Wednesday, August 27, 2008

Announcement

ရှင်းလင်းချက်


၂၀၀၈ ခုနှစ်၊ သြဂုတ်လ၊ (၃၁) ရက်နေ့ မြန်မာအင်ဖိုတက် အဆောက်အဦးတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော "Socialization on Net" နည်း ပညာဟောပြောပွဲအား မူလစီစဉ်ထားသည့်အတိုင်း ကျင်းပရန် အခြေအနေ အရပ်ရပ်ကြောင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားပါသည်။ အထက်ပါ အချက်အလက်များနှင့် ပတ်သက်သော ထင်မြင်ချက်၊ သတင်းနှင့် အခြား အကြောင်းအရာများအား ပွဲဖြစ်မြောက်ရန် စီစဉ်သူများ အနေနှင့် မည်သည့် ထုတ်ပြန် ပြောဆိုချက်မျှ ပြုလုပ်ပြောဆိုခြင်း မရှိသေးပါ။

Seminar နှင့် ပတ်သက်သော အပြောင်းအလဲ သတင်း အချက်အလက်များနှင့် စပ်လျဉ်း၍ တရားဝင် ပြောဆိုချက်များကို ပွဲဖြစ်မြောက်ရေး စီစဉ်သူများ၏ သက်ဆိုင်ရာ ဘလောဂ်များတွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

စီစဉ်သူများ၏ ဘလောဂ်များတွင် ဖော်ပြထားသော အချက်အလက်များသည်သာ တရားဝင် ပြောဆိုချက်များ ဖြစ်ကြောင်းနှင့် အခြားသော ထင်မြင် ပြောဆိုချက်များကို ပွဲစီစဉ်သူများမှ တာဝန်ယူ ဖြေရှင်းသွားနိုင်မည် မဟုတ်ပါကြောင်းသိစေလိုပါသည်။


ပွဲစီစဉ်သူများ
ကိုသက်ထူး
ကိုဇော်ဇော်
ကိုဖြိုးကျော်
ကိုစိုးဇေယျ
ကိုမျိုးမြင့်အောင်
ကိုဝေမျိုးထွဋ်
မထိုက်ထိုက်အောင်
မတင်မြတ်ထက်

Saturday, August 23, 2008

သတင်း

ယနေ့မနက်ပိုင်းတွင် ပြည်လမ်း မြေနီကုန်းကားမှတ်တိုင်အား နဂိုနေရာမှ မီးပွိုင့်မရောက်မီ ပြည်လမ်း ဓနလှိုင်တာဝါ နှင့် မျက်စောင်းထိုးနေရာ အားပြောင်းရွှေ့လိုက်ပါသည်။ မှတ်တိုင် အသစ်တွင် မထသ မှ တာဝန်ရှိလူများနှင့် ယာဉ်ထိန်းရဲများ အများအပြားအားတွေ့ရသည်။ မည့်သည့် အတွက်ကြောင့် မှတ်တိုင်ပြောင်းလဲလိုက်ခြင်း အားမသိရသေးပါ။

ဖိုးသူတော် ( ၂၃.၈.၀၈)

၁၁ နာရီ ၄၉ မိနစ်

Monday, August 18, 2008

လူငယ်နှင့် စိတ်လေခြင်း

လူငယ်နှင့်စိတ်လေခြင်း


လူငယ်နှင့်စိတ်လေခြင်း ဆိုသဖြင့် လူငယ်ထုတစ်ရပ်လုံးကို ပြောဆိုခြင်းမဟုတ်ပါ။ ကျွန်တော်နှင့်နီးစပ်သော လူငယ်များ စိတ်လေတက်သည့် အခါများကို ပြောလိုချင်းဖြစ်ပါသည်။ ထိုပြင် ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါတစ်ရံစိတ်လေလေနေတက်ပါသည်။ လူများဘာကြောင့် စိတ်လေရလဲဆိုလျှင် အဓိကအချက်မှာ မယ်မယ်ရရ လုပ်စရာအလုပ်တစ်ခုမရှိသောကြောင့်ဖြစ်ပါသည်။ မယ်မယ်ရအလုပ်ဆို၍ ကျောင်းသားကျောင်းတက်၊ ၀န်ထမ်း ရုံးသွား သည်များကိုပြောဆိုခြင်းမဟုတ်ပါ။ ဒီကိစ္စများက ပုံမှန်လုပ်ရိုးလုပ်စဉ်များ ဖြစ်ပါသည်။ ကျောင်းသားများလည်း ကျောင်းပုံမှန်တက်ပြီး တစ်ခါတစ်ရံ စိတ်လေချင် လေနေတက်ပါသည်။ ၀န်ထမ်းများလည်း ထိုနည်းလည်းကောင်း အလုပ်မှန်မှန်တက်နေသော်လည်း စိတ်လေချင် လေနေတက်ပါသည်။ ကျွန်တော်တို့ ဖြစ်ကြခြင်းမှာထိုအတိုင်းဖြစ်ပါသည်။

ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်းများဆိုသည်မှာ ဒီစာကို ဖတ်မိသူများအနက် အချို့က သိကောင်းသိလိမ့်မည်။ ကျွန်တော်တို့ သူငယ်ချင်းများသည် သူ့အလုပ်အကိုင် သူ့အရည်အချင်းများ နှင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေသူများ ဖြစ်သည်။ တစ်ချို့ဆိုလျှင် နယ်မှ နေ၍ လာရောက်လုပ်ကိုင်နေ သူများဖြစ်သည်။ သူတို့ သူတို့ အားလုံးတွင် ကိုယ်စီရည်မှန်းချက်များ ကိုယ်စီရှိကြသည်။ သို့သော် တခါတရံတွင် မယ်မယ်ရရ လုပ်ကိုင်စရာမရှိဖြစ်နေသောအခါ စိတ်ထဲတွင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ဖြစ်တက်ပါသည်။ အဆိုးဆုံးက စိတ်ပြေလက်ပျောက် ဘယ်ကိုသွားရမှန်းကို မသိအောင်ဖြစ်သွား တက်ပါသည်။ စောစောက ပြောခဲ့သည့် မယ်မယ်ရရဆိုသည်မှာ သူငယ်ချင်းများဆုံ၍ တစ်နေရာရာသွားခြင်း၊ တစ်ခုခု လုပ်ခြင်း၊ သို့မဟုတ် တစ်ခုခု အကြောင်းပြောချင်းများ လည်းပါပါသည်။ တစ်ခါတစ်ရံ အဲ့သည်လို အနေအထားများကို မဖြစ်သည့် အခါ စိတ်လေခြင်း အနေအထားသို့ ရောက်သွားပါသည်။

တစ်ရက်က ကျွန်တော်နှင့် သူငယ်ချင်း နှစ်ယောက် ထိုသို့ စိတ်လေသည့် အနေအထားကို ရောက်သွားပါသည်။ ကျွန်တော်တို့မှာ လုပ်စရာ ကိုင်စရာ အလုပ်ကလည်းမရှိ။ စိတ်ညစ်စရာ များကလည်း ရှိနေ။ ဒီကြားထဲ တွေ့နေသည့် သူငယ်ချင်း များကလည်း ပြန်သွားသောအခါ ကျွန်တော်တို့တွေ ရောင်တောင်တောင် ကျန်ခဲ့ပါသည်။ သုံးယောက်စလုံး ဘယ်ကိုမှန်းမသိသော ခြေလှမ်းများဖြင့် လျှောက်နေကြပါသည်။ တစ်ယောက်နှင့် တစ်ယောက်လည်း မပြောကြပါ။ နောက် တစ်ယောက်နှင့် တစ်ယောက်မေးသောအခါမှ မသိဘူးလေဟု့ ဖြေကြပါသည်။ အဲ့ဒါနဲ့ပဲ နီးစပ်ရာ ကုန်တိုက်ထဲဝင် လျှောက်ကြည့်၊ ပြီး နောက်ကုန်တိုက် တစ်ခုကိုသွားကြပါသည်။ နောက်ဝင်သည့် ကုန်တိုက်တွင် စာအုပ်အရောင်းဆိုင် ရှိပါသည်။

ထိုအခါကြမှ အဲ့ဒီစာအုပ်ဆိုင်ထဲ ၀င်ပြီး မွှေကြပါသည်။ စာအုပ်ဆိုင်ထဲ အချိန်အနည်းငယ် ရောက်သွားပီး သောအခါ စိတ်လေနေသည့် စိတ်များပျောက်သွားပါသည်။ ထို့နောက် စာအုပ်များကို လိုက်မြည်းပါသည်။ တစ်ယောက်နှင့် တစ်ယောက် ပြောကြဆိုကြ ဆွေးနွေးကြရင်းနဲ့ ပြန်လည်ပြီး နေရထိုင်ရတာကောင်းသွားပါသည်။

စာအုပ်ဆိုင်မှ စာအုပ်တစ်အုပ်ဝယ်လာခဲ့ပါသည်။ ထိုကုန်တိုက်မှ ထွက်လာပြီးသည့်နောက်ပိုင်း ကျွန်တော်တို့သူငယ်ချင်းများအားလုံး ပုံမှန်ပြန်ဖြစ်သွားပါသည်။ ထို့နောက် ကော်ဖီဆိုင်သွား ကော်ဖီလေးသောက် အေးဆေးစကားပြောကြသည်။ ထို့နောက် အင်တာနက်လေးဘာလေး သုံးဖြစ်ကြသည်။

ကျွန်တော်အဓိက ပြောလိုသည်မှာ ထိုသို့ မိမိကိုယ်တိုင် စိတ်လေသည့်အနေအထားနှင့် ကြုံလာသည့် အခါ စောစောကရေးခဲ့သလို ကုန်တိုက်များ သို့မဟုတ် စာအုပ်ဆိုင်များသို့ သွားလိုက်ပါ။ ထို့နောက် စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် စိတ်များကို ထိုစာအုပ်သို့မဟုတ် ကုန်ပစ္စည်းများစီသို့ လွှတ်ထားလိုက်ပါ။ ထိုအခါ အနည်းငယ်ကြာသောအခါ စိတ်များ နဂိုအနေအထားသို့ ပြန်ရောက်လာပါလိမ့်မည်။ စကားပြောစရာ သူငယ်ချင်းပါလာလျှင် သာ၍ပင်ကောင်းပါသေးသည်။ စာအုပ်စိတ်မ၀င်စားပါက သီချင်းခွေရောင်းသည့် ဆိုင်များတွင် စိတ်ပြေလက်ပျောက် သီချင်းရွေး၊ သီချင်းမြည်းရင်းနဲ့ လည်းစိတ်အနည်းပြေပြီး ကောင်းသွားနိုင်ပါသည်။ ထိုသို့အားဖြင့် စိတ်လေခြင်းများကို ဖျောက်နိုင်မည်ဟု့ မျှော်လင့်ပါသည်။

မှတ်ချက်။ ။ ရံဖန်ရံခါ စိတ်လေခြင်များကို ပြောလိုချင်းဖြစ်ပါသည်။ အမြဲတမ်းလိုလို စိတ်လေနေသော ကိစ္စများကို ကျွန်တော်လည်းမပြောတက်ပါ။ စိတ်ပညာကျွမ်းကျင်သူများကတော့ ပြောကောင်းပြောပါလိမ့်မည်။ အားလုံးကိုကျေးဇူးတင်ပါသည်။


ဖိုးသူတော်

၁၈.၈.၀၈ ( ၂၃ နာရီ ၅၂ မိနစ်)

Saturday, August 16, 2008

လွတ်လပ်သောကိုယ်ပိုင်မီဒီယာ (သို့မဟုတ်) ဘလော့ဂ်

လွတ်လပ်သောကိုယ်ပိုင်မီဒီယာ (သို့မဟုတ်) ဘလော့ဂ်

ဘလော့ဂ်ရေးသားခြင်းသည် သတင်းမီဒီယာဂျာနယ်သတင်းစာများလို ရေးသားသူ၊ တည်းဖြတ်သူ၊ နှင့် ထုတ်ဝေသူဟူ၍ ခွဲခြားထားခြင်းမရှိသော အမျိုးအစားဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော ဘလော့ဂ်ရေးသား သူသည် သူတင်ပြလိုသော သတင်းအချက်အလက်၊ နည်းပညာ၊ အနုပညာ အစရှိသဖြင့် စိတ်ကူးရည်မှန်းရာကို လွတ်လပ်စွာ ကိုယ်တိုင်တည်းဖြတ် တင်ပြနိုင်ပါသည်။ ထို့ပြင် ဘလော့ဂ်ရေးသားသူအများစုသည် လူသိထင်ရှားသူများ မဟုတ်ကြသဖြင့် သူလိုကိုယ်လို လူထုအတွင်းမှ လူများဖြစ်သောကြောင့် လူထုနှင့် နီးစပ်သော သတင်းများရရှိနိုင်ပါသည်။
သတင်းတစ်ခုကို ရေးသားဖော်ပြရာတွင် သတင်းကို သတင်းအဖြစ် အမှန်အတိုင်း ဖော်ပြခြင်းသည် သဘာဝ အကျဆုံးဖြစ်သည်။ ပုံနှိပ်ထုတ်ဝေသော သတင်းစာ၊ ဂျာနယ်များနှင့် အသံလွှင့်ထုတ်လွင့်သော ရေဒီယို တယ်လီဗေးရှင်းများသည် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းများ၏ စီစစ်ခြင်းကိုခံယူရပြီး လက်ရှိပေါ်လစီများ နှင့်ညှိစွန်းသည်ဟု ယူဆလျှင်လည်း ဖြုတ်သင့်တန်ဖြုတ်၍ ပယ်သင့်တန်ပယ် ကြရပါသည်။
ဘလော့ဂ်များကတော့ ကိုယ်သိ၊ကိုယ်ကြား၊ ကိုယ်မြင်ထားသည်များကို ကိုယ့်ဟာကို တည်းဖြတ်၍ အကောင်းဆုံးကို တင်ပြနိုင်ပါသည်။ သို့သော် ကိုယ်တင်ပြထားသော သတင်းသည် ကိုယ့်မှာ တာဝနှ်ရှိပါသည်။ နည်းနည်းသိသည့် သတင်းကို များများကား၍ ရေးလိုက်မိလျှင် မလိုလားအပ်သော ပြဿနာများ စာဖတ်သူများဆီ ရောက်သွားနိုင်ပါသည်။ ထို့ကြောင့် ကိုယ့်ဟာကို စိတ်ကြိုက်တည်းဖြတ်ရေးသားသည် ဆိုသော်လည်း သတိပြုသင့်ပါသည်။
ယနေ့အချိန်တွင် အင်တာနက် အသုံးပြုမှုမှာ အနည်းငယ်ကျယ်ပြန့်လာသည်နှင့်အမျှ ဘလော့ဂ်တစ်ခု ဖန်တီး၍ ဘလော့ဂ်ရေးသားသူများမှာလည်း အများအပြား ပေါ်ထွက်လာပါသည်။ ဘလော့ဂ်ရေးသားသူ အများစုသည် ကိုယ်သန်ရာ သန်ရာ ကဗျာ၊ စာပေ၊ ဂီတ၊ အတွေးအခေါ်၊ နည်းပညာ မျိုးစုံ၊ သရော်စာ၊ ပုတ်ခက်စာ၊ နိုင်ငံရေး၊ သတင်း အစရှိသဖြင့် အမျိုးအစားစုံ လျှင်လှပါသည်။ သို့သော် ပတ်ဝန်းကျင် သတင်းများ နှင့် ပတ်သက်၍ ရေးသားဖော်ပြခြင်းကတော့ အနည်းငယ်သာ ရှိပါသည်။ လက်တလော ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ရေးသားဖော်ပြခြင်းသည်လည်း သတင်းဖြစ်ပါသည်။ ဥပမာ အားဖြင့် ဘဏ်သို့ ငွေသွင်းငွေလွှဲ သွားလုပ်သည်ကို ဘဏ်ဝန်ထမ်းများက အချိန်ကြာ ရစ်နေခြင်းမျိုး၊ ပိုက်ဆံပေးမှ အဆင်ပြေသွား ခြင်းမျိုးသည်လည်း သတင်းအဖြစ်ရေးနိုင်သည်။ နာမည်ရှိ လူသိရှင်ကြားကြော်ငြာထားသော ကွန်ပျူတာ အရောင်းဆိုင်ကြီးမှ လက်တော့ပ်လေးသွားရောင်းခြင်းကို မတရားဈေးနှိင်၍ သူတို့၏ ကုန်ပစ္စည်းများကို လည်းကြော်ငြာထားသည့် အတိုင်းမရောင်းခြင်းသည်လည်း သတင်းများဖြစ်သည်။
ထိုအကြောင်းအရာများကို မည်သည့်မီဒီယာ သို့မဟုတ် သတင်းစာဂျာနယ်များက မှ အရေးတယူ ဖော်ပြခြင်းမရှိပါ။ သို့သော် ဘလော့ဂ်များကတော့ လွတ်လပ်စွာ ဖော်ပြပြောဆိုနိုင်ပါသည်။ ဘလော့ဂ်များသည် လူတစ်ယောက်၏ နေ့စဉ်အွန်လိုင်းမှတ်တမ်းဟု့ဆိုသော်လည်း သေချာသပ်ရပ်လှပစွာရေးထားလျှင် ဖတ်၍ကောင်းသော စာတစ်ခုဖြစ်နိုင်သည်။ ထို့ပြင် သူ၏မှတ်တမ်းထဲတွင် သူလက်တက်လော ရင်ဆိုင်ကြုံတွေရသည့် အနေအထားများပါလာ နိုင်ပါသည်။ ထိုသည်ပင်လျှင် စာဖတ်သူအတွက် သတင်းဖြစ်လျှင် ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် ဘလော့ဂ်ရေးသားခြင်းသည် လွတ်လပ်သော ကိုယ်ပိုင်မီဒီယာ တစ်ခုကို တည်ထောင်၍ ဘလော့ဂ်ရေးသူ အချင်းချင်းကြားနှင့် စာဖတ်သူများကြားအား ဖြစ်ရပ်မှန်များနှင့် အလွန်နီးစပ်သော သေသပ်သော သတင်းများကို ပေးပို့နိုင်သော အစွမ်းထက်လက်နက် တစ်ခုဖြစ်ပါသည်။

ဖိုးသူတော် ( ၁၆.၀၈.၀၈)

၁၁ : ၄၅ မိနစ်

မိုးမျှော်သူ

မိုးမျှော်သူ


ခပ်မှောင်မှောင် ခြောက်သွေ့နေတဲ့

ငါ့နှလုံးသား ညခင်းကို

လပြည့်ညနဲ့ စမ်းချောင်းလေး စီးဆင်းခဲ့တဲ့သူပါ...


အသုံးမပြုပဲ ပစ်ထားတဲ့..

ငါ့နှလုံးသား အသစ်စက်စက်ကို..

နူးညံ့တဲ့ စကားသံနဲ့ လည်ပတ်စေခဲ့တဲ့သူပါ.....


နှလုံးသားမှာ မြစ်ဖျားခံ၍

စီးဆင်းလာသော အကြင်နာချောင်းလေး..

ဆက်လက် စီးဆင်းစေဖို့..

မင်းရဲ့မေတ္တာမိုးလေး ရွာသွန်းပေးပါ..


ဖိုးသူတော် ( ၁၆.၀၈.၀၈)

နှလုံးသားရဲ့အဖော်

နှလုံးသားရဲ့အဖော်

နူးနူးညံ့ညံ့လေးဝင်လာတယ်

ငါ့နှလုံးသားလေး

တစ်ခဏနဲ့သိမ်းပိုက်ခံလိုက်ရတယ်...


အချစ်ဆိုတာ အချိန်နဲ့ထပ်တူမညီဘူး..

ကိုယ်စားမပြုဘူး..

ဒါပေမဲ့...

ချစ်မိသွားပြီးရင် အချိန်နဲ့အမျှ..

ချစ်စိတ်တွေ တိုးလာတယ်..


ငါ့နှလုံးသားရဲ့ ထာဝရအဖော်..

ငါ့နှလုံးသားရဲ့ စိတ်ဝိညာဉ်

နှလုံးသားရဲ့ အဖော်...


ဖိုးသူတော် ( ၁၆.၀၈.၀၈)

Friday, August 15, 2008

ကမာကလူခရီးစဉ်


ကမာကလူခရီးစဉ်

၎.၈.၀၈ ညနေပိုင်း ၆ နာရီ သင်္ဘောဖြင့် ဘိုကလေးမြို့သို့ သွားရောက်ခဲ့ပါသည်။ သင်္ဘောနာမည်မှာ ဗညားဦး ဖြစ်ပြီး ၂ ထပ်ခွဲကောင်ဖြစ်ပါသည်။ ကျွန်တော်နှင့် ကိုဝေ တို့ မော်တင်ဆိပ်မှ ထွက်ခွာခဲ့သည်။ သင်္ဘောထွက်ထွက် ခြင်းဆိုသလို မိုးကော လေကောက အားကောင်းကောင်းနှင့်ရွာ ပါတော့သည်။ ကျွန်တော်တို့ ၂ ယောက်မှာ အခန်းကြိုမှာထားသော်လည်း လူကြီးခရီးစဉ်ရှိနေသောကြောင့် အခန်းမရပဲ ဆလွန်းခန်းဟု့ခေါ် သော သင်္ဘောဦးခန်းတွင် လိုက်ပါစီးနင်းခွင့်ရပါသည်။ အခန်းထဲတွင် ကုလား ဗမာ တရုတ် ဘုန်းကြီး လူမျိုးစုံ ဆယ့်လေး ငါးဦးမျှ ပါလာပါသည်။

ဒီတစ်ခေါက် ဘိုကလေးသွားရသည့် ခရီးမှာ မျိုးစပါးများ သွားရောက်ပေးလှူရန်ဖြစ်ပါသည်။ မျိုးစပါးများမှာ ပြည်ပ စေတနာရှင်များ၏စုပေါင်းလှူဒါန်းသော အလှူဖြစ်သည်။ သင်္ဘောသည် ဘိုကလေးမြို့သို့ နံနက် ၄နာရီလောက်တွင် ဆိုက်ကပ်သည်။ ရေတက်ချိန်ဖြစ်နေသောကြောင့် ဆိပ်ခံ ကုန်းဘောင်လေးမှာ ရေမြုပ်နေပြီး မီးကလည်း မရှိသဖြင့် မှောင်ကြီးမဲကြီးထဲ မနဲကို စမ်းသွားနေရသည်။ ဒီကြားထဲ ကုန်းဘောင်တ၀က်လောက်မှာ အပေါက်ရှိသည်ဆိုသဖြင့် တော်တော်ကြီးကို သတိထား၍သွားနေရသည်။ ဒီလိုဖြင့်အောက်ပိုင်း ဘောင်းဘီအဖျားတွေ ရေစိုပြီး စောစောစီးစီး ချမ်းချမ်းစီးစီး ဖြင့် ကုန်းပေါ် ရောက်သွားပါသည်။ ထို့နောက် ကမ်းနားရှိ ထမင်းကြော်ဆိုင်တွင် ထမင်းကြော် တစ်ယောက်တစ်ပွဲ စား၍ ကျွန်တော်တို့ တည်းခိုနေကြဖြစ်သော ဘုန်းကြီးကျောင်းသို့ သွားပါသည်။ ရောက်သွားချိန်မှာ အာရုံဆွမ်းခံချိန်ဖြစ်သောကြောင့် ကျောင်းထိုင်ဆရာတော် အားမတွေ့ရပါ။ ထို့နောက် ကျောင်းအကျိုးတော်ဆောင်အား ကျွန်တော်တို့ သွားမည့်ခရီး နှင့် လုပ်မည့် အစီအစဉ်အားပြောပြ၍ အကူအညီတောင်းပါသည်။

ကျွန်တော်တို့သည် ရှေးဦးစွာ ကမာကလူသို့ သွားမည့်လိုင်းသင်္ဘောရှိမရှိ စုံစမ်းပါသည်။ ဆိပ်ကမ်းသုံး လေးခု စုံစမ်းပြီးသောအခါ လိုင်းသင်္ဘောမရှိသည်ကို သိရပြီး ပဲ့ထောင်ဖြင့်သာ သွားရန်ဆုံးဖြတ်လိုက်ကြသည်။ သို့ဖြစ်၍ ဘိုကလေးမှ ပဲ့ထောင်ငှားပြီး ကမာကလူသို့ ခရီးဆက်ခဲ့ကြသည်။ ကျွန်တော်တို့ ယခု့လို အလျင်လိုနေ ခြင်းမှာ မြောင်းမြမြို့မှ ထွက်ခွာလာမည့် ကျွန်တော်တို့ လှူဒါန်းမည့် မျိုးစပါး တင်း ၇၀၀ ပါ သင်္ဘောမှာ ကမာကလူသို့ ကြိုရောက်နေမှာကို စိုးသောကြောင့်ဖြစ်သည်။ ဖုန်းသတင်းများအရ ကျွန်တော် တို့ ရန်ကုန်မှ ထွက်မည့်နေ့ နေ့ခင်းမွန်းလွဲလောက်ကတည်းက မြောင်းမြမှ ဘိုကလေး ကမာကလူသို့ ထွက်ခွာသွားသည်ဟု့ သတင်းရထားသောကြောင့်ဖြစ်သည်။

ဘိုကလေးမြို့မှ ကမာကလူသို့ ပဲ့ထောင်စီးချိန် စုစုပေါင်း ၂ နာရီခွဲခန့်ကြာပါသည်။ နံနက် ၈ နာရီခွဲခန့်တွင် ကမာကလူသို့ ရောက်ရှိကြသည်။ ကမာကလူမှာ အိမ်ခြေ ၆၀၀ နီးပါးခန်းရှိသောရွာကြီး ဖြစ်ပါသည်။ တိုက်နယ်ဆေးရုံ၊ရဲစခန်း၊ တွဲဖက်အထက်တန်းကျောင်းများလည်း ရှိပါသည်။ ကျွန်တော်တို့ ရောက်ရောက်ခြင်း ရန်ကုန်နှင့် မြောင်းမြသို့ဖုန်းအဆက်အသွယ် ပြုလုပ်၍ ဒီကအခြေအနေနှင့် မြောင်းမြမှ စပါးသင်္ဘော အခြေအနေများကို မေးမြန်းပြောကြားပါသည်။

ထို့နောက် ရွာခံလူကြီးတစ်ဦး၏ အကူအညီဖြင့် ကမာကလူ အနီးဝန်းကျင်တွင်ရှိသော ရွာများ၏ အခြေအနေ၊ အစိုးရထံမှ မျိုးစပါးရရှိမှုအခြေအနေ ၊ နှင့် ဒေသခံ လယ်သမားများနှင့်ပါ တွေ့ဆုံဆွေးနွေးရန် ပဲ့ထောင်ဖြင့်သွားခဲ့ကြပါသည်။ ကျွန်တော်တို့ သွားရောက်၍ လေ့လာပြီး လယ်သမားများနှင့် တွေ့ဆုံခဲ့သော ရွာများမှာ ၁။ အောက်ဖိုးညို၊ ၂။ အထက်ဖိုးညို၊ ၃။ ကန်ညီနောင်၊ ၄။ သပြေကုန်း၊ ၅။ မှော်ချောင်း၊ ၆။ ကျိန်ချောင်း ကျေးရွာတို့ ဖြစ်ကြပါသည်။ ထိုတစ်နေ့လုံးရွာများအား လည့်ပတ်သွားလာ၍ ညနေနှင့် နက်ဖန် မနက်တို့တွင် ကမာကလူရှိ ကျွန်တော်တို့ တည်းခိုသည့် အိမ်တွင် လယ်ဧက အလိုက်မျိုးစပါးများ လာရောက်ထုတ်ယူရန် ပြောခဲ့ပါသည်။ ညနေစောင်းနောက်ဆုံးရွာဖြစ်သော ကျိန်ချောင်းမှ ပြန်အလာတွင် လေကော မိုးပါ တအုန်းအုန်း ချရာ ကျွန်တော်တို့မှာ ပဲ့ထောင်လေးအတွင်းမှာ လူးကာလွန့်ကာ စိုကာရွှဲကာဖြင့် ကြောက်ကြောက်လန့်လန့် ပြန်လာခဲ့ရပါသည်။ ကျွန်တော်တို့ ညနေစောင်း ကမာကလူရှိ တည်းခိုသည့် အိမ်ပြန်ရောက်သည့်တိုင် ကျွန်တော်တို့၏ မျိုးစပါးသင်္ဘောမှာမရောက်သေးပေ။ ကျွန်တော်တို့မှာ စိုးရိမ်ပူပန်နေရပီ။ အဘယ့်ကြောင့်ဆိုသော် ဒီလမ်း ဒီခရီး ရေကျောတ်ာတွေ ဘာတွေ စောင့်မောင်းနေရတောင် ရောက်သင့်နေပါပီ။ ကျွန်တော်တို့မှာ မြောင်းမြ ဆန်စက်ကိုလည်း ဖုန်းတွေဆက်ရ ရန်ကုန်ကိုလည်း သတင်းပို့ရ ဖြစ်နိုင်ခြေများကို လည်း စဉ်းစားရနှင့် ညပင်အိပ်မပျော်ပါ။ နောက်တစ်နေ့မနက်ဆိုလျှင်လည်း ကျေးရွာများမှ လယ်သမားတို့ လာရောက်မျိုးစပါး ထုတ်ယူရန်ပြောဆိုပီးတွေကလည်း ဖြစ်နေသည်။

သို့နှင့် နောက်တစ်နေ့ ကူးသွားပီး နံနက် ကိုးနာရီလောက် ရန်ကုန်သို့ ဖုန်းသွားဆက်ပြီး ပြန်အလာ တည်းခိုသည့် အိမ်သို့ မျိုးစပါး သင်္ဘောကရောက်နေပါသည်။ စပါးယူမည့် လယ်သမား အုပ်စုမှာလည်း အင်အားကောင်းစွာရောက်ရှိနေပါသည်။ ကျွန်တော်တို့လည်းအဲ့ အခါကျမှ 'ဟင်း' ချနိုင်ပါတော့သည်။ မျိုးစပါးများမှာ စုစုပေါင်း တစ်တင်းခွဲ အိပ်ဖြင့် တင်း ၇၀၀ စာ အိပ်ပေါင်း ၄၆၇ အိပ်ပါလာပါသည်။ သင်္ဘောနောက်ကျရသည့် အကြောင်းမှာ မာလိန်မှူးမှာ ဒီဘက်လမ်းကြောင်းကို မလာဘူးသဖြင့် နီးရက်နှင့် ဝေးဆိုသလို ဘိုကလေးမှာ ကမာကလူသို့ ၂ နာရီခွဲ ခရီးကို တစ်ရက်နှင့် တစ်နေ့ကြာအောင် ပင်လယ်ဘက်မှ ပတ်မောင်းပြီး ၀င်လာခြင်းဖြစ်ပါသည်။

ထို့နောက်ကျွန်တော်တို့သည် စုစုပေါင်းကျေးရွာ ၇ ရွာမှာ လယ်သမားဦးရေ ( ၁၁၉ ) ဦး အတွက် မျိုးစပါး တင်း ၇၀၀ ကို စနစ်တကျ ခွဲဝေ လှူဒါန်းခဲ့ပါသည်။

လယ်သမားများ၏ အဆိုအရ စပါးပင်မအောင် ရခြင်းမှာ အကြောင်းများစွာရှိသည်။ တခြားအကြောင်းများထက်ဆိုးသည်က ပိုးကောင်ကိုက်ခြင်းဖြစ်သည်။ ပိုးနာမည်မှာ ဒေသအခေါ် 'ကိုမက' ခေါ် မွေးကာစ ဂဏာန်းပေါက် ဖြူဖြူသေးသေးလေးများဖြစ်သည်။ အကောင်အရွယ်အစားမှာ လက်ညိုး လက်သည်းခွံ အရွယ်လောက်ရှိပီး စပါးပင့်အညှောင့် ပေါက်လာသည်နှင့် ကိုက်ဖြတ်ကာ အညွှန့် ချိုးစားသောက်ပစ်တက်သည်။ ထိုကိုမကအကောင်လေးများမှာ များပြားလွန်း၍ ပိုးသတ်ဆေးပင်မနိုင်ဖြစ်နေပါသည်။ ပဲ့ထောင်စီးရင်း ရေထဲသို့ လက်ဝါးဖြန့်၍ ရေကို သုံးလေး ခါလောက်ခပ်လိုက်လျှင် ထိုအကောင်လေးများ နှစ်ကောင် သုံးကောင် ပါလာပါသည်။ ထိုမျှလောက်ကို များပြားခြင်းဖြစ်ပါသည်။ နောက်တကြောင်းမှာ ရေကြောင့်ဖြစ်ပါသည်။ ရေငန်နှင့် ရေချိုရော၍မရခြင်းဖြစ်ပါသည်။ ရေ ရွေးနေသည်ဟု့လည်းပြောပါသည်။ ကျွန်တော်တို့ကလည်း စိုက်ပျိုးရေး အကြောင်းကို နားမလည်ကြပါ။ ကျွန်တော်တို့ တည်းခိုသည့် အိမ်မှ ဦးလေးကြီးနှင့်တော့ ပြောဆိုဆွေးနွေးညှိနှိုင်း ကြပါသည်။ ကျွန်တော်တို့ ပေးဝေခဲ့သည့် မျိုးစပါးကိုလည်း နောက်လာမည့်လကြမှ ရေကျနောက်လိုက် သဘောမျိုးစိုက်မည့်ဟု့ ပြောကြပါသည်။ ကျွန်တော်တို့ ပေးခဲ့သည့် စပါးအမျိုးအစားမှာ ၀ါးခယ်မ နှံကား အမျိုးအစားဖြစ်ပါသည်။

အားလုံးဝေခြမ်း ပြောဆိုဆွေးနွေးပြီး နောက်တစ်နေ့ နံနက်ဝေလီဝေလင်းတွင် ကျွန်တော်တို့ သည် စပါးလာပို့သော သင်္ဘောဖြင့် ဘိုကလေးမြို့သို့ ပြန်လာခဲ့ကြပါသည်။ ရေကြောင်းလမ်းမသိသောကြောင့် တည်းခိုသည့် အိမ်မှ ဦးလေးကြီး ကျွန်တော်တို့အတွက် ရေပုံတစ်ပုံဆွဲပေးလိုက်ပါသည်။ ထိုသို့ဆွဲပေးလိုက်တာတောင် စထွက်ထွက်ခြင်းဆိုသလို လမ်းမှာကာ သင်္ဘောကြီးနှင့် ချောင်းကျဉ်းလေထဲ လည့်ရ အခက်ဖြစ်လိုက်ပါသေးသည်။ ထိုသို့နှင့်ပင် ဘိုကလေးမြို့သို့ ပြန်လည်ရောက်ရှိလာပါသည်။ ဘိုကလေးမြို့မှ ညနေ ၆ နာရီသင်္ဘောဖြင့် ပြန်ခဲ့ကြပါသည်။ သင်္ဘောမထွက်ပီ လေပြင်းများတိုက်ခက်ပြီး မိုးကြီးရွာသောကြောင့် သင်္ဘောပေါ်မှ ခရီးသည် ၃ ပုံ ၁ ပုံခန့် ပြန်ဆင်းသွားကြပါသည်။ ကျွန်တော်တို့ကတော့ အခြေအနေကိုသုံးသပ်ရာ အကယ်၍ မုန်တိုင်းရှိလျှင် သင်္ဘောအားထွက်ခွင့်ပေးမည် မဟုတ်ဟု့သိထားသော ကြောင့် ပြန်မဆင်းတော့ပဲ ကိုယ်ရသည့် သင်္ဘောသားခန်းလေးထဲမှာပင် နေခဲ့ပါသည်။ နာရီအနည်းငယ်ကြာသောအခါ သင်္ဘောထွက်ပြီး လေမိုးများတိုက်ခက်၍ မြင်းကကုန်းရောက်ကာ မှ လေမိုးဆဲ ကာရာသီဥတု သာသာယာယာ ဖြစ်သွားပါတော့သည်။ ရန်ကုန်သို့ ၈.၈.၀၈ နံနက် ၇ နာရီ ကျော်ကျော်တွင် ရောက်ပါသည်။ ထို့နောက် လူခွဲ၍ အိမ်ပြန်ခဲ့ကြပါသည်။

၎.၈.၀၈ မှ ၈.၈.၀၈ ထိ ကြာမြင့်ပါသည်။ သွားရောက်သူများမှ ကျွန်တော် ဖိုးသူတော် နှင့် ကိုဝေ နယူးစ်ပေပါ တို့ ဖြစ်ပါသည်။

ဖိုးသူတော်



လယ်သမားများရှိမှ လယ်ဧက စာရင်းကောင်ယူပြီး မျိုးစပါးခွဲတမ်း ချနေပုံ




မျိုးစပါးသင်္ဘောမှ လယ်သမားများ၏ ပဲ့ထောင်များသို့ ပြောင်းရွှေ့နေကြပုံ




မျိုးစပါးများ


Tuesday, August 12, 2008

မသေချာခြင်း

မသေချာခြင်း

ပြာလဲ့လဲ့ မီးခိုးငွေ့တို့
လွင့်တက်သွား….
ဟိုးအဝေးမှာ ကျန်ခဲ့တဲ့ မြို့ငယ်..
အမှောင်ထဲကို တိုးဝင်သွားတဲ့
သင်္ဘောငယ်….

အနာဂတ်များစွာနဲ့
လူတွေလိုက်ပါသွားတယ်..
အနာဂတ်များစွာနဲ့
လူတွေ ကျန်ခဲ့တယ်..

လူးလွန့်တဲ့ လှိုင်းတွေလို..
လူ့ဘ၀ရဲ့ လှိုင်းတွေထဲ..
ငါတို့ ပစ္စုပန်ကို သေချာ ကိုင်ထား..

မှိုင်းပြပြ မီးရောင်အောက်မှာ..
ရေးနေတဲ့ ကဗျာက ငါ့အတွက်
ပစ္စုပန်လား..

သေချာပါတယ်..
အခုက ပစ္စုပန်ဆိုရင်
မနက်ဖန်က အနာဂတ်လား..
မနက်ဖန်သာ ပစ္စုပန်ရောက်သွားရင်
အခုက အတိတ်လား..

ဒီလိုပါပဲ…
သင်္ဘောငယ်လေး အမှောင်ထဲကို
တရွေ့ရွေ့သွားနေတယ်..
တချက်ချက် ဩဥဆွဲဖို့တော့
မမေ့နဲ့ပေါ့..

ဖိုးသူတော် ( ၄-၈-၀၈)