Monday, October 19, 2009

အဂါးမှသည် ဘိကလိုင်ဆီသို့


အဂါးမှသည် ဘိကလိုင်ဆီသို့

၁၇.၁၀.၂၀၀၉ စနေနေ့မနက် ၅ နာရီခွဲ…

နှိုးစက်ကြောင့် နိုးလာခြင်း မဟုတ်ပဲ အစောကြီးကတည်းကနိုးနေပြီး နှိုးစက်မြည်မှထမည်ဟုဆုံးဖြတ်ထားသောကြောင့် နှိုးစက်မြည်သောအခါ ထလိုက်သည်။ မျက်နှာသစ်သွားတိုက်ပြီး လိုအပ်တာများပြင်ဆင်ပြီး ထွက်လာတော့ ၆ နာရီထိုး နေပြီ။ အင်းစိန်ဘက်တွင်နေသော ခရီးစဉ်တွင်လိုက်မည့် သူငယ်ချင်းအားသွားခေါ်လိုက်သည်။ သူတို့အား အင်းစိန်ဈေးရှေ့တွင် စောင့်နေစဉ် အနီးအနား ကျောင်းတိုက်များမှ ဖြစ်ဟန်တူသော ရဟန်းသံဃာကိုရင် အပါး ၆၀ ၏ ညီညီညာညာ ဆွမ်းခံထွက်လာသည်ကို မြင်တွေ့ရ၍ စိတ်တွင် အေးချမ်းမှုနှင့် ကြည်နှုးမှုဖြစ်ရသည်။ ကိုယ်ကလည်း အလှူအတန်းသွားလုပ်မည့် ခရီးသွားဖို့ ထွက်လာသည်ဆိုတော့ မင်္ဂလာကျက်သရေရှိမြင်ကွင်းမျိုး မြင်ရသည်မှာ စိတ်ချမ်းသာလှပါသည်။

၇ နာရီတွင် ချိန်းဆိုထားသော စာအုပ်ဆိုင်မှ စာအုပ်များကို ကားဖြင့်သယ်၍ ဇတ်ဆိပ်သို့ရောက်လာပါသည်။ ထို့နောက် ဒလမှ တွံတေးသို့ လိုင်းကားဖြင့် စာအုပ်များ တင်၍ ထွက်လာရာ မနက် ကိုးနာရီလောက်တွင် တွံတေးဆိပ်ကမ်းသို့ ရောက်ပါသည်။ အသင့်စောင့်ကြိုနေသော အဂါးရွာမှစက်လှေသမားများ၊ ကျောင်းပညာရေးကော်မတီဥက္ကဌ နှင့် ဆရာမ တစ်ယောက်အား တွေ့ရပါသည်။ ထို့နောက် စာအုပ်များကို စက်လှေပေါ်သို့ရွှေ့ပြောင်းပြီး တွံ့တေးမှ အဂါးအုပ်စု အဂါးရွာဆီသို့ ထွက်လာခဲ့ပါသည်။ လမ်းခရီးစဉ် တစ်လျှောက်လုံး ရာသီဥတု သာသာယာယာနှင့် စက်လှေလည်း ကောင်းကောင်းမွန်မွန်ရှိပါသည်။

ခရီးစဉ်မှာ ကျွန်တော်တို့အတွက် သုံးခေါက်မြောက်ခရီးစဉ်ဖြစ်ပါသည်။ မအူပင်ခရိုင်၊ အဂါးအုပ်စုရှိကျေးရွာများမှ မူလတန်းကျောင်းများအား စာအုပ်နှင့် စာရေးကိရိယာများကို စေတနာရှင်အလှူရှင်များ၏ အကူအညီဖြင့် ထောက်ပံ့ပေးဝေ ခြင်းဖြစ်ပါသည်။ အဂါးအုပ်စုတွင် ကျေးရွာငါးရွာရှိပါသည်။ ကျုံကြိုက်၊ အဂါး၊ စကားလွန်း၊ ညောင်ချောင်း နှင့် ဘိကလိုင်တို့ဖြစ်ပါသည်။ ကျွန်တော်တို့ ဒီနေ့ အဂါးနှင့် ဘိကလိုင် ရွာ မူလတန်းကျောင်းများအား စာအုပ်နှင့် စာရေးကိရိယာ များလာရောက်လှူဒါန်းခြင်းဖြစ်ပါသည်။

အဂါးကို အရင်ဝင်သည်။ အဂါးကိုရောက်တော့ နေ့လည် ၁၁ ခွဲနေပြီ။ ထမင်းစားပြီးမှ အဂါးရွာ အခြေခံပညာမူလတန်း ကျောင်းကို သွားပါသည်။ ကျောင်းကလေးမှာ မူလတန်းပညာသင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၇၀ ရှိပါသည်။ ကျောင်းသာ ၁၇၀ အား စာအုပ်တစ်ယောက် ၁ ဒါဇင်၊ ခဲတံ ၁ ချောင်း၊ ပေတံ ၁ ခု ၊ ခဲဖျက် ၁ တုံးစီပေးအပ်ပါသည်။ သူငယ်တန်းကျောင်းသားလေးများအား လေးကြောင်းမျဉ်းစာအုပ် ၄ အုပ်ထပ်ပေးပါသည်။ စတုတ္ထတန်းကျောင်းသားများအား ဘောပင်အပြာ တစ်ချောင်းစီပေးပါသည်။ ကျောင်းတွင် ဆရာ၊ဆရာမ အင်အား ၅ ယောက်ရှိရာ ဆရာ၊ဆရာမများအတွက် ဘောပင်အနီများလည်း ပေးအပ်ပါသည်။ ထို့နောက် ဆရာမများရပ်မိရပ်ဖများနှင့် နှုတ်ဆက်စကားပြောပြီး အဂါးမှ စကားလွန်းရွာသို့ ထွက်လာပါသည်။



