ကိုတွက်၍ မှန်းဆပြီး ရွာ ၃ ရွာလောက်တော့ ပေးဖြစ်မည်ဟု့ ခန့်မှန်းကြပါသည်။ အရင်တခေါက်ကလို တန်းစီစနစ်ဖြင့် ပစ္စည်းများအား မဝေတော့ပဲ ရွာဘုန်းတော်ကြီး၊ ကျေးရွာဆယ်အိမ်မှုး၊ ရာအိမ်မှုများနှင့် ရွာသူရွာသားများရှေ့မှောက်တွင် ပစ္စည်းများအား တခါတည်း အပ်နှံပါသည်။ ရွာတစ်ရွာကို ရောက်ပြီဆိုတာနဲ့ ရွာရှိလူစာရင်း ၊ အသေအပျောက်စာရင်း၊ သောက်သုံးရေ ရရှိမှု ၊အိမ်သာနှင့် ပတ်သက်သောကိစ္စများ၊ အဓိကလိုအပ်ချက်များ၊ စားသောက်နေထိုင်ရေးအခြေအနေ တို့ကို အသေးစိတ်မေးမြန်းပြီး လူဦးရေကိုမှုတည်၍ ဆန်၊ ဆေးဝါး၊ ပိုက်ဖျာ ၊ အ၀တ်အစားတို့ကို ပေးအပ်ပါသည်။
ကျွန်တော်တို့ ခန်းမှန်းထားသည့်အတိုင်း ရွာသုံးရွာအားလှူဒါန်း ပြီးနောက်ပြန်ရန် အချိန်ရောက်ပြီဖြစ်သောကြောင့် ရိုးလေးများထဲမှ ဘိုကလေးမြို့သို့ ပြန်လာရာ ညနေ ၆ နာရီကျော်တွင် တည်းခိုရာ ဘုန်းကြီးကျောင်းသို့ ရောက်ရှိပါသည်။ ရေမိုးချိုး စားသောက်ပြီး အနားယူကြပါသည်။ ထို့နောက် ဘုန်းဘုန်းများနှင့် နက်ဖန်သွားမည့် ခရီးစဉ်အား အသေးစိတ်ဆွေးနွေးပါသည်။ ကျွန်တော်တို့၏ ပစ္စည်းများနှင့် ဆန်များသည် ပုံမှန်အတိုင်းဆို ကျေးရွာ ၁၀ ရွာစာလောက်ကို ထောက်ပံ့မှုပေးနိုင်ပါသည်။ ဘုန်းဘုန်းများနှင့်တိုင်ပင်ပြီးနောက် စက်လှေ နှစ်စီး ငှားပြီး ချောင်းရိုးတစ်လျှောက် ရွာများအား သွားမည်ဟု့ ဆုံးဖြတ်ကြပါသည်။ နံနက် ၇ နာရီထွက်မည်ဟု့ ခန့်မှန်းပါသည်။ ပစ္စည်းများမှာ များသောကြောင့် နံနက် ၄နာရီလောက်ကတည်းက ထ၍ လက်တွန်းလည်းများဖြင့် ကမ်းနားသို့ချရပါသည်။ ထို့နောက် သွားရမည့် ခရီးအကွာအဝေးများတွက်ချက်၍ ဒီဇယ်များဝယ်ရပါသည်။
စက်လှေများထွက်ထွက်ခြင်း မိုးကောင်ကင်မှာ အနည်းငယ်မှောင်နေပါသည်။ လေများကလည်းတိုက်ခတ်နေပါသည်။ မိုးရွာမည့် လက္ခဏာများကိုတွေ့နေရပါသည်။ နာရီဝက်လောက်မောင်းပြီးသောအခါ မိုးများရွာပါတော့သည်။ ကျွန်တော်တို့ အဖွဲ့သည် မိုးထဲလေထဲမှာ ပင် ရွှဲ့ရွှဲစိုကာ သွားရပါသည်။ ကြိုတင်ကာကွယ်မှုအနေဖြင့် ဆေးများသောက်ကြပါသည်။ မိုးကလည်းစဲမည့်ပုံမပေါ်ပါ။ ဒီလိုနှင့် ပထမဦးဆုံးကျေးရွာသို့ ၂ နာရီကျော်လောက် မိုးထဲလေထဲတွင် သွားပြီးရောက်ရှိလာပါသည်။ လိုအပ်သောအချက်အလက်များကို မေးမြန်းပြီး ပစ္စည်းများကို ချပါသည်။ ထို့နောက် ရွာထဲရှိ ထိခိုက်ဒဏ်ရာ ရရှိသူများအား လိမ်းဆေး၊ သောက်ဆေးများပေးပါသည်။
ကျွန်တော်တို့ ခန့်မှန်းထားသည့် အတိုင်း ထိုတစ်နေ့လုံးအတွက် ကျေးရွာ ၁၀ ရွာ၊ ရွာပိုင်းလေး ၂ ခု ကို ပေးအပ်နိုင်ခဲ့ပါသည်။ ထိုသူများအားလုံးအတွက် လိုအပ်ချက်များကိုမေးမြန်းကြည့်ရာ အဓိက လိုအပ်ချက်များမှာ ဆန် နှင့် စားသောက်ဖွယ်ရာများဖြစ်သည်။ ထို့ပြင် အမိုးအကာ သည်လည်း လိုအပ်သောအရာတစ်ခု ဖြစ်သည်။ ရွာသူရွာသားအများစုမှာ လယ်ယာလုပ်ငန်း ပြန်လည်လုပ်ကိုင်ရန် အတွက် လယ်ယာသုံးပစ္စည်းများဖြစ်သော ကျွဲများ၊ထွန်တုံး၊တံပိုးများအစရှိသည်တို့ကို ပြောပါသည်။ ကျွန်တော်က ရေငန်ဝင်ရောက်မှုကြောင့် လယ်ယာမြေသား အခြေအနေကို မေးကြည့်ရာ လယ်ယာသုံးပစ္စည်းများသာ ပေးရင် လုပ်ကိုင်နိုင်ပါကြောင်းပြောပါသည်။ ရွာအများစုသည် ကျွဲကောင်ရေများစွာ ဆုံးရှုံးသွားသောကြောင့် မည်သို့မှ လယ်ယာ လုပ်ငန်းများ ယခုတိုင် မလုပ်နိုင်သေးပါ။ သက်ဆိုင်ရာမှ ကျွဲ၊ နွားများချပေးသော်လည်း ကျေးရွာ အရေအတွက် များပြားသောကြောင့် အလျင်မမီနိင်ပါ။ လက်တွန်း ထွန်စက်များမှာ မြို့နယ်အဆင့်လောက်သာ ရောက်ရှိပြီး ရိုးလေးထဲမှ ရွာများသို့ ရောက်ရှိရန် ခက်ခဲပါသည်။ ထို့ကြောင့် ကျွဲနွား နှင့် လယ်ယာသုံးပစ္စည်းများ ထောက်ပံ့နိုင်ရင် ကောင်းပါသည်။
သောက်သုံးရေနှင့် ပတ်သက်၍ ယခုအခါ ယာယီအားဖြင့် မိုးရေကို အဓိက အားထားနေသော်လည်း နောက်ပိုင်းတွက် ပျက်စီးသွားသော ရေကန်များအား ပြန်လှည်ဆယ်ယူ ၍ ပြုပြင်ပေးနိုင်ပါသည်။ ထိုအတွက်လည်း ဒီဇယ်ဂါလံ များစွာလိုအပ်ပါသည်။ ယင်လုံအိမ်သာ များနှင့် ပတ်သက်၍ ကျွန်တော်တို့ရောက်ခဲ့သော ကျေးရွာအများစု အား UNDP မှ ကျွင်းများတူးခိုင်းထားပါသည်။ သုံးလေးအိမ်ထောင် တစ်ကျွင်းတူးခိုင်းထားပါသည်။ သူတို့ လာဆောက်ပေးမည့်ဟု့ သိရပါသည်။ ဆက်လက်၍ လိုအပ်သည်များနှင့် အခြေအနေများကို မေးမြန်းစုံစမ်းပြီး ပြန်လာကြပါသည်။ ကျွန်တော်တို့ အဖွဲ့သည် ညနေ ၆ နာရီကျော်ကျော်လောက် ဘိုကလေးသို့ ပြန်ရောက်ပါသည်။ တနေကုန် မိုးရွာလိုက် နေပူလိုက် လေတိုက်လိုက်နဲ့ ပြန်ရောက်တော့ တော်တော်လေး နာကျင်ကိုက်ခဲနေပါသည်။ လိုအပ်သော ဆေးဝါးများ ယူဆောင်လာသောကြောင့် အဆင်တော့ပြေပါသည်။ နောက်တစ်နေ့ နံနက် ၉ နာရီလောက်တွက် ဘိုကလေးမှ ရန်ကုန်သို့ပြန်လည်ထွက်ခွာခဲ့ကြပါသည်။

အားလုံးမုဒိတာပွားများနိုင်ကြပါစေ။
ဖိုးသူတော်

No comments: