Saturday, November 6, 2010
ရာသီစာပါတီများအကြောင်း တစေ့တစောင်း ( ၂)
ပါတီအဟောင်းများ၊အသစ်များ၏ သမိုင်းကြောင်းနှင့် အခြေအနေများကို အသေးစိတ်ပြန်လည်တွက်ရှူ့သော် အောက်ပါအတိုင်းသာ တွေ့ရမည်ဖြစ်သည်။
( ၁ ) တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ - တစည ( နောင်တွင်တစညဟုသာသုံးမည်- စာရေးသူ ) သည် ရှစ်လေးလုံးလူထုအုံကြွမှုကြီးကြောင့် နိုင်ငံရေးဇာတ်ခုံပေါ်မှ ပြုတ်ကျပျောက်ကွယ်သွားရသည့် မဆလပါတီ အမာခံခေါင်းဆောင်ဟောင်းများနှင့် ဖွဲ့စည်းတည်ထောင်ပေါ်ထွက်လာပြီး မဆလတဖြစ်လဲ တစည ပါတီလို့ နာမည်တက်ခံခဲ့ရသည့် ပါတီဖြစ်သည်။ ယခင် တစညပါတီဥက္ကဌဟောင်း ဦးသာကျော်မရှိတော့သည့်အတွက် ယခု အသစ်ပြန်လည်ဖွဲ့စည်းချိန်မှာ ဥက္ကဌအဖြစ် ဦးထွန်းရီ ( ဒု-တပ်ချုပ်- ကြည်း - ငြိမ်း ) ဖြစ်ပြီး၊ အထွေထွေအတွင်းရေးမှူး ကတော့ ဦးသန်းတင် ( ဒု-၀န်ကြီးချုပ် ( အရေးပေါ် - ၈၈ )၊ စစ်ဆင်ရေးအပြီး စစ်ဆင်ရေးစာအုပ်ဖြင့် ၂၀၀၄ခုနှစ် အမျိုးသားစာပေဆုရ ) ဖြစ်သည်။ နိုင်ငံရေး အတွေ့အကြုံများနှင့် အရည်အချင်းများသည် အားရဖွယ်ဖြစ်သော်လည်း အသက်အရွယ်အားဖြင့် ၁၉၂၆ ခုနှစ်ဖွားများဖြစ်သောကြောင့် ကြီးမြင့်နေပေသည်။ ပါတီဝင် အင်အား ၅ သိန်းခန့်ရှိပြီး ရန်ကုန် ရွှေတောင်ကြားတွင် ပါတီရုံးချုပ်တည်ရှိသည်။ ၉၀ ပြည့်ရွေးကောက်ပွဲတုန်းက အရှုံးကြီး ရှုံးခဲ့ရပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရဖွယ်ရှိတယ်လို့ မျှော်လင့်တွက်ဆထားတဲ့ပါတီဖြစ်သည်။
( ၂ ) မြို (ခေါ်) ခမီအမျိုးသားညီညွှတ်ရေးအဖွဲ့(မခမညဖ) သည် ရှစ်လေးလုံးအရေးအခင်းပြီး ပေါ်ပေါက်လာသော ပါတီဖြစ်ပြီး ၉၀ ရွေးကောက်ပွဲကတည်းက ပါဝင်တည်ရှိပြီး ဖျက်သိမ်းခြင်းမခံရပဲ ကျန်ရှိနေသော ပါတီဟောင်းဖြစ်သည်။ ၂၀၁၀ ဧပြီလတွင် အသစ်တဖန်မှတ်ပုံတင်ခဲ့ပြီး နိုင်ငံရေးပါတီအဖြစ် အဦးဆုံးမှတ်ပုံတင်ခွင့်ပြု ကြော်ငြာပေးခံရပြီး ပါတီမှတ်ပုံတင် အမှတ်မှာ နံပါတ် ၁ ဖြစ်သည်။ ပါတီဥက္ကဌအဖြစ် ဦးစံသာအောင်၊ အတွင်းရေးမှူး ဦးလာဘွေတို့ ခေါင်းဆောင်းပြီး ရခိုင်ပြည်နယ်မှာ အခြေစိုက်သည့် ပါတီဖြစ်သည်။
(၃) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ သည်လည်း ၉၀ ရွေးကောက်ပွဲပြီးကတည်းက ကျန်ရှိသည့် ပါတီဖြစ်ပြီး ၂၀၁၀ ဧပြီလတွင်မှ အသစ်တဖန်မှတ်ပုံတင်ပြီး ပါတီမှတ်ပုံတင်အမှတ်မှာ ၃ ဖြစ်သည်။ ဦးကျားဟာရှဲ၊ဦးယောသပ်တို့က ခေါင်းဆောင်ဖွဲ့စည်းထားပြီး ရှမ်းပြည်မြောက်ပိုင်း အခြေစိုက် ပါတီငယ်တခုဖြစ်ကာ ပါတီဌာနချုပ်မှာ လာရှိုးမြို့တွင် တည်ရှိသည်။
( ၄ ) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ သည် ရှစ်လေးလုံးအပြီးပေါ်ပေါက်လာသော ပါတီဖြစ်ပြီ ၉၀ ရွေးကောက်ပွဲပြီးကတည်းက ဖျက်သိမ်းခံရခြင်းမရှိပဲ ယခုတဖန် ပြန်လည်အသစ်ဖွဲ့စည်းထားသော ပါတီဖြစ်သည်။ ပါတီမှတ်ပုံတင်အမှတ်မှာ ၄ ဖြစ်ပြီး ပါတီဌာနချုပ်မှာ ရှမ်းပြည်မြောက်ပိုင်း၊ လာရှိုးမြို့တွင်တည်ရှိသည်။
( ၅ ) ၈၈-မျိုးဆက် ကျောင်းသားလူငယ်များ ( ပြည်ထောင်စုမြန်မာနိုင်ငံ) သည် ရှစ်လေးလုံးအရေးအခင်းတွင် ရှေ့တန်းကပေါ်ထွက်ခဲ့သော ကျောင်းသာခေါင်းဆောင်များဖြစ်သည့် မင်းကိုနိုင်၊ကိုကိုကြီးတို့ ၂၀၀၆ ခုနှစ်လောက်က စခဲ့သည့် ၈၈-မျိုးဆက်ကျောင်းသားများအဖွဲ့ကို ဆင်တူယိုးမှားပြုလုပ်ပြီး ၈၈-မျိုးဆက်ကျောင်းသားလူငယ်များအဖွဲ့အဖြစ် အေးလွင်က ခေါင်းဆောင်ဖွဲ့စည်းခဲ့သည်။ မင်းကိုနိုင်၊ကိုကိုကြီးတို့ တည်ထောင်သည့် ၈၈-မျိုးဆက်ကျောင်းသားများအဖွဲ့သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သောအဖွဲ့ဖြစ်ပြီး အေးလွင်တည်ထောင်သည့် ၈၈-မျိုးဆက်ကျောင်းသားလူငယ်များအဖွဲ့သည် စစ်အစိုးရအလိုကျ လှုပ်ရှားဖော်ပြသဖြင့် နာမည်ချင်းတူသော်လည်း နိုင်ငံရေးရပ်တည်ချက် အတော်ကွဲပြားခဲ့သည်။ အေးလွင်သည် ပါတီကိုတည်ထောင်ပြီး နောက်တပါတီဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ကို တည်ထောင်သောအခါ ညီဖြစ်သူ ရဲထွန်းနှင့် (၂၇) ဦးအဖွဲ့အား ဦးဆောင်ဖွဲ့စည်းစေခဲ့ပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ကို အဦးဆုံးလျှောက်လွှာတင်ခဲ့သည်။ အေးလွင်သည် ပါတီနာမည်တူထူထောင်ရုံမျှမက တရားဝင်ပါတီဖြစ်လာသောအခါ ပါတီအလံနှင့် တံဆိပ်တုံးများကို သမိုင်းဝင်ကျောင်းသားသမဂ္ဂအလံ ခွပ်ဒေါင်းအလံနှင့် သမိုင်းဝင် ဘီအိုင်အေ အမှတ်တံဆိပ်ဒေါင်းတံဆိပ်တို့ကို ဆင်တူယိုးမှား ပြုလုပ်သောကြောင့် စာရေးဆရာ ဒဂုန်တာရာ၊လူထုစိန်ဝင်း၊မောင်မိုးသူတိုလို့ စာရေးဆရာကြီးများအပါဝင် စာပေအနုပညာရှင် (၉၀)ကျော်နှင့် ဗကသ၊ တကသ များ ပြည်တွင်းပြည်ပ ကျောင်းသားအဖွဲ့အစည်းများနှင့် ခေါင်းဆောင်များ၏ ပြင်းပြင်းထန်ထန် ရှုတ်ချခြင်းကို ခံခဲ့ရပြီး အလံနှင့်တံဆိပ်တုံးသုံးစွဲမှုကို နောက်ဆုံး ဖျက်သိမ်းပြောင်းလဲပေးခဲ့ရသည်။
( ၆ ) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် သည် ၈၈-မျိုးဆက်ကျောင်းသားလူငယ်များ အဖွဲ့ကို ညီဖြစ်သူ ရဲထွန်းအား ဥက္ကဌအဖြစ်လွှဲပေးခဲ့ပြီး ၊ အပေါင်းအပါ ( ၂၈ )နှင့် အေးလွင် ဥက္ကဌအဖြစ်တည်ထောင်သော ပါတီဖြစ်သည်။ ပါတီရုံးစိုက်ရာမှာ ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်၊ပုလဲကွန်ဒိုမီနီယံဖြစ်ပြီး ပါတီဝင်အင်အား ၁ သိန်းခွဲ ရှိသည်ဟု အေးလွင်က အဆိုရှိပါသည်။
( ၇ ) ဒီမိုကရက်တစ်ပါတီ(မြန်မာ) သည် ဦးသုဝေ - ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ယခင်ဝန်ကြီးချုပ်ဟောင်းများရဲ့ သမီးများဖြစ်ကြသည့် ဒေါ်သန်းသန်းနု ( ဦးနု သမီး) ၊ဒေါ်ချိုချိုကျော်ငြိမ်း ( ကျော်ငြိမ်း သမီး) နှင့် ဒေါ်နေရီဗဆွေ (ကျားကြီးဗဆွေ သမီး ) တို့အပါအ၀င် စုစုပေါင်း ( ၂၁ ) ဦးနှင့်ဖွဲ့စည်းထားသည်။ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေသည် စစ်အစိုးရဟာ စစ်တပ်ပီပီ စနစ်တကျနောက်ဆုတ်ပေးနေတာဖြစ်ပြီး ၊ ယခုလိုရွေးကောက်ပွဲ ပြုလုပ်ပေးခြင်းသည် ကောင်းသောအလားအလာဖြစ်သည်ဟု သုံးသပ်ပြီး ရွေးကောက်ပွဲ အပေါ်အကောင်းမြင်သဘော စိုက်ထူးထားသူဖြစ်သည်။
ပါတီမှတ်ပုံတင် အမှတ်မှာ ၆ ဖြစ်ပြီး ပါတီဌာနချုပ်ကို ရန်ကုန်တိုင်း၊ပုဇွန်တောင်မြို့နယ်တွင်တည်ရှိသည်။
( ၈ ) ကရင်ပြည့်သူပါတီ ကို ဥက္ကဌ ဦးထွန်းအောင်မြင့် အပါအ၀င် အဖွဲ့ဝင် ( ၁၆ ) ဦးဖြင့်ဖွဲ့စည်းထားသည်။ ဒုဥက္ကဌ-၁ ဒေါက်တာစောစိုင်းမွန်သာ၊ ဒုဥက္ကဌ-၂ စောအေးကို၊ ဒုဥက္ကဌ-၃ ကက်နက်ဝေသော်၊ အထွေထွေအတွင်းရေးမှုး စောစေးဝါးတို့ဖြင့် ဦးဆောင်ပြီး ပါတီဌာနချုပ်တည်ရှိရာမှာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တွင်ဖြစ်သည်။ ကရင်အမျိုးသားများ အများအပြားရှိရာ ကရင်ပြည်နယ်၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းတို့တွင်း ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
( ၉ ) အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ် ကို ဦးတင်ထွန်းမောင် အပါအ၀င် (၁၅)ဦးနှင့် စတင်ဖွဲ့စည်းခဲ့သည်။ ဦးတင်ထွန်းမောင်၊ဦးကြည်ဝင် စသော ခေါင်းဆောင်များသည် ယခင် NLD အဖွဲ့ဝင်ဟောင်းနှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ပြီး NLD အဖွဲ့ချုပ်နှင့် သဘောထားကွဲလွဲမှုကြောင့် ၁၉၉၉ ခုနှစ်ကတည်းကNLD အဖွဲ့ချုပ်မှထုတ်ပယ်ခြင်း ခံရသူများဖြစ်ပြီး စစ်အစိုးရ၏ အမျိုးသားညီလာခံကို ဆက်လက်တက်ရောက်ခဲ့သူများဖြစ်သည်။ NLD အဖွဲ့ချုပ်မှ ထုတ်ပယ်ခံထားရသူများစုစည်းထားသော တခြားသောအစုအဖွဲ့ ( ဥပမာ- ၀ံသာနု NLD ) ကဲ့သို့ ဒေသအသီးသီးက အဖွဲ့များစုပေါင်းပြီး အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ်အဖြစ် လှုပ်ရှားခြင်းဖြစ်သည်။ တရားဝင်ပါတီ မှတ်ပုံတင်ခွင့် မရှိခင်တုန်းက အစုအဖွဲ့ ၉ ဖွဲ့လောက်စုစည်းနိုင်ခဲ့သော်လည်း တရားဝင် ပါတီမှတ်ပုံတင်ခွင့်ဥပဒေ ထွက်ပေါ်လာချိန်တွင် ၄ ဖွဲ့က သီးခြားနိုင်ငံရေးပါတီများအဖြစ်ခွဲထွက်သွားသောကြောင့် ကျန်အစုများနှင့် ဖွဲ့စည်းထားသော အဖွဲ့ချုပ်ဖြစ်သည်။ ပါတီဌာနချုပ်တည်ရှိရာမှာ ရန်ကုန်တိုင်း၊လမ်းမတော်မြို့နယ်ဖြစ်ပါသည်။
( ၁၀ ) ပအို့ဝ်အမျိုးသား အဖွဲ့ချုပ် သည် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်းတခုမှ ပြောင်းလဲဖြစ်ပေါ်လာသည့် ငြိမ်းချမ်းရေးအဖွဲ့အစည်းတခု ဖြစ်သည်။ ပအို့ဝ်ခေါင်းဆောင် ဦးအောင်ခမ်းထီ၏ အပစ်အခတ်ရပ်စဲရေးမှ ဦးစံလွင်အပါအ၀င် ၁၅ဦးနှင့်ဖွဲ့စည်းထားပြီး တရားဝင်ပါတီ မှတ်ပုံတင်ထားပြီး ပါတီမှတ်ပုံတင်အမှတ်ကတော့ ၅ ဖြစ်သည်။ ပအို့ဝ်ဒေသတွင်းမှာ ၀င်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံမည်ဖြစ်ပြီး ပါတီဌာနချုပ်တည်ရှိရာမှာ ရှမ်းပြည်နယ်၊တောင်ကြီးမြို့၊ဈေးပိုင်းရပ်ဖြစ်သည်။
ဖိုးသူတော်
၆.၁၁.၂၀၁၀
ဆက်လက်ဖော်ပြသွားပါမည်။
စာကိုး - ၀င်းတင့်ထွန်း ( ဗမာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်းအသင်းအပင်းများအညွှန်း)
Friday, November 5, 2010
ရာသီစာပါတီများအကြောင်း တစေ့တစောင်း
မဲပေးဖို့ နီးကပ်လာသည်နှင့်အမျှ လက်လှမ်းမှီသလောက် နိုင်ငံရေးပါတီများကို လေ့လာကြည့်မိသည်။ လေ့လာမိသလောက် ၂၀၁၀ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဖွဲ့စည်းသည့်ပါတီများတွင် ပါတီအဟောင်းများနှင့် ပါတီအသစ်များဆိုပြီး တွေ့ရသည်။
ပါတီအဟောင်းများမှာ -
(၁) တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ( National Unity Party – NUP )
(၂) မြို (ခေါ်) ခမီအမျိုးသားညီညွှတ်ရေးအဖွဲ့(မခမညဖ) ( The Mro or Khami National Solidarity Organization –MKNSO)
(၃) လားဟူ အမျိုးသားဖွင့်ဖြိုးတိုးတက်ရေးပါတီ ( The Lahu National Development Party - LNDP)
(၄) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ (Kokang Democracy and Unity Party - KDUP) တို့ဖြစ်ကြသည်။
ပါတီအသစ်များမှာ -
(၁) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် The Pa-O National Organization(PNO)
(၂) ဒီမိုကရက်တစ်ပါတီ(မြန်မာ) The Democratic Party (Myanmar)
(၃) ကယန်းအမျိုးသားပါတီ The Kayan National Party
(၄) မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ The Rakhine State National Force of Myanmar
(၅) ကရင်ပြည်သူ့ပါတီ The Kayin People’s Party
(၆) ‘ဝ’ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ The “Wa” National Unity Party
(၇) တအောင်း(ပလောင်)အမျိုးသားပါတီ The Taaung (Palaung) National Party
(၈) မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ All Mon Region Democracy Party
(၉) ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ The Democracy and Peace Party
(၁၀) ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ The Shan Nationalities Democratic Party
(၁၁) ညီညွတ်သောဒီမိုကရက်တစ်ပါတီ The United Democratic Party (UDP)
(၁၂) ၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) The 88 Generation Student Youths(Union Of Myanmar)
(၁၃) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် The Union Of Myanmar Fedration of National Politics
(၁၄) အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် The National Political Alliance League
(၁၅) ချင်းအမျိုးသားပါတီ The Chin National Party
(၁၆) ဝံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ) The Wunthanu NLD (the Union of Myanmar)
(၁၇) ခေတ်သစ်ပြည်သူ့ပါတီ The Modern People’s Party
(၁၈) ပြည်ထောင်စု ဒီမိုကရေစီပါတီ The Union Democracy Party
(၁၉) မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ The Peace & Diversity Party
(၂၀) ချင်းတိုးတက်ရေးပါတီ The Chin Progressive Party
(၂၁) အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ The Inn National Development Party
(၂၂) ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ The Rakhine Nationalities Development Party
(၂၃) ‘ဝ’ ဒီမိုကရက်တစ်ပါတီ The Wa Democratic Party
(၂၄) ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ The Phalon Sawaw Democratic Party
(၂၅) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ The National Democratic Party for Development
(၂၆) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ The Union Solidarity and Development Party
(၂၇) တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ The Ethnic National Development Party
(၂၈) ကမန်အမျိုးသား တိုးတက်ရေးပါတီ Kaman National Progressive Party
(၂၉) ခမီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ The Khami National Development Party
(၃၀) အမျိုးသားဒီမိုကရေစီအင်အားစု National Democratic Force
(၃၁) စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ(စဒက)
(၃၂) ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ
(၃၃) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီ တို့ဖြစ်ကြသည်။
ပါတီများကို လေ့လာရာတွင် ပါတီဥက္ကဌ၊ အထွေအထွေအတွင်းရေးမှူး၊ ဒုဥက္ကဌအစရှိသည်ဖြင့် လေ့လာကြည့်မိသည်။ ပါတီ၏ ရည်ရွယ်ချက်၊ အနေအထားနှင့် လုပ်ဆောင်ခဲ့ဖူးသည့် အတွေ့အကြံများကိုလည်း တစေ့တစောင်း ကြည့်မိသည်။ အားရသည့်ပါတီဟူ၍လည်း မယ်မယ်ရရမတွေ့ရသေးပါ။ ကျတော်၏ တသီးပုဂ္ဂုလ အမြင်ကြောင့်ပင် ဖြစ်ပါသည်။ မယ်မယ်ရရ အားရသည်မရှိဆိုသည်ကို ရှင်းပြပါအံ့။ ပထမဦးဆုံးအနေဖြင့် ပါတီများကို ကြည့်မိသည်။ ၄ ပါတီသာ အဟောင်းဖြစ်သည်။ ကျန်သည့် ၃၃ ပါတီသည်အသစ်သော်လည်းကောင်း ၊ ခါတောင်မှီသော်လည်းကောင်း ဖွဲ့စည်းတည်ထောင်ထားသူသည်များဖြစ်သည်။ ဖွဲ့စည်းတည်ထောင်သူများသည် နိုင်ငံရေးအနေဖြင့် ပြောပလောက်သည့်ဇကလေးများကိုမူမတွေ့ရချေ။ သို့သော်လည်း တမျိုးတမယ်ပြောင်းလဲဖို့ အတွက်လုပ်ချင်ကိုင်ချင်စိတ်ကလေးများတော့ ရှိကြသည်ကိုတော့ တွေ့ရသည်။ ကျတော်တို့ပြည်သူလူထုအနေဖြင့်လည်း ပါတီများနှင့်ပါတီဝင်အကြီးအကဲဆိုသူများကို စောင့်ကြည့်လေ့လာရန် အချိန်ကလည်း များများစားစားရသည် မဟုတ်သောကြောင့် တက်နိုင်သမျှသူတို့ အကြောင်းရေးသားဖော်ပြထားသော စာအုပ်၊စာတန်းများနှင့် အင်တာနက်စာမျက်နှာများမှ လေ့လာမိသည်။ လေ့လာမိသလောက်တော့ သူလိုကိုယ်လို နိုင်ငံသားအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်သာပင်ဖြစ်သည်။
ပါတီများမှ အကြီးအကဲပိုင်းများကို ကြည့်ပြန်တော့လည်း တစညမှ ဘဘကြီးများကို လေးစာမိပြန်သော်လည်း အသက်အရွယ်မှာ ၈၀ ကျော်နေ၍ အိုမင်းမစွမ်းအရွယ် ရောက်လို့နေသည်။ နိုင်ငံရေးအတွေ့အကြုံများကို ဘာမျှပြောစရာမရှိပါသော်ငြား ဇရာဆိုသည့်အရွယ်ကြောင့် ဘဘကြီးများ၏ ဆောင်ရွက်နိုင်မှုကို သံသယမဖြစ်မိတောင် နောက်ပါလူငယ်များ မလိုက်နိုင်ဖြစ်မလား စိုးရိမ်မိပါသည်။ ကျန်ပါတီများမှ နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ရန် အသက်အရွယ် (၄၅နှစ်) ပြည့်မှီသူများသည်လည်း နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်နိုင်ချေ အနည်းအကျဉ်းသာ ရှိပေလိမ့်မည်။ အကြောင်းသော် နိုင်ငံတော် သမ္မတရာထူးအတွက် အရည်အချင်းများသည် များပြားနေသည်။
ဗမာ့နိုင်ငံရေးဇာတ်ခုံပေါ်မှ နိုင်ငံရေးဇာတ်မင်းသားကြီးများ၏ မျိုးဆက်သစ်များအားလည်း ယခုရွေးကောက်ပွဲတွင် ပေါ်ပေါ်ထင်ထင်မြင်တွေ့လာရသည်။ ထိုပုဂ္ဂိုလ်များသည်လည်း နိုင်ငံရေးမျိုးဆက်သစ်များပီပီ မည်သို့ ထင်ထင်လင်းလင်း ဆောင်ရွက်မည်ကို ကြည့်ရမည့် တာဝန်ရှိသည်။ ကျန်သူများသည် အသက်အရွယ်ငယ်ရွယ်သူများ ( ၄၅ ) နှစ်အောက်နှင့် နိုင်ငံရေးအပါးမ၀သေးသူများသာ ကျန်တော့သည်။ နိုင်ငံတော်ကို ဦးဆောင်မည့်၊ နိုင်ငံအရေးကို အကျယ်တ၀င့် ဆွေးနွေးတင်ပြပြောဆိုမည့် ပြည်သူလူထုရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် အုပ်ချုပ်သူ အတန်းအစားများကို ပညာတတ်၍ သစ္စာတရားကို နားလည်သည့်သူများဖြစ်စေချင်သည်။ မြန်မာ့ယဉ်ကျေးမှုနှင့် ဂီတအနုပညာကို နားလည်ခံစားနိုင်သူများဖြစ်စေချင်သည်။ ငြိမ်းချမ်းရေးနှင့် လူတန်းစားအဆင့်အတန်း ပြဿနာများကို ကြားနာခံစားနားလည်နိုင်စွမ်းရှိသူများ ဖြစ်စေချင်သည်။အသံဩဇာနှင့်ပြည့်စုံ၍ ဥပဓိရုပ်ကောင်းသူများ ဖြစ်စေချင်ပါသည်။ ဤအရာများသည် ကျတော်၏ ဖြစ်စေချင်သည့် ဆန္ဒနှင့် ဖြစ်လာရမည့်သဘောများကို တင်ပြခြင်းဖြစ်သည်။
ကျတော် ၂၀၁၀ ဇန်န၀ါရီလ ယူတိုးပီယားအိပ်မက် အမည်နှင့် ၀တ္ထူတိုလေး တပုဒ်ရေးခဲ့ဘူးသည်။ ကျတော့် စိတ်ကူးနှင့် အမြင်များအား ထိုအထဲတွင်တွေ့နိုင်သည်။ ကျတော်တို့ နိုင်ငံကို ပညာရေးဖြင့် ပြောင်းလဲမည်ဟု ဆန္ဒရှိသူများသည် ပညာနှင့်ဆက်နွယ်သည့် အတတ်ပညာများကို ကျနစွာတတ်မြောက်ထားပြီးမှ ထိုပြောင်းလဲရေးများကို ကိုယ်တိုင်မှ စ၍ တိုင်းပြည်အ၀ှမ်းပြောင်းလဲ နိုင်မည့်ဟုယူဆပါသည်။ စောဒက တက်လိုက တက်နိုင်သည်။ လူတိုင်းသည် မိမိသမိုင်းကို မိမိသာရေးခြင်းဖြစ်သည်။
ကျတော် နိုင်ငံရေးပါတီများမှ အကြီးအကဲများကိုလူတိုင်းစေ့နီးပါး မလေ့လာနိုင်တော့သော်လည်း ပါတီ ၃၇ ပါတီအား အကျဉ်းဖျဉ်းသဘောလေ့လာထားမိပါသည်။ ၁၉၈၈ နောက်ပိုင်းတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေအရ နိုင်ငံရေးပါတီ အမြောက်အများထွက်ပေါ်လာသော်လည်း ၁၉၉၀ ရွေးကောက်ပွဲပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် တရားဝင်နိုင်ငံရေးပါတီအဖြစ် ကျန်ခဲ့သည်မှာ ၁၀ ပါတီသာ ရှိပါတော့သည်။ ထိုပါတီ ၁၀ ခုအနက် ၅ ပါတီသာလျှင် လက်ရှိစစ်အစိုးရ၏ ( ၈-၃-၂၀၁၀)မှာ ထုတ်ပြန်ကြော်ငြာသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အရ ၊ ရက်ပေါင်း ၆၀ အတွင်း အသစ်ပြန်လည်မှတ်ပုံတင်ခဲ့ကြသည်။ နိုင်ငံရေးပါတီဟောင်း ၅ ခုတွင် ၁ ပါတီဖြစ်သော ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်သည် ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။ ကျန်နိုင်ငံရေးပါတီသစ်များသည်လည်း ပေါ်ထွက်လာပြီး နအဖ စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက် လိုက်နာမည်ဟု ကြိုတင်ခံဝန်ချက် လက်မှတ်ရေးထိုးကာ စစ်အစိုးရက ဦးဆောင်ကျင်းပပေးမည့် ၂၀၁၀ပြည့်နှစ် - ပါတီစုံဒီမိုကရေစီ အထွေအထွေရွေးကောက်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ဖို့ တာစူလျှက်ရှိကြသည်။
မည်သို့ပင်ဆိုစေ ရွေးကောက်ပွဲသည် နီးကပ်လာပြီး ပြည်သူပြည်သားအတော်များများသည် ဆန္ဒမဲများကို ပေးရတော့မည်ဖြစ်သည်။ ပေးချင်သူများရှိသည်၊ မပေးချင်သူများရှိသည်၊ ယောင်ဝါးဝါးလူများရှိသည်။ ပြည်သူပြည်သားများ အနေဖြင့် လုပ်သင့်လုပ်ထိုက်သည် ချင့်ချိန်နှိုင်းဆကာ ပြုမှုနိုင်ကြလိမ့်မည်ဟု့ မျှော်လင့်ပါသည်။
ဖိုးသူတော်
၅.၁၁.၂၀၁၀
၁၉နာရီ၃၈ မိနစ်
စာကိုး - ၀င်းတင့်ထွန်း ( ဗမာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်းအသင်းအပင်းများအညွှန်း)
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ - ၂၀၀၈
- http://www.myanmarelection2010.info
Sunday, September 12, 2010
စက်တင်ဘာညနေခင်း၊ သူနှင့် မိုးစက်ပွင့်လေးများ
မိုးသားကင်းစင်သော ညနေခင်းတခုမဟုတ်ခဲ့ပါ။ မုတ်သုန်နှောင်း၏ အကြွင်းအကျန် မိုးသားမိုးလိပ်တို့ ကောင်းကင်တခွင် ပြန့်ကြဲနေကြသည်။ လေသည် လူ့စိတ်ကို လန်းဆန်းအောင် လတ်လတ်ဆတ်ဆတ် တိုက်ခက်လျက်ရှိသည်။ လေထဲမှ မိုးငွေ့မိုးရနံ့လေးများ ခံစားသိရှိရသည်။ နာရီကို ကြည့်လိုက်တော့ ညနေလေးနာရီ စွန်းစွန်းရှိနေပြီ။ ချိန်းထားသည်မှာ ညနေ ၅ နာရီ မထိုးခင်ဖြစ်သဖြင့် ခုချိန်သွားလျှင်ဖြင့် ကွက်တိလောက်ကြမည်ဖြစ်သည်။ သူသည် ရေညှိများတက်နေသော ပလက်ဖောင်းပေါ်တွင် အလိုက်သင့် လမ်းလျှောက်ရင်းဖြင့် ပတ်ဝန်းကျင်၏ လတ်ဆတ်သာယာအေးမြမှုကို ခံစားကာ သီချင်းတိုးတိုးညည်းရင်း လျှောက်လာနေသည်။
ဘက်စ်ကားဂိတ်မရောက်သည်မှာ ၄ လခန့်ကြာမြင့်နေပြီ ဖြစ်သော်လည်း အရာအားလုံးက ပုံမှန်အတိုင်းပင်ရှိသည်။ ထုံးစံအတိုင်း ခပ်နွမ်းနွမ်း အဲယားကွန်ဘက်စ်ဟု အမည်တပ်ထားသော ပြတင်းပေါက်အားလုံးဖွင့် ကားကြီးတစီး ကားဂိတ်သို့ ရောက်လာသည်။ အသာပင်တက်လိုက်ပြီး အနောက်ဘက်ဆုံး ထိုင်ခုံတွင် ထိုင်ကာ သက်တောင့်သက်သာ လိုက်ပါခဲ့သည်။ မိုးရာသီဖြစ်သောကြောင့် ပတ်ဝန်းကျင်သည် စွတ်စိုတောက်ပြောင်စိမ်းလွင်လျက် ရှိသည်။ သူ ဘက်စ်ကား စီသည့် ကားဂိတ်မှ သွားမည့် မှတ်တိုင်ထိက အနည်းလေး နာရီဝက်ကျော်ကျော် လောက် ကားစီးရမည် ဖြစ်သဖြင့် ပတ်ဝန်းကျင်ကို စိတ်ဝင်တစားကြည့်ကာ လိုက်ပါနိုင်သည်။ တကယ်တော့လည်း စိတ်ဝင်တစားကြည့်စရာ ဘာမှ မရှိပါသော်လည်း (မြင်နေကျမြင်ကွင်းများသာ) စကားပြောဖော် တယောက်တလေ မရှိသည့်အတွက် ထိုမြင်ကွင်း များကိုပင် အသစ်အဆန်းသဖွယ် ကြည့်ရှု့ကာ နေရတော့သည်။
ကြော်ငြာဆိုင်းဘုဒ်များမှ မင်းသမီးခပ်ကျကျ ခပ်၀၀ ၏ နန်းဆန်ဆန်ပြုံးတုန်းတုန်းကြည့်နေဟန် ၊ ခပ်ငယ်ငယ် မော်ဒယ်မလေး၏ ဒေါင့်မြင့်ဖိနပ်ကြော်ငြာကြောင့် လှနေသောအနောက်ပိုင်း ကောက်ကြောင်း စသည်တို့ကို စိတ်ဝင်စားဖွယ်မဟုတ် စိတ်ဝင်တစားကြည့်နေမိသည်။ ဒီလိုနှင့် ဆင်းရမည့် မှတ်တိုင်နားရောက်တော့ မိုးက ခပ်ဖွဲဖွဲ ရွာလာပါသည်။ တော်သေးသည်။ ကိုင်နေကြထီးခပ်နွမ်းနွမ်း ပါလာလို့ အဆင်ပြေသွားသည်။ အပြင်သွားလျှင် တအုပ်မဟုတ် တအုပ်ယူလာတက်သော စာအုပ်တအုပ်ကို ကိုင်ကာ ထီးဖွင့်ဆောင်းရင်း ခပ်အေးအေးပင် လျှောက်လာခဲ့သည်။ ချိန်းထားသည့် နေရာရောက်တော့ ညနေ ၄ နာရီ ၅၀ တိတိ။ ကိုယ့်ဟာကို ပြုံးမိသည်။ ဘာလို့ ခုလိုအချိန်က အတိအကျ ဖြစ်နေရလည်း မသိပေ။
ချိန်းထားသည့် သူမ မရောက်သေးသည့်အတွက် ထုံးစံအတိုင်း ကော်ဖီတခွက် မှာသောက်ကာ ယူလာသော စာအုပ်ကို ဖတ်နေသည်။ စာအုပ်သည် ၀ယ်ထားတာကြာပြီ ဖြစ်သော်လည်း သေချာ မဖတ်ရသေးသော စာအုပ်ဖြစ်သည်။ အယ်ဒီတာများ နှင့်တွေ့ဆုံခြင်းစာအုပ်ဖြစ်သည်။ ဖတ်၍ အတော်ကောင်းသည်။ ယနေ့ခေတ် မြန်မာမဂ္ဂဇင်း လောကမှ နာမည်ကြီး အယ်ဒီတာများနှင့် တွေ့ဆုံ၍ စာပေအကြောင်း၊အယ်ဒီတာကျင့်ဝတ် အစရှိသည်တို့ကို ပညာသားပါပါ မေးမြန်ပြီး အယ်ဒီတာဆရာများက ပညာသာပါပါဖြေကြားထားသော စာအုပ်ဖြစ်သည်။ မောင်သွေးသစ်တို့ မောင်တည်ငြိမ်တို့ ကောက်နွယ်(ကနောင်) တို့ပါသည်။ ဖတ်၍ စိတ်ဝင်စားဖွယ် များပါသည်။
မောင်သွေးသစ်၏ ကဗျာအပေါ် ကဗျာဆရာတယောက်အနေဖြင့် ဖွင့်ဆိုချက်ကို သဘောကျမိသည်။ ကော်ဖီ တ၀က်ကျိုးသွားပြီ။ အချိန်က ၁၅ မိနစ်ကျော် ကြာသွားပြီ။ သူမ ရောက်မလာသေး။ ခံတွင်းချဉ်လာသဖြင့် စီးကရက်တလိပ် ဖွာမိသည်။ စီးကရက် မီးညှိပြီးကာမှ ဘေးဘီကို အားနာသလို ဖြစ်သွားသော်လည်း ကိုယ့်ရှေ့ဝိုင်းမှာ ထိုင်နေသည့် ငနဲက အမျိုးသမီးတယောက်နှင့် စကားပြောရင်း စီးကရက်တဖွာဖွာ လုပ်နေသောကြောင့် သက်သာရာ ရသွားသည်။ စီကရက်တလိပ်ကုန်လေသည်။ ကော်ဖီ တငုံစာမျှကျန်တော့သည်။ အယ်ဒီတာ သုံးယောက်လောက် အကြာင်း ဖတ်ပြီးသွားသည်။ သူမ ရောက်မလာသေး။
မျက်လုံးသည် စာအုပ်ကို အတော်ကြာဖတ်နေသဖြင့် အဝေးသို့လှမ်းကြည့်သောအခါ သဲကွဲစွာမမြင်ရပေ။ အပြင်ဘက်တွင် မိုးက ခပ်မှောင်မှောင် သည်းသည်းရွာနေဟန်တူသည်။ မိုးသံကိုကား မကြားရပေ။ ဖြတ်သန်းသွားနေသော လူများ ထီးဆောင်းနေသောကြောင့်နှင့် ရုတ်တရက်အပြင်တွင်မှောင်နေသောကြောင့်သာ တွေးမိသည်။ ဆိုင်ကောင်တာကို ကြည့်လိုက်တော့ အမျိုးသမီးတယောက်နှင့် ကောင်တာက ကောင်မလေး စကားပြောနေသည်။ ရုတ်တရက်ဆိုတော့ သူမ များလားဟု ထင်လိုက်မိသည်။ ကိုယ့်မျက်လုံးလဲ ကိုယ်အပြစ်တင်မိသည်။ ဒီလောက်တောင် သဲကွဲအောင် မမြင်ရပေဘူးလား။ အသွင်ဟန်ပန်သည် အတော်ကိုတူသည်။ ဒါမှမဟုတ် ကိုယ်မြင်ချင်သည့်ဟာကို ဦးနှောက်က သိနေသဖြင့် မျက်စိအမြင်တွင် တမင် လာထင်ဟပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ကော်ဖီတခွက်ကာ ကုန်လေသည်။ ရေနွေးလည်း ၇ ခွက်လောက် သောက်ပြီးဖြစ်သည်။ စီးကရက်တလိပ် ထပ်ဖွာရှိုက်သည်။ နာရီလက်တံများက ၆ နာရီကို ရောက်ဖို့ အနည်းငယ်သာလိုတော့သည်။ သူတို့ဟာသူတို့ တရွေ့ရွေ့ သွားနေသည်။ သူမကာ ရောက်မလာသေးပေ။ သေချာပါပြီ.. ချိန်းတဲ့ အချိန်နောက် မိနစ် ၅၀ လောက်ကျသွားနေပြီဖြစ်သည်။ မိုးကလည်း ခပ်စိတ်စိတ်လေး ရွာနေသည်။ တကယ်တော့ ရာသီဥတုက လန်းဆန်းနေပေသည်။ သူ၏ စိတ်တွင်တော့ ထင်သလောက် မလန်းပေ။ ဆိုင်မှ ထွက်ကာ လမ်းပေါ်ရောက်လာသည်။ ထီးဖွင့်ဆောင်းကာ ခပ်အေးအေးပင် လမ်းလျှောက်နေလိုက်သည်။ စိတ်ထဲတွင်တော့ သူမ ထီးမှ ပါ ပါလေလားဟု တွေးနေမိသည်။
ညနေခင်း၏ မိုးဖွဲဖွဲအောက်မှာ ပျားပန်းခက်သွားလာနေသော သူများကို အမှတ်မဲငေးမောကြည့်နေမိသည်။ သူမကို ယောင်ရမ်းပြီးများ
တွေ့လိုက်လေမလားဟု စိတ်ထဲက ဖြစ်နေသည်။ ပြည်လမ်းမကြီးသည် နက်ပြောင်တင်းမာနေသည်။ ကားများသည်လည်း အလျင်မလိုဟန် ခပ်ဖြေးဖြးသွားနေကြသည်။ သူသည်လည်း ခပ်နှေးနှေးသာ လျှောက်နေသည်။ မိုးစက်များသည် တစက်စက်နှင့် တံစက်မြိတ်တခုအောက်မှ ကျနေသည်။ လေသည် ခပ်ကြမ်းကြမ်း တချက် မွှေ့လိုက်သည်။ မိုးစက်မှုံမွှားလေးများ လွင့်စင်ထွက်သွားသည်။ သူသည် အိပ်တန်းပြန် ငှက်ကလေးများကို ငေးမောကြည့်နေမိသည်။ တကောင်၊ နှစ်ကောင်၊ သုံးလေးငါးကောင်။ ဟိုး အဝေးမှာ ကောင်ကင်ကြီးက ခပ်ညိုညို။ မိုးကာ စဲမည့်ပုံ မပေါ်တော့ပါ…။
Friday, August 20, 2010
Happy Birthday !
