စက်တင်ဘာညနေခင်း၊သူနှင့် မိုးစက်ပွင့်လေးများ
မိုးသားကင်းစင်သော ညနေခင်းတခုမဟုတ်ခဲ့ပါ။ မုတ်သုန်နှောင်း၏ အကြွင်းအကျန် မိုးသားမိုးလိပ်တို့ ကောင်းကင်တခွင် ပြန့်ကြဲနေကြသည်။ လေသည် လူ့စိတ်ကို လန်းဆန်းအောင် လတ်လတ်ဆတ်ဆတ် တိုက်ခက်လျက်ရှိသည်။ လေထဲမှ မိုးငွေ့မိုးရနံ့လေးများ ခံစားသိရှိရသည်။ နာရီကို ကြည့်လိုက်တော့ ညနေလေးနာရီ စွန်းစွန်းရှိနေပြီ။ ချိန်းထားသည်မှာ ညနေ ၅ နာရီ မထိုးခင်ဖြစ်သဖြင့် ခုချိန်သွားလျှင်ဖြင့် ကွက်တိလောက်ကြမည်ဖြစ်သည်။ သူသည် ရေညှိများတက်နေသော ပလက်ဖောင်းပေါ်တွင် အလိုက်သင့် လမ်းလျှောက်ရင်းဖြင့် ပတ်ဝန်းကျင်၏ လတ်ဆတ်သာယာအေးမြမှုကို ခံစားကာ သီချင်းတိုးတိုးညည်းရင်း လျှောက်လာနေသည်။
ဘက်စ်ကားဂိတ်မရောက်သည်မှာ ၄ လခန့်ကြာမြင့်နေပြီ ဖြစ်သော်လည်း အရာအားလုံးက ပုံမှန်အတိုင်းပင်ရှိသည်။ ထုံးစံအတိုင်း ခပ်နွမ်းနွမ်း အဲယားကွန်ဘက်စ်ဟု အမည်တပ်ထားသော ပြတင်းပေါက်အားလုံးဖွင့် ကားကြီးတစီး ကားဂိတ်သို့ ရောက်လာသည်။ အသာပင်တက်လိုက်ပြီး အနောက်ဘက်ဆုံး ထိုင်ခုံတွင် ထိုင်ကာ သက်တောင့်သက်သာ လိုက်ပါခဲ့သည်။ မိုးရာသီဖြစ်သောကြောင့် ပတ်ဝန်းကျင်သည် စွတ်စိုတောက်ပြောင်စိမ်းလွင်လျက် ရှိသည်။ သူ ဘက်စ်ကား စီသည့် ကားဂိတ်မှ သွားမည့် မှတ်တိုင်ထိက အနည်းလေး နာရီဝက်ကျော်ကျော် လောက် ကားစီးရမည် ဖြစ်သဖြင့် ပတ်ဝန်းကျင်ကို စိတ်ဝင်တစားကြည့်ကာ လိုက်ပါနိုင်သည်။ တကယ်တော့လည်း စိတ်ဝင်တစားကြည့်စရာ ဘာမှ မရှိပါသော်လည်း (မြင်နေကျမြင်ကွင်းများသာ) စကားပြောဖော် တယောက်တလေ မရှိသည့်အတွက် ထိုမြင်ကွင်း များကိုပင် အသစ်အဆန်းသဖွယ် ကြည့်ရှု့ကာ နေရတော့သည်။
ကြော်ငြာဆိုင်းဘုဒ်များမှ မင်းသမီးခပ်ကျကျ ခပ်၀၀ ၏ နန်းဆန်ဆန်ပြုံးတုန်းတုန်းကြည့်နေဟန် ၊ ခပ်ငယ်ငယ် မော်ဒယ်မလေး၏ ဒေါင့်မြင့်ဖိနပ်ကြော်ငြာကြောင့် လှနေသောအနောက်ပိုင်း ကောက်ကြောင်း စသည်တို့ကို စိတ်ဝင်စားဖွယ်မဟုတ် စိတ်ဝင်တစားကြည့်နေမိသည်။ ဒီလိုနှင့် ဆင်းရမည့် မှတ်တိုင်နားရောက်တော့ မိုးက ခပ်ဖွဲဖွဲ ရွာလာပါသည်။ တော်သေးသည်။ ကိုင်နေကြထီးခပ်နွမ်းနွမ်း ပါလာလို့ အဆင်ပြေသွားသည်။ အပြင်သွားလျှင် တအုပ်မဟုတ် တအုပ်ယူလာတက်သော စာအုပ်တအုပ်ကို ကိုင်ကာ ထီးဖွင့်ဆောင်းရင်း ခပ်အေးအေးပင် လျှောက်လာခဲ့သည်။ ချိန်းထားသည့် နေရာရောက်တော့ ညနေ ၄ နာရီ ၅၀ တိတိ။ ကိုယ့်ဟာကို ပြုံးမိသည်။ ဘာလို့ ခုလိုအချိန်က အတိအကျ ဖြစ်နေရလည်း မသိပေ။
ချိန်းထားသည့် သူမ မရောက်သေးသည့်အတွက် ထုံးစံအတိုင်း ကော်ဖီတခွက် မှာသောက်ကာ ယူလာသော စာအုပ်ကို ဖတ်နေသည်။ စာအုပ်သည် ၀ယ်ထားတာကြာပြီ ဖြစ်သော်လည်း သေချာ မဖတ်ရသေးသော စာအုပ်ဖြစ်သည်။ အယ်ဒီတာများ နှင့်တွေ့ဆုံခြင်းစာအုပ်ဖြစ်သည်။ ဖတ်၍ အတော်ကောင်းသည်။ ယနေ့ခေတ် မြန်မာမဂ္ဂဇင်း လောကမှ နာမည်ကြီး အယ်ဒီတာများနှင့် တွေ့ဆုံ၍ စာပေအကြောင်း၊အယ်ဒီတာကျင့်ဝတ် အစရှိသည်တို့ကို ပညာသားပါပါ မေးမြန်ပြီး အယ်ဒီတာဆရာများက ပညာသာပါပါဖြေကြားထားသော စာအုပ်ဖြစ်သည်။ မောင်သွေးသစ်တို့ မောင်တည်ငြိမ်တို့ ကောက်နွယ်(ကနောင်) တို့ပါသည်။ ဖတ်၍ စိတ်ဝင်စားဖွယ် များပါသည်။
မောင်သွေးသစ်၏ ကဗျာအပေါ် ကဗျာဆရာတယောက်အနေဖြင့် ဖွင့်ဆိုချက်ကို သဘောကျမိသည်။ ကော်ဖီ တ၀က်ကျိုးသွားပြီ။ အချိန်က ၁၅ မိနစ်ကျော် ကြာသွားပြီ။ သူမ ရောက်မလာသေး။ ခံတွင်းချဉ်လာသဖြင့် စီးကရက်တလိပ် ဖွာမိသည်။ စီးကရက် မီးညှိပြီးကာမှ ဘေးဘီကို အားနာသလို ဖြစ်သွားသော်လည်း ကိုယ့်ရှေ့ဝိုင်းမှာ ထိုင်နေသည့် ငနဲက အမျိုးသမီးတယောက်နှင့် စကားပြောရင်း စီးကရက်တဖွာဖွာ လုပ်နေသောကြောင့် သက်သာရာ ရသွားသည်။ စီကရက်တလိပ်ကုန်လေသည်။ ကော်ဖီ တငုံစာမျှကျန်တော့သည်။ အယ်ဒီတာ သုံးယောက်လောက် အကြာင်း ဖတ်ပြီးသွားသည်။ သူမ ရောက်မလာသေး။
မျက်လုံးသည် စာအုပ်ကို အတော်ကြာဖတ်နေသဖြင့် အဝေးသို့လှမ်းကြည့်သောအခါ သဲကွဲစွာမမြင်ရပေ။ အပြင်ဘက်တွင် မိုးက ခပ်မှောင်မှောင် သည်းသည်းရွာနေဟန်တူသည်။ မိုးသံကိုကား မကြားရပေ။ ဖြတ်သန်းသွားနေသော လူများ ထီးဆောင်းနေသောကြောင့်နှင့် ရုတ်တရက်အပြင်တွင်မှောင်နေသောကြောင့်သာ တွေးမိသည်။ ဆိုင်ကောင်တာကို ကြည့်လိုက်တော့ အမျိုးသမီးတယောက်နှင့် ကောင်တာက ကောင်မလေး စကားပြောနေသည်။ ရုတ်တရက်ဆိုတော့ သူမ များလားဟု ထင်လိုက်မိသည်။ ကိုယ့်မျက်လုံးလဲ ကိုယ်အပြစ်တင်မိသည်။ ဒီလောက်တောင် သဲကွဲအောင် မမြင်ရပေဘူးလား။ အသွင်ဟန်ပန်သည် အတော်ကိုတူသည်။ ဒါမှမဟုတ် ကိုယ်မြင်ချင်သည့်ဟာကို ဦးနှောက်က သိနေသဖြင့် မျက်စိအမြင်တွင် တမင် လာထင်ဟပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ကော်ဖီတခွက်ကာ ကုန်လေသည်။ ရေနွေးလည်း ၇ ခွက်လောက် သောက်ပြီးဖြစ်သည်။ စီးကရက်တလိပ် ထပ်ဖွာရှိုက်သည်။ နာရီလက်တံများက ၆ နာရီကို ရောက်ဖို့ အနည်းငယ်သာလိုတော့သည်။ သူတို့ဟာသူတို့ တရွေ့ရွေ့ သွားနေသည်။ သူမကာ ရောက်မလာသေးပေ။ သေချာပါပြီ.. ချိန်းတဲ့ အချိန်နောက် မိနစ် ၅၀ လောက်ကျသွားနေပြီဖြစ်သည်။ မိုးကလည်း ခပ်စိတ်စိတ်လေး ရွာနေသည်။ တကယ်တော့ ရာသီဥတုက လန်းဆန်းနေပေသည်။ သူ၏ စိတ်တွင်တော့ ထင်သလောက် မလန်းပေ။ ဆိုင်မှ ထွက်ကာ လမ်းပေါ်ရောက်လာသည်။ ထီးဖွင့်ဆောင်းကာ ခပ်အေးအေးပင် လမ်းလျှောက်နေလိုက်သည်။ စိတ်ထဲတွင်တော့ သူမ ထီးမှ ပါ ပါလေလားဟု တွေးနေမိသည်။
ညနေခင်း၏ မိုးဖွဲဖွဲအောက်မှာ ပျားပန်းခက်သွားလာနေသော သူများကို အမှတ်မဲငေးမောကြည့်နေမိသည်။ သူမကို ယောင်ရမ်းပြီးများ
တွေ့လိုက်လေမလားဟု စိတ်ထဲက ဖြစ်နေသည်။ ပြည်လမ်းမကြီးသည် နက်ပြောင်တင်းမာနေသည်။ ကားများသည်လည်း အလျင်မလိုဟန် ခပ်ဖြေးဖြးသွားနေကြသည်။ သူသည်လည်း ခပ်နှေးနှေးသာ လျှောက်နေသည်။ မိုးစက်များသည် တစက်စက်နှင့် တံစက်မြိတ်တခုအောက်မှ ကျနေသည်။ လေသည် ခပ်ကြမ်းကြမ်း တချက် မွှေ့လိုက်သည်။ မိုးစက်မှုံမွှားလေးများ လွင့်စင်ထွက်သွားသည်။ သူသည် အိပ်တန်းပြန် ငှက်ကလေးများကို ငေးမောကြည့်နေမိသည်။ တကောင်၊ နှစ်ကောင်၊ သုံးလေးငါးကောင်။ ဟိုး အဝေးမှာ ကောင်ကင်ကြီးက ခပ်ညိုညို။ မိုးကာ စဲမည့်ပုံ မပေါ်တော့ပါ…။
ဖိုးသူတော် ( ၁၁.၉.၂၀၁၀)
1 comment:
သူမ ရောက်မလာဘူးပေါ့.. ဘာများ ဖြစ်လို့ပါလိမ့်..
Post a Comment