Monday, March 10, 2008

အိပ်မက် မက်ဝံ့သူများ ( ၃)

ဓားစစ်သည်များ

ဖလော်ရီဒါပြည်နယ်၊ ဒယ်လ်ရေးမြို့၊ မီးသတ်စခန်းမှ မီးသတ်ရဲဘော် နှစ်ဦးဖြစ်သည့် “ဘရက်ဒ်ဟက်ဗ်ရီလာ” (၂၈)နှစ် နှင့် “ဂျွန်ဖလာဟာတီ ” (၂၅) နှစ်တို့သည် နေ့ခင်းအားလပ်ချိန်တွင် ကော်ဖီသောက်ရင်း မိမိတို့ တွေ့ကြုံခဲ့ရသော မတော်တဆဖြစ်မှုများ ကိုဆွေးနွေးနေကြ၏။
မီးသတ်တပ်ဖွဲ့သို့ သူစတင်ဝင်ရောက်စဉ်က ၁၉၈၇-ခုနှစ်က အဖြစ်အပျက်တစ်ခုကို ဖလာဟာတီက ပြန်လည်ပြောပြသွား၏။ ထိုစဉ်က ၁၈-ဘီးတပ်၊ ထရပ်ကားကြီး တစ်စင်းသည် လမ်းဘေးတွင် စိုက်ထောင်ထားသော အရံအတားများကို ၀င်တိုက်ပြီး အနီးရှိ တူးမြောင်းတစ်ခု ထဲသို့ ထိုးကျနစ်မြှပ်သွား၏။ ထိုထရပ်ကားကြီးထဲ၌ ယာဉ်မောင်းနှင့်အတူ သူ၏ ဇနီးနှင့် ရင်သွေးငယ်နှစ်ယောက်တို့လည်း ပါရှိကြ၏။
“ကားထဲမှာ ကလေးတွေပါနေတာ ကျွန်တော်တို့သိတယ် ” ဟု ဖလာဟာတီက ဆို၏။ ရွှံ့နှစ်များ၊ လောင်စာဆီများ ဖြင့်ဖုန်းအုပ်နေသော ထရပ်ကားကြီး၏ ရှေ့ခန်းတံခါး အဖုံးကို ကယ်ဆယ်ရေးအဖွဲ့ဝင်များက ဟိုင်ဒရောလစ်ဝန်ချီ ကရိန်းစက်လက်တံဖြင့် ကလော်ဖွင့်ရန် ကြိုးစားကြ၏။ သို့သော်ရွှံ့နှစ်များထဲတွင် မို့ ကုတ်ကော်၍ မရပဲရှိနေ၏။ ထို့ပြင်ဓါတ်ဆီသုံး လွှစက်မှာလည်း ရေအောက၌် အသုံးပြု၍ မရပဲရှိနေ၏။ ၀န်ဆွဲမော်တော်ကား တစ်စင်းဖြင့် ရေအောက်မှ ထရပ်ကားရှေ့ခန်းကို ဆွဲထုတ်ယူသောအခါ အတွင်း၌ ပိတ်မိနေသော မိသားစုထံသို့ သူတို့ ၀င်ရောက်ကယ်ဆယ်နိုင်ကြ၏။
“ဒါပေမဲ့ ကျွန်တော်တို့ နောက်ကျသွားပါတယ် ” ဟု ဖလာဟာတီက ဟက်ဗ်ရီလာ ” အားရှင်းပြလိုက်၏။ ထိုညက သူ၏လက်နှိပ် ဓါတ်မီး မီးရောင်ထဲ၌ တွေ့လိုက်ရသော မြင်ကွင်းက သူ့ကို ယခုအချိန်ထိ ခြောက်လန့်နေဆဲရှိ၏။ ထိုမြင်ကွင်းမှာ အခြားမဟုတ်။
၃-နှစ်သမီးလေး တစ်ယောက်၏ ပျော့ခွေနေသော သက်မဲ့ခန္ဒာကိုယ်ဖြစ်သည်။ ယာဉ်မောင်းမိသားစု တစ်စုလုံး ရေနှစ်သေဆုံးသွားခဲ့ကြ၏။
“ဟက်ဗ်ရီလာ” ကလည်း အလားတူ သူ့အတွေ့အကြုံတစ်ခုကို ပြန်လည်ပြောသည်။ ၁၉၈၉-ခုနှစ်က “အဲဗားဂလိတ်ဒ်” မြို့မှ လူသူကင်းပြတ်သော လမ်းပေါ်၌ မော်တော်ကား တစ်စင်း တိမ်းမှောက်သွားခဲ့သည်။ ယာဉ်မောင်းသူမှာ ဆယ်ကျော်သက်အရွယ် သူငယ်ကလေးတစ်ယောက် ဖြစ်သည်။ သူ့ခင်မျာ ကားပျက်ထဲ၌ ညပ်နေ၏။ အပေါ်မှ ပြိုကျလာသော ကားအမိုးက သူ့ဦးခေါင်းကို မှန်ကွဲများ အကြားသို့ ဖိသိပ်ထားသလို ဖြစ်နေ၏။ ယင်းကြောင့် သူ့ဦးခေါင်းသည် ဒူးနှစ်ဖက်အကြားသို့ ရောက်သွား၏။ သူငယ်လေးသည် နာကျင်မှုဖြင့် ညည်းညူနေရှာ၏။
ဟက်ဗ်ရီလာတို့ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ဟိုင်ဒရောလစ် စက်လက်တံဖြင့် မော်တော်ကားတံခါးပေါက်တစ်ခုကို ဆွဲဖွင့်လိုက်၏။ သို့သော် ထိုထက်ပိုပြီး သူတို့ ဆွဲထုတ်လိုက်ပါက ဆော်ဒါသံဗူးအား အောက်မှ ထိုးပင့်လိုက်သလို `လန်´ ထွက်သွားစေနိုင်၏။ ထိုပြင်ဟိုက်ဒရောလစ် စက်လက်တံမှာလည်း ဤနေရာတွင် ထိထိရောက်ရောက် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ နောက်ဆုံးတွင် သူငယ်အား မှန်ကွဲများကြားမှ ခက်ခက်ခဲခဲ ဆွဲထုတ်ယူနိုင် ခဲ့ကြ၏။
ဒီထက်ကောင်းတဲ့ နည်းလမ်းမျိုးရှိရင် `ကောင်းမယ်´ ဟု ဖလာဟာတိက ဆို၏။ အကျဉ်းအကျပ်ထဲ ညပ်နေသူအား အလွယ်တကူ ဆွဲထုတ်ပေးနိုင်မည့် ကိရိယာတစ်ခုကို သူစတင်ကြံစည်ခဲ့မိ၏။ မော်တော်ကားပျက်ကို ကလန့်ဖွင့်သော နည်းအစားယင်းကို ကန့်လန့် ဖြတ်တောက်သောနည်းကို သူမျှော်မှန်းကြံဆနေ၏။ ယင်းကိရိယာသည် နေရာကျဉ်းကျပ်ထဲ၌ အသုံးပြုနိုင်လောက်အောင် ပေါ့ပါးသေးငယ် ကျစ်လစ်ဖို့လို၏။ ထိုပြင် ယင်းကိရိယာ ခုတ်မောင်းလည်ပတ်ရန် အတွက် ဓာတ်ဆီ သို့မဟုတ် လျှပ်စစ်ဓာတ်အား အသုံးပြုရန် မလိုအပ်ဖို့ လို၏။
`ဒီကရိယာမျိုးကို တီထွင်ပေးမယ့် လူပေါ်လာလိမ့်မယ်ထင်သလား´ ဟု ဟက်ဗ်ရီလာ က ဖလာဟာတီ အားမေးလိုက်၏။
`ကျွန်တော် ကိုယ်တိုင်ပဲ လုပ်ရမှာပေါ့ဗျ ´…. သူငယ်ချင်းဖြစ်သူက တကယ်အတည်ပြောနေမှန်း သိလိုက်ရသဖြင့် `ကျွန်တော်လည်း ကူမယ်ဗျာ´ ဟု ဟက်ဗ်ရီလာက အားပေးလိုက်၏။
၁၉၉၁-ခုနှစ်အတွင်းက သူတို့နှစ်ဦး အမှတ်မထင် ပြောကြားခဲ့သော ယင်းဆွေးနွေးပွဲ ကလေးမှစတင်ကာ အသက်ကယ် ကရိယာသစ် တစ်ခုကို ရှာပုံတော်ဖွင့်ခဲ့ ကြ၏။ ဖလာဟာတီ၏ သူငယ်ချင်း ဖရက်ဒ်ဟင့်ပ်တန် ကလည်း သူတို့နှင့်အတူ ၀င်ရောက်ကူညီ၏။ သူတို့သုံးဦးတီထွင်သော ကိရိယာမှာ ခရီးဆောင်လွှဝိုင်းလေး ဖြစ်သည်။ လွှသွားများက ရှေ့နောက်အလည့်ကျ တစ်လည့်စီ လည့်ပတ်ကြသည်။ ယင်းလွှအား လေဖိအားဖြင့် လည်ပတ်ခုတ်မောင်းရ၏။ မီးသတ်သမားများ အသုံးပြုသည့် အသက်ရှုလေဗူးထဲမှ လေဖြင့်ခုတ်မောင်းနိုင်၏။ လေဖိအားစနစ်ကြောင့် ရေအောက်၌ အသုံးပြုနိုင်၏။ စက်ခုတ်ချက် တိုတောင်းသောကြောင့် လွှသွားသည် အကျဉ်းအကြပ်ထဲ၌ ပိတ်မိညပ်ကပ်နေသူ၏ ခန္ဓာကိုယ် အနီးတွင် ရပ်တန့်သွားစေနိုင်၏။ ဘေးပတ်လည်မှ မှန်ကွဲနှင့် သံတိုသံစများကို သာ လှီးဖြတ်သွားပေလိမ့်မည်။
ထိုနောက် သူတို့သည် နမူနာ ပုံစံတစ်ခုကို တည်ဆောက်ပြီး လွှသွားအတွက် မာကြောသော သတ္တူစပ်များကို ဆက်လက်စမ်းသပ်ရှာဖွေကြ၏။ ယင်းသို့စမ်းသပ်ရာ၌ လွှသွားတစ်ချောင်းချင်းကို လက်တွေ့ အသုံးပြုကြည့်ကြခြင်း ဖြစ်၏။ လွှသွားများသည် အမြင်အားဖြင့် ခိုင်ခန့်သည် ထင်ရသော်လည်း လက်တွေ့တွင် ခိုင်ခန့်မှု မရှိကြောင်း တွေ့ရ၏။ လွှသွားများ အနေဖြင့် တမိနစ်လျှင် စက်ခုတ်ချက် ၂၂၀၀၀ ၏ ဒဏ်ကို ခံနိုင်ရည် ရှိရမည်ဖြစ်၏။ သို့သော် ပလပ်စတစ်နှင့် မှန်တို့ရောစပ် ပြုလုပ်ထားသော ခေတ်မှီမော်တော်ကား ရှေ့လေကာမှန် များကို လှီးဖြတ်ရာတွင် လွှသွားများ ခရီးမတွင်ပဲ ဖြစ်နေကြ၏။
သို့ဖြင့် ဆက်လက်ရှာဖွေ စမ်းသပ်ခဲ့ရ၏။ သူတို့တွင် စုဆောင်ထားသော ငွေကြေးများလည်း ကုန်သလောက် ရှိနေ၏။ ၂၄-နာရီ လုံးလုံး အလုပ်လုပ်နေရသည်တိုင် သူတို့စိတ်မပျက် အားမလျှော့ကြချေ။