အခုအချိန် ၂၀ရက် ဩဂုတ်လ ၂၀၁၀ ခုနှစ် ည ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် အင်တာနက် အသုံးပြုနေရင်း သူငယ်ချင်းတစ်ယောက်၏ ဆော်ဩမှုကြောင့် ကျတော်သည် ကျတော်၏ ၀င်မရ၍ မ၀င်ပဲ ပစ်ထားရသလို ဖြစ်နေသော ဖုန်တက် ပင့်ကူမျှင်စွဲ နေသော ဘလော့ဂ်လေးအား အားရပါးရ ၀င်ကြည့်မိပြီး ၀င်၍ ရသောကြောင့် ၀မ်းသားပီတိ ဖြစ်စွာနှင့် ရေးသားလိုက်ပါသည်။
ဖိုးသူတော်
20.8.2010 ( 23:32)
၂၁ ရက် ဩဂုတ်လ ဆိုလျင်ဖြင့် ကျတော်၏ မွေးနေ့မင်္ဂလာအခါသမယ ဖြစ်ပါသည်။ ထူးခြားတိုက်ဆိုင်စွာ ဤကဲ့သို့ မွေးနေ့ပို့စ်လေးအား ရေးနိုင်လိုက်ခြင်းကို ၀မ်းသာမိပါသည်။ အားလုံးပဲ ကျတော်နဲ့တကွ နိုင်ငံသူနိုင်ငံသားပြည်သူပြည်သား အပေါင်းတို့ ကျန်းမာရွှင်လန်း လန်းဖြာနိုင်ကြပါစေလို့..... ဆုမွန်ကောင်းတောင်းအပ်ပါသည်..။
Wednesday, April 21, 2010
အလိုင်နီဆည်သို့ အလှူတစ်ခေါက်
Thursday, April 15, 2010
လောက်တွေ လုပ်ကြလေသည်
Photo Source : Nyi Lynn Seck
Wednesday, March 3, 2010
ကမ္ဘာပူနွေးလာမှုနှင့် ဖန်လုံအိမ်အာနိသင်သက်ရောက်မှု
ကမ္ဘာပူနွေးလာမှုနှင့် ဖန်လုံအိမ်အာနိသင်သက်ရောက်မှု
ဒီနေ့နေ့လည် သူငယ်ချင်းတစ်ယောက်က Global Warming ၊ Green House Effect များနှင့်ပတ်သက်၍ မြန်မာနိုင်ငံက လူများသိပ်မသိသေးကြောင်းနှင့် ၎င်းနှင့်ပတ်သက်၍ ကျတော့်ဘလော့ဂ်မှာ ရေးသားဖော်ပြပေးရန် ပြောဆိုသောကြောင့် ကျတော်လည်း ကြားဖူးဖတ်ဖူးသမျှတွေနှင့် အင်တာနက်မှာရှာဖွေတွေရှိမှုတွေကို စုပေါင်းပြီး အနည်းငယ်ရေးသားဖော်ပြလိုက်ပါသည်။ တကယ်တော့ ဒီကိစ္စက တစ်ဦးတစ်ယောက် တစ်မြို့ တစ်ရွာ တစ်နိုင်ငံတည်းနှင့်သက်ဆိုင်ရုံမျှမက တစ်ကမ္ဘာလုံးနှင့်ပါ သက်ဆိုင်သော ကိစ္စ ဖြစ်သောကြောင့် ဂလိုဘယ်ဝမ်းမင်းဟူပင် ခေါ်ဆိုခြင်းဖြစ်သည်။
ကမ္ဘာ့ပူနွေးမှုဆိုသည်မှာ ကမ္ဘာပေါ်တွင်ရှိသော ယေဘုယျအပူချိန်မြင့်တက်လာခြင်းဖြစ်သည်။ ထိုသို့ မြင့်တက်လာသောကြောင့် ကမ္ဘာကြီးဟာ ပိုမို ပူနွေးလာပြီး သဘာဝဘေးအန္တာရယ်တွေ ဖြစ်တဲ့ဟာရီကိန်းမုန်တိုင်းများတိုက်ခြင်း၊မိုးခေါင်ရေကြီးခြင်း အစရှိတဲ့ လူသားဆိုးကျိုးပြုတွေဟာ သာမန်ထက်ပိုမို၍ ဖြစ်ပွားလာနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။
ကမ္ဘာပူနွေးလာမှုနှင့်၎င်း၏အကျိုးဆက်များကြောင့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုတွေဖြစ်လာပြီး စိုက်ပျိုးရေး အဓီကလုပ်ကိုင်သော နိုင်ငံများမှာ ဆန်စပါးစိုက်ပျိုးနှုန်းများ ကျဆင်းစေလာနိုင်သည်။ ၀င်ရိုးစွန်းသိပ္ပံပညာရှင်များ၏ တွက်ချက်မှုအရ နောက်ဆယ်စုနှစ် တစ်ခု အကျော်လောက်တွင် အာတိတ်ဒေသမှ ရေခဲများသည် ကမ္ဘာပူနွေးမှုဖြစ်စဉ် မြင့်ကဲလာမှုကြောင့် ရှိတော့မည်မဟုတ်ကြောင်းလည်း သုံးသပ်ပြောဆိုထားသည်။ ထိုကဲ့သို ရေခဲများမရှိအရည်ပျော်ခြင်းကြောင့် ပင်လယ်ရေမျက်ပြင် မြင့်တက်မှုဖြစ်စေနိုင်သည်။
ထိုသို့ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကြောင့် ကျွန်းပေါင်း ၁၂၀၀ ခန့်ပါဝင်ဖွဲ့စည်းထားသော မော်လဒိုက်လို ပင်လယ်ရေပြင်ထက် ၇ ပေခန့်သာမြင့်သော ကျွန်းနိုင်ငံလေးများသည် ပင်လယ်ရေပြင်အောက်သို့ ရောက်ရှိသွားနိုင်ပြီး ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ်သွားမည့်အနေအထားများဖြစ်လာနိုင်သည်။
ကမ္ဘာ့ပူနွေးလာမှုဖြစ်စဉ်ကြောင့် ကမ္ဘာ့လေအေးပေးစက်နေရာအဖြစ်တင်စားရသော အာတိတ်ဒေသရှိ ရေခဲပင်လယ်ပြင်ကြီးသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖြစ်ပေါ်မှုတွင် အထူးအရေးပါလာသည်။ ရေခဲပြင်မှ အရည်ပျော်လာသော ရေခဲပျော်ရည်များသည် သမုဒ္ဒရာရေပြင်ကို ပိုမိုနက်မှောင်စေပြီး နေမှအပူရှိန်ကို ရောင်ပြန်ဟပ်ရမည့်အစား ပိုမိုစုပ်ယူသဖြင့် ကမ္ဘာလုံးဆိုင်ရာ ပူနွေးမူ ပိုမိုဖြစ်ပေါ်လာရသည်။ ၎င်းဖြစ်စဉ်သည် သံသရာလည်သကဲ့သို့ ဖြစ်နေသည်။ ဤဖြစ်ရပ်သည် ၂၀၀၉ ဒီဇင်ဘာတွင် ကိုပင်ဟေဂင် ၌ကျင်းပခဲ့သော ကုလသမဂ္ဂ၏ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်အသစ်နှင့် ပတ်သက်သော ဆွေးနွေးပွဲ တက်ရောက်ကြမည့် ကမ္ဘာခေါင်းဆောင်များအား အကြီးအကျယ် တပ်လှန့် သတိပေးခဲ့သည်။
ကမ္ဘာ့ပူနွေးမှုဖြစ်ရပ်များသည် တကယ်တော့ လူသားများ၏ မဆင်မခြင် စက်မှုပစ္စည်းများသုံးစွဲမှုကြောင့် ထွက်ပေါ်လာသော ဓါတ်ငွေ့များမှ ကမ္ဘာ့လေထုကို ကာကွယ်ပေးနေသော အိုဇုံးလွှားအား ဖျက်စီးပစ်လိုက်ခြင်း၏ အစဖြစ်သည်။ လူများသည် အဲယားကွန်များ၊ရေခဲသေတ္တာများ၊ မော်တော်ကားများ၊ စက်ရုံအလုပ်ရုံများ၊ အီလက်ထရောနစ် ပစ္စည်းများနှင့် ရေမွေးစပရေးများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ၎င်းတို့မှထွက်သော မီးခိုးငွေ့ နှင့် ဓာတ်ငွေ့ များသည် အိုဇုံးလွှာအား ဖျက်စီးပစ်ချင်းဖြစ်သည်။
ဖန်လုံအိမ်ဓာတ်ငွေ့နှင့် ဖန်လုံအိမ်အာနိသင် ဆိုသည်မှာလည်း ကမ္ဘာ့မြေပေါ်သို့ ရောက်လာသော နေရောင်ခြည်အချို့ ကို မြေထု၊ရေထု၊သစ်ပင်များနှင့် အခြားသောအရာဝတ္ထုများမှ စုပ်ယူသဖြင့် ၎င်းတို့သည် နွေးထွေးလာကြသည်။ ထိုသို့ နွေးလာမှုကြောင့် ၎င်းတို့ထဲရှိစွမ်းအင်သည် မြင့်မားလှုပ်ရှားလာပြီး အနီအောက်ရောင်ခြည်အသွင်ဖြင့် ထွက်လာသည်။ ထိုသို့ထွက်လာသော အနီအောက်ရောင်ခြည်ကို လူ့ မျက်စီဖြင့် မမြင်နိုင်သော်လည်း အနွေးဓာတ်အနေဖြင့်မူ သိရှိခံစားနိုင်သည်။
ကမ္ဘာ့မြေပြင်ရေပြင်တို့မှ ထွက်လာသော အနီအောက်ရောင်ခြည်များကို လေထုအတွင်းမှာရှိသော ဓာတ်ငွေ့ အချို့ က စုပ်ယူထိမ်းသိမ်းထားကာ ကမ္ဘာကို ပူနွေးစေသည်။ ထိုကဲ့သို့ စုပ်ယူထိမ်းသိမ်းပြီး ကမ္ဘာကို မပူနွေးစေပါက ကမ္ဘာ့အပူချိန်သည် ရေခဲအမှတ်အောက်ရောက်ပြီး အေးခဲနေလိမ့်မည်။ အချို့အအေးပိုင်းဒေသတွင် ထိုကဲ့သို့ ဥပမာမျိုးကို အတုဖန်တီးကာ သစ်ပင်စိုက်ခင်းများကို ရှင်သန်စေသည်။ ဖန်လုံအိမ်၊ ပလက်စတစ်အိမ်များဖြင့် အတုပြုလုပ်ထွက်ပေါ်လာသော အပူချိန်ကို ထိမ်းထားပြီး အပင်များကို ရှင်သန်စေသည်။ ထိုအရာကို ဖန်လုံအိမ်အာနိသင် ဟုခေါ်သည်။
ကမ္ဘာကြီးကို ထိုသို့ ဖန်လုံအိမ်အာနိသင်ဖြင့်နွေးထွေးစေပြီး လေထုတွင်းရှိနေသော ဓာတ်ငွေ့များကို ဖန်လုံအိမ်ဓာတ်ငွေ့များဟုခေါ်သည်။ သဘာဝအလျောက်ရှိသော ဓာတ်ငွေ့များမှာ အိုဇုန်း၊မီသိန်း၊နိုက်ထရပ်စ်အောက်ဆိုက်ဒ်နှင့် ကာဘွန်ဒိုင်အောက်ဆိုက်ဒ် တို့ဖြစ်သည်။ ထိုအထဲမှ ကာဘွန်ဒိုင်အောက်ဆိုက်ဒ် သည်လူအများ၏ မဆင်မခြင်သုံးစွဲမှုကြောင့် လေထုထဲတွင် ရှိသင့်သည့် ပမာဏထက် လွန်ကဲများပြားစွာ ဖြစ်ပေါ်နေသည်။ ဓာတ်ငွေ့သံသရာအရ သစ်ပင်တို့သည် လေထုထဲက ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်ထုတ်ပေးသည်။ ၎င်းတို့ပျက်သုန်းကာမှ ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ကို ပြန်ထုတ်ပေးသည်။ သို့ပေမဲ့ လူတို့၏ မဆင်မခြင် သစ်ပင်ခုတ်လှဲ မှုများကြောင့် လေထုထဲတွင် ကာဘွန်ဒိုင်အောက်ဆိုက်ဒ်သည် ရှိသင့်သိထက် ပိုမိုနေသည်။ ဒါပြင် စက်မှုလုပ်ငန်းများမှ ရေနံ၊ကျောက်မီးသွေးလောင်စာများမှလည်း ကာဘွန်ဒိုင်အောက်ဆိုဒ်များစွာထွက်ရှိပြီး လေထုထဲရောက်ရှိသည်။ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများမှလည်း မီသိန်းနှင့် နိုက်ထရပ်စ်အောက်ဆိုက်ဒ်များ များစွာ ပိုမိုလွန်ကဲစွာ ထွက်ရှိနေသေးသည်။
ကမ္ဘာပေါ်တွင် ဖန်လုံဓါတ်ငွေ့ ထုတ်လွှတ်မှုတွင် တရုတ်၊အမေရိကန်နှင့် ရုရှတို့ပြီးလျှင် အိန္ဒိယသည် တစ်နှစ်လျှင် ဖန်လုံအိမ်ဓာတ်ငွေ့ တန်ချိန်သန်း ၁၃၀၀ မျှ ထုတ်လွှင့်၍ စတုတ္ထလိုက်လျက်ရှိသည်။ ထိုကြောင့် ထိုကိစ္စများကို ထိမ်းသိမ်းရန် ကမ္ဘာ့ခေါင်းဆောင်များသည် ဆွေးနွေးခဲ့၊ ဆွေးနွေးဆဲ လုပ်နေကြသည်။
ဖန်လုံအိမ်ဓာတ်ငွေ့၏ တစ်ခုဖြစ်သော မီသိန်းဓာတ်ငွေ့သည် နွားနှင့် သိုးဆိတ်စသော သတ္တ၀ါများ လေချဉ်တက်ရာမှလည်း ထွက်ပေါ်လာသည်။ ထိုသို့မွေးမြူရေးလုပ်ငန်းများကြောင့်ထွက်သော ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏသည် စုစုပေါင်း ပမာဏ၏ ၁၈ ရာခိုင်နှုန်းမျှ ရှိကြောင်းသိရ၍ ကား၊ရထားစသော သယ်ယူပို့ဆောင်ရေးယာဉ်များမှ ၁၃ ရာခိုင်နှုန်းထွက်ကြောင်း သိရသည်။ မွေးမြူရေးမှထွက်သော ဓာတ်ငွေ့ကို တွက်ချက်ရာ၌ တိရစ္ဆာန်များမှတိုက်ရိုက်ထွက်သော ဓာတ်ငွေ့အပြင် မွေးမြူရေးခြံရှင်းလင်းခြင်း၊ အစာထုတ်ခြင်းတို့ကြောင့် တောခုတ်ခြင်း နှင့် အအေးခံ၊ချက်ပြုတ်ခြင်း အစရှိသဖြင့် ကာဘွန်ဒိုင်အောက်ဆိုက်ဒ်နှင့် မီသိန်းဓာတ်ငွေ့ထွက်ရှိခြင်း အဆင့်ဆင့်တွက်ချက်ထားခြင်းဖြစ်သည်။
ထိုသို့သော အကြောင်းအရာများကြောင့် ကမ္ဘာကြီးသည် ရှိသင့်သည့် အပူချိန်ထက် တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ပူလာပြီး ကမ္ဘာ့ပူနွေးမှုဖြစ်စဉ်သည် နိုင်ငံအားလုံးသို့ ရိုက်ခက်လျက်ရှိနေသည်။ ဖြစ်စဉ်အားလုံးသည် လူသားများ၏ မဆင်မခြင်အသုံးလွန်ကဲမှုများခြင်းကြောင့် ဖြစ်သဖြင့် လူသားများအနေနဲ့ လူသားအချင်းချင်း အသိပေး ပြောကြားပညာပေး၍ တက်နိုင်သမျှ ကမ္ဘာကြီးကို ၀ိုင်းဝန်းပြင်ဆင်ဖို့ လိုလာပါသည်။ တစ်ဦးတစ်ယောက် တစ်နိုင်ငံခြင်းသာ မက နိုင်ငံပေါင်းစုံ ၊ အဖွဲ့စည်းပေါင်းစုံပါက ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့နေထိုင်သော ဂြိုဟ်ပြာကြီးကို ထိမ်းသိမ်းကြပါလို့ ဤဆောင်းပါဖြင့် တိုက်တွန်းလိုက်ပါသည်။
လေးစားစွာဖြင့်....
ဖိုးသူတော်
၃.၃.၂၀၁၀
Photo source : Internet
Related Video Link : NASA Climate Report on Global Warming
Global Warming 101
Lord Monckton: Global Warming big scientific fad
Tuesday, February 16, 2010
မြွေခြေသံနှင့်မမ
အောက်တွင်ရေးသားဖော်ပြထားသော အကြောင်းအရာများသည် ကျတော် ကိုယ့်ဟာကို စာအုပ်ဖတ်ပြီး ကျတော် အမြင်နဲ့ သုံးသပ်ချက်များကို ရေးသားဖော်ပြထားခြင်းဖြစ်ပါသည်။ စာရေးဆရာများနှင့်တကွ မည်သူမည်ဝါကိုမှ ပြောဆိုရေးသားဖော်ပြခြင်းမဟုတ်ပါကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။ စာအုပ်များအမြည်း သဘောရယ် အမြင်ရယ်ကို ရိုးရိုးသားသားရေးသားခြင်း ဖြစ်ပါသည်။
ဖိုးသူတော်
မြွေခြေသံနှင့်မမ
မြွေခြေသံမှာ စာရေးဆရာက သာမန်တောရွာလေးကနေ ရန်ကုန်လာပြီး ကျောင်းတက်ရင်း အလုပ်လုပ်၊ အလုပ်လုပ်ရင်း ကျောင်းတက်တဲ့ ကိုချစ်ထူးဆိုတဲ့ လူကို ဇာတ်ကောင်အဖြစ်ထားထားတယ်။ ဒီလူ့မှာ မွေးကတည်း အမေပဲရှိတယ်။ အဖေက သူ့ကိုယ်ဝန်ဆောင်ချိန်မှာပဲ ဆုံးသွားခဲ့တယ်။ အမေကလည်း ဒီလူ ခပ်ငယ်ငယ်မှာ သေသွားတယ်။ အဲ့ဒီတော့ ကျတော်အထင် မေတ္တာတော့ ငတ်ရှာမှာပဲ။ အတွေးအခေါ်ကလည်း တစ်မျိုး ဖြစ်နိုင်တယ်။
ဇာတ်လမ်းကတော့ ရန်ကုန်မှာ သက်ကြီးညကျောင်းတက်ပြီး ၁၀ တန်းဖြေတယ်။ အခန်းထဲက ကောင်မလေးကို ကြိုက်တယ်။ စာပေးတယ်။ ကောင်မလေးကလည်း လက်ခံသယောင်ယောင်ပြတယ်။ ဒါပေမဲ့ ကောင်မလေး တခြားသင်တန်းတစ်ခု ပြောင်းတက်တော့ သူကျန်ခဲ့တယ်။ အဲ့ဒါနဲ့ လိုက်တွေ့တယ်။ တစ်ခါအတွေ့ ခံပြီးတော့ ထပ်အတွေ့မခံတော့ဘူး။ အသည်းတွေဘာတွေ ကွဲသွားတယ်။ ပထမဦးဆုံးဆိုတော့။ ဒါနဲ့ သူတို့နေတဲ့ တန်းလျားအောက်ထပ်က ချာတိတ်မ တစ်ယောက်နဲ့ ထပ်ငြိတယ်။ အခြေအနေအရပ်ရပ်ကြောင့် ချာတိတ်မလေးကို သူယူလိုက်ရတယ်။ လင်မယားသာ ဖြစ်သွားပေမဲ့ သူစိတ်ထဲတော့ သူ့ဟာသူ လူပျိုထင်နေတုန်းပဲ။
မအောင်သေးတဲ့ ၁၀ တန်းကို ထပ်တက်တယ်။ တက်ရင်းနဲ့ ကျောင်းမှာ ကောင်မလေး တစ်ယောက်နဲ့ ငြိတယ်။ သူ့ဟာသူ လူပျိုဆိုတာ ဖုံးထားတယ်။ ကောင်မလေးကလည်း မသိတော့ မစွတ်ခင်ကတည်း ညွတ်ချင်ချင်ဆိုတော့ ချစ်သူတွေဖြစ်ကြတယ်။ ဒီကိစ္စကို အိမ်က မိန်းမ မသိဘူး။ ကောင်မလေးက မယားရှိမှန်း သိသွားတော့ ခွာလိုက်တယ်။ ကိုချစ်ထူးလည်း ၁၀ တန်းအောင် လုပ်သားကောလိပ်ဆက်တက်ပြီး ဥပဒေဘွဲ့လေး ရတယ်။ ဥပဒေ၀န်ထမ်းအဖြစ် အညာမြို့လေး တစ်ခုကို ပြောင်းရတယ်။ အလုပ်အကြောင်းပြပြီး ဇနီးနဲ့ သမီးကို ရန်ကုန်မှာပဲ ထားခဲ့တယ်။
ဖြစ်ချင်တော့ အညာမြို့လေးမှာ တာဝန်ကျတုန်း မိန်းမ တစ်ယောက်နဲ့ ငြိတယ်။ မုဆိုးမ တစ်ယောက်ပါ။ မုဆိုးမက သေသွားတဲ့ သူ့အမျိုးသားနဲ့ ကိုချစ်ထူး တူလို့ ဆိုပြီး လာမိတ်ဆက်ရာကနေ ငြိတာပါပဲ။ ကြောင်ကလည်း ခံတွင်းပျက်ပျက် ဇရက်ကလည်း တောင်ပံက ကျိုးဆိုတော့ အတော်လေးဟုတ်ကြတာပေါ့။ ဒါနဲ့ပဲ ၁ နှစ်ကျော်လောက်အညာမှတာဝန်ကျပြီးတော့ ရန်ကုန်ကို ပြန်ပြောင်းမိန့်ကြတယ်။ ရန်ကုန်က မြို့နယ်တစ်ခုက ဥပဒေရုံးမှာလုပ်တယ်။ အဲ့မှာပဲ တစ်ခါထပ်ပြီး ရှေ့နေမ တစ်ယောက်နဲ့ ထပ်ဆုံတယ်။
ရှေ့နေမကလည်း မုဆိုးမပဲ ထင်တယ်။ သမီးလေးတစ်ယောက်နဲ့။ အားလုံးထဲမှာ ရှေ့နေမကတော့ ပညာတက်ပဲ။ အဲ့တစ်ယောက်နဲ့တော့ ကိုချစ်ထူး တော်တော်လေး ဖြစ်တယ်။
ဇာတ်လမ်းက ပြီးခါနီးပြီ။ ရှေ့နေ့မက နောက်ပိုင်း ရှေ့နေမလုပ်တော့ဘူး။ ကိုချစ်ထူး ကောင်းမှူအကြောင်းပြုပြီး အရက်ဆိုင်ဖွင့်တာ အတော်လေးကို အောင်မြင်တယ်။ ကိုချစ်ထူးက မြို့လေးမှာ နေရင်း နဲ့ စာလေးဘာလေးရေးပြီး ရှေ့နေလေး ဘာလေးလုပ်မယ်ဆိုပြီး သွားတာ အဆင်မပြေတာနဲ့ ရန်ကုန်နဲ့ နီးတဲ့ လိမ္မော်ခြံဆိုတဲ့ ကရင်ရွာလေးကို ထပ်စတည်းချနေတယ်။ အဲ့ အချိန်မှာ အညာက မုဆိုးမနဲ့လည်း ပျက်သွားပြီ။ အိမ်က မိန်းမကလည်း သူဘယ်မှာ ရှိမှန်းမသိဘူး။ ရှေ့နေမနဲ့ပဲ အဆက်အဆံရှိတော့တာ။ ကြာလာတော့လည်း လူ့သဘောသဘာဝအတိုင်း အလုပ်မရှိတဲ့ ဒီလူကြီး ကိုချစ်ထူးကို ရှေ့နေမကလည်း ငြိုငြင်ချင်သလိုဖြစ်လာပြီး ကိုချစ်ထူးနဲ့ ရှေ့နေမ စကားတွေ များကြတယ်။
နောက်ဆုံးမှာတော့ အသိတရား(လူမိုက်နောက်တ) ရပြီး မယားကြီးဆီပြန်မယ်ဆိုပြီး ပြန်သွားတယ်။ ပြန်သွားတယ်ဆိုတာ ပြန်မယ်ဆိုပြီးပြောတာ။ ရောက်သွားလား မယားကြီးက လက်ခံလား ဘာလားတော့ မသိဘူး။ ဇာတ်လမ်းက ပြီးသွားပြီ အဲ့ဒါနဲ့ပဲ။
ဇာတ်လမ်းရဲ့ ဇာတ်နာခံရတဲ့ ဇာတ်ဆောင်က ကိုချစ်ထူး မယားကြီး အမျိုးသမီးဖြစ်တယ်။ သူက ပညာအရည်အချင်းအနေနဲ့ အားလုံးထဲမှာ အနည်းဆုံး။ နောက်ပြီး စကားလှလှမပြောတက်ပဲ ဒုတ်ထိုးအိုးပေါက် ပြောတက်တယ်။ သူ့အနေနဲ့ တရားဝင်မယားကြီး တစ်ယောက်ဖြစ်နေသော်လည်း ဇာတ်ပို့တစ်ယောက်အနေနဲ့ ပါဝင်လှုပ်ရှားရပြီး စကားပြောခန်း သိပ်မပါရပါဘူး။ ဒါပေမဲ့ သူ့နေရာ သူ့အနေအထားနဲ့ တွေးကြည့်ရင် သူ့အနေနဲ့ မှားတယ်လို့ မပြောနိုင်ပါဘူး သူလုပ်တာ ပြောတာတွေက။
အညာသူ မုဆိုးမ က တော့ ရှင်းပါတယ်။ အားဖြည့်ဇာတ်ကောင်။ ခရီးသွားဟန်လွှဲတွေ့တယ်။ သူ့ရဲ့ သေသွားတဲ့ ယောင်္ကျားနဲ့ တူတဲ့ ကိုချစ်ထူးနဲ့ ငြိတယ်။ သူက တော့ အဖြည့်ခံသက်သက်။ ဒါပေမဲ့ သူလည်းလေ လောကီသားဆိုတော့ ကိုချစ်ထူးကို ပိုင်ဆိုင်ချင်တယ်။ တအိုးတအိမ် ထူထောင်ချင်တယ်။ ဒါပေမဲ့ အဲ့ဒါတွေ မဖြစ်သေးမှာပဲ နယ်ပြောင်းရတယ်။ နယ်ပြောင်းလို့ ရန်ကုန်မှာ ပြန်တွေ့တော့လည်း ဇာတ်လမ်းက ဆက်မရပြန်ဘူး။ ဟို ဆြာကိုချစ်ထူးက စူပါကော်ဖီမစ်ဖြစ်နေတယ်။ အဲ့မှာတင် သူ(အညာကမိန်းမ)က မယားကြီးနဲ့ စကားတွေ ဘာတွေများပြီး တခန်း ရပ်သွားတယ်။
ပြောရမယ်ဆိုရင်တော့ ကိုချစ်ထူးလို လူမျိုးတွေ လောကကြီးမှာ ရှိပါတယ်။ ဒါပေမဲ့ စာရေးဆရာကတော့ သူ့ ကလောင်စွမ်းနဲ့ ကိုချစ်ထူးကို မိန်းမ သုံးယောက်နဲ့ ပတ်သက်ပေးလိုက်တယ်။ ၄ ယောက်လို့ ပြောလို့ရပေမဲ့ ညကျောင်းမှာ ပထမဆုံး ကြိုက်ခဲ့တဲ့ ကောင်မလေးက ဧည့်သရုပ်ဆောင် အဆင့်ပါပဲ။
ဇာတ်လမ်းဆုံးသွားတော့ ဖတ်တဲ့သူ အပေါ်မူတည်ပြီး အမျိုးမျိုးကွဲသွားနိုင်ပါတယ်။ စာရေးဆရာမ ဂျူးလို မိန်းမအလေးပေး ဆရာမက အမှာစာမှာ သူအနေနဲ့ ဒီလိုမျိုးဇာတ်ကောင်ရှိရင် လွန်စွာစိတ်မကောင်းဖြစ်ပြီး သူရဲ့ လောကအမြင်ပါ ပြောင်းသွားနိုင်ကြောင်းရေးထားပါတယ်။ ဒီလိုရေးတာကလည်း ဆရာမ ဂျုးအပေါ် မည်သို့မျှ မထင်ပါ။ သူက မိန်းမရင်းစွဲ ရှိခဲ့တာပဲလေ။ ကျတော့်အနေနဲ့က မိန်းမ ယောင်္ကျား ရင်းစွဲ မရှိတော့ ပြဿနာမရှိပါ ဘူး။ ဒါပေမဲ့ ဆရာမ ဂျူးနည်းပါး မိန်းမရင်းစွဲ ရှိသူများကတော့ ဒီစာအုပ်ဖတ်ပြီး တော်တော် လေး အီစိမ့်သွားမဲ့ ပုံရှိပါတယ်။ ဇာတ်လိုက် ကိုချစ်ထူးရဲ့ လုပ်ဆောင်ချက်တွေကို အတော်လေး အီသွားနိုင်ပါတယ်။ အဲ့ဒီမှာ အကြံလေး တစ်ခုပေးချင်တာ မိန်းမ များကို ယောင်္ကျားများက စိတ်ရှိတိုင်း ဖောက်လွှဲ ဖောက်ပြန်လုပ် ( တကယ်တော့ ၂ ဖက်တီးမှ သေချာမြည်တာပါ လက်ခုပ်က) တဲ့ အကြောင်း ဖတ်တော့ စိတ်မကောင်း ဖြစ်ရင် မကောင်းဘူး။
ကျတော်ကလည်း ဖြစ်ချင်တော့ ၀ယ်လာတာက မြွေခြေသံ အပြင် ဆရာမြသန်းတင့် ရဲ့ မမ ဆိုတဲ့ စာအုပ် ဖြစ်နေတယ်။ အဲ့တော့ အီနေတဲ့ စိတ်ကို အချဉ်လို ပြေသွားအောင် မမ နဲ့ ဖြေလိုက်ကြရအောင်။ အရာအားလုံး ဟာ လူ့လောက လူ့သဘာဝမှာ ဖြစ်ပျက်နေတာပါ။ စာရေးဆရာတွေကို ကျေးဇူးတင်ပါတယ်။ သူတို့ သေချာရေးပေးထားလို့ ဆောင်ရန်ရှောင်ရန် တခြားသောဟာတွေကို ပရိတ်သက် က သိရတာပါ။
ဆိုတော့ကာ မြွေခြေသံ ထဲကလို ဖိုဝါဒ ဆန်ဆန် ကိုချစ်ထူး ပွေးခဲ့သမျှကို မမ နဲ့ အချဉ်ဖြေသလို ဖြေကြည့်ရအောင်။ မမ ဇာတ်လမ်း အကျဉ်လေး ရေးလိုက်ပါမယ်။ ဆရာ မြသန်းတင့် ရေးခဲ့တဲ့ မမ။ ဆရာရဲ့ ပင်ကိုရေး ၀တ္ထူတစ်ပုဒ်။ လက်ရွေးစဉ်တော့ မဟုတ်ပေမဲ့ ကောင်းတဲ့ စာရင်းထဲဝင်ပါတယ် ခင်ဗျာ။ ဇာတ်လမ်းကတော့…။။
မင်းမင်းလတ် ဆိုတဲ့ ခရိုင်ဝန်တစ်ယောက်ရှိတယ်။ ဘွဲ့ရပြီး ဗျူရိုကရက် စနစ်ထဲဝင်ပြီးမှ မိသားစု အသိုင်းအ၀ိုင်းကြောင့်ရယ် ယောက်ဖဖြစ်တဲ့ စည်သူပျံချီ ဦးချစ်ထွန်းကြောင့်ရယ် ခရိုင်ဝန်ကို အသက် ၃၀ မှာရတယ်။ ဇနီးချော တစ်ယောက်ရှိတယ်။ ဒါက အကျဉ်း။ မောင်မောင်လတ် မိန်းမ မှာ ညီမတွေရှိတယ်။ အင်း…. မောင်မောင်လတ်မှာ အမ တစ်ယောက်ရှိတယ်။။။ ဇာတ်ဆောင်မင်းသမီးပဲ မမ တဲ့။
မောင်မောင်လတ်နဲ့ မိန်းမ ခင်ရီရီ နဲ့ စကားများပြီး ကွဲမယ် ကွာမယ်လုပ်တော့ မမ ကပဲ လာပြီး ဖြေရှင်းပေးလိုက်ရတယ်။ အဲ့ဒီမှာ ခင်ရီရီတို့ အိမ်ဝင်ထွက်နေတဲ့ ယေးလ် တက္ကသိုလ် ကျောင်းဆင်း ဒေါက်တာ သက်ဆွေ ဆိုတာ ရှိတယ်။ မမ နဲ့ သက်ဆွေက ခင်ရီရီ ညီမ ခင်သီသီ မွေးနေ့ပွဲ အငြိမ်ပွဲမှာ စတွေ့တယ်။ သက်ဆွေက လူပျို။ ဒါပေမဲ့ မမ ဆိုတဲ့ အိမ်ထောင်သက် ၇ နှစ် ကလေးတစ်ယောက် အမေကို အသကုန်ကြွေသွားတယ်။ မမကလည်း စာရေးဆရာ ချယ်မှုန်းချက်အရ ကြွေလောက်အောင် လှတယ်။ တကယ်တော့ ခင်သီသီတို့ အသိုင်းအ၀ိုင်းက ခင်သီသီနဲ့ သက်ဆွေကို သဘောတူသလိုထားတယ်။ ခင်သီသီကလည်း ဘာမှန်း သူ့ဟာသူသေချာမသိဘူး။ အောင်မိုးဆိုတဲ့ လူတစ်ယောက်ကလည်း ရှိနေတယ်။ အောင်မိုးက ငယ်ငယ်ကတည်းသိတဲ့ အကိုကြီးတစ်ယောက်ပေါ့။
(ဒီနေရာတွင် ဆက်မရေးဖြစ်တော့ပဲ ရက်ပေါင်းအတော်ကြာအောင် ရပ်ထားသည်။ ကျတော် ခု ဆက်ရေးမယ်လုပ်တော့ စာအုပ်အား သူငယ်ချင်းတစ်ယောက် ငှားသွားရာ ယခုတိုင် ပြန်မရသေးပါ။ သို့ဖြစ်ပါ၍ ကျတော်ခေါင်းထဲ ကျန်သလောက် ဆက်ရေးပါမည်။ စာရေးသူ )
ဇာတ်လမ်းအရ ခင်သီသီ အိမ်မှလုပ်တဲ့ အငြိမ့်ပွဲမှာကတည်းက သက်ဆွေနဲ့ မမ ပူးပူးကပ်ကပ် စကားပြောနေကြာတာကို ခင်သီသီမြင်ပြီး အမြင်သိပ်မကြည်လင်ပုံကို ဆရာမြသန်းတင်က ရေးထားတယ်။ မမ ရန်ကုန်ပြန်သွားတော့လဲ သက်ဆွေက ပိုသည်းသည်းဖြစ်ပြီး ရန်ကုန်ကို ပါပြောင်းသွားပြီး ရန်ကုန်တက္ကသိုလ်မှာ ကျောင်းဆရာ သွားလုပ်နေတယ်။ သက်ဆွေရဲ့ အမ၀မ်းကွဲထင်တယ် မင်းကတော်တစ်ယောက်ပဲ မမ နဲ့က ခင်တယ်။ အိမ်အ၀င်အထွက်ရှိတယ်။ အဲ့ဒီမှာပဲ ဘေးတီးကောင်းတာကော မိန်းမတို့၏ ဆန်းကြယ်သော စိတ်ပြောင်းလဲမှုများအရပါ လင်ကြီးငုတ်တုတ် ရှိရဲ့နဲ့ မမ နဲ့ သက်ဆွေတို့ ငြိကြတယ်။ မိန်းမတို့၏ ဆန်းကြယ်သော စိတ်ဆိုတာက ဒီနေရာမှ မမက ဦးချစ်ထွန်းကို ယောက်ကျားသာတော်ထားတာ။ အချစ်မပါဘူး။ သူ့အတွက် လူတွေ ဖိုမ သတ္တ၀ါတွေမှာ ဖြစ်ပေါ်တဲ့အချစ်ဆိုတာမခံစားမထိတွေ့ဘူးသေးဘူး။ ကလေးသာတစ်ယောက် ရပြီးတာ။ ဦးချစ်ထွန်းက သူ့ချစ်သူမဟုတ်ဘူး။ သူ့ယောက်ကျားလင်သားအိမ်ဦးနတ်။ သက်ဆွေနဲ့တွေ့မှ အချစ်ဆိုတာ မြည်းစမ်းမိပြီး မဖြစ်သင့်တာတွေဖြစ်ကုန်တာ။
သူတို့ လူဂုဏ်တန်အသိုင်းအ၀ိုင်းမှာ ဒီလိုဖောက်လွဲဖောက်ပြန်မှုတွေကမထူးဆန်းပေမဲ့ မိသားစု အစုအဝေးတစ်ခုအတွက်ကျတော့ အခြေအနေက တော်တော်ကို မကောင်းဘူးဖြစ်နေတယ်။ အကျဉ်းချုပ်ပြောရရင် ဦးချစ်ထွန်းရှိရဲ့နဲ့ မမနဲ့ သက်ဆွေ ငြိကျတယ်။ သက်ဆွေက မမကို ဦးချစ်ထွန်းနဲ့ ကွာခိုင်းတယ် ။ မမကလည်း ကွာချင်တယ်။ အဘိုးကြီး ဦးချစ်ထွန်းက အကွာမခံဘူး။ သူကလည်း သူ့ဟာသူ သူ့သိက္ခာ၊ သူ့အတ္တနဲ့ အတွေးအရ မကွာပေးပဲ အပျော့စွဲလုပ်ထားတယ်။ ကြားထဲမှာ ဗျာများရသူက မမ။ ယောက်ကျားက အပျော့စွဲ လုပ်ထားတာက တစ်ဖက် ချစ်သူက တစ်ဖက်။ ဒီကြားထဲ သူ့ယောက်ကျားနဲ့သူနဲ့ ရတဲ့ သားလေးလည်းတစ်ယောက်ရှိသေးတယ်။ ယောက်ကျားကို ပြတ်နိုင်ပေမဲ့ မိန်းမသားတို့၏ မိခင်သံယောစဉ်ကြောင့် သားလေးကို မပြတ်နိုင်။ သူနှင့်အတူတူ ခေါ်ဖို့ကလည်း ဦးချစ်ထွန်းက ခွင့်မပြု။
ဒီလိုနဲ့ မမ အိမ်ပေါ်က ဆင်းပြီး သက်ဆွေနဲ့ တူတူ သွားနေတယ်။ နောက်တော့ သူတို့ သမီးမိန်းခလေး တစ်ယောက်ရတယ်။ ဒီချိန်ထိ မမကို ဦးချစ်ထွန်းက ကွာမပေးသေးသလို သက်ဆွေနဲ့လည်း မမက လက်မထပ်ရသေးဘူး။ သက်ဆွေကလည်း ပြတ်ပြတ်သားသားဖြစ်ချင်နေပြီ။ ဒီအတွက် မမ ရဲ့ မောင် မင်းမင်းလတ် က ကြာဝင်ညှိနှိုင်းပေမဲ့ ဘယ်လိုမှ ဖြစ်မလာဘူး။ မမ နဲ့ သက်ဆွေကလည်း တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြသော်လည်း အတွေးလေးတွေ ကိုယ်စီ ဖြစ်လာကြပြီ။ မမ ကလည်း သက်ဆွေကို အတွေးတစ်မျိုးဖြစ်လာတယ်။ သက်ဆွေကတော့ မမ လောက်အတွေးမများဘူးထင်တာပဲ။ သက်ဆွေနဲ့ မမတို့က ပြင်ဦးလွင်မှာ နေလိုက် မန္တလေးဆင်းနေလိုက်လုပ်နေကြတယ်။
တစ်ရက် သက်ဆွေ မန်းလေးဆင်းသွားပြီး ပြန်မလာတော့ မမလိုက်သွားတယ်။ သက်ဆွေအမေက သက်ဆွေကို တခြားကောင်မလေးတစ်ယောက်နဲ့ သဘောတူထားတယ်ဆိုတာကို မမက တစွန်းတစသိထားတယ်။ မမက သက်ဆွေဆီ စာပို့ခိုင်းတယ် သူနဲ့ ပြင်ဦးလွင်ပြန်နေဖို့။ ဒါပေမဲ့ စာက အကြောင်းအမျိုးမျိုးကြောင့် သက်ဆွေလက်ထဲမရောက်သွားဘူး။ သက်ဆွေတို့ သားအမိနဲ့ အမျိုးသမီးလေးတစ်ယောက် ပြင်ဦးလွင်ကို သွားမယ် သတင်းကြားတော့ မမ လည်း ပြင်ဦးလွင်လိုက်ဖို့ ပြင်တော့တာပဲ။
ဇာတ်သိမ်းခန်းရောက်ပါပြီ ။ ဘူတာရုံရှေ့ရောက်တော့ အရူးမတစ်ယောက် ကနေတဲ့ဇာတ်ကွက်ကို ဆရာမြသန်းတင့်က ထည့်ထားတယ်။ ဒီဇာတ်ကွက်က တနည်းနည်းနဲ့ ဇာတ်လမ်းနဲ့ ပတ်သက်နေတယ်။ မမ စိတ်ထဲမှာလည်း ရူးနေပြီလို့ သိလိုက်ရတယ်။ နောက်တစ်ချက်က မမ ပထမဦးဆုံးအခေါက် မန်းလေးကို လာတော့ သူစီးလာတဲ့ ရထားတွဲနဲ့ လူတစ်ယောက် ရထားအောက်ထဲ ရောက်ပြီး သူတို့ရှေ့မှာ သေသွားတာ စာရေးဆရာက ဇာတ်လမ်းစကတည်းက ထည့်ထားတယ်။
မမ လည်း ရထားစီးသွားပြီ ပြင်ဦးလွင်ဘူတာကို ရောက်တော့ ရထားပေါ်ကဆင်းတယ်။ သက်ဆွေတို့ အဖွဲ့ကိုတွေ့မလား ရှာနေတုန်းမှာ သက်ဆွေနဲ့သူ့အမေ နောက်ထပ်အမျိုးသမီးတစ်ယောက်ကို သွားတွေ့တယ်။ မမ စိတ်ထဲဘယ်လိုတွေဖြစ်သွားလည်းမသိဘူး။ စကတည်းက သူ့စိတ်တွေမမှန်တော့တာလဲပါမှာပါ။ ဒီအဖြစ်အပျက်တွေအားလုံးရဲ့ အဆုံးသတ်ပုစ္ဆာအဖြေကို သူတွေ့သွားတယ်။ လူတစ်ယောက်သေလိုက်ရင် အားလုံးပြီးသွားမယ်ဆိုတာပဲဖြစ်တယ်။ သူပြုံးလိုက်ပြီး ရထားအောက်ကို ၀င်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲ့လိုတွေးပြီး ကိုယ့်ဟာကိုယ် သတ်သေမယ်အလုပ်မှာ သူ့လက်ပွေ့အိတ်အနီလေးနဲ့ တစ်ခုခုနဲ့ သွားညှိနေတယ်။ သူဒါနဲ့ အဲ့ဒါလေးကို ရုန်းနေတုန်း ဘေးကရှိတဲ့ လူတွေကလည်း ချော်လဲတယ်ထင်ပြီးကြည့်နေကြတုန်း ကျောက်သယ်တဲ့ ရထားတွဲကလာပြီး မမရဲ့ ဆန္ဒကို အဆုံးသတ်ပေးလိုက်ပါတယ်။ ဇာတ်ကသိမ်းသွားတယ်။
ဇတ်သိမ်းသွားတော့ ဇာတ်လုံးတစ်ခုလုံးမှာ အားပြိုင်မှုတွေ လူတွေရဲ့ဖြစ်တက်တဲ့ စိတ်အခြေအနေတွေ အမျိုးသမီးများနဲ့ ပတ်သက်တဲ့ စိတ်ဆန်းကြယ်မှုတွေကို တွေ့ရပါတယ်။ မမလို ဂုဏ်သရေရှိအမျိုးသမီးတစ်ဦး ဒီလိုအခြေအနေဖြစ်လာမယ်ဆိုတာ သာမန်တွေးလို့ မရပေမဲ့ စာရေးဆရာက လူတို့၏ မနောသဘာဝကို ပြသွားပါတယ်။ ဇာတ်လိုက်မင်းသမီး မမ ကို လော်လီဖောက်ပြန်တယ်လို့ သာမန်စွပ်စွဲလို့ရပေမဲ့ ဇာတ်လမ်းဇာတ်သွားရဲ့ ချောမွေ့ပုံအရ အပြစ်မတင်ရက်ပဲ စိတ်သဘာဝ၏ ဖြစ်တက်တာကိုပဲ မြင်ကြည့်မိလိုက်တော့တယ်။
လေးစားစွာဖြင့်
ဖိုးသူတော်
၁၆.၂.၂၀၁၀
၁၇ နာရီ ၁၇ မိနစ်
Photo Source : Internet