Sunday, August 23, 2009

ခရီးစဉ် ၂


ခရီးစဉ် ၂


နံနက် ၄ နာရီလောက်ကတည်းက လူက နိုးနေသည်။ ဘေးကုတင်မှ အခန်းဖော် သူငယ်ချင်းလည်း နိုးလာဟန်တူပါသည်။ ခဏလောက်ပြန်နှပ်ရင် ကောင်းမလား စဉ်းစားလိုက်သေးသည်။ မဖြစ်သေးပါဘူး သယ်သွားရမည့် ပစ္စည်းတွေ သေချာ မထုပ်ပိုးရသေးပဲဟုတွေးမိသဖြင့် ထလိုက်ရပါသည်။ ထို့နောက် ပစ္စည်းများထားရှိရာ အခန်းထဲသို့သွား၍ သယ်ယူမည့်ပစ္စည်းများအားသေချာစွာထုပ်ပိုးပြီး မှတ်သားထားပါသည်။

ကိုယ်လက်သန့်စင်ခြင်းဆောင်ရွက်ပြီး သွားရန်အဆင့်သင့်ဖြစ်သောအခါ နာရီ ကိုကြည့်လိုက်တော့ ၅ နာရီထိုး ရန် မိနစ်အနည်းငယ်ပဲလိုတော့သည်။ ၀န်းအပြင်ထွက်၍ ကားငှားပြီး ပစ္စည်းများတင်ပြီးသောအခါ ၅ နာရီထိုးလေပြီ။ ခရီးလိုက်ရန်ပြောထားသော နောက်သူငယ်ချင်းအား ဖုန်းဆက်၍ နိုးလိုက်ပါသည်။ အငှားကားလေးသည် လေးမှလွှတ်လိုက်သော မြှားတစ်စင်းပမာ လျှင်မြန်စွာ မောင်းလာပါသည်။ အဆောင်မှ နန်းသီတာဆိပ်ကမ်းသို့ မိနစ် အစိတ်ကျော်ကျော်လေးသာ မောင်းလိုက်ရပါသည်။


တကယ်တော့ ဒီခရီးစဉ်ဟာ မအူပင်ခရိုင် အဂါးအုပ်စု တွင်ပါရှိသော ညောင်ချောင်းမူလတန်းကျောင်းသို့ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ သွားရောက်လှူဒါန်းပေးအပ်မည့်ခရီးစဉ်ဖြစ်ပါသည်။ ကျွန်တော်နှင့် သူငယ်ချင်းမလေး ၂ ယောက် စုပေါင်းတိုင်ပင်ပြီး စေတနာရှင်အချို့၏ ထည့်ဝင်လှူဒါန်းသည့် ငွေ၊ ပစ္စည်းတို့အား လှူဒါန်းခြင်းပါသည်။ စစခြင်း သုံးယောက်စလုံးသွားရန် စီစဉ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သူငယ်ချင်းမလေး ၂ ယောက်က မလိုက်ဖြစ်ပါ။ ထို့ကြောင့် ကျွန်တော်တစ်ယောက်တည်းသာ ဖြစ်နေပါသည်။ အတူနေ သူငယ်ချင်းကို လိုက်ခဲ့ရန်အဖော်စပ်ထားသော် လည်းတိကျသော အဖြေမရသေးပါ။ နောက် လိုက်ရန်ပြောထားသော ဓါတ်ပုံဆရာ သူငယ်ချင်း ၂ ယောက်ကလည်း လိုက်မည်ဟု့သာပြောထားသော်လည်း အဆက်အသွယ် မရသေးပါ။ ထို့ကြောင့် ဘာဖြစ်ဖြစ် တစ်ယောက်တည်းလည်း လုပ်ရတော့မှာပဲဟု ဆုံးဖြတ်ထားပါသည်။


ည ၁၁ နာရီထိုးခါနီးလောက်မှ အခန်းဖော်သူငယ်ချင်းက မင်းဟာက မနက်ဘယ်နှစ်နာရီထရမှာလဲ ဘာလဲမေးပြီး၊ အကျိုးအကြောင်းပြောပြတော့ အင်း လိုက်မယ်ဟုသော အဖြေရ၍ ၀မ်းသာသွားပါသည်။ ၁၁ ခွဲလောက်ကြာတော့ နောက်သူငယ်ချင်းတစ်ယောက် ရုံးရောက်လာပါသည်။ နက်ဖန်အတွက်ဘာမှန်းမသိ၍ လာမေးခြင်းဖြစ်ပါသည်။ အခြေအနေ အကျိုးအကြောင်းပြောပြ၍ ချိန်းလိုက်ပါသည်။ ဓါတ်ပုံရိုက်မည့် တစ်ယောက်ကိုလည်း အွန်လိုင်းတွင် တွေ့၍ သေချာချိန်းလိုက်ပါသည်။ အဆင်ပြေသွားပါသည်။


ခရီးစဉ်လိုက်မည့် လူအားလုံး မနက် ၆ နာရီတွင် နန်းသီတာ ဆိပ်ကမ်းတွင် ဆုံကြပါသည်။ ဇတ် ၁၀ မိနစ်ခန့်စီး၍ ဒလ ဆိပ်ကမ်းသို့ ရောက်သွားပါသည်။ တွံတေးသို့ ထွက်မည့် လိုင်းကားပေါ်သို့ ပစ္စည်းများတင်ကြပြီး ကျွန်တော်တို့ မနက်စာစား လက်ဘက်ရည်သောက်ကြပါသည်။ ၆ နာရီ ခွဲကျော်ကျော် ဒလဆိပ်ကမ်းသို့ ဇတ် သုံးခါ ကပ်ပြီးချိန် လိုင်းကားစထွက်ပါသည်။ ရှေ့တစ်ခေါက်သွားတုန်းက လိုင်းကားသည် ၂ နာရီ နီးပါး စီးရပါသည်။ လမ်းလည်း အတော်ကိုဆိုးသည်။ ခု တစ်ခေါက်တော့ အသစ်ဖောက်ထားသော လမ်းကို ကြာချိန် မိနစ် ၅၀ ခန့်လောက်ဖြင့် တွံတေးသို့ ရောက်သွားပါသည်။ တွံတေး ဆိပ်ကမ်းထိ လိုင်းကားအား ခေါ်သွားပြီး ပစ္စည်းချပြီးချိန်တွင် ၇ နာရီ ခွဲလောက်သာ ရှိပါသေးသည်။


ရွာမှ လာကြိုမည့် ဆရာမများနှင့် ရွာသားများကို ချိန်းထားသည်မှာ ကိုးနာရီ ဖြစ်သဖြင့် လက်ဘက်ရည် ထပ်သောက်ရင်း စောင့်ရမည်ဟု့တွေးနေတုန်း ဆရာတို့ဟု ခေါ်သံကြားသဖြင့် ကြည့်လိုက်ရာ လာရောက်ကြိုဆိုနေသော သူများဖြစ်နေသည်ကို တွေ့ရသည်။ "ဆရာတို့ အစောကြီးရောက်နေပါလား ဟု ပြောရာ ဟုတ်တယ် ကားက တအားမြန်တာ လေယာဉ်ပျံလို မောင်းလာလို့ ခု အစောကြီးရောက်နေတာ၊ ကျွန်တော်တို့လည်း ခင်ဗျားတို့ကိုစောင့်ရတော့မယ်လို့ တွေးနေတာ" ဟု ပြောရပါသည်။ သူတို့လည်း မနက်ဝေလီဝေလင်းကတည်း ထလာသည်ဟုပြောပါသည်။ ထို့နောက် လိုက်ပါလာသော ညောင်ချောင်း မူလတန်း ကျောင်းမှ ဆရာမလေးနှင့် ကျွန်တော်တို့ပါလာသည့် ပစ္စည်းများ အမျိုးအမည်များကို ဆွေးနွေးပြောကြားပါသည်။ ထို့နောက် နံနက် ၈ နာရီခွဲလောက်တွင် တွံတေးဆိပ်ကမ်းမှ စထွက်လာပါသည်။


ရွာသို့ ၁၀ နာရီ ခွဲကျော်ကျော်လောက်ရောက်ပါသည်။ ရွာသို့ရောက်သော အခါ နားနေရမည့် အိမ်တွင် ရပ်မိရပ်ဖ များ၊ ရာအိမ်မှူး၊ သက်ဆိုင်ရာလူကြီးများနှင့် တွေ့ဆုံစကားပြောရပါသည်။ ထို့နောက် နေ့လည်စာ စားပြီးမှ ကျောင်းသို့သွားကြပါပြောသောကြောင့် နေ့လည်စာ စားသောက်ကြပါသည်။ နေ့လည်စာ စားပြီး၍ ကျောင်းသို့ ရောက်သောအခါ ကျောင်းပေါ်တက်ဖို့ ဖိနပ်ချွတ်နေတုန်း ရှိသေး " တန်းထ॥ လူကြီးမင်းများကို နှုတ်ဆက်ရန်.. မင်္ဂလာပါ လူကြီးမင်းများ" ဆိုပြီး နှုတ်ဆက်သောကြောင့် မင်္ဂလာပါ ကလေးတို့ ဆိုပြီး ပြောရသေးသည်။ ဒီက လူကြီးမင်းက ဖိနပ်ချွတ်ရင်း တန်းလန်းပဲရှိသေးသည်။ လိုက်လာသော သူငယ်ချင်းတစ်ဦးမှ ဖိုးသူတော်နဲ့ ပေါင်းမှ ပဲ ငါတို့လည်း လူကြီးမင်း ဖြစ်တော့တယ်ဟု့ပြောပါသည်။


မူလတန်းကျောင်းလေးအား မြင်တွေ့ရစဉ်


ကျောင်းသားကျောင်းသူလေးများ


ထို့နောက် မူလတန်း ကျောင်းသူကျောင်းသား ၁၅၀ ရှိသော ကျောင်းလေးကို စာအုပ်နှင့် စာရေးကိရိယာများ ဝေခြမ်းပေးအပ်ပါသည်။ စာအုပ် ဒါဇင် (၁၀၀ )၊ M- ကွန်ပါဘူး ၂၇ ဗူး၊ ခဲတံ ၁၅၆ ချောင်း၊ ဘောပင် ၃၂ ချောင်း၊ ချွန်စက် ၄၈ ခု ပေးအပ်ခဲ့သည်။ စတုတ္ထတန်းကျောင်းသား များအတွက် ဖိုးပြုံချို စာမျက်နှာ ၁၂၀ ပါ ဗလာစာအုပ် တစ်အုပ်စီ ပေးအပ်ခဲ့သေးသည်။ ဆရာမ များအတွက် ဘောပင် အနီ အပြာ အချောင်း ၂၀ ၊ ဘောဖျက် ၁၀ ခု ၊ ဖိုးပြုံချို စာအုပ် ၃ အုပ်ပေးအပ်ခဲ့သည်။ ကလေးများ စားရန် ကိတ်ခြောက် ဆာလာအိပ် ၂ အိပ်လည်း ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ကျောင်း၏ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၊ ကျောင်းမှ တာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။ အားလုံးပြီးစီး သောအခါ ကျောင်းရှေ့တွင် ရပ်မိရပ်ဖများ၊ ဆရာမများနှင့် ကျွန်တော်တို့ စုပေါင်း ဓါတ်ပုံရိုက်ခဲ့ကြသည်။




စတုတ္ထတန်းကျောင်းသူတစ်ဦး



ကလေးငယ်ငယ်


လာကြိုသော ဆရာမလေး




ရပ်မိရပ်ဖ၊ကျောင်းသားကျောင်းသူများနှင့် အမှတ်တရ


ညောင်ချောင်းရွာမှ နားနေအိမ်တွင် ခဏနားနေပြီးမှ ပြန်ထွက်တော့ ၁၂ ခွဲကျော်နေပြီဖြစ်သည်။ ရွာသို့အလာတွင် ပန်ကာဒလက် ၀က်အူချောင်သွားသောကြောင့် ပြင်လိုက်ရပြီး အပြန်တွင် ဒိုက်ပတ်သောကြောင့် ပြန်ဖြုတ်ရသည်က လွဲ၍ ဘာမှ ထူးထူးခြားခြားမဖြစ်ပါ။ တွံတေးရောက်တော့ သုံးနာရီ ထိုးခါနီးနေပြီး။ ဓါတ်ပုံဆရာ သူငယ်ချင်းက တွံတေး အိုးဖိုစုရပ်ရှိ အိုးလုပ်ငန်းများဓါတ်ပုံရိုက်မည်ဟုပြောသောကြောင့် အိုးဖိုစု သို့ ချီတက်ကြပါသည်။ လိုအပ်သော ဓါတ်ပုံများ ရိုက်ကူးပြီး ညနေ ၄ နာရီခွဲလောက်တွင် တွံတေးမှ ထွက်လာကြရာ ၅ နာရီခွဲလောက်တွင် ဒလ ဆိပ်ကမ်းသို့ရောက်ပါသည်။ ဓါတ်ပုံဆရာသူငယ်ချင်းအိမ်သို့ လိုက်သွားပြီး ရိုက်ကူးလာသော ဓါတ်ပုံများ ယူပြီး အဆောင်သို့ပြန်လာရာ ည ၉ နာရီ ကျော်တွင်ရောက်ရှိပါသည်။

လာမည့်ပွင့်လင်းရာသီ အောက်တိုဘာလလောက်တွင် နောက်တစ်ရွာသို့ ထပ်သွားနိုင်အောင် ကြိုးစားပါဦးမည်။ စေတနာရှင်၊အလှူရှင်များကိုလည်း ဖိတ်ကြားချင်ပါသည်။ စာအုပ်စာတန်းနှင့် ကျောင်းသုံးကိရိယာများ လှူဒါန်းချင်ပါက ကျွန်တော်နှင့်ဆက်သွယ်လှူဒါန်း နိုင်ပါသည်။ ဆက်သွယ်နိုင်မည့်လိပ်စာကတော့ mmaung07@gmail.com ဖြစ်ပါသည်။ အားလုံးကိုကျေးဇူးတင်ပါသည်။

ဖိုးသူတော်

၂၃ ရက် ဩဂုတ်လ ၂၀၀၉ ခုနှစ်

၁၃ နာရီ ၁၁ မိနစ်။


ဓါတ်ပုံများအား စိုးဇေယျထွန်း မှ ရိုက်ကူးထားခြင်းဖြစ်ပါသည်။


7 comments:

မီးလေး said...

ဓာတ်ပုံဆရာလိုတာများ ခေါ်လိုက်တာ ဟုတ်ဖူး.... ဟီး

အစ်ကိုတို့ ပြုတဲ့ ကုသိုလ်ကောင်းမှုအတွက် သာဓု... သာဓု... သာဓု

su wai said...

တကယ်လိုအပ်တဲ့ နေရာမှာ သွားလုပ်ခဲ့တဲ့ အလှူဒါနအတွက် လှိုက်လှိုက်လှဲလှဲ သာဓုခေါ်သွားပါတယ် လူကြီးမင်းရေ...

အောက်တိုဘာမှာ သွားလှူဖြစ်ရင် တတ်နိုင်သမျှ ပါဝင်ချင်ပါတယ်..။

လသာည said...

နယ်စပ်ကို သွားပြီး ကျွန်မ မူလတန်းပြဆရာမလေးလုပ်ဖူးတယ်။ ဓါတ်ပုံလေးတွေကို တွေ့တော့ ကလေးတွေကို လွမ်းသွားတယ်။ ဒီအလှူလေးအတွက် လှိုက်လှုက်လှဲလှဲသာဓုခေါ်မိပါတယ်။

အိမ်လာလည်သွားတာကို အများကြီး ကျေးဇူးတင်ပါတယ်။ :D

Unknown said...

ခရီးစဉ် အစစအရာရာ အဆင်ပြေတယ့်တဲ့ အတွက် အရမ်း ၀မ်းသာပါတယ်။ အနီးကပ်မှ ဒေါက်ဖြုတ်တဲ့အတွက်လဲ တောင်းပန်ပါတယ်။ ဘာပဲဖြစ် ဖြစ် အဓိကရည်ရွယ်ချက်ကို အကောင်အထည် ဖေါ်နိုင်တဲ့အတွက် ဖိုးသူတော်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ တို့တွေ နောက်တခေါက်ဆိုရင် သေချာplan လုပ်ပြီးသွားကြမယ်။ ဖြူကြည်ခိုင်ကိုလဲ သေချာပြောရအုံးမယ်။Birthday အတွက် ကုသိုလ်ပေါ့၊ ဘယ်တော့မှ မမေ့တော့ဘူးပေါ့။ မွေးနေ့အတွက် မကျွေးရသေးဘူးနော်။။။။။။။သတိပေးတာပါ..
အထက် ၂၀ မှာနော်...။။။

sandar said...

မြင်တွေရတာလေးက ကြည့်နှုးစရာလေးပါ ဂုဏ်ယူပါတယ်ရှင် ဆင်းရဲတဲ့မြန်မာပြည်ကြီးမှာ မေတ္တာတရားမခမ်းခြောက်သေးတဲ့အတွက် အမိမြန်မာပြည်က လှပနေအုံးမှာပါ... သာဓု သာဓု သာဓု ...

PK said...

julieရေ သူကအသက်နှစ်ဆယ် ကျော်တာကြာပြီမို့ အထပ်(၂၀) မှာ မကျွေးတော့ပါဘူးတဲ့၊ ဒိဘ၀တော့စိတ်လျှော့ လိုက်ပါတော့ကွယ်။

Beauty Studio USA Branded Store said...

အတော်ကောင်းမွန်တဲ့ အလှုလေးကို သာဓုခေါ်ဆိုပါတယ်ဗျာ။