အဂါးအခြေခံပညာမူလတန်းကျောင်း

အဂါးမှ ကျောင်းသားကျောင်းသူလေးများ

စာအုပ်များစီစဉ်နေပုံ

လှူဒါန်းမည့် စာအုပ်များ

ကလေးငယ်များ စာအုပ်ယူရန် တန်းစီနေစဉ်

တစ်ဦးချင်းစီအား ပေးဝေနေပုံ

ကျောင်းသုံးစာရေးကိရိယာများ

အဂါးမူလတန်းကျောင်းနှင့်အမှတ်တရ

စကားလွန်းရွာမှ စာအုပ်များသွားရောက်လှူဒါန်းမည့် ဘိကလိုင်ရွာသို့ ခြေလျင်ခရီး ၁ မိုင်ခွဲ သာသာလောက် သွားရပါသည်။ ဘိကလိုင်ကျောင်းသို့ ရောက်သောအခါ အားလုံးပင်ပန်းနွမ်းနယ်နေသော်လည်း မနားပဲ စာအုပ်များအား ခွဲတမ်းချ၍ တခါတည်းပေးဝေပါသည်။ ဘိကလိုင် အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသားကျောင်းသူပေါင်း ၄၂ ယောက်ရှိပါသည်။ အဂါးမှာကဲ့သို့ စာအုပ်နှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းပြီး နောက် ဘိကလိုင်ရှိ အိမ်တအိမ်မှ ဒေသထွက် မုန့်ပဲသရေစာများဖြင့် ဧည့်ခံကျွေးမွေးပါသည်။

ဘိကလိုင် အခြေခံပညာမူလတန်းကျောင်း

စာအုပ်များပေးရန်စီစဉ်နေပုံ

စာအုပ်ပေးဝေနေစဉ်

သူဘာများစဉ်းစားနေပါလိမ့်...

ဘိကလိုင်မှ ဧည့်ခံသော ဒေသထွက်သီးနှံများ..း)

ဘိကလိုင်မှ ပြန်လာတော့ ညနေ ၄ နာရီထိုးနေပြီဖြစ်သည်။ ဘိကလိုင်နှင့် တွံတေး စက်လှေ ၂ နာရီခန့်စီးရပါမည်။ အမှန်မှာ ညအိပ်မည်ဟု ရည်မှန်းထားသော်လည်း အလုပ်ခွင့်ရက်အခက်အခဲကြောင့် ပင်ပန်းနေသည့်ကြားမှ နေ့ချင်းပြန်ရခြင်းဖြစ်ပါသည်။ ဤသို့ဖြင့် စက်လှေစီးလာရာ အချိန် ၁ နာရီ သာသာခန့်လောက်တွင် စက်လှေ အင်ဂျင်မှ ထောက်ခနဲ့ မြည်၍ စက်လှေ ထိုးရပ်သွားပါသည်။ ဘာဖြစ်တာလို့ မေးလိုက်တော့ ချိန်းပြတ်၍ ရေထဲကျသွားသည်ဟုဖြေသည်။ အချိန်က ညနေ ၅ နာရီထိုးနေပြီဖြစ်သည်။ ခရီးက နောက်ထပ် ၁ နာရီစာကျန်သေးသည်။ သို့နှင့် အနီးဆုံး ကျုံလမု ဆိုသော ရွာလေးသို့ မျှော၍ လှေအားကပ်ထားပြီး ထိုရွာမှ လှေတစ်စီးအား အကူအညီတောင်း၍ နီးစပ်ရာ တွင်ခုံရှိသောရွာသို့သွား၍ ချိန်းအသစ်လုပ်ရပါသည်။ ဘိကလိုင်ရွာမှသူများကတော့ အကယ်၍စက်လှေဖြင့် အဆင်မပြေတော့ပါက ရှေ့တစ်ရွာတွင် တွံတေးထိ ဆိုင်ကယ်လမ်းပေါက်၍ ဆိုင်ကယ်ဖြင့် ပြန်နိုင်ကြောင်း အကြံပြုပါသည်။ သို့သော် ၁နာရီ အတွင်း ပြင်ဆင်ပြီး၍ ကျူံလမု မှ ထွက်လာတော့ ၆ နာရီ ဖြစ်နေသည်။ နေကလည်း အစောကြီးဝင်သဖြင့် အမှောင်ထုက ခပ်မြန်မြန်ရောက်လာသည်။ မှောင်မှောင်မဲမဲ ရိုးလေးထဲမှ တွံတေးသို့ ပြန်လာရာ ည ၇ နာရီကျော်မှ ရောက်ပါသည်။

တွံတေးရောက်၍ လိုင်းကားများ မရှိတော့သောအခါ ဒလဘက်ကမ်းထိ တက္ကစီငှားရပါသည်။ ဤသို့ အဆင့်ဆင့်ပြန်ခဲ့ရာ အိမ်ရောက်တော့ ည ကိုးနာရီခွဲဖြစ်နေသည်။ လူအနည်းငယ် ပင်ပန်းသော်လည်း ဤခရီးစဉ်လေးသည် အောင်မြင် ပီတီဖြစ်ဖွယ်ကောင်းသော ခရီလေးဖြစ်ခဲ့သည်။ ဤသို့ ကျေးရွာငယ်လေးများမှ ကလေးသူငယ်များ၏ ပညာရေးကို ထောက်ပံ့မှုပေးသော လုပ်ငန်းသည် ကောင်းမွန်သော လုပ်ငန်းတစ်ခုဖြစ်သည်။ ချို့တဲ့၍ ပညာမသင်နိုင်၊ စာအုပ်စာရေးကိရိယာ မပြည့်စုံ၍ ပညာမသင်နိုင်စသည့် အဖြစ်များကို မလိုလားပါ။ ထို့ကြောင့် တက်နိုင်သလောက် လက်လှမ်းမှီရာ ဒေသများအား ယခုကဲ့သို့ သွားရောက်ထောက်ပံ့ပေးဝေချင်ပါသည်။ ထောက်ပံ့ပေးဝေနိုင်အောင်လည်း ကြိုးစားပါသည်။ စေတနာရှင်၊အလှူရှင်များကိုလည်းများစွာ ကျေးဇူးတင်ပါသည်။ စေတနာရှင်များ၏ အလှူငွေများမရှိလျှင်လည်း ဖြစ်လာမည်မဟုတ်ပါ။ ထို့ကြောင့် အားလုံးကိုကျေးဇူးတင်ပါသည်။

ယခုသွားရောက်လှူဒါန်းသော မအူပင်ခရိုင် အဂါးအုပ်စုရှိ ကျေးရွာစုစုပေါင်း ငါးရွာမှ လေးရွာအား ပေးလှူပြီးဖြစ်သည်။ ထိုအုပ်စု အတွက် ရွာတစ်ရွာကျန်နေပါသေးသည်။ ထို့ကြောင့် ထိုရွာအား လာမည့် ဒီဇင်ဘာလ တွင်သွားရောက် ပေးအပ်လှူဒါန်းမည်ဟု့ မျှော်မှန်းထားပါသည်။ ကျောင်းသားဦးရေ (၁၅၀)ခန့်ရှိပါသည်။ ထို့ကြောင့် ပါဝင်လှူဒါန်းလိုသော စေတနာရှင်များ ကျွန်တော်နှင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ မည်ကဲ့သို့လှူဒါန်းချင်သည်ကိုပါ ပြောပြနိုင်ပါသည်။ ဆက်သွယ်ရမည့်အီးမေးလ်လိပ်စာက mmaung07@gmail.com ဖြစ်ပါသည်။ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါနိုင်ပါသည်။

ထိုကဲ့သို့ မိမိတို့တက်နိုင်သလောက် ပညာရေးထောက်ပံ့မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ကုသိုလ်ပြုကြပါဟု တိုက်တွန်းလိုက်ပါသည်။

ဖိုးသူတော် (၁၈.၁၀.၂၀၀၉)


တိမ်တမျှင် အတွေးတစ်စ

တိမ်တမျှင် အတွေးတစ်စ

ဆည်းဆာချိန်ဖြစ်သည်။ မကြာမီနေ၀င်တော့မည်။ ကောင်းကင်၏ အချို့နေရာများသည် လိမ္မော်ရောင်ဖျော့ဖျော့ တိမ်များဖြင့် လှပနေသည်။အမျိုးအမည်မသိသော ငှက်ကလေးများလည်း ဟိုတစ်စုသည်တစ်စုဖြင့် ပျံဝဲနေကြသည်။ အိပ်တန်းသို့ပြန်ရန်အတွက်ဖြစ်ပေလိမ့်မည်။ မြစ်ပြင်သည် လှိုင်းကြက်ခွပ်လေးများဖြင့် လှုပ်ရှားသက်ဝင်နေသည်။ ဟိုဟိုဒီဒီ မျှောပါနေသော ဗေဒါ အစုစုတို့သည်လည်း မြစ်ပြင်၊လှိုင်းကြက်ခွပ်လေးများနှင့် ကာရံညီစွာ မျှောပါနေသည်။ လှေဦးထိုးခွဲ၍ ဖွာကျနေသော ရေဖွားများသည်ပင် ကြည့်၍ကောင်းနေသည်။ အင်ဂျင်စက်သံက မှန်မှန်ထွက်ပေါ်နေသည်။ သို့သော် စိတ်အာရုံများက နီးနီးဝေးဝေးပျံ့လွင့်နေသောကြောင့် အင်ဂျင်သံထွက်ပေါ်နေသည်ကို သတိမထားမိချေ။ သို့တည်းမဟုတ် နားများက အလိုအလျောက် အင်ဂျင်သံကို ဥပက္ခာပြုထားခြင်းဖြစ်နိုင်သည်။

လူ့ဘ၀ဟူသည် ၀ါကျင့်ကျင့်မြစ်ပြင်လည်းဖြစ်နိုင်သည်။ ထိုမြစ်ပြင်ပေါ်ရှိ လှိုင်းကြက်ခွပ်လေးများလည်းဖြစ်နိုင်သည်။ ဟိုမှာသည်မှာမျှောပါနေသော ဗေဒါအုပ်များလည်းဖြစ်နိုင်သည်။ အိပ်တန်းပြန် ငှက်ကလေးများကဲ့သို့လည်း ဖြစ်နိုင်သေးသည်။ ထို့ပြင် လူ့ဘ၀ဟာ လူ့ဘ၀ပင် ဖြစ်နေနိုင်ပါသေးသည်။

မြစ်တစ်ခု၏ ကျောပေါ်တွင် လူ့ဘ၀ပေါင်းများစွာကို ထမ်းပိုးထားသည်။ ထိုဘ၀များသည်ပင် မြစ်တစ်ခု၏ ဘ၀ဖြစ်နေသည်။ လူတစ်ယောက်စီတွင် မွေးဖွားလာကတည်းက လူအဖြစ်ရှင်သန်ရန် အင်္ဂါရပ်များပါလာပါသည်။ ထိုသို့ လူအဖြစ်ရှင်သန်ရန် အရာများနှင့်အတူ ဘ၀တစ်ခုပါတွဲပါလာပါသည်။ ထိုအရာသည် ထိုသူ၏ ဘ၀ပင်ဖြစ်သည်။ သူ့ဘ၀၏ အဆိုးအကောင်းအကျိုးအကြောင်းများကို သာမန်အားဖြင့် ငယ်ရွယ်စဉ်မှာ ပတ်ဝန်းကျင်က များစွာဖော်ဆောင် ပြောင်းလဲသော်လည်း ကြီးပျင်း၍ လူလားမြောက်လာသောအခါ မိမိကိုယ်တိုင် ဖန်တီးဖော်ဆောင် ပြောင်းလဲ လာရပါသည်။ ထိုသို့ဖန်တီးလာသော ဘ၀ပိုင်ရှင်များ (ကျားနှင့်မ) တစ်ဦးနှင့်တစ်ဦး (ဘ၀တစ်ခုနှင့်တစ်ခု) ပေါင်းစပ်ကြသည်။ အိမ်ထောင်ပြုသည်ဟု ယေဘုယျအားဖြင့်ခေါ်နိုင်ပါသည်။ ထိုသို့ပေါင်းရာတွင် တစ်နှင့်တစ်ပေါင်းသည်လည်းဖြစ်နိုင်သည်။ အပေါင်းတစ်နှင့် အနုတ်တစ် ပေါင်းသည်လည်း ဖြစ်နိုင်သည်။ အပေါင်းတစ် အနုတ် နှစ်လည်း ဖြစ်နိုင်သည်။ ပေါင်းတော့ ပေါင်းကြသည်။ ရလဒ်အဖြေမည်ရွေ့မည်မျှကို စိတ်ဝင်စားကြသည့်ပုံမပေါ်ချေ။ ပေါင်းအဆင်ပြေ၍ ဂဏာန်းအနည်းငယ် ညှိပြီး ပေါင်းခြင်းဖြစ်နိုင်သည်။

နေလုံးဝ ၀င်သွားသည်။ ၀န်းကျင်တစ်ခုလုံးသဲကွဲစွာမမြင်ရတော့ပါ။ မှောင်သွားသည်ဟုမဆိုလိုပါ။ နေ့ခင်းအလင်းရောင်များ ပျောက်ကွယ်၍ ညအလင်းရောင် တစ်မျိုးဖြစ်လာခြင်းဖြစ်သည်။ ကောင်းကင်တွင် ကြယ်တစ်လုံး ထင်းထင်းကြီး တောက်နေသည်။ ထိုကြယ်၏ အလင်းရောင်လည်း ဖြစ်နိုင်သည်။ မဟုတ်လောက်ပါ။ ဟုတ်ကောင်းလည်း ဟုတ်နိုင်သည်။ သဘာဝည အလင်းရောင်အပြင် လူတို့ဖန်တီးထားသော အလင်းထုတ်သည့် အရာများမှလည်း အလင်းရောင်တစ်ချက်ချက်ရသည်။ ရုတ်တရက် ကောင်းကင်ကိုမော့ကြည့်လိုက်တော့ တစ်လုံးတည်းသော ကြယ်ကြီးအပြင် ကြယ်ပေါင်းများစွာ ကောင်းကင်တွင် ဖရိုဖရဲ ပြန့်ကျဲနေသည်။ အချို့နေရာများမှာတော့ မဲမဲ သာမြင်ရသည်။ တိမ်ဖုံးနေခြင်း ဖြစ်မည်။ လူ့ဘ၀တွင်လည်း တစ်ချို့က ကြယ်များလို လင်းနေ၍ တစ်ချို့က တိမ်ဖုံးနေတက်သည်။

တစ်ချက်တစ်ချက် လျှပ်စီးလက်သွားသည်။ ကြည့်၍ပင်ကောင်းနေသေးသည်။ မိုးရွာမှာတော့ စိုးရိမ်မိသည်။ မြစ်၏ ကျောပေါ် လှေ၏ ၀မ်းထဲတွင် လူ့ဘ၀ပေါင်းများစွာသည် လူ့ဘ၀များဆီသို့ဦးတည်နေကြသည်။ ထိုဘ၀များထဲတွင် ခင်ဗျား ကျွန်တော် ၊ သူ ၊ ယောက်င်္ကျား ၊ မိန်းမ များပါနေနိုင်သည်။

လူ့ဘ၀တွင် အချစ်ဆိုသည်မှာ ကြယ်တစ်လုံးကဲ့သို့ အလင်းရောင်တစ်မျိုးဖြစ်သည်။ ထိုလူ့ဘ၀များထဲတွင် ကျွန်တော်၏ အလင်းရောင်လည်းပါသည်။ ကျွန်တော်၏ အချစ်ဖြစ်သည်။ ကျွန်တော့ ကြယ်လေးသည် ကောင်းကင်တွင် လင်းနေသည်။ ကျွန်တော်သည် နှုတ်မှ ကဗျာစာသားလေး တစ်ပိုဒ်ကိုတိုးတိုးလေး ရွတ်နေမိသည်။

