အောက်တွင်ရေးသားဖော်ပြထားသော အကြောင်းအရာများသည် ကျတော် ကိုယ့်ဟာကို စာအုပ်ဖတ်ပြီး ကျတော် အမြင်နဲ့ သုံးသပ်ချက်များကို ရေးသားဖော်ပြထားခြင်းဖြစ်ပါသည်။ စာရေးဆရာများနှင့်တကွ မည်သူမည်ဝါကိုမှ ပြောဆိုရေးသားဖော်ပြခြင်းမဟုတ်ပါကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။ စာအုပ်များအမြည်း သဘောရယ် အမြင်ရယ်ကို ရိုးရိုးသားသားရေးသားခြင်း ဖြစ်ပါသည်။
ဖိုးသူတော်
မြွေခြေသံနှင့်မမ
မြွေခြေသံမှာ စာရေးဆရာက သာမန်တောရွာလေးကနေ ရန်ကုန်လာပြီး ကျောင်းတက်ရင်း အလုပ်လုပ်၊ အလုပ်လုပ်ရင်း ကျောင်းတက်တဲ့ ကိုချစ်ထူးဆိုတဲ့ လူကို ဇာတ်ကောင်အဖြစ်ထားထားတယ်။ ဒီလူ့မှာ မွေးကတည်း အမေပဲရှိတယ်။ အဖေက သူ့ကိုယ်ဝန်ဆောင်ချိန်မှာပဲ ဆုံးသွားခဲ့တယ်။ အမေကလည်း ဒီလူ ခပ်ငယ်ငယ်မှာ သေသွားတယ်။ အဲ့ဒီတော့ ကျတော်အထင် မေတ္တာတော့ ငတ်ရှာမှာပဲ။ အတွေးအခေါ်ကလည်း တစ်မျိုး ဖြစ်နိုင်တယ်။
ဇာတ်လမ်းကတော့ ရန်ကုန်မှာ သက်ကြီးညကျောင်းတက်ပြီး ၁၀ တန်းဖြေတယ်။ အခန်းထဲက ကောင်မလေးကို ကြိုက်တယ်။ စာပေးတယ်။ ကောင်မလေးကလည်း လက်ခံသယောင်ယောင်ပြတယ်။ ဒါပေမဲ့ ကောင်မလေး တခြားသင်တန်းတစ်ခု ပြောင်းတက်တော့ သူကျန်ခဲ့တယ်။ အဲ့ဒါနဲ့ လိုက်တွေ့တယ်။ တစ်ခါအတွေ့ ခံပြီးတော့ ထပ်အတွေ့မခံတော့ဘူး။ အသည်းတွေဘာတွေ ကွဲသွားတယ်။ ပထမဦးဆုံးဆိုတော့။ ဒါနဲ့ သူတို့နေတဲ့ တန်းလျားအောက်ထပ်က ချာတိတ်မ တစ်ယောက်နဲ့ ထပ်ငြိတယ်။ အခြေအနေအရပ်ရပ်ကြောင့် ချာတိတ်မလေးကို သူယူလိုက်ရတယ်။ လင်မယားသာ ဖြစ်သွားပေမဲ့ သူစိတ်ထဲတော့ သူ့ဟာသူ လူပျိုထင်နေတုန်းပဲ။
မအောင်သေးတဲ့ ၁၀ တန်းကို ထပ်တက်တယ်။ တက်ရင်းနဲ့ ကျောင်းမှာ ကောင်မလေး တစ်ယောက်နဲ့ ငြိတယ်။ သူ့ဟာသူ လူပျိုဆိုတာ ဖုံးထားတယ်။ ကောင်မလေးကလည်း မသိတော့ မစွတ်ခင်ကတည်း ညွတ်ချင်ချင်ဆိုတော့ ချစ်သူတွေဖြစ်ကြတယ်။ ဒီကိစ္စကို အိမ်က မိန်းမ မသိဘူး။ ကောင်မလေးက မယားရှိမှန်း သိသွားတော့ ခွာလိုက်တယ်။ ကိုချစ်ထူးလည်း ၁၀ တန်းအောင် လုပ်သားကောလိပ်ဆက်တက်ပြီး ဥပဒေဘွဲ့လေး ရတယ်။ ဥပဒေ၀န်ထမ်းအဖြစ် အညာမြို့လေး တစ်ခုကို ပြောင်းရတယ်။ အလုပ်အကြောင်းပြပြီး ဇနီးနဲ့ သမီးကို ရန်ကုန်မှာပဲ ထားခဲ့တယ်။
ဖြစ်ချင်တော့ အညာမြို့လေးမှာ တာဝန်ကျတုန်း မိန်းမ တစ်ယောက်နဲ့ ငြိတယ်။ မုဆိုးမ တစ်ယောက်ပါ။ မုဆိုးမက သေသွားတဲ့ သူ့အမျိုးသားနဲ့ ကိုချစ်ထူး တူလို့ ဆိုပြီး လာမိတ်ဆက်ရာကနေ ငြိတာပါပဲ။ ကြောင်ကလည်း ခံတွင်းပျက်ပျက် ဇရက်ကလည်း တောင်ပံက ကျိုးဆိုတော့ အတော်လေးဟုတ်ကြတာပေါ့။ ဒါနဲ့ပဲ ၁ နှစ်ကျော်လောက်အညာမှတာဝန်ကျပြီးတော့ ရန်ကုန်ကို ပြန်ပြောင်းမိန့်ကြတယ်။ ရန်ကုန်က မြို့နယ်တစ်ခုက ဥပဒေရုံးမှာလုပ်တယ်။ အဲ့မှာပဲ တစ်ခါထပ်ပြီး ရှေ့နေမ တစ်ယောက်နဲ့ ထပ်ဆုံတယ်။
ရှေ့နေမကလည်း မုဆိုးမပဲ ထင်တယ်။ သမီးလေးတစ်ယောက်နဲ့။ အားလုံးထဲမှာ ရှေ့နေမကတော့ ပညာတက်ပဲ။ အဲ့တစ်ယောက်နဲ့တော့ ကိုချစ်ထူး တော်တော်လေး ဖြစ်တယ်။
ဇာတ်လမ်းက ပြီးခါနီးပြီ။ ရှေ့နေ့မက နောက်ပိုင်း ရှေ့နေမလုပ်တော့ဘူး။ ကိုချစ်ထူး ကောင်းမှူအကြောင်းပြုပြီး အရက်ဆိုင်ဖွင့်တာ အတော်လေးကို အောင်မြင်တယ်။ ကိုချစ်ထူးက မြို့လေးမှာ နေရင်း နဲ့ စာလေးဘာလေးရေးပြီး ရှေ့နေလေး ဘာလေးလုပ်မယ်ဆိုပြီး သွားတာ အဆင်မပြေတာနဲ့ ရန်ကုန်နဲ့ နီးတဲ့ လိမ္မော်ခြံဆိုတဲ့ ကရင်ရွာလေးကို ထပ်စတည်းချနေတယ်။ အဲ့ အချိန်မှာ အညာက မုဆိုးမနဲ့လည်း ပျက်သွားပြီ။ အိမ်က မိန်းမကလည်း သူဘယ်မှာ ရှိမှန်းမသိဘူး။ ရှေ့နေမနဲ့ပဲ အဆက်အဆံရှိတော့တာ။ ကြာလာတော့လည်း လူ့သဘောသဘာဝအတိုင်း အလုပ်မရှိတဲ့ ဒီလူကြီး ကိုချစ်ထူးကို ရှေ့နေမကလည်း ငြိုငြင်ချင်သလိုဖြစ်လာပြီး ကိုချစ်ထူးနဲ့ ရှေ့နေမ စကားတွေ များကြတယ်။
နောက်ဆုံးမှာတော့ အသိတရား(လူမိုက်နောက်တ) ရပြီး မယားကြီးဆီပြန်မယ်ဆိုပြီး ပြန်သွားတယ်။ ပြန်သွားတယ်ဆိုတာ ပြန်မယ်ဆိုပြီးပြောတာ။ ရောက်သွားလား မယားကြီးက လက်ခံလား ဘာလားတော့ မသိဘူး။ ဇာတ်လမ်းက ပြီးသွားပြီ အဲ့ဒါနဲ့ပဲ။
ဇာတ်လမ်းရဲ့ ဇာတ်နာခံရတဲ့ ဇာတ်ဆောင်က ကိုချစ်ထူး မယားကြီး အမျိုးသမီးဖြစ်တယ်။ သူက ပညာအရည်အချင်းအနေနဲ့ အားလုံးထဲမှာ အနည်းဆုံး။ နောက်ပြီး စကားလှလှမပြောတက်ပဲ ဒုတ်ထိုးအိုးပေါက် ပြောတက်တယ်။ သူ့အနေနဲ့ တရားဝင်မယားကြီး တစ်ယောက်ဖြစ်နေသော်လည်း ဇာတ်ပို့တစ်ယောက်အနေနဲ့ ပါဝင်လှုပ်ရှားရပြီး စကားပြောခန်း သိပ်မပါရပါဘူး။ ဒါပေမဲ့ သူ့နေရာ သူ့အနေအထားနဲ့ တွေးကြည့်ရင် သူ့အနေနဲ့ မှားတယ်လို့ မပြောနိုင်ပါဘူး သူလုပ်တာ ပြောတာတွေက။
အညာသူ မုဆိုးမ က တော့ ရှင်းပါတယ်။ အားဖြည့်ဇာတ်ကောင်။ ခရီးသွားဟန်လွှဲတွေ့တယ်။ သူ့ရဲ့ သေသွားတဲ့ ယောင်္ကျားနဲ့ တူတဲ့ ကိုချစ်ထူးနဲ့ ငြိတယ်။ သူက တော့ အဖြည့်ခံသက်သက်။ ဒါပေမဲ့ သူလည်းလေ လောကီသားဆိုတော့ ကိုချစ်ထူးကို ပိုင်ဆိုင်ချင်တယ်။ တအိုးတအိမ် ထူထောင်ချင်တယ်။ ဒါပေမဲ့ အဲ့ဒါတွေ မဖြစ်သေးမှာပဲ နယ်ပြောင်းရတယ်။ နယ်ပြောင်းလို့ ရန်ကုန်မှာ ပြန်တွေ့တော့လည်း ဇာတ်လမ်းက ဆက်မရပြန်ဘူး။ ဟို ဆြာကိုချစ်ထူးက စူပါကော်ဖီမစ်ဖြစ်နေတယ်။ အဲ့မှာတင် သူ(အညာကမိန်းမ)က မယားကြီးနဲ့ စကားတွေ ဘာတွေများပြီး တခန်း ရပ်သွားတယ်။
ပြောရမယ်ဆိုရင်တော့ ကိုချစ်ထူးလို လူမျိုးတွေ လောကကြီးမှာ ရှိပါတယ်။ ဒါပေမဲ့ စာရေးဆရာကတော့ သူ့ ကလောင်စွမ်းနဲ့ ကိုချစ်ထူးကို မိန်းမ သုံးယောက်နဲ့ ပတ်သက်ပေးလိုက်တယ်။ ၄ ယောက်လို့ ပြောလို့ရပေမဲ့ ညကျောင်းမှာ ပထမဆုံး ကြိုက်ခဲ့တဲ့ ကောင်မလေးက ဧည့်သရုပ်ဆောင် အဆင့်ပါပဲ။
ဇာတ်လမ်းဆုံးသွားတော့ ဖတ်တဲ့သူ အပေါ်မူတည်ပြီး အမျိုးမျိုးကွဲသွားနိုင်ပါတယ်။ စာရေးဆရာမ ဂျူးလို မိန်းမအလေးပေး ဆရာမက အမှာစာမှာ သူအနေနဲ့ ဒီလိုမျိုးဇာတ်ကောင်ရှိရင် လွန်စွာစိတ်မကောင်းဖြစ်ပြီး သူရဲ့ လောကအမြင်ပါ ပြောင်းသွားနိုင်ကြောင်းရေးထားပါတယ်။ ဒီလိုရေးတာကလည်း ဆရာမ ဂျုးအပေါ် မည်သို့မျှ မထင်ပါ။ သူက မိန်းမရင်းစွဲ ရှိခဲ့တာပဲလေ။ ကျတော့်အနေနဲ့က မိန်းမ ယောင်္ကျား ရင်းစွဲ မရှိတော့ ပြဿနာမရှိပါ ဘူး။ ဒါပေမဲ့ ဆရာမ ဂျူးနည်းပါး မိန်းမရင်းစွဲ ရှိသူများကတော့ ဒီစာအုပ်ဖတ်ပြီး တော်တော် လေး အီစိမ့်သွားမဲ့ ပုံရှိပါတယ်။ ဇာတ်လိုက် ကိုချစ်ထူးရဲ့ လုပ်ဆောင်ချက်တွေကို အတော်လေး အီသွားနိုင်ပါတယ်။ အဲ့ဒီမှာ အကြံလေး တစ်ခုပေးချင်တာ မိန်းမ များကို ယောင်္ကျားများက စိတ်ရှိတိုင်း ဖောက်လွှဲ ဖောက်ပြန်လုပ် ( တကယ်တော့ ၂ ဖက်တီးမှ သေချာမြည်တာပါ လက်ခုပ်က) တဲ့ အကြောင်း ဖတ်တော့ စိတ်မကောင်း ဖြစ်ရင် မကောင်းဘူး။
ကျတော်ကလည်း ဖြစ်ချင်တော့ ၀ယ်လာတာက မြွေခြေသံ အပြင် ဆရာမြသန်းတင့် ရဲ့ မမ ဆိုတဲ့ စာအုပ် ဖြစ်နေတယ်။ အဲ့တော့ အီနေတဲ့ စိတ်ကို အချဉ်လို ပြေသွားအောင် မမ နဲ့ ဖြေလိုက်ကြရအောင်။ အရာအားလုံး ဟာ လူ့လောက လူ့သဘာဝမှာ ဖြစ်ပျက်နေတာပါ။ စာရေးဆရာတွေကို ကျေးဇူးတင်ပါတယ်။ သူတို့ သေချာရေးပေးထားလို့ ဆောင်ရန်ရှောင်ရန် တခြားသောဟာတွေကို ပရိတ်သက် က သိရတာပါ။
ဆိုတော့ကာ မြွေခြေသံ ထဲကလို ဖိုဝါဒ ဆန်ဆန် ကိုချစ်ထူး ပွေးခဲ့သမျှကို မမ နဲ့ အချဉ်ဖြေသလို ဖြေကြည့်ရအောင်။ မမ ဇာတ်လမ်း အကျဉ်လေး ရေးလိုက်ပါမယ်။ ဆရာ မြသန်းတင့် ရေးခဲ့တဲ့ မမ။ ဆရာရဲ့ ပင်ကိုရေး ၀တ္ထူတစ်ပုဒ်။ လက်ရွေးစဉ်တော့ မဟုတ်ပေမဲ့ ကောင်းတဲ့ စာရင်းထဲဝင်ပါတယ် ခင်ဗျာ။ ဇာတ်လမ်းကတော့…။။
မင်းမင်းလတ် ဆိုတဲ့ ခရိုင်ဝန်တစ်ယောက်ရှိတယ်။ ဘွဲ့ရပြီး ဗျူရိုကရက် စနစ်ထဲဝင်ပြီးမှ မိသားစု အသိုင်းအ၀ိုင်းကြောင့်ရယ် ယောက်ဖဖြစ်တဲ့ စည်သူပျံချီ ဦးချစ်ထွန်းကြောင့်ရယ် ခရိုင်ဝန်ကို အသက် ၃၀ မှာရတယ်။ ဇနီးချော တစ်ယောက်ရှိတယ်။ ဒါက အကျဉ်း။ မောင်မောင်လတ် မိန်းမ မှာ ညီမတွေရှိတယ်။ အင်း…. မောင်မောင်လတ်မှာ အမ တစ်ယောက်ရှိတယ်။။။ ဇာတ်ဆောင်မင်းသမီးပဲ မမ တဲ့။
မောင်မောင်လတ်နဲ့ မိန်းမ ခင်ရီရီ နဲ့ စကားများပြီး ကွဲမယ် ကွာမယ်လုပ်တော့ မမ ကပဲ လာပြီး ဖြေရှင်းပေးလိုက်ရတယ်။ အဲ့ဒီမှာ ခင်ရီရီတို့ အိမ်ဝင်ထွက်နေတဲ့ ယေးလ် တက္ကသိုလ် ကျောင်းဆင်း ဒေါက်တာ သက်ဆွေ ဆိုတာ ရှိတယ်။ မမ နဲ့ သက်ဆွေက ခင်ရီရီ ညီမ ခင်သီသီ မွေးနေ့ပွဲ အငြိမ်ပွဲမှာ စတွေ့တယ်။ သက်ဆွေက လူပျို။ ဒါပေမဲ့ မမ ဆိုတဲ့ အိမ်ထောင်သက် ၇ နှစ် ကလေးတစ်ယောက် အမေကို အသကုန်ကြွေသွားတယ်။ မမကလည်း စာရေးဆရာ ချယ်မှုန်းချက်အရ ကြွေလောက်အောင် လှတယ်။ တကယ်တော့ ခင်သီသီတို့ အသိုင်းအ၀ိုင်းက ခင်သီသီနဲ့ သက်ဆွေကို သဘောတူသလိုထားတယ်။ ခင်သီသီကလည်း ဘာမှန်း သူ့ဟာသူသေချာမသိဘူး။ အောင်မိုးဆိုတဲ့ လူတစ်ယောက်ကလည်း ရှိနေတယ်။ အောင်မိုးက ငယ်ငယ်ကတည်းသိတဲ့ အကိုကြီးတစ်ယောက်ပေါ့။
(ဒီနေရာတွင် ဆက်မရေးဖြစ်တော့ပဲ ရက်ပေါင်းအတော်ကြာအောင် ရပ်ထားသည်။ ကျတော် ခု ဆက်ရေးမယ်လုပ်တော့ စာအုပ်အား သူငယ်ချင်းတစ်ယောက် ငှားသွားရာ ယခုတိုင် ပြန်မရသေးပါ။ သို့ဖြစ်ပါ၍ ကျတော်ခေါင်းထဲ ကျန်သလောက် ဆက်ရေးပါမည်။ စာရေးသူ )
ဇာတ်လမ်းအရ ခင်သီသီ အိမ်မှလုပ်တဲ့ အငြိမ့်ပွဲမှာကတည်းက သက်ဆွေနဲ့ မမ ပူးပူးကပ်ကပ် စကားပြောနေကြာတာကို ခင်သီသီမြင်ပြီး အမြင်သိပ်မကြည်လင်ပုံကို ဆရာမြသန်းတင်က ရေးထားတယ်။ မမ ရန်ကုန်ပြန်သွားတော့လဲ သက်ဆွေက ပိုသည်းသည်းဖြစ်ပြီး ရန်ကုန်ကို ပါပြောင်းသွားပြီး ရန်ကုန်တက္ကသိုလ်မှာ ကျောင်းဆရာ သွားလုပ်နေတယ်။ သက်ဆွေရဲ့ အမ၀မ်းကွဲထင်တယ် မင်းကတော်တစ်ယောက်ပဲ မမ နဲ့က ခင်တယ်။ အိမ်အ၀င်အထွက်ရှိတယ်။ အဲ့ဒီမှာပဲ ဘေးတီးကောင်းတာကော မိန်းမတို့၏ ဆန်းကြယ်သော စိတ်ပြောင်းလဲမှုများအရပါ လင်ကြီးငုတ်တုတ် ရှိရဲ့နဲ့ မမ နဲ့ သက်ဆွေတို့ ငြိကြတယ်။ မိန်းမတို့၏ ဆန်းကြယ်သော စိတ်ဆိုတာက ဒီနေရာမှ မမက ဦးချစ်ထွန်းကို ယောက်ကျားသာတော်ထားတာ။ အချစ်မပါဘူး။ သူ့အတွက် လူတွေ ဖိုမ သတ္တ၀ါတွေမှာ ဖြစ်ပေါ်တဲ့အချစ်ဆိုတာမခံစားမထိတွေ့ဘူးသေးဘူး။ ကလေးသာတစ်ယောက် ရပြီးတာ။ ဦးချစ်ထွန်းက သူ့ချစ်သူမဟုတ်ဘူး။ သူ့ယောက်ကျားလင်သားအိမ်ဦးနတ်။ သက်ဆွေနဲ့တွေ့မှ အချစ်ဆိုတာ မြည်းစမ်းမိပြီး မဖြစ်သင့်တာတွေဖြစ်ကုန်တာ။
သူတို့ လူဂုဏ်တန်အသိုင်းအ၀ိုင်းမှာ ဒီလိုဖောက်လွဲဖောက်ပြန်မှုတွေကမထူးဆန်းပေမဲ့ မိသားစု အစုအဝေးတစ်ခုအတွက်ကျတော့ အခြေအနေက တော်တော်ကို မကောင်းဘူးဖြစ်နေတယ်။ အကျဉ်းချုပ်ပြောရရင် ဦးချစ်ထွန်းရှိရဲ့နဲ့ မမနဲ့ သက်ဆွေ ငြိကျတယ်။ သက်ဆွေက မမကို ဦးချစ်ထွန်းနဲ့ ကွာခိုင်းတယ် ။ မမကလည်း ကွာချင်တယ်။ အဘိုးကြီး ဦးချစ်ထွန်းက အကွာမခံဘူး။ သူကလည်း သူ့ဟာသူ သူ့သိက္ခာ၊ သူ့အတ္တနဲ့ အတွေးအရ မကွာပေးပဲ အပျော့စွဲလုပ်ထားတယ်။ ကြားထဲမှာ ဗျာများရသူက မမ။ ယောက်ကျားက အပျော့စွဲ လုပ်ထားတာက တစ်ဖက် ချစ်သူက တစ်ဖက်။ ဒီကြားထဲ သူ့ယောက်ကျားနဲ့သူနဲ့ ရတဲ့ သားလေးလည်းတစ်ယောက်ရှိသေးတယ်။ ယောက်ကျားကို ပြတ်နိုင်ပေမဲ့ မိန်းမသားတို့၏ မိခင်သံယောစဉ်ကြောင့် သားလေးကို မပြတ်နိုင်။ သူနှင့်အတူတူ ခေါ်ဖို့ကလည်း ဦးချစ်ထွန်းက ခွင့်မပြု။
ဒီလိုနဲ့ မမ အိမ်ပေါ်က ဆင်းပြီး သက်ဆွေနဲ့ တူတူ သွားနေတယ်။ နောက်တော့ သူတို့ သမီးမိန်းခလေး တစ်ယောက်ရတယ်။ ဒီချိန်ထိ မမကို ဦးချစ်ထွန်းက ကွာမပေးသေးသလို သက်ဆွေနဲ့လည်း မမက လက်မထပ်ရသေးဘူး။ သက်ဆွေကလည်း ပြတ်ပြတ်သားသားဖြစ်ချင်နေပြီ။ ဒီအတွက် မမ ရဲ့ မောင် မင်းမင်းလတ် က ကြာဝင်ညှိနှိုင်းပေမဲ့ ဘယ်လိုမှ ဖြစ်မလာဘူး။ မမ နဲ့ သက်ဆွေကလည်း တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြသော်လည်း အတွေးလေးတွေ ကိုယ်စီ ဖြစ်လာကြပြီ။ မမ ကလည်း သက်ဆွေကို အတွေးတစ်မျိုးဖြစ်လာတယ်။ သက်ဆွေကတော့ မမ လောက်အတွေးမများဘူးထင်တာပဲ။ သက်ဆွေနဲ့ မမတို့က ပြင်ဦးလွင်မှာ နေလိုက် မန္တလေးဆင်းနေလိုက်လုပ်နေကြတယ်။
တစ်ရက် သက်ဆွေ မန်းလေးဆင်းသွားပြီး ပြန်မလာတော့ မမလိုက်သွားတယ်။ သက်ဆွေအမေက သက်ဆွေကို တခြားကောင်မလေးတစ်ယောက်နဲ့ သဘောတူထားတယ်ဆိုတာကို မမက တစွန်းတစသိထားတယ်။ မမက သက်ဆွေဆီ စာပို့ခိုင်းတယ် သူနဲ့ ပြင်ဦးလွင်ပြန်နေဖို့။ ဒါပေမဲ့ စာက အကြောင်းအမျိုးမျိုးကြောင့် သက်ဆွေလက်ထဲမရောက်သွားဘူး။ သက်ဆွေတို့ သားအမိနဲ့ အမျိုးသမီးလေးတစ်ယောက် ပြင်ဦးလွင်ကို သွားမယ် သတင်းကြားတော့ မမ လည်း ပြင်ဦးလွင်လိုက်ဖို့ ပြင်တော့တာပဲ။
ဇာတ်သိမ်းခန်းရောက်ပါပြီ ။ ဘူတာရုံရှေ့ရောက်တော့ အရူးမတစ်ယောက် ကနေတဲ့ဇာတ်ကွက်ကို ဆရာမြသန်းတင့်က ထည့်ထားတယ်။ ဒီဇာတ်ကွက်က တနည်းနည်းနဲ့ ဇာတ်လမ်းနဲ့ ပတ်သက်နေတယ်။ မမ စိတ်ထဲမှာလည်း ရူးနေပြီလို့ သိလိုက်ရတယ်။ နောက်တစ်ချက်က မမ ပထမဦးဆုံးအခေါက် မန်းလေးကို လာတော့ သူစီးလာတဲ့ ရထားတွဲနဲ့ လူတစ်ယောက် ရထားအောက်ထဲ ရောက်ပြီး သူတို့ရှေ့မှာ သေသွားတာ စာရေးဆရာက ဇာတ်လမ်းစကတည်းက ထည့်ထားတယ်။
မမ လည်း ရထားစီးသွားပြီ ပြင်ဦးလွင်ဘူတာကို ရောက်တော့ ရထားပေါ်ကဆင်းတယ်။ သက်ဆွေတို့ အဖွဲ့ကိုတွေ့မလား ရှာနေတုန်းမှာ သက်ဆွေနဲ့သူ့အမေ နောက်ထပ်အမျိုးသမီးတစ်ယောက်ကို သွားတွေ့တယ်။ မမ စိတ်ထဲဘယ်လိုတွေဖြစ်သွားလည်းမသိဘူး။ စကတည်းက သူ့စိတ်တွေမမှန်တော့တာလဲပါမှာပါ။ ဒီအဖြစ်အပျက်တွေအားလုံးရဲ့ အဆုံးသတ်ပုစ္ဆာအဖြေကို သူတွေ့သွားတယ်။ လူတစ်ယောက်သေလိုက်ရင် အားလုံးပြီးသွားမယ်ဆိုတာပဲဖြစ်တယ်။ သူပြုံးလိုက်ပြီး ရထားအောက်ကို ၀င်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲ့လိုတွေးပြီး ကိုယ့်ဟာကိုယ် သတ်သေမယ်အလုပ်မှာ သူ့လက်ပွေ့အိတ်အနီလေးနဲ့ တစ်ခုခုနဲ့ သွားညှိနေတယ်။ သူဒါနဲ့ အဲ့ဒါလေးကို ရုန်းနေတုန်း ဘေးကရှိတဲ့ လူတွေကလည်း ချော်လဲတယ်ထင်ပြီးကြည့်နေကြတုန်း ကျောက်သယ်တဲ့ ရထားတွဲကလာပြီး မမရဲ့ ဆန္ဒကို အဆုံးသတ်ပေးလိုက်ပါတယ်။ ဇာတ်ကသိမ်းသွားတယ်။
ဇတ်သိမ်းသွားတော့ ဇာတ်လုံးတစ်ခုလုံးမှာ အားပြိုင်မှုတွေ လူတွေရဲ့ဖြစ်တက်တဲ့ စိတ်အခြေအနေတွေ အမျိုးသမီးများနဲ့ ပတ်သက်တဲ့ စိတ်ဆန်းကြယ်မှုတွေကို တွေ့ရပါတယ်။ မမလို ဂုဏ်သရေရှိအမျိုးသမီးတစ်ဦး ဒီလိုအခြေအနေဖြစ်လာမယ်ဆိုတာ သာမန်တွေးလို့ မရပေမဲ့ စာရေးဆရာက လူတို့၏ မနောသဘာဝကို ပြသွားပါတယ်။ ဇာတ်လိုက်မင်းသမီး မမ ကို လော်လီဖောက်ပြန်တယ်လို့ သာမန်စွပ်စွဲလို့ရပေမဲ့ ဇာတ်လမ်းဇာတ်သွားရဲ့ ချောမွေ့ပုံအရ အပြစ်မတင်ရက်ပဲ စိတ်သဘာဝ၏ ဖြစ်တက်တာကိုပဲ မြင်ကြည့်မိလိုက်တော့တယ်။
လေးစားစွာဖြင့်
ဖိုးသူတော်
၁၆.၂.၂၀၁၀
၁၇ နာရီ ၁၇ မိနစ်
Photo Source : Internet
2 comments:
မြွေခြေသံတော့မသိဘူး မမကတော့ Leo Tolstoy ရဲ့ Anna Karenina ကိုမှီးရေးတာလို့ ယူဆချင်တယ် ၊ ဇတ်လမ်းက အတူတူကြီးပဲ ၊ မီးရထားနဲ့ သေတာရော ၊ သားတစ်ယောက်အမေရော ..ဆရာမြသန်းတင့်ကတော့ မသိမသာယူရေးမှာ မဟုတ်ပါဘူး ..မှီးရေးတယ်ဆိုတာကို စာအုပ်မှာပြောထားမယ် ထင်ပါတယ်
မြွေခြေသံကိုဖတ်ပြီးတော့ ဂျူးပြောသလိုတော့ စိတ်မကောင်း မခံစားရပါဘူး၊ မျိုးမြင့်အောင်ပြောသလိုလဲ လက်ခုပ်ကနှစ်ဖက်တီးမှမြည်ပါတယ်လို့လည်း ချက်ချင်းအတွေးမပေါ်ပေမယ့်လည်း ဟုတ်သားပဲ၊ စိတ်ကိုတော့ တော်တော်ညစ်ညူးသွားမိတယ်။ လူတွေ ကိုလည်းစိတ်ကုန်သွားမိတယ်။ လူ့သဘာဝဆိုတာကို သတိပေးနေသလိုပဲ။
Post a Comment