၁၉၉၄-ခုနှစ် ရောက်မှ သံမဏိ နှစ်ဖက်လွှကို တီထွင်ရရှိလိုက်၏။ မာကြောသောသံမဏိ လွှသွားနှင့် ပျော့ပြောင်းပြီး အပူစုပ်ယူနိုင်သော လွှသွားများ ယှဉ်တွဲတပ်ဆင်ထားသည့် ယင်းလွှဖြင့် ပလက်စတစ်နှင့် သံမဏိ များကို အလွယ်တကူ ဖြတ်တောက်နိုင်ကြောင်း စမ်းသပ်တွေ့ရှိရ၏။
ယင်းလွှ၏ လုပ်ငန်းစွမ်းရည်က မျက်လည့်ပြသလို ကောင်းလှ၏။ ဒဏ္ဍာရီပုံပြင် ထဲက `အာသာ´ ဘုရင်ကြီး၏ `မှော်´ ဓါး၏ အမည် EXCALIBUR ဟုအမည်ပေးလိုက် ကြ၏။
ယင်းသို့ တီထွင်ပြီး မကြာမီ အတွင်းမှာပင် ပြင်းထန်သော ယာဉ်တိုက်မှုတခု သို့ ဟက်ဗ်ရီလာ သွားရောက် တာဝန်ထမ်းဆောင်ရ၏။ မော်တော်ကားထဲတွင် ဆယ်ကျော်သက်ရွယ် မိန်းကလေး တစ်ယောက် ပိတ်မိနေ၏။ မိန်းကလေး၏ ပတ်လည်မှ တွန့်လိန်ကောက်ကွေးနေသော သတ္တုအစအန အချွန်အတက်များကြား သို့ သူ့လက်ဖြင့် စမ်းသပ်ပြီး `လွှ´သွားဝင်ရောက် နိုင်မည့် လမ်းကြောင်းကို ရှာဖွေကြည့်လိုက်၏။
`လွှ´ စက်သံ ထွက်ပေါ်လာပြီးနောက် လွှသွားများက တွန့်လိမ်ကြေမွနေသော သတ္တုစများကို ဖြတ်တောက်ဝင်သွား၏။ ထို့နောက် မိန်းကလေး၏ အကာအကွယ်မဲ့သော လည်ပင်းအနီးတွင် ရပ်တန့်သွား၏။ ခေတ္တအကြာတွင် မိန်းကလေးကို ဘေးအန္တရယ်မှ ကယ်တယ်လိုက်ပြီး ဖြစ်သွား၏။
တစ်ခါက `ဖလာဟာတီ´၏ စိတ်ကူးမှပေါ်ပေါက်လာသော ELIMINATOR INDUSTRIES ကုမ္ပဏီ အနေဖြင့် ယနေ့အချိန်တွင် မီးသတ်နှင့်စစ်တပ်များသို့ EXCALIBUR အသက်ကယ် လွှပေါင်း ၁၀၀၀ ကျော် ရောင်းချခဲ့ရပြီး ဖြစ်၏။ သို့သော် သူတို့နှစ်ယောက်စလုံး မချမ်းသာကြသေးပေ။ ငွေကြေးမချမ်းသာသော်လည်း မတော်တဆမှုများ၌ အကျဉ်းအကျပ်ထဲတွင် ပိတ်မိပြီး သေဆုံးသွားသူများအတွက် တီထွင်မှုတစ်ခုကို ပြုလုပ်နိုင်ခြင်းကြောင့် သူတို့ စိတ်ချမ်းသာကြသည်ဆို၏။
`ကျွန်တော်အဖို့တော့ EXCALIBUR ကအသက်တစ်ချောင်းကယ်လိုက်တိုင်း ငွေတွေရသလို ကျေနပ်ဝမ်းသာ သွားမိတယ်´ ဟု ဘရက်ဒ်ဟက်ဗ်ရီလာ ကဆိုပါသည်။

No comments: