Wednesday, March 5, 2008

အိပ်မက် မက်ဝံ့သူများ ( ၂ )

“မျက်စိလျှံသွားသော အခွင့်အရေးတစ်ခု”

၁၉၈၀ ပြည့်ဆောင်းဦးပေါက် တစ်ခုသော နေခင်းပိုင်းဖြစ်သည်။ ထိုစဉ်က အသက် ၁၇-နှစ်ရှိသော “ဂျိုဆေအဂွီယာ ဂျူနီယာ” သည် နယူးယောက်မြို့ ဘရွန့်စ်ရပ်ကွက် တောင်ပိုင်းတွင်ဖွင့်ထားသော ဖခင်၏ ပင်မင်းဆိုင်သို့ စာတစ်စောင်ယူသွား၏။ စာမှာကိုလံဘီယာ တက္ကသိုလ်သို့ ပညာသင်ထောင်ပံကြေးဖြင့် တက်ရောက်ခွင့်ပြုသော အကြောင်းကြား စာဖြစ်သည်။

ဖခင် “ဂျိုဆေ” က သားအတွက်ပီတိဖြာနေ၏။ “ငါ့သား ဘွဲ့ရအောင်ကြိုးစားပြီး ကုမ္ပဏီကြီးတစ်ခုမှာ အောင်မြင်စွာအလုပ်ရရှိပါစေ” ဟုအားပေးစကားပြောကြား၏။ သူငယ်စဉ် ဆယ်ကျော်သက်အရွယ်က ပညာလေးမတောက်တခေါက်ဖြင့် ပွာတိုရီကိုမှ နယူးယောက်မြို့ကြီးသို့ ရောက်လာပြီး ဘ၀တွင် ရုန်းကန်ကြိုးပမ်းခဲ့ ရ၏။ ထို့ကြောင့်သားဖြစ်သူကို မိမိထက် သာစေလို၏။

၁၉၈၃-ခုနှစ်တွင် ဂျိုဆေဂျူနီယာ တက္ကသိုလ်တက်နေခိုက် သူ့ဖခင်ရုတ်တရက် ကွယ်လွန်သွား၏။ သို့ဖြင့် သူကျောင်းမှ ခွင့်ယူပြီး မိသားစုထံ ပြန်လာခဲ့ ရ၏။ “မိသားစု လုပ်ငန်း” အခြေတကျဖြစ်တာနဲ့ ကျွန်တော် ဆောင်းနှောင်း စာသင်နှစ်ဝက်အမီ ပြန်လာခဲ့ပါမယ်” ဟုတက္ကသိုလ်မှ ဆရာများထံ ကတိပြုခဲ့၏။

ဂျိုဆေအဂွီယာအနေဖြင့် နာရီပေါင်းများစွာ အလုပ်လုပ်ပြီး ဖခင်၏ ပင်မင်းဆိုင်လုပ်ငန်း ကို ကယ်တင်ပေးခဲ့ရ၏။ သို့သော်ယင်းအခြေအနေသို့ ရောက်ရန် ၃-နှစ်တည်းဟူသော အချိန်တို့ ကုန်ဆုံးသွားခဲ့ကြ၏။ တက္ကသိုလ် မှ ပညာသင်ထောက်ပံ့ ကြေးလည်း လက်လွတ်ဆုံးရှုံးသွား၏။ ယခင်က အတန်းဖော် သူငယ်ချင်းများက ဘွဲ့ယူ အထိမ်းအမှတ်အဖြစ် ပြုလုပ်သော ဧည့်ခံပွဲ များသို့ ဖိတ်ကြားသောအခါ အဂွီယာက “ကျွန်တော် အလုပ်မအားလို့ မတက်ရောက်နိုင်ပါ” ဟု အကြောင်းပြလေ့ရှိ၏။ အမှန်မှာ သူအလွန်အမင်း စိတ်ဓာတ်ကျနေသော ကြောင့်သာဖြစ်၏။ “ဖေဖေ ခြေရာကို ကျွန်တော် နင်းမယ်” ဟု သူ့စိတ်ထဲမှာတွေးနေ၏။

တခြားအခြောက်လျှော် ပင်မင်းသမားများကဲ့သို့ပင် အဂွီယာသည်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ငွေအမြောက်အမြား အကုန်ခံပြီး ပြုပြင် လိုက်နာနေခဲ့၏။ စရိတ် အကုန်အကျသက်သာစေရန် ပင်မင်းဆိုင်ခွဲများ ဖွင့်လှစ်ပြီး အထည်အပ် အထည်ရွေးပြုလုပ် ဆောင်ရွက်ပေး၏။ အ၀တ်လျှော်သန့်စင်သော ဗဟိုစက်ရုံကို တော့သီးခြားထား၏။ သို့သော် အတ္တလန္တာမြို့၌ ကျင်းပသော ညီလာခံတစ်ခု တွင် ဆိုင်ခွဲဖွင့်လှစ်ထားသော လုပ်ငန်းရှင်များအား ချဉ်းကပ်ဆက်သွယ် ကြည့်သော အခါ သူ့ကိုခေါင်းခါ ညင်းဆန်လိုက်ကြ၏။ သူတို့သည် အတွင်းပိုင်းကျသော မြို့ကြီးများ ၌ ပင်မင်းဆိုင်ခွဲများ ဖွင့်လှစ်ရန် စိတ်မ၀င်စားကြချေ။

အိမ်အပြန်လေယာဉ်ပေါ်တွင် ဤအကြောင်းကိုပင် သူတနုံနုံ တွေးနေမိ၏။ “ဘရွန့်စ် ရပ်ကွက်ကထောင်ပေါင်းများစွားသော လူတွေဟာ မန့်ဟက်တန် ရပ်ကွက်ကို အလုပ်ဆင်းလာကြတဲ့အခါ သူတို့အ၀တ်အစားတွေ ပင်မင်းပေးဖို့ ယူလာကြမှာပဲ” ဟု သူတွေးလိုက်မိ၏။ ဧရာမ အခွင့်ကောင်းကြီး တစ်ခုကို ငါမျက်စိလျှံနေမိပါလား ဟုလည်း တဆက်တည်း တဆက်တည်း စဉ်းစားမိ၏။ နယူးယောက်တွင် လေယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် စောစောက စိတ်ပျက်မှုများ ပျောက်သွားပြီး စိတ်တက်ကြွသော အဖြစ်သို့ ပြောင်းလဲနေကြောင်း အဂွီယာ သူ့ကိုယ်သူ တွေ့ရှိလိုက်ရ၏။ မိသားစု လုပ်ငန်းမှ အမြတ်အစွန်း များဖြင့် မိမိကိုယ်ပိုင် ပင်မင်း ဆိုင်ခွဲဖွင့်ရန် အခွင့်အလမ်း ရှိနေသည် မဟုတ်လား။

ငွေကြေးဆိုင်ရာ အခက်အခဲ အားလုံးကို မိခင် “ ကာမင်း” အား သူက ရှင်းပြလိုက်၏။ “ ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူးလို့ ကျွန်တော် ထင်တယ် ” ဟု သူက နောက်ဆုံးစကားကို ပြော၏။ “မင်းအဖေရှိ ရင်လည်း သူသဘောတူမှာပါပဲ ” ဟု မိခင်က ဆို၏။ ၁၉၉၂- ခုနှစ်တွင်“ ပင်မင်းဘုရင် ” ဟူသော အမည်ဖြင့် ဆိုင်ခွဲများ စတင်ဖွင့်လှစ်လိုက်၏။ ဆိုင်မျက်နှာစာတွင် တောက်ပသော အပြာနှင့် အ၀ါရောင်ခြယ်ထားပြီး အတွင်းဘက်တွင်လည်း ချယ်ရီပန်းရောင် ခြယ်ထား၏။ ယနေ့ အချိန်တွင် သူ၏ ဆိုင်ခွဲပေါင်း ၂၂-ခု အထိရှိနေပြီး ယင်းတို့အား စီမံခန့်ခွဲရန်အတွက် အနီးပတ်ဝန်းကျင်တွင် နေထိုင်သူ များကိုပင်ခန့်ထား၏။

မကြာသေးမီကမူ သူတစ်ခါက တက်ရောက်ခဲ့သော ကိုလံဘီယာ တက္ကသိုလ်နှင့် ပြန်လည် အဆက်အသွယ် ပြုလုပ်ခဲ့၏။ သူ၏စိတ်ကူးမှာ အချိန်ပိုင်း ဖြင့် တက်ရောက်ပြီး တက္ကသိုလ်ဘွဲ့ယူရန်ဖြစ်သည်။ သို့သော် သူစိတ်ကူး သလိုဖြစ်မလာခဲ့ချေ။ စီးပွားရေး ပါမောက္ခ ဟာဗေးရှူးမင်းက သူ့ကိုခေါ်တွေ့ပြီး တက္ကသိုလ်တွင် စီးပွားရေး ဘာသာရပ် ပို့ချသင်ကြားပေးရန် တာဝန်ပေး၏။ ဤသို့ဖြင့် လွန်ခဲ့သော ၁၃-နှစ်က အခြေအနေ အရပ်ရပ်ကြောင့် သူစွန့်ခွာခဲ့ ရသော တက္ကသိုလ်တွင် ဘောဂဗေဒ ကျောင်းသားများအား စီးပွားရေး ဘာသာရပ် ပို့ချပေးနေခဲ့ရာ တစ်သောင်းပင် ကျော်လာခဲ့ပြီဖြစ်၏။ သွားလေသူ ဖခင်ကြီးသာရှိ လျှင်မည်မျှ ဂုဏ်ယူရှာလိမ့်မည်ကို သူသိနေ၏။

2 comments:

စိုးထက် - Soe Htet ! said...

အားရစရာ အတုယူစရာတွေ ပဲ ဗျ ... ဆက်ရေးပါ :)

Unknown said...

Impressive!! But not evyone can do it without extraordinary involvement, isn't it??