Wednesday, April 21, 2010

အလိုင်နီဆည်သို့ အလှူတစ်ခေါက်


အလိုင်နီဆည်သို့ အလှူတစ်ခေါက်
 မတ်လလောက်ကတည်းက မှန်းထားသော အလှူတစ်ခုဖြစ်သည်။ ဧပြီလတွင် သင်္ကြန်ပြီး အဆင်ပြေသော တစ်ရက်ရက်တွင် သွားမည်ဟု ကြိုတင်မှန်းဆထားသည်။ ဒါပေမဲ့ စာမေးပွဲ ဖြေရတာတစ်ကြောင်း၊ လက်တွဲလုပ်နေကြ သူငယ်ချင်းများ မအားတာတစ်ကြောင်း ကြောင့် ဖြစ်ဖြစ်မြောက်မြောက် မစီစဉ်လိုက်ရပါ။ စိတ်ကူးထဲ ထားရုံပဲရှိသေးသည်။ သို့ပေမဲ့ အလှူရှင် သူငယ်ချင်းများနှင့် အသိမိတ်ဆွေများ၏ ဆက်သွယ် လှူဒါန်းမှုများကြောင့် စီစဉ်ထားသော အစီအစဉ်သည် ရုပ်လုံးပေါ်လာသည်။ ပထမဦးစွာ အသိအန်တီကြီးတစ်ဦး၏ အလှူငွေ စတင်ရသည်။ ထို့နောက် သူငယ်ချင်း များ၏ အလှူငွေများ ရရှိပြီး သကာလ လိုအပ်သော ပစ္စည်းများ ၀ယ်ယူရန် အဆင်သင့်ဖြစ်သည်နှင့် ဧပြီလ ၁၉ ရက်နေ့တွင် ပေးအပ်လှူဒါန်းမည့် ကျောင်းသုံးဗလာစာအုပ်များ၊ ဖတ်စာ စာအုပ်များ၊ ခဲတံ၊ခဲဖျက်နှင့် ဘောပင်အစရှိသည်တို့ ၀ယ်ဖြစ်သည်။
            သွားရောက်လှူဒါန်းမည့် နေရာမှာ ဟိုယခင်ကတည်းက အီးမေလ်းထဲသို့ ရောက်နေသော ပဲခူးတိုင်း အလိုင်နီဆည်ထိပ်ရှိ အမှတ်    ( ၅ ) အောင်သိဒ္ဓိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပင်ဖြစ်သည်။ လိုအပ်ချက်များရှိနေသော ကျောင်းလေး တစ်ကျောင်းဖြစ်မည်ကို မြင်ရုံနဲ့ ခန့်မှန်းမိနိုင်ပါသည်။ ထိုကြောင့် ထိုကျောင်းကိုပင် သွားရောက်လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါသည်။ သွားရောက်ဖို့ရာအတွက်ကိုမူ ယခင်ယခင် သွားခဲ့ဘူးသော မေးလ်ပို့သော မိတ်ဆွေ တစ်ယောက်အားမေးမြန်းရပါသည်။ သူ၏ လမ်းကြောင်းညွှန်ချက်အရ သွားရောက်ခဲ့ပါသည်။ 


            ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖြစ်သောကြောင့် အသိအန်တီကြီးမှ ကျောင်းထိုင် ဘုန်းကြီးအတွက် လှူဖွယ်ဝတ္ထူပစ္စည်းများကိုလည်းကောင်း၊ မင်္ဂလာဦးဇနီးမောင်နှံနှစ်ဦးမှ မင်္ဂလာဦးအလှူငွေများကိုလည်ကောင်း စာရေးကိရိယာများနှင့် အတူ ပေးလိုက်ပါသည်။ ထိုပြင် မြန်မာ့သစ်လုပ်ငန်း တညင်းကုန်းဝန်ထမ်းအိမ်ယာမှ မိသားစုများ၏ အလှူဖြစ်သည့် အ၀တ်အစားများမှာလည်း ဆာလာအိပ် ၂ အိပ်နှင့် အပြည့်ပါ ပါသေးသည်။ 
            သွားရောက်သည့် နေ့ ဧပြီလ ၂၀ ရက်နေ့တွင် ချိန်းဆိုထားသည့်အတိုင်း မနက် ၇ နာရီခွဲတွင် ကျတော့် ရုံးမှ ကားဖြင့်သွားပါသည်။ လိုက်ပါသည့် လူများမှာ များများစားစားမရှိပါ။ ကျတော်နှင့် သူငယ်ချင်း သုံးယောက် ပေါင်း လေးယောက်ဖြစ်ပါသည်။ လမ်းကြောင်းမှာ ရန်ကုန် - နေပြည်တော် မြို့ရှောင်လမ်းသစ်မှ သွားပါက မိုင်တိုင် ၁၅ ရောက်လျှင် ဘယ်ဘက်သို့ ကွေ့ရပါမည်။ သို့ရာတွင် ကွေ့ကြော မရှိသောကြောင့် မိုင်တိုင် ၁၅ကိုကျော်၍ နောက်ထပ် ၅ ဖာလုံထပ်သွားရပါသည်။ ထိုအခါ ကွေ့ကြောရောက်မှ ကွေ့ပြီး ရန်ကုန်- နေပြည်တော် လမ်းတံတားအောက်ကို ၀င်ပြီး လှေလှော်အင်း အကျဉ်းစခန်းကို ဖြတ်သန်းပြီး အလွန်ဖုန်ထူသော လမ်းအတိုင်း သွားရပါသည်။ အကျဉ်းစခန်း စစချင်းအ၀င်မှာတင် ခြေချုပ်တန်းလန်းနှင့် အကျဉ်းသမားများ အထုပ်များထမ်းနေသည်ကို နေပူပူအောက်တွင် တွေ့ရပါသည်။
            ထို့နောက်မှာတော့ လမ်းတစ်လျှောက် ဖုန်ထူထူ နေပူပူနှင့် မှန်းသန်းသွားရပါသည်။ တစ်ခါမျှ သွားဖူးသည့် နေရာမဟုတ်ပါ။ ထို့နောက် လမ်းတွင် ကြို့ကြားတွေ့ရသော လူများအား မေးရပါသည်။ ထိုသို့ မေးရင်းနှင့်ကို အလိုင်နီဆည်သို့ ၁ ၁/၂ မိုင်ဆိုသည့် ဆိုင်းဘုဒ်ကို ကျော်၍ ၃ မိုင်ခန့် ဆက်သွားမိသေးသည်။ ဆိုင်ကယ်သမား တစ်ဦး ကို မေးလိုက်ကာမှ လမ်းမှားမှန်းသိ၍ ပြန်ကွေ့ရပါသည်။ ဒီလိုနှင့် မနက် ၇ ခွဲက ထွက်ခဲ့သော ခရီးသည် ၁၀ နာရီခွဲလောက်တွင် ရောက်ပါသည်။
            ဘုန်းကြီးကျောင်းရောက်တော့ ကျောင်းထိုင်ဆရာတော်က ကိုရင်ငယ်တစ်ပါး ကျောင်းတင်ဖို့ ကိစ္စနှင့် အပြင်သွားသည်ဆို၍ ကျောင်းရှိ ကျန်ဦးဇင်းများနှင့်သာ လာရောက်ခြင်း ကိစ္စနှင့် အလှူကိစ္စကို ပြောဆို ဆွေးနွေးပါသည်။ ထိုဦးဇင်းများမှာလည်း ကျောင်းထိုင်ကိုယ်တော်နှင့် ဘုန်းတော်ကြီးကျောင်းပညာရေး ၀ါသနာပါသူ စိတ်တူ ကိုယ်တူ သူငယ်ချင်း ကိုယ်တော်များဖြစ်ပါသည်။ ထို့နောက် ပြောဆိုစရာရှိသည်များ ပြောဆိုပြီး ဦးဇင်းများအား လှူဖွယ်ပစ္စည်းများ အရင်ကပ်လှူပါသည်။
            ထို့နောက်မှ ကျတော်တို့ လှူဒါန်းသော  ဗလာစာအုပ် ဒါဇင် ၁၆၀ ၊ သူငယ်တန်းမှ စတုတ္ထတန်းထိ ကျောင်းသုံးဖတ်စာအုပ်အစုံ ၁ စုံစီ၊ ခဲတံ ၁၉၂ ချောင်း ၊ ခဲဖျက် အတုံး ၉၀ ၊ ဘောပင် အနီ ၁၀ ချောင်း ၊ အ၀တ်အစားထုပ် ၂ ထုပ် စသည့်ပစ္စည်းများ ပေးအပ်လှူဒါန်းပါသည်။ ထို့ပြင် သူငယ်ချင်း မင်္ဂလာဦးဇနီးမောင်နှံ လှူဒါန်းသော မင်္ဂလာဦးအလှူငွေ ၊ အသိအန်တီကြီး၏ မိခင်အား ရည်စူး လှူဒါန်းသည့် အလှူငွေများ ပေးအပ်လှူဒါန်းပြီး လက်ခံရရှိသည့် ဦးဇင်းမှာ လှူဒါန်းရသည့် အကျိုးအလို့ငှာများအရ ဆုမွန်ကောင်းများ ပေးအပ်ပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပြန်လည် ပေးအပ်ပါသည်။
            ထို့နောက် ကျတော်တို့ သူငယ်ချင်း တစ်စု  ကျောင်းဝင်းအတွင်း လည့်ပတ်ကြည့်ရှုပြီး ကလေးများ စာသင်ကြားသည့် အဆောင်ကို လိုက်ကြည့်ပါသည်။ အဆောင်မှာ ဆောက်လက်စ ဖြစ်၍ ကြမ်းခင်း တမံတလင်းသာ ခင်းရပါသေးသည်။ ဘေးအတွက် အကာသေချာ မကာရသေးသည်ကို တွေ့ရပါသည်။ ကာမည့် အစီအစဉ် ရှိသည်ဟု့ပြောပါသည်။ ကျတော်မှ ဦးဇင်းများအား ကျောင်းတွင် ကိုယ်ပိုင် စီးပွားရေး ဖြစ်သော စိုက်ပျိုးရေး သို့မဟုတ် တစ်ခုခုအား လူအင်အားနိုင်ပါက လုပ်ကိုင်ကြည့်ပါရန်အကြံပေး ပြောကြားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ကျတော်တို့ ဘလော့ဂ်ကာ သူငယ်ချင်းများ၏ ကော့မှူးဘုန်းတော်ကြီး စာအုပ်အလှူတွင် ကျောင်းထိုင်ဆရာတော်သည် ကျောင်းအတွက် ၀င်ငွေရရှိစေရန် နဂါးမောက်သီးများအား မျိုးယူပြီး အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးထားသည်ကို တွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။
            ယခုသွားသော အောင်သိဒ္ဓိကျောင်းသည် ပဲခူးတိုင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအချုပ်ကြီး၏ လက်အောင်ခံ ကျောင်းခွဲ ကလေးတစ်ခု ဖြစ်သောကြောင့် နိုင်ငံတော် အထောက်အပံ့မရရှိပါ။ အလှူရှင်များနှင့်သာ ရပ်တည်နေရသော ကျောင်းလေးဖြစ်သည်။ ကျောင်းရှိ ဦးဇင်းများနှင့် လိုအပ်သည်များ ဆွေးနွေးပြီး ကျောင်းထိပ်ရှိ အလိုင်နီဆည်ကြီးသို့ သွားရောက် လေ့လာကြည့်ရှု ဓါတ်ပုံများ ရိုက်ကြပါသည်။ မြင်ကွင်းနှင့် ပတ်ဝန်းကျင်မှာ သဟဇတမျှတမှုရှိပါသည်။ ထိုနေရာလေးသည် ရန်ကုန်နှင့်  မိုင်မည်မျှ မဝေးသော် သွားရလာရ ထောက်သည့်အတွက် လူသူအရောက်အပေါက်နည်းပါသည်။ လူသူအရောက်အပေါက် နည်းပါးသည့် လက္ခဏာဖြစ်သော လူသုံးပစ္စည်း အမှိုက် တစ်စတစ်လေ မျှပင်မတွေ့ရပါ။ နောက်ပြီး ထိုကျောင်းသို့ မိုးတွင်ဘက်တွင် သွားရခက်ခဲပါသည်။
            ကျတော် သွားရောက်လှူဒါန်းခဲ့သော ပစ္စည်းအရေအတွက်မှာ ၂၀၀၉-၂၀၁၀ ပညာသင်နှစ်အတွက် ကျောင်းသားစာရင်းအတိုင်း လှူဒါန်းခြင်းဖြစ်ပါသည်။ လာမည့်ကျောင်းဖွင့် ရာသီ ၂၀၁၀-၂၀၁၁ အတွက် စာရင်းမရှိသေးကြောင့် မလှူဖြစ်သေးပါ။ ထိုစာရင်း ရရှိပါက တစ်ခါ သွားရောက်လှူဒါန်းမည်ဟု့ မျှော်လင့်ထားပါသည်။ ကျောင်းသုံးစာရေးကိရိယာများအပြင် ကျောင်းသားများ စာသင်ကြားမည့်နေရာများအား မိုးလုံလေလုံဖြစ်အောင် လှူဒါန်းလိုသော စိတ်ဆန္ဒရှိပါသည်။ သို့ဖြစ်ပါ၍ စိတ်ပါဝင်စားပြီး လှူဒါန်းလိုပါက ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

ဖိုးသူတော်
၂၁.၄.၂၀၁၀
၁၉ နာရီ ၃၀ မိနစ်

           
             

2 comments:

Khin said...

သာဓုသာဓုသာဓု

KO GYI said...

ညီရေ
သာဓု.....သာဓု.....သာဓု.... ပါဗျာ

http://alinnsaytaman.multiply.com/journal/item/119

ခင်မင်စွာဖြင့်

ကိုရီး{ကိုကြီး}
www.k0gyi.multiply.com