Wednesday, March 12, 2008

အိပ်မက် မက်ဝံ့သူများ (၄)

“စပိန်ဆိုဖာတစ်လုံးကို အကြောင်းပြု၍ ”

၁၉၉၀-ပြည့်နှစ်က ဂီနာအယ်လစ်(၂၉)နှစ် နှင့် သူမ၏ခင်ပွန်း ဘီလ်(၃၄)နှစ်တို့သည် လောစ့်အိန်ဂျယ်လစ်မြို့၌ အေးချမ်းစွာ နေထိုင်ခဲ့ကြ၏။ သူမက ဟိုတယ်အုပ်ချုပ်ရေးမှုးဖြစ်ပြီး ခင်ပွန်းသည်က ကြော်ငြာအေဂျင်စီ တစ်ခုတွင် ညွှန်ကြားရေးမှုးဖြစ်သည်။ ဂီနာမှာ သားဦးမွေးဖွားရန် ကိုယ်ဝန်အရင့်အမာ ရှိနေ၏။
ဒီဇင်ဘာ လလယ်လောက်တွင် ဘီလ်အား ကြိုတင်သတိပေးခြင်း မရှိပဲသူ၏ ကြော်ငြာအေဂျင်စီက အလုပ်ဖြုတ်ပစ်လိုက်၏။ ခရစ္စမတ်ပွဲတော်ကို မိမိတို့ပျော်ရွှင်စွာ မဆင်နွှဲနိုင်တော့မည့် အဖြစ်ကို တွေးလိုက်မိတော့ ဂီနာ ခါးသီးနာကျည်းသွား၏။ စိတ်အပြောင်းအလဲ ဖြစ်စေလိုသောသဘောဖြင့် စပိန်နိုင်ငံတွင် တစ်ခါက မြင်ခဲ့ဘူးသော “ဆိုဖာ” တစ်လုံးနှင့် ပတ်သက်သည့် ပန်းချီပုံကြမ်းများကို လေ့လာနေကြ၏။ ရေဆေး၍ရသော ဆိုဖာအဖုံးမှာ ရာသီအလိုက် ပြောင်းလဲ တပ်ဆင်အသုံးပြုနိုင်သဖြင့် ထိုဆိုဖာပုံစံက ဆွဲဆောင်မှုရှိ သလောက် လက်တွေ့အသုံးဝင်လှသည်။ သို့သော် အမေရိကန်နိုင်ငံတွင် ယင်းဆိုဖာမျိုးကို သူတို့ ရှာမတွေ့ကြချေ။ ထို့ကြောင့် စပိန်နိုင်ငံသို့လှမ်းမှာ ပြီးဆိုဖာတစ်လုံး ၀ယ်ယူလိုက်ကြ၏။ ယင်းဆိုဖာကို မိတ်ဆွေများကလည်း နှစ်သက်ကြသည်။ သူတို့ဇနီးမောင်နှံတွင် အခြားပရိဘောဂ ပစ္စည်းအသုံးအဆောင်များ၏ ပန်းချီပုံကြမ်းများလည်း ရှိနေကြ၏။ ယင်းပန်းချီကားချပ်ကို ဘီလ်က တစ်ချက်လှမ်းကြည့်ပြီး “အဲဒါဘာတွေလဲဆိုတာ မင်းသိပါတယ်နော်၊ ဒို့များဒါတွေ လုပ်ရောင်းရင် ရမှာပဲ” ဟုဇနီးဖြစ်သူအားပြောလိုက်၏။
ဘီလ်၏ အပြောကြောင့် ဂီနာအားတက်သွား၏။ “ကျွန်မတို့မှာ အိမ်ဂရံ စတော့ရှယ်ယာ ၀ယ်ထားတာရှိသားပဲ”
နောက်တစ်ပတ်အကြာတွင် အိမ်ဂရံဖြင့်ငွေချေးပြီး Quatrine Washable Furniture အမည်ဖြင့် ပရိဘောဂ လုပ်ငန်းတစ်ခု တည်ထောင် လိုက်ကြ၏။ ဆိုင်ခန်းနေရာ ကလေးတစ်ခုကို ငှားကာ ပရိဘောဂ ဆရာအား ပထမအသုတ်အဖြစ် ကုလားထိုင်နှင့် ဆိုဖာ (၅)လုံးတည်ဆောက်ခိုင်း၏။ “ရှုံးသွားရင်လည်း နောက်တစ်ကြိမ် ပြန်လုပ်တာပေါ့” ဟု သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် အားပေးလိုက်ကြ၏။