‘လှိုင်းခတ်သံဂီတ... ချိုမြမပီပြင်၊ သည်ရင်မှာ ကြယ်ပြာ..လပြာ.. ကောင်းကင်ပြာ. ရောင်လွှာမြူးပြက်၊ လျှပ်လက်သလို အို.....လှလိုက်တာ’.. ကျွန်တော်၏ ကဗျာရွတ်သံလေးကို ကြယ်ကလေး ကြားမယ်မထင်ပါ။ ကျွန်တော် နောက်တစ်ခါ အခွင့်အရေးလေးများ ရခဲ့ရင်တော့ ကြယ်ကလေး ကြားအောင် ကဗျာလေး ရွတ်ပြချင်ပါသည်။ ကျွန်တော်သူ့ကိုသိပ်ချစ်သည်။

အင်ဂျင်သံ သဲ့သဲ့လေးပြန်ကြားလာရသည်။ စိတ်သည် အတွေးများနောက်ကို တကောက်ကောက်လိုက်နေရာမှ ပတ်ဝန်းကျင်ကို သတိထားမိလာသည်။ ဟိုးလှမ်းလှမ်းတွင် မီးရောင်ပြပြများ မြင်နေရသည်။ မကြာမီ ဆိပ်ကမ်သို့ ကပ်တော့မည်။ အင်ဂျင်သံသည် မှန်မှန်ပင် ထွက်ပေါ်နေသည်……..။

အမှတ်တရ……………..

ဖိုးသူတော် ( ၁၉.၁၀.၂၀၀၉)

သုညနာရီနှစ်ဆယ့်ငါးမိနစ်..

Photo source : by phoethutaw

Thursday, October 15, 2009

what's wrong my facebook ?





ဘယ်လိုဖြစ်တာပါလိမ့်


တညနေလုံး Facebook သုံးနေတာ အကောင်း၊ ညဘက်သန်းခေါင်လောက်မှ ဘာထဖြစ်လည်းမသိဘူး။ ကျွန်တော့်အကောင့်ကို ပေးမ၀င်တော့ဘူး။ အပေါ်မှာပြထားတဲ့ ပုံတွေအတိုင်းပေါ်လာကုန်ရော။ ဒါနဲ့ ဘရောက်ဇာမျိုးစုံပြောင်းပြီး အကြိမ်ကြိမ်ဝင်တယ်။ ၀င်ရတဲ့ အခါ ၀င်တယ်။ မရတဲ့အခါ မရဘူး။ ကိုယ့် ကွန်ပျူတာနဲ့ ဘရောက်ဇာတွေရဲ့ နည်းပညာအမှားများလားလို့ တွေးမိပြီး နိုင်ငံခြားက မိတ်ဆွေကို လည်း ၀င်ခိုင်းပြီးကြည့်တယ်။ ဒီမှာဖြစ်သလိုပဲဖြစ်နေတယ်။ Friend List ကပျောက်ပြီး သုညဖြစ်နေတယ်။ ဒါကပရိုဖိုင်ကို ၀င်ရတုန်းလေး မြင်ရတာ။ Home ကိုဝင်လိုက်တော့ Friend List ပျောက်နေတော့ ဘာဖြစ်တုန်းဆိုတော့ ကိုယ်လုပ်ထားတဲ့ events တွေနဲ့ Fans လုပ်ထားတဲ့ဆီက events တွေပဲတက်နေတယ်။ သူငယ်ချင်းစာရင်းရှိလူများ ရဲ့ events တွေလုံးဝ မရှိတော့ဘူး။ ဒါနဲ့ ကိုယ့်ရဲ့ ကွန့်မန့်လေးတွေမှာ ပေါ်နေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ လင့်ကို နှိပ်ပြီး သူ့ပရိုဖိုင်ကို သွား. ရောက်မှ.. ကိုယ့် ပရိုဖိုင်ကို ပြန်ဝင်တော့လည်း ပြန်ဟုတ်သွားတယ်။ အဲ့ဒါတွေရဲ့ စုစုပေါင်းကြာချိန်က ၄၅ မိနစ်လောက်ဖြစ်တယ်။ မြန်မာပြည်မှာ Facebook ကို ဘန်းပြီလားဆိုပြီး ကျော်ခွဝင်တော့လည်း အဲ့လိုပဲ ဖြစ်နေတယ်။ ခုတော့ ရေးရင်း လုပ်ရင်းနဲ့ တော့ ပြန်ရနေသလို။ ဘာတွေများလည်းကွယ်။ ဖိုးသူတော်ကို ရွာသူများ နှောက်ယှက်လေရောသလား။။


PS. ပြောရင်းဆိုရင်းကို Home မှာ တခြားသူတွေရဲ့ events တွေပျောက်ကုန်ပြန်ပြီး။ လည့်စားလေသလား မျက်နှာစာအုပ်ရယ်။


ဖိုးသူတော်

၁၅.၁၀.၂၀၀၉

၃နာရီ ၅၂ မိနစ်။


Sunday, October 4, 2009

နှုတ်ခမ်းထောင့်မှာ ခိုတွဲသီနေတဲ့ ချစ်ခြင်း

နှုတ်ခမ်းထောင့်မှာ ခိုတွဲသီနေတဲ့ ချစ်ခြင်း.


နှုတ်ခမ်းထောင့်မှာ

အချစ်ဆိုတာလေး သီတန်းနေတယ်..


တံစမြိတ်အောက်မှာ

ရေစက် ကလေးတွေ ခိုတွဲနေသလို

အချစ်ဆိုတာလေးတွေ ခိုနေတယ်

ထွက်ကျတဲ့ စကားလုံးတိုင်း

နှုတ်ခမ်းထောင့်မှာ

အချစ်ဆိုတာ တွေ ပါနေတယ်..


ကျွန်တော့် နှုတ်ခမ်းဖျားမှာ ခိုတွဲနေတဲ့

အချစ် စကားလုံး ရေစက်လေးတွေက

တပေါက်ပေါက် ကျနေတယ်

သက်တန့်တွေပေါ်လို့ မိုးတွေစဲသွားချိန်ထိပေါ့....


နှုတ်ခမ်းထောင့်မှာခိုတွဲသိနေတဲ့

ချစ်ခြင်းရေစက်တွေ

လေတွေတိုက်လို့ နှုတ်ခမ်းထောင့်စွန်းကနေ

အောက်ကို ကျကုန်ပြီ...

ဒါကို မသိတဲ့ သူတွေက

သွားရည် တမြားမြား ကျတယ်ထင်မယ်


ခု အောက်ကျလုကျခင် နှုတ်ခမ်းထောင့်မှာ

သီတွဲခိုနေတဲ့ ချစ်ခြင်းရဲ့

အကြောင်းတွေပြောချင်လို့ပါ..

မလုပ်ပါနဲ့ ဒီလို လှောင်ပြောင်မှုလေးတော့

နှုတ်ခမ်းထောင့်လေး ကွေးရုံလေး

ပြုံးသွားတယ်


အဲ့ဒီ နှုတ်ဖျားမှာ သီတွဲခိုနေတဲ့ ချစ်ခြင်းတွေဟာ ..

ဟိုး.. စကြာဝဠာ အဝေးဆီက လွင့်စင်လာတဲ့

နူးညံ့မှုတွေ အားလုံးရဲ့ ကမ်းဆုံး..

တိကျ ရုပ်နာမ်မရှိတဲ့ မေတ္တာဆိုတာနဲ့ ပေါင်းစုံမိပြီး

ငါမင်းကို ချစ်တယ်လို့ ပြောထွက်ခဲ့တာပါ


နှုတ်ခမ်းထောင့်က တွဲခိုနေတဲ့

ချစ်ခြင်းရေစက်ငယ်ဟာ

လွင့်စင်လာတဲ့ မေတ္တာနဲ့ပေါင်းပြီး

သံယောစဉ်ဖြစ်စေမဲ့ နားစည်ရဲ့

အာရုံကြောကို ရိုက်ခက်စေပြီးမှ

ငါ့ရင်ထဲက ချစ်ခြင်းတွေကို ထုတ်ပြခဲ့တာပါ...


ဒီချစ်ခြင်း ရေစက်ကလေးရဲ့ အဆုံး..

နားစည်ရဲ့ အကြောထုံး..

နှလုံးသားရဲ့ သွေးကြော..

ဦးနှောက်ရဲ့ အာရုံခံအင်္ဂါ

ဒါတွေ ပေါင်းစုံပြီးမှ ချစ်ခြင်းကိုလက်ခံ တုန့်ပြန်မှုတော့ ပေးပါ..

နှုတ်ခမ်းထောင့်လေး ကွေးရုံ ပြုံးသွားတယ်.

အချစ်ရေပေါက်လေး တစ်စက်ကျသွားတယ်.

ကြယ်ကလေး လက်ခနဲ့ တစ်ချက်ဖြစ်ပြီး..

ပန်းတစ်ပွင့် အစွမ်းကုန်ပွင့်လိုက်တယ်.

နှုတ်ခမ်းထောင့်လေး လှုပ်သွားတယ်.

ချစ်တယ်….။

ဖိုးသူတော်

၎.၁၀.၂၀၀၉

၃ နာရီ ၁၅ မိနစ်..။ ။

Photo Source : Internet

Thursday, October 1, 2009

ကျွန်တော်နှင့် အနုပညာ


ကျွန်တော်နှင့် အနုပညာ


အနုပညာဆိုသည်မှာ ကျွန်တော်နှင့် များစွာမနီးကပ်သလို များစွာလည်း မဝေးကွာပါ။ အကြောင်းမူ ကျွန်တော်သည် စာအုပ်စာပေများကို နှစ်သက်သည်။ ကဗျာများ၊စကားပြေအရေးများ၊အက်ဆေးများ၊ ၀တ္ထူတို ရှည်များ၊ ကျွန်တော်နားလည်နိုင်သော ပန်းချီကားများ၊ တခြားသော ဖန်တီးမှု အနုပညာများ အစရှိသည်တို့ ကို သဘောကျသည်။ ဒါကိုပဲ အနုပညာနှင့် မဝေးဟု ပြော၍ရသည်။ တနည်းဆိုပြန်သော် ကျွန်တော် သည် အနုပညာရှင်လို့ ပြောလို့ရသူများလို အနုပညာဖန်တီးမှု အားနည်းသည်။ ကဗျာဆိုလျှင်လည်း ခံစားချက်သက်သက်များကို စကားလုံးနည်းစွာနှင့်သာ ဖန်တီးနိုင်သည်။ စကားလုံးကြွယ်ဝစွာ နိမိတ်ပုံများစွာ ဖြင့် မဖန်တီးတက်ပါ။ ထိုသို့ခံစားချက်ကိုပင် အနုပညာမြောက်စွာ ဖန်တီးထားသော ကဗျာများ စာများကို များစွာနှစ်သက်သည်။ ၀တ္ထူဆန်ဆန်ဆိုလျင် စိတ်ကူးထဲမှာပင် ဇာတ်အိမ်လေးဆောက်မိသလောက်ပဲ ရှိသည်။ စာရွက်ပေါ် ချ၍ပင် မရေးမိချေ။


လူတို့သည် မိမိတို့လက်ခံနိုင်သလောက်ကိုပင် လက်ခံနိုင်သည်။ ထိုထက်ပို၍ လက်ခံလိုလျှင်သော် လည်းကောင်း လက်ခံမိလျှင်သော်လည်းကောင်း အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းနိုင်မည် မဟုတ်ဟုယူဆပါသည်။ ဆိုလိုသည်မှာ ဒါလေးနှင့်ပင် တင်းတိမ်ရောင့်ရဲတော့မည် မည်သို့မျှ အသစ်ကို ဖန်တီးတော့မည် မဟုတ်ဟုပြောလိုရင်း မဟုတ်ပါ။ တကယ်တော့ အနုပညာမြောက်ခြင်း အနုပညာဖြင့် နေထိုင်ခြင်း အစရှိသည်တို့ကို ပြောဆိုဆွေးနွေးရန် ကျွန်တော်သည် မပိုင်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်သည် ထိုကဲ့သို့ အစရှိသော စကားလုံးများကို သေချာ နားမလည်၍သော်လည်းကောင်း ထိုကဲ့သို့ပြုမှုနေထိုင်မည် မဟုတ်သောကြောင့် လည်းကောင်းဖြစ်ပါသည်။ ကျွန်တော်မည်ကဲ့သို့ နေထိုင်ပါသနည်းဆိုသော် ကျွန်တော်သည် ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေစွာ နေထိုင်ပါသည်။


အနုပညာဖြင့် အသက်မွေးဝမ်းကျောင်း သူများကို အနုပညာရှင် အဖြစ်လည်းကောင်း၊ တနည်း သူလုပ်တက်သော အလုပ် သူ့ဘ၀အတွက် လုပ်သင့်သော အနုပညာအလုပ်ကို လုပ်နေသောသူများဟု လည်းကောင်း မြင်ပါသည်။ ထိုသို့မြင်ခြင်းမှာ သာမန်မြင်ခြင်းဖြစ်ပါသည်။ သာမန်ထက်ပို၍ တနည်းပြောဆိုလျှင် အနုပညာ မြောက်စွာ နေထိုင်၍ အနုပညာမှ အနုပညာဟု၍ မျက်စိမိတ်အော်မည့်သူများကို ကျွန်တော် ပြောဆိုနိုင်ရန် စကားလုံးမရှိပါ။ မပြောဆိုတက်ပါ။ အနုပညာသည် ဖန်တီးမှုလည်း ပါသလို အနုပညာရှင်၏ စိတ်သန္တာန်မှ ထွက်ပေါ်လာသော ကွန့်မြူးလာသော ကိစ္စရပ်များကို ကြားခံမီဒီယံ တစ်ခု အသုံးပြု၍ ဖော်ထုတ်ပြသခြင်း ဖြစ်သည်။ ဤသည်မှာ အနုပညာရှင်၏ ဖန်တီးမှုအားနှင့် စိတ်သန္တာန်ကွန့်မြုးမှုပေါ်မူတည်၍ များစွာ ကွဲပြားနိုင်ပါသည်။ စိတ်သန္တာန်မှ ဆိုသော်လည်း တစ်ချို့ လုပ်၍ယူထားသော အရာများနှင့် ပေါင်းဖက်မည်ဟု ထင်ပါသည်။


ထိုပြင် ကျွန်တော်သည် မည်သို့သောသူများကို အနုပညာရှင် မည်သို့သူများကတော့ အနုပညာရှင် မဟုတ်ဟူ၍ သေချာစွာ မခွဲခြားနိုင်သေးပါ။ စာရေးဆရာကို အနုပညာရှင်ဟုပြောရမည်ဆိုလျှင် စာရေးတိုင် အနုပညာရှင် ဖြစ်မည်ဟု ပြောဆိုခြင်းသာဖြစ်ပါမည်။ ဆိုလိုသည်မှာ စာရေးရာတွင် ရသစာပေ ဖြစ်ချင်ဖြစ်မည်။ ရသစာပေ ဟုတ်ချင်မှ ဟုတ်မည်။ သမိုင်း ၊ ဇီဝဗေဒ ၊ မနုဿဗေဒ၊ ဘူမိဗေဒ ၊ ဥပဒေ၊ စီးပွားရေး ၊ဆေးပညာ ၊ နည်းပညာ အစရှိသော ပညာရပ်ဆိုင်ရာများ ရေးသား လျှင်လည်း ဖြစ်သည်။ ထိုသို့ရေးသားသောသူများကို အနုပညာရှင်ဟု ခေါ်၍ရမည် မဟုတ်ဟုထင်ပါသည်။ ပန်းချီဆရာသည် အနုပညာရှင်ဖြစ်ပါသည်။ ဒီဇိုင်းဆရာသည်လည်း အနုပညာရှင် ဖြစ်ပေသေးသည်။ သို့သော် ကားနံပါတ်ရေးခြင်း၊ ဆိုင်ခန်း အိမ်ခန်းများ ဆိုင်းဘုဒ် ရေးသားသူသည် အနုပညာ ရှင်ဟု ပြော၍ရမည်မဟုတ်ပါ။ တနည်းဆိုသော် ဖန်တီးမှုနှင့် စိတ်သန္တာန်မှကွန့်မြူးမှုကို အရင်းခံ၍ လုပ်ဆောင်တက်၊ဖော်ပြတက်သော သူများကို အနုပညာရှင် ဟု ပြော၍ရမည်ထင်ပါသည်။


ကျွန်တော်သည် ဘ၀တွင် အနုပညာရှင်ဟု ပြော၍ရသော တနည်း အနုပညာလုပ်ငန်းဖြင့် အသက်မွေးကြောင်းပြု သောသူများနှင့် များစွာ မပေါင်းဘူးပါ။ အဆိုတော်၊ စာရေးဆရာ၊ ပန်းချီဆရာ အစရှိသဖြင့် သာမန်သိကျွမ်းသူ များသာ ရှိသောကြောင့် အနုပညာရှင်ဟု ပြောဆိုလို့ရမည်သူများနှင့် သူတို့၏ဘ၀နေထိုင်ပုံကို သေချာမသိပါ။ သာမန်အချိန်တွင် သာမန်သာနေထိုင်မည်ဟု ယူဆပါသည်။ အနုပညာအလုပ်လုပ်နေသောအချိန် အနုပညာ ဇျန်ဝင်စားနေသော အချိန်ဆိုလျှင်တော့ သာမန်ထက်ပိုမည်ဟု ထင်ပါသည်။


ကဗျာများ၊ ပန်းချီများ၊ စာများကို ဖတ်ရှု့ကြည်ရှု့သော်လည်း ကျွန်တော် နားလည်နိုင်မှု ကျွန်တော်မြင်သွားသော အမြင် ကျွန်တော့်လက်ခံနိုင်မှုနှင့်သာ ကျွန်တော်တိုင်းတာပါသည်။ ဖန်တီးထားသော အနုပညာရှင် ပေးချင်သော ပြချင်သော ပြောချင်သော အရာကို ကျွန်တော်လည်း ကျွန်တော်အဆင်ပြေသလိုသာ ရနိုင်ပါသည်။ အတင်းအကျပ်ကြီး လုပ်၍မရသော အရာများဖြစ်သည်။ တနည်းဆိုသော သာမန်လူချက်ချင်းသိနိုင်သော ကိစ္စများကို ကျွန်တော် လက်ခံ၍ မရ မသိဘူးဆိုလျှင်တော့ ကျွန်တော့်၏ အသိဥာဏ်တိမ်မှုသာ ဖြစ်ပါလိမ့်မည်။ ကျွန်တော် မသိပါပဲနှင့် ကောင်းပါသည်၊ ကောင်းလိုက်တာ၊ ဘယ်လို ဘယ်ပုံဆိုသည်ကို မပြောဆိုတက်ပါ။ ပြောဆိုမည်ဆိုလျှင်လည်း မြင်းထိန်းငတာလို ငဖြီးသာဖြစ်ပါလိမ့်မည်။


ကျွန်တော်သည် အနုပညာ ဂီတ နှင့်ပတ်သက်လျှင်လည်း အနည်းတော့ သူများထက်စာလျှင် ဝေးကွာပါလိမ်မည်။ ဂီတကို မခံစားတက်လို့တော့ ဟုတ်လိမ့်မည် မဟုတ်ပါ။ ဂီတ ဆိုသည်ကို တိရစ္ဆာန်များပင် ခံစားနိုင်စွမ်းရှိမည်ဟုထင်ပါသည်။ တနည်းဆိုသော် ကျွန်တော်သည် ဆူညံပေါက်ကွဲလွယ်သော သီချင်းများနှင့် သဟဇာတ ဖြစ်သောသူ မဟုတ်ပါ။ အေးစက်စက်ဆိုလျှင်လည်း သည်းခံကာနားထောင်နိုင်စွမ်းတော့ ရှိပါသည်။ သာမန်ရိုက်ချက်များနှင့်သာ တီးသော ဂီတများနှင့် ဖန်တီးမှုများနှင့် ပိုမို၍ သဟဇာတ ဖြစ်ပါသည်။ ထိုပြင်လူတို့ တီးခက်သော အနုပညာပစ္စည်းများမှ ထွက်သော အသံများကို များစွာသဘောကျပါသည်။ လေ့လာမှုအားနည်း၍ လူတီးခက်သော များစွာသော အနုပညာပစ္စည်းများကို နားမထောင်ဘူးသော်လည်း နားထောင်ဘူးသမျှ ဗုံ၊ ပတ္တလား၊ စောင်းမှ စ၍ မဒလင်၊ ဂစ်တာ ၊ တယော၊ စန္နယား နှင့် တီးဝိုင်းသံများထိ နှစ်သက်ပါသည်။ ဆူညံပွက်လောရိုက်နေပြီဆိုလျှင်တော့ အခြေအနေ အချိန်အခါအရသာ လက်ခံနိုင်စွမ်းရှိပြီး သာမန်ဆိုလျှင်တော့ လက်ခံနိုင်စွမ်းမရှိပါ။


အထက်ဖော်ပြပါ အကြောင်းအရာများသည် ကျွန်တော်၏ တသီးပုဂ္ဂိုလ သိမြင်မှုသက်သက်သာဖြစ်ပါသည်။ မည်သို့သော အနုပညာ အလုပ်ဖြင့် သက်မွေးဝမ်းကျောင်းမှုပြုနေသူများ၊ အနုပညာရှင်များကို ပြောဆိုခြင်းမဟုတ်ပါ။ တစ်ခါတစ်ရံစဉ်းစားမိသည်များကို ရေးခြင်းသာဖြစ်သည်။ ဤသို့ဖြင့် ကျွန်တော်နှင့် အနုပညာမှာ အနီးကြီး မဟုတ်သလို မဝေးသေးသည်ဟု ပြောလို့ရပါသည်။


ဖိုးသူတော်

၀၁.၁၀.၀၉

၂နာရီ ၄၉ မိနစ်။

photo source : Internet