
တိမ်တမျှင် အတွေးတစ်စ
ဆည်းဆာချိန်ဖြစ်သည်။ မကြာမီနေ၀င်တော့မည်။ ကောင်းကင်၏ အချို့နေရာများသည် လိမ္မော်ရောင်ဖျော့ဖျော့ တိမ်များဖြင့် လှပနေသည်။အမျိုးအမည်မသိသော ငှက်ကလေးများလည်း ဟိုတစ်စုသည်တစ်စုဖြင့် ပျံဝဲနေကြသည်။ အိပ်တန်းသို့ပြန်ရန်အတွက်ဖြစ်ပေလိမ့်မည်။ မြစ်ပြင်သည် လှိုင်းကြက်ခွပ်လေးများဖြင့် လှုပ်ရှားသက်ဝင်နေသည်။ ဟိုဟိုဒီဒီ မျှောပါနေသော ဗေဒါ အစုစုတို့သည်လည်း မြစ်ပြင်၊လှိုင်းကြက်ခွပ်လေးများနှင့် ကာရံညီစွာ မျှောပါနေသည်။ လှေဦးထိုးခွဲ၍ ဖွာကျနေသော ရေဖွားများသည်ပင် ကြည့်၍ကောင်းနေသည်။ အင်ဂျင်စက်သံက မှန်မှန်ထွက်ပေါ်နေသည်။ သို့သော် စိတ်အာရုံများက နီးနီးဝေးဝေးပျံ့လွင့်နေသောကြောင့် အင်ဂျင်သံထွက်ပေါ်နေသည်ကို သတိမထားမိချေ။ သို့တည်းမဟုတ် နားများက အလိုအလျောက် အင်ဂျင်သံကို ဥပက္ခာပြုထားခြင်းဖြစ်နိုင်သည်။
လူ့ဘ၀ဟူသည် ၀ါကျင့်ကျင့်မြစ်ပြင်လည်းဖြစ်နိုင်သည်။ ထိုမြစ်ပြင်ပေါ်ရှိ လှိုင်းကြက်ခွပ်လေးများလည်းဖြစ်နိုင်သည်။ ဟိုမှာသည်မှာမျှောပါနေသော ဗေဒါအုပ်များလည်းဖြစ်နိုင်သည်။ အိပ်တန်းပြန် ငှက်ကလေးများကဲ့သို့လည်း ဖြစ်နိုင်သေးသည်။ ထို့ပြင် လူ့ဘ၀ဟာ လူ့ဘ၀ပင် ဖြစ်နေနိုင်ပါသေးသည်။
မြစ်တစ်ခု၏ ကျောပေါ်တွင် လူ့ဘ၀ပေါင်းများစွာကို ထမ်းပိုးထားသည်။ ထိုဘ၀များသည်ပင် မြစ်တစ်ခု၏ ဘ၀ဖြစ်နေသည်။ လူတစ်ယောက်စီတွင် မွေးဖွားလာကတည်းက လူအဖြစ်ရှင်သန်ရန် အင်္ဂါရပ်များပါလာပါသည်။ ထိုသို့ လူအဖြစ်ရှင်သန်ရန် အရာများနှင့်အတူ ဘ၀တစ်ခုပါတွဲပါလာပါသည်။ ထိုအရာသည် ထိုသူ၏ ဘ၀ပင်ဖြစ်သည်။ သူ့ဘ၀၏ အဆိုးအကောင်းအကျိုးအကြောင်းများကို သာမန်အားဖြင့် ငယ်ရွယ်စဉ်မှာ ပတ်ဝန်းကျင်က များစွာဖော်ဆောင် ပြောင်းလဲသော်လည်း ကြီးပျင်း၍ လူလားမြောက်လာသောအခါ မိမိကိုယ်တိုင် ဖန်တီးဖော်ဆောင် ပြောင်းလဲ လာရပါသည်။ ထိုသို့ဖန်တီးလာသော ဘ၀ပိုင်ရှင်များ (ကျားနှင့်မ) တစ်ဦးနှင့်တစ်ဦး (ဘ၀တစ်ခုနှင့်တစ်ခု) ပေါင်းစပ်ကြသည်။ အိမ်ထောင်ပြုသည်ဟု ယေဘုယျအားဖြင့်ခေါ်နိုင်ပါသည်။ ထိုသို့ပေါင်းရာတွင် တစ်နှင့်တစ်ပေါင်းသည်လည်းဖြစ်နိုင်သည်။ အပေါင်းတစ်နှင့် အနုတ်တစ် ပေါင်းသည်လည်း ဖြစ်နိုင်သည်။ အပေါင်းတစ် အနုတ် နှစ်လည်း ဖြစ်နိုင်သည်။ ပေါင်းတော့ ပေါင်းကြသည်။ ရလဒ်အဖြေမည်ရွေ့မည်မျှကို စိတ်ဝင်စားကြသည့်ပုံမပေါ်ချေ။ ပေါင်းအဆင်ပြေ၍ ဂဏာန်းအနည်းငယ် ညှိပြီး ပေါင်းခြင်းဖြစ်နိုင်သည်။
နေလုံးဝ ၀င်သွားသည်။ ၀န်းကျင်တစ်ခုလုံးသဲကွဲစွာမမြင်ရတော့ပါ။ မှောင်သွားသည်ဟုမဆိုလိုပါ။ နေ့ခင်းအလင်းရောင်များ ပျောက်ကွယ်၍ ညအလင်းရောင် တစ်မျိုးဖြစ်လာခြင်းဖြစ်သည်။ ကောင်းကင်တွင် ကြယ်တစ်လုံး ထင်းထင်းကြီး တောက်နေသည်။ ထိုကြယ်၏ အလင်းရောင်လည်း ဖြစ်နိုင်သည်။ မဟုတ်လောက်ပါ။ ဟုတ်ကောင်းလည်း ဟုတ်နိုင်သည်။ သဘာဝည အလင်းရောင်အပြင် လူတို့ဖန်တီးထားသော အလင်းထုတ်သည့် အရာများမှလည်း အလင်းရောင်တစ်ချက်ချက်ရသည်။ ရုတ်တရက် ကောင်းကင်ကိုမော့ကြည့်လိုက်တော့ တစ်လုံးတည်းသော ကြယ်ကြီးအပြင် ကြယ်ပေါင်းများစွာ ကောင်းကင်တွင် ဖရိုဖရဲ ပြန့်ကျဲနေသည်။ အချို့နေရာများမှာတော့ မဲမဲ သာမြင်ရသည်။ တိမ်ဖုံးနေခြင်း ဖြစ်မည်။ လူ့ဘ၀တွင်လည်း တစ်ချို့က ကြယ်များလို လင်းနေ၍ တစ်ချို့က တိမ်ဖုံးနေတက်သည်။
တစ်ချက်တစ်ချက် လျှပ်စီးလက်သွားသည်။ ကြည့်၍ပင်ကောင်းနေသေးသည်။ မိုးရွာမှာတော့ စိုးရိမ်မိသည်။ မြစ်၏ ကျောပေါ် လှေ၏ ၀မ်းထဲတွင် လူ့ဘ၀ပေါင်းများစွာသည် လူ့ဘ၀များဆီသို့ဦးတည်နေကြသည်။ ထိုဘ၀များထဲတွင် ခင်ဗျား ကျွန်တော် ၊ သူ ၊ ယောက်င်္ကျား ၊ မိန်းမ များပါနေနိုင်သည်။
လူ့ဘ၀တွင် အချစ်ဆိုသည်မှာ ကြယ်တစ်လုံးကဲ့သို့ အလင်းရောင်တစ်မျိုးဖြစ်သည်။ ထိုလူ့ဘ၀များထဲတွင် ကျွန်တော်၏ အလင်းရောင်လည်းပါသည်။ ကျွန်တော်၏ အချစ်ဖြစ်သည်။ ကျွန်တော့ ကြယ်လေးသည် ကောင်းကင်တွင် လင်းနေသည်။ ကျွန်တော်သည် နှုတ်မှ ကဗျာစာသားလေး တစ်ပိုဒ်ကိုတိုးတိုးလေး ရွတ်နေမိသည်။
‘လှိုင်းခတ်သံဂီတ... ချိုမြမပီပြင်၊ သည်ရင်မှာ ကြယ်ပြာ..လပြာ.. ကောင်းကင်ပြာ. ရောင်လွှာမြူးပြက်၊ လျှပ်လက်သလို အို.....လှလိုက်တာ’.. ကျွန်တော်၏ ကဗျာရွတ်သံလေးကို ကြယ်ကလေး ကြားမယ်မထင်ပါ။ ကျွန်တော် နောက်တစ်ခါ အခွင့်အရေးလေးများ ရခဲ့ရင်တော့ ကြယ်ကလေး ကြားအောင် ကဗျာလေး ရွတ်ပြချင်ပါသည်။ ကျွန်တော်သူ့ကိုသိပ်ချစ်သည်။
အင်ဂျင်သံ သဲ့သဲ့လေးပြန်ကြားလာရသည်။ စိတ်သည် အတွေးများနောက်ကို တကောက်ကောက်လိုက်နေရာမှ ပတ်ဝန်းကျင်ကို သတိထားမိလာသည်။ ဟိုးလှမ်းလှမ်းတွင် မီးရောင်ပြပြများ မြင်နေရသည်။ မကြာမီ ဆိပ်ကမ်သို့ ကပ်တော့မည်။ အင်ဂျင်သံသည် မှန်မှန်ပင် ထွက်ပေါ်နေသည်……..။
အမှတ်တရ……………..
ဖိုးသူတော် ( ၁၉.၁၀.၂၀၀၉)
သုညနာရီနှစ်ဆယ့်ငါးမိနစ်..
Photo source : by phoethutaw
1 comment:
သိပ်လှပါတယ်ရှင် သိပ်ကိုလည်းလေးနက်ပါတယ်။ စာဖတ်သူလည်း အဲဒီလှေပေါ်ရောက်သွားသလိုဘဲခံစားရပါတယ်။ ကောင်းသောနေ့လည်းပါ
Post a Comment