ဆိုင်သို့ လာသူတိုင်းကပင် ပရိဘောဂများကို ချီးမွမ်းသွားကြလေ့ရှိ၏။ သို့သော် ဈေးကြီး လှသည် ဆို၏။ ထို့ကြောင့် ၃-လကြာသည့်တိုင် ကုလားထိုင် တစ်လုံးမျှ မရောင်းရသေးချေ။ သမီးလေး နီနာကိုပင် မွေးဖွားခဲ့ပြီးဖြစ်၏။ သူတို့၏ စားဝတ်နေရေး အတွက်အကြွေးကတ်ပြားများပေါ်တွင် မှီခိုရပ်တည်နေကြရ၏။ ရင်သွေးမွေးမြူစောင့်ရှောက်ရေးကိုလည်း သူတို့ပြန်မကြည့်နိုင်ကြတော့။ နီနာကလေးအား ဆိုင်ကောင်တာ နောက်တွင် လှည်းကလေး တစ်လုံးထဲ ထည့်ပြီး သိပ်ထားရ၏။
“ငါတို့ တစ်ခုခုတော့ မှားခဲ့ပြီ ထင်တယ်” ဟု တစ်ညနေ ဆိုင်သိမ်းရင်း ဘီလ်က ဆို၏။
“မမှားဘူး၊ အခွင့်အရေးကို မယူခဲ့ရင်သာ ကျွန်မတို့ အမြဲတမ်း နောင်တ ရနေမှာ” ဟု ဂီနာက ပြန်လည်နှစ်သိမ့်၏။
ရက်အနည်းငယ် အကြာတွင် ခေတ်ဆန်ဆန် အမျိုးသမီးတစ်ယောက် ဆိုင်ထဲသို့ ၀င်လာ၏။ အကောင်းဆုံး ပရိဘောဂများကို စိတ်ကြိုက်ရွေးပြီးနောက် အမျိုးသမီးက ဒေါ်လာ ၁၄၀၀၀ တန် ချက်လက်မှတ်တစ်စောင် ထုတ်ပေး၏။ ၀ယ်သူအမျိုးသမီး ထွက်သွားသည်နှင့် ဂီနာက ချက်လက်မှတ်ကို ခင်ပွန်းသည်အား ပေးအပ်လိုက်၏။ “အမျိုးသမီး စိတ်မပြောင်းခင် ဘဏ်ကို မြန်မြန်သွားလဲလိုက်” ဟု ဂီနာက ဆို၏။
ကြွေးရှင်များအား ငွေအနည်းငယ် ပေးဆပ်ခြင်းဖြင့် သက်သာရာ ရရှိသွားကြ၏။ ထို့ပြင် ဈေးနှုန်း သင့်တင့်သော ပရိဘောဂ ပစ္စည်းများထပ်မံ မှာယူလိုက်ကြ၏။ နွေရာသီ အရောက်တွင် ပရိဘောဂ အသစ်များ စတင်ရောင်းချနေရ တော့၏။
နောက် ၂-နှစ်အကြာတွင် ဒက်ထရွိက်မြို့ ဆင်ခြေဖုံးအရပ်သို့ ပြောင်းရွှေ့သွားကြ၏။ ဘ၀မှာလည်း ပိုမို တည်ငြိမ်လာ၏။ ယင်းသို့ ဆိုင်ပြောင်းပြီး မကြာမီအချိန်အတွင်း မှာပင် သူတို့ထံ အမှာစာများ ပိုမိုရောက်ရှိလာကြ၏။ သူတို့ ရောင်းနိုင်အားထက်ပင် အမှာစာများက သာလွန်နေသေး၏။ ယနေ့အချိန်တွင် ဒါးလတ်စ်၊ ချီကာဂို၊ ဒင်ဗာ စသောမြို့များအထိ ဆိုင်ခွဲများ တို့ချဲ့ဖွင့်လှစ်ထားရပြီး တစ်နှစ်လျှင် ဒေါ်လာ ၅-သန်းကျော်ဖိုး ရောင်းနေရ၏။
မရေမရာ နိုင်လှသော မိမိတို့ ဘ၀အစကို ပြန်လှည်အမှတ်ရတိုင်း ဂီနာ တစ်ခါ တစ်ရံ ငိုကြွေးမိ၏။ “ဒါပေမဲ့ ဘီလ်သာ အလုပ်မပြုတ်ခဲ့ရင် ကျွန်မတို့ မိသားစု အခုလို အခြေအနေမျိုး ရောက်လာမှာ မဟုတ်ဘူး” ဟု ပြန်လည်ဖြေသိမ့် လိုက်လေ့ရှိ၏။ ဒုက္ခအခက်အခဲ များက သူတို့ကို သင်ခန်းစာတစ်ခုပေးခဲ့၏။ ယင်းသင်ခန်းစာကို အောင်မြင်သော လုပ်ငန်းရှင်တိုင်း လည်းသိထားကြ၏။ ယင်းမှာ အခြားမဟုတ်။ “စွန့်စားမှ အကျိုးအမြတ် ခံစားရနိုင်မည်” ပင်ဖြစ်ပါသည်။

No comments: