Thursday, June 19, 2008

ဖရန်စစ်ဘေကွန် (၁)

ဖရန်စစ် ဘေကွန်(၁၅၆၁-၁၆၂၆)

ကမ္ဘာ့ ဩဇာအကြီးဆုံး ပုဂ္ဂိုလ် ၁၀၀ များထဲမှာ တစ်ဦး အပါအ၀င်ဖြစ်သော ဖရန်စစ်ဘေကွန် အကြောင်းကို အနည်းငယ် တင်ပြလိုပါတယ်။ ဖရန်စစ်ဘေကွန်ဟာ အင်္ဂလိပ်အမျိုးသား ထိပ်တန်းနိုင်ငံရေး သမားကြီးဖြစ်ပါသည်။ သူ့ဘ၀တစ်လျှောက် အချိန်အတော်များများကို နိုင်ငံရေးဘက်တွင်သာ အသုံးချခဲ့သည်။ သို့သော် ကမ္ဘာ့ဩဇာ အကြီးဆုံး ပုဂ္ဂိုလ် ၁၀၀ စာအုပ်ထဲတွင် သူ့အား သူရေးသားခဲ့သည့် ဒဿနိကကျမ်းများကြောင့် ရွေးချယ်ထားပါသည်။ ထိုရေးသားချက်များတွင် သူသည် သိပ္ပံခေတ်သစ်၏ ဟစ်တိုင်ဖြစ်သည်။ သိပ္ပံနှင့် စက်မှုပညာက ကမ္ဘာကို ပြောင်းလဲပေးမည်ဟု့ဆိုခဲ့ပြီး သိပ္ပံနည်းကျ စူးစမ်းမှုကို အဓိကတိုက်တွန်း ပေးခဲ့သည့် ပထမဆုံးသော ဒဿနိကပညာရှင်ကြီးလည်း ဖြစ်သည်။

ဘေကွန်ကို လန်ဒန်မြို့တွသ် ၁၅၆၁ ခုနှစ်က ဖွားမြင်ခဲ့သည်။ အယ်လီဇဘက် ဘုရင်မ လက်အောက်မှ အစိုးရအရာရှိတစ်ဦး၏ သားငယ်ကလေး ဖြစ်သည်။ ၁၂ နှစ်သားက သူသည် ကင်းဘရစ်ရှိ ထရီနီတီ ကောလိပ်တွင် တက်ရောက်ခဲ့သည်။ သုံးနှစ်နေပြီးနောက် မည့်သည့်ဘွဲမှ မရရှိပဲ ကျောင်းထွက်ခဲ့သည်။ ၁၆ နှစ်သားအရောက်တွင် ပဲရစ်မြို့ရှိ ဗြိတိသျှ သံအဖွဲ့တွင် လက်ထောင်တာဝန်ကို ခဏတာ ထမ်းဆောင်ခဲ့သည်။ ဘေကွန် ၁၈ နှစ်သားတွင် သူ၏ ဖခင်မှာ အမှတ်မထင် ကွယ်လွန်သွားခဲ့ရာ သူ့အဖို့ ငွေကြေး အနည်းငယ်သာ ထားရစ်ခဲ့သည်။ သို့အတွက် ဥပဒေကို ဆည်းပူးခဲ့ရာ ၂၁ နှစ်တွင် ၀တ်လုံတော်ရ တစ်ဦး ဖြစ်လာခဲ့သည်။

မကြာမီပင် သူသည် နိုင်ငံရေး စိတ်ဓာတ် ဖွံ့ဖြိုးလာခဲ့သည်။ ၂၃ နှစ်သားတွင် ပြည်သူ့လွတ်တော်တွင် အရွေးခံခဲ့ရပေသည်။ သူ၏ဆွေမျိုးများနှင့် မိတ်သင်္ဂဟများမှာ အထက်တန်းလွှာများ ဖြစ်ကြသော်လည်း ညဏ်ရည်ထက်မြတ်မှုကြောင့် အဲလီဇဘက်ဘုရင်မက သူ့ကို အဓိကရာထူးနေရာတွင် ခန့်အပ်ရန် ငြင်းပယ်ခဲ့ပေသည်။ ဤသည်ကား ဘုရင်မကြီးက လုံးဝထောက်ခံခဲ့သည့် အခွန်တော်ကိစ္စကို ပါလီမန်တွင် သူက ရဲရဲဝံ့ဝံ့ ကန့်ကွက်ခဲ့သောကြောင့် ဖြစ်သည်။ ဘေကွန်မှာ ကြွေးလည်ပင်း ခိုက်အောင် ဆင်းရဲလှသည်။ ( တစ်ခါက ကြွေးမှုနှင့်ပင် အရေးယူခံခဲ့ရသည်။) သူ့ခမျာ လွတ်လွတ်လပ်လပ် နေထိုင်ခြင်းငှာ မတက်စွမ်းခဲ့ပေ။

ဘေကွန်မှာ နိုင်ငံရေး ရည်းမှန်းချက် ကြီးမားပြီး လူသိများလှသည့် လူငယ်ပဒေသရာဇ် မြို့စားကြီး အက်ဆက်စ် နှင့်မိတ်ဆွေ ဖြစ်ခဲ့သည်။ အက်ဆက်စ်က ဘေကွန်ကို ခင်မင်ခဲ့သည်။ ရက်ရောစွာ ကျေးဇူး ပြုခဲ့သည်။ အက်ဆက်စ်က ဘုရင်မ အဲလိဇဘက်ကို လုပ်ကြံရန် ကြံစည်သည့်အခါတိုင်းတွင် ဘေကွန်က ဘုရင်မ အပေါ် သိစ္စာစောင့်သိရေးက ပထမဟု တိုက်တွန်းခဲ့သည်။ အက်ဆက်စ်မှာ ဤကိစ္စကို ကြံစည်ဖြစ်အောင် ကြံစည်ခဲ့သော်လည်း အရေးမလှခဲ့ပေ။ ဘေကွန်မှာ မြို့စားကြီးကို သစ္စာဖောက်မှုနှင့် အရေးယူရေးတွင် တက်ကြွစွာ ပါဝင်မိခဲ့ပေသည်။ ဤအတွက် အက်ဆက်စ်မှာ ခေါင်းဖြတ်ခံရပြီး ဘေကွန်မှာလည်း ဤစနစ်ကြောင့် လူမုန်းများခဲ့ ရပေသည်။

၁၆၀၃ ခုနှစ်တွင် ဘုရင်မ အဲလီဇဘက် ကွယ်လွန်ခဲ့ပေရာ ဘေကွန်မှာ သူမကို ဆက်ခံသူ ဂျိမ်းစ်(၁) ၏ အတိုင်ပင်ခံဖြစ်လာခဲ့သည်။ ဂျိမ်းစ်မှာ သူ၏အကြံပေးချက်ကို အစဉ်သဖြင့် လက်မခံခဲ့သော်လည်း သူက ဘေကွန် ကိုသဘောကြခဲ့သည်။ သို့အတွက် ဂျိမ်းစ်၏လက်ထက်တွင် ဘေကွန်မှာ အစိုးရအဆင့်တွင် တဆင့်ပြီးတဆင့် တက်လာခဲ့သည်။ ၁၆၀၇ ခုနှစ်တွင် ဘေကွန်မှာ ရှေ့နေချုပ်ကြီး ဖြစ်ခဲ့၏။ ၁၆၁၃ ခုနှစ်တွင် ဗဟိုရှေ့နေချုပ်ကြီး ဖြစ်လာခဲ့သည်။ ၁၆၁၈ ခုနှစ်တွင် အင်္ဂလန်တရားသူကြီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပေသည်။ ဤရာထူးမှာ အမရိကန်ပြည်ထောင်စု၏ ဗဟိုတရားရုံးချုပ်မှ တရားသူကြီးချုပ် ရာထူးအလား အရေးပါလှပေသည်။ ထိုနှစ်မှာပင် မှုးမတ်အဖြစ်လည်းကောင်း၊ ၁၆၂၁ ခုနှစ်တွင် မြို့စားကြီးအဖြစ်လည်းကောင်း ခန့်အပ်ခြင်း ခံခဲ့ရပြန်သည်။

မကြာမီတွင် ဘေးအန္တာရယ် ဆိုက်လာခဲ့သည်။ ဘေကွန်သည် တရားသူကြီးအဖြစ် အမှုသည်များထံမှ လာဘ်စားခဲ့သည်။ ဤသည်မှာ လုပ်ရိုးလုပ်စဉ် ဖြစ်နေငြားလည်း တရားမ၀င်ပေ။ ဆန့်ကျင်ဘက် နိုင်ငံရေး အုပ်စုက သူ့ကို ရာထူးမှ ဖြုတ်ချရန် အခွင့်ကောင်းကို စောင့်ကြည့်နေခဲ့ကြသည်။ ဘေကွန်မှာ အပြစ်ကို ၀န်ခံခဲ့ရပြီး လန်ဒန်မြို့ တားဝါးထောင်တွင် အကျဉ်းချခံခဲ့ရသည်။ ဘုရင်က သူ့ကို ထောင်မှလွတ်ပေးခဲ့သည်။ သူ၏ကောင်းကွက်ကိုကြည့်ပြီး ခွင့်လွတ်ခဲ့သည်။ သို့သော် ဘေကွန်မှာ နိုင်ငံရေးဩဇာ ကျဆုံးသွားခဲ့ရသည်။

မည်သူကမျှ လာဘ်စားမှုကြောင့်လည်းကောင်း သို့မဟုတ် အများပြည်သူ၏ ယုံကြည်အားထားချက်ကို ချိုးဖောက်မှုကြောင့်လည်းကောင်း ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေး သမားများကို ပြန်ပြီးဆင်တင်မပေးလိုကြချေ။ သူတို့ကလည်း လူတိုင်းလာဘ်စားမှုနှင့် မကင်းဟု့ ကိုယ့်ကိုယ်ကို ကာကွယ်ရင်း တန်ပြန်စွတ်စွဲ တက်ကြပေသည်။ ဤကာကွယ်မှုက တစ်ဦးတစ်ယောက်သော ကောက်ကျစ်သည့် နိုင်ငံရေးသမားများကို အရေးယူလိုလျှင် အခြားကောက်ကျစ်သည့် နိုင်ငံရေးသမား အားလုံးကိုပါ အရေးယူရမည်ဟု့ ဆိုစရာဖြစ်လာခဲ့သည်။ ဘေကွန်၏ ဖြောင့်ချက်ကမှု ဆန်းကြယ်လှပေသည်။

“ ဤနှစ်ငါးဆယ်ကာလအတွင်း ကျွန်ုပ်သည် အင်္ဂလန်မှာ တရားအမျှတ ဆုံးသော တရားသူကြီးဖြစ်သည်။ ဤပြစ်ဒဏ်ချမှတ်ခြင်းမှာလည်း ဤနှစ် ၂၀၀ အတွင်း ပါလီမန်၏ တရားသဖြင့်အရှိဆုံးသော ပြစ်ဒဏ်ပင်ဖြစ်ပါသည် ဟူ၏။ "

ဤသို့ တက်ကြွသည့် နိုင်ငံရေးခေါင်းဆောင် ဘ၀တွင် အခြားတစ်စုံ တစ်ရာလုပ်ဖို့ အချိန်များစွာ မရနိုင်ပေ။ ကမ္ဘာ့ ဩဇာအကြီးဆုံး ပုဂ္ဂိုလ် ၁၀၀ များ စာအုပ်တွင် ဘေကွန်ကို မော်ကွန်းတင်ရခြင်းမှာ သူ၏ နိုင်ငံရေး စွမ်းဆောင်ချက်ကြောင့် မဟုတ်ဘဲ ဒဿနအမြင် များကြောင့်သာ ဖြစ်ပေသည်။ သူ၏ အရေးပါခဲ့သည့် ပထမဆုံးစာအုပ်မှာ အက်ဆေးများ ဖြစ်ပြီး ၁၅၉၇ ခုနှစ်က ထွက်လာခဲ့သည်။ ၎င်းအက်ဆေးမှာ အရေးအသား လေးနက်၏။ ထူးကဲသော ရေးဟန်ရှိ၏။ နိုင်ငံရေးသာမက ကိုယ်ရေးကိုယ်တာ ကိစ္စများပါ ပါရှိပြီး အတွေးအခေါ် ပြည့်ဝလှ၏။ အောက်တွင် ဥပမာ အချို့ကို ဖော်ပြထားပါသည်။

“လူငယ်ထုအဖို့ တရားဆုံးဖြတ်ခြင်းထက် တီထွင်မှုက ပိုပြီးသင့်တော်၏။ နှီးနှောတိုင်ပင်ခြင်းထက် လုပ်ငန်းဆောင်ရွက်စေခြင်းက ပိုပြီးသင့်တော်၏။ လုပ်ငန်းဆောင်ရွက်စေခြင်းထက် စီမံကိန်းအသစ်အတွက် ပိုပြီး သင့်တော်၏။ လုပ်ငန်းဆောင်ရွက်စေခြင်းထက် စီမံကိန်းအသစ်အတွက် ပိုပြီး သင့်တော်၏။ အသက်ကြီးသူတို့သည် ကန့်ကွက်မှု များ၏။ တိုင်ပင်ရကြာ၏။ စွန့်စားမှု နည်း၏။ သို့သော် လူကြီးနှင့် လူငယ်ကို ပေါင်းစည်းပေးပါက ပိုကောင်း၏။ တစ်ဦးစီ၏ အကောင်းက တစ်ဦးချင်း၏ မကောင်း (၀ါ) ချို့ယွင်းချက်ကို တည့်မတ်ပေးနိုင်၏။ "

(လူကြီးနှင့် လူငယ်)

ဇနီးနှင့် သားသမီးရှိသူမှာ ကံကြမ္မာ၏ ဓားစာခံများသာလျှင် ဖြစ်သတည်း။

( အိမ်ထောင်သည်နှင့် လူပျို)

(ဘေကွန်မှာ အိမ်ထောင်ရှိခဲ့သော်လည်း ကလေးမရခဲ့ပေ)

သို့သော် ဘေကွန်၏ အရေးပါဆုံးသော အရေးသားချက်မှာ သိပ္ပံဒဿန နှင့်ပတ်သက်သည်။ သူ၏ အကောင်းဆုံးသောလက်ရာဟု့ ဆိုရမည့် အသစ်ဖန်တီးခြင်းကျမ်းကြီး (THE RENEWAL) အင်စတော်ရေရှို မဂနာကျမ်းမှာ အပိုင်းခြောက်ပိုင်းရှိသည်။ ပထမအပိုင်းတွင် လက်ရှိအသိပညာ အခြေအနေ အဆင့်အတန်းကို တင်ပြထား၏။ ဒုတိယပိုင်းမှာ သိပ္ပံနည်းကျ စူးစမ်းနည်းသစ်ဖြစ်သည်။ တတိယအပိုင်းမှာ လက်တွေ့ တွေ့ရှိချက်များဖြစ်သည်။ စတုတ္ထပိုင်းမှာ သူ၏ သိပ္ပံနည်းသစ် ဥဒါဟရုဏ်များဖြစ်သည်။ ပဉ္စမပိုင်းမှာ ယာယီကောက်ချက်ချချက်များ ဖြစ်ပြီး ဆဌမပိုင်းမှာ သူတီထွင်ခဲ့သည့် နည်းသစ်အရ တွေ့ရှိလာသည့် ဗဟုသုတများ ပါဝင်သည်။ သည်အက်ဒ်ဗန့်မင့် အော့ဖ် လန်းနင်း ( ၁၆၅၀ ) နှင့် နိုဗမ်အော်ဂနမ် ( ၁၆၂၀ ) ကျမ်းတို့ကို သူ့လက်ရာကြီးထဲမှာ ပထမပိုင်းနှစ်ပိုင်း ဟု့ သတ်မှတ်ခဲ့ကြသည်။

ဆက်ရန်…….

ဖိုးသူတော်

( စာရေးဆရာ မောင်မင်းနိုင်( ၀ါးခယ်မ) ရေးသားသော ကမ္ဘာ့ ဩဇာအကြီးဆုံး ပုဂ္ဂိုလ် ၁၀၀ စာအုပ်ထဲမှ ကူးယူဖော်ပြပါသည်။ )

No comments: