Thursday, March 27, 2008
ချစ်ပန်းကုံး
ချစ်တာကို စီကုံးလို့ သီပြပါဆို
ဒီအချစ်ပန်းကုံး ကြယ်စင်ဆုံးထိ...
ချစ်သူကို ဒီပန်းကုံး
ကြယ်စင်ဆုံးမှ ယူပေးချင်လို့..
မသေမချာ အလင်းနှစ်တွေကြား
သေသေချာချာ ကိုယ်အရောက်သွားမယ်
ကြယ်ချစ်သူရယ်
လိုက်ခဲ့ပါလား..
Wednesday, March 12, 2008
အတွေးအမြင်များ
အလှ
ကျွန်ုပ်ဆုတောင်းပါ၏။
အို-ဘုရားသခင်၊
ကျွန်ုပ်၏ အတွင်းစိတ် လှပ ပါစေသား။
ဆော့ခရတ္တိ
အချစ်
အရွယ်ရောက်ပြီးစနှင့် အိုမင်းသောအရွယ်ကြားတွင်
အချစ်သည်အဆင့် (၃)ဆင့်ကို ဖြတ်သန်းရ၏။
မင်းအလှကို ငါချစ်တယ်။
မင်းစကားကို ငါချစ်တယ်။
မင်းအလုပ်ကို ငါချစ်တယ်။
တချို့လူများကတော့ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် တတိယအဆင့်သို့ ကြိုး
ပမ်းအားထုတ်ခြင်းမရှိရ ပဲရောက်သွားကြ၏။ တချို့ကား ပထမအဆင့်အတွက်
ဆွဲဆောင်နိုင်သောအရွယ်လွန်သွားကြသော်လည်း ထိုအဆင့်မှာပင်
နစ်မြဲနစ်နေကြလေ၏။
လိုရက်ကာဝူဒက်
R.D ဖေဖော်ဝါရီ ၁၉၈၇
သိုး
သိုးများသည် ဘယ်တော့မှ မော့မကြည့်ပဲ မြက်များကိုစားရင်းစားရင်း
လမ်းလျှောက်ကြသည်ဟုဆို၏။
ထိုစကားလေးသည် ကျွန်တော်တို့အားလုံးအတွက်လည်းမှန်သည်။
ကျွန်တော်တို့လည်း မျက်စိရှေ့မှောက်ကိစ္စများကိုသာ အာရုံစိုက်ကြကုန်၏။
ဘ၀ကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် မကြည့်တက်တော့ပေ။
ဒိုနေးလ်ဘစ်ဘာရာ
R.D ဖေဖော်ဝါရီ ၁၉၈၇
တွေးစရာ
အောင်မြင်ခြင်းက လူကိုအချည်းအနှီးဖြစ်စေသည်။ အတ္တကြီးစေသည်။
ကိုယ့်ဖို့သာ ကြည့်စေသည်။ ထို့ကြောင့် အောင်မြင်ခြင်းက လူကို ဖျက်ဆီး
သည်ဟု လူအများက ထင်မြင်ကြ၏။ ယင်းအယူအဆကား မှားပေသည်။
ယင်းနှင့်ဆန့်ကျင်ဘက် အောင်မြင်ခြင်းက လူကိုများသောအားဖြင့် နှိမ့်ချစေ၏။
သည်းခံစေ၏။ ကြင်နာစေ၏။ လူအများ ခါးခါးသီးသီး
ရိုင်းစိုင်းကြမ်းကြုတ်လှသည်မှာ ကျဆုံးမှုကြောင့်သာဖြစ်လေ၏။
ဆမ်မားဆက်မော်မ်
R.D ဖေဖော်ဝါရီ ၁၉၈၇
အရွယ်
ကျွန်တော်တို့ မျက်နှာပေါ်မှာ ပါးရေနားရေ တွန့်ချင်တွန့်ပါစေ။
နှလုံးသားကိုတော့ ပါးရေနားရေ မတွန့်ပါစေနှင့်။
စိတ်ဓာတ်ဟူသည် အိုမင်းမသွားသင့်ပေ။
ဂျိမ်းအေဂါဖီး
ဘ၀မှာ အောင်မြင်ဖို့ နည်းကလေးတစ်ခုကတော့ ခင်ဗျားစားချင်တဲ့ အစာကိုစားလိုက်ပါ။ ပြီးတော့ အဲဒီ အစာက ၀မ်းထဲမှာ မတည့်တာ မဖြစ်ရအောင် ရောဂါကို တိုက်ခိုက်စေဖို့ပါပဲ။
( ရှေးခေတ် အမေရိကန်ဟာသစာရေးဆရာကြီး မာ့ခ်-တွိန်း)
အိပ်မက် မက်ဝံ့သူများ (၄)
“စပိန်ဆိုဖာတစ်လုံးကို အကြောင်းပြု၍ ”
ဒီဇင်ဘာ လလယ်လောက်တွင် ဘီလ်အား ကြိုတင်သတိပေးခြင်း မရှိပဲသူ၏ ကြော်ငြာအေဂျင်စီက အလုပ်ဖြုတ်ပစ်လိုက်၏။ ခရစ္စမတ်ပွဲတော်ကို မိမိတို့ပျော်ရွှင်စွာ မဆင်နွှဲနိုင်တော့မည့် အဖြစ်ကို တွေးလိုက်မိတော့ ဂီနာ ခါးသီးနာကျည်းသွား၏။ စိတ်အပြောင်းအလဲ ဖြစ်စေလိုသောသဘောဖြင့် စပိန်နိုင်ငံတွင် တစ်ခါက မြင်ခဲ့ဘူးသော “ဆိုဖာ” တစ်လုံးနှင့် ပတ်သက်သည့် ပန်းချီပုံကြမ်းများကို လေ့လာနေကြ၏။ ရေဆေး၍ရသော ဆိုဖာအဖုံးမှာ ရာသီအလိုက် ပြောင်းလဲ တပ်ဆင်အသုံးပြုနိုင်သဖြင့် ထိုဆိုဖာပုံစံက ဆွဲဆောင်မှုရှိ သလောက် လက်တွေ့အသုံးဝင်လှသည်။ သို့သော် အမေရိကန်နိုင်ငံတွင် ယင်းဆိုဖာမျိုးကို သူတို့ ရှာမတွေ့ကြချေ။ ထို့ကြောင့် စပိန်နိုင်ငံသို့လှမ်းမှာ ပြီးဆိုဖာတစ်လုံး ၀ယ်ယူလိုက်ကြ၏။ ယင်းဆိုဖာကို မိတ်ဆွေများကလည်း နှစ်သက်ကြသည်။ သူတို့ဇနီးမောင်နှံတွင် အခြားပရိဘောဂ ပစ္စည်းအသုံးအဆောင်များ၏ ပန်းချီပုံကြမ်းများလည်း ရှိနေကြ၏။ ယင်းပန်းချီကားချပ်ကို ဘီလ်က တစ်ချက်လှမ်းကြည့်ပြီး “အဲဒါဘာတွေလဲဆိုတာ မင်းသိပါတယ်နော်၊ ဒို့များဒါတွေ လုပ်ရောင်းရင် ရမှာပဲ” ဟုဇနီးဖြစ်သူအားပြောလိုက်၏။
ဘီလ်၏ အပြောကြောင့် ဂီနာအားတက်သွား၏။ “ကျွန်မတို့မှာ အိမ်ဂရံ စတော့ရှယ်ယာ ၀ယ်ထားတာရှိသားပဲ”
နောက်တစ်ပတ်အကြာတွင် အိမ်ဂရံဖြင့်ငွေချေးပြီး Quatrine Washable Furniture အမည်ဖြင့် ပရိဘောဂ လုပ်ငန်းတစ်ခု တည်ထောင် လိုက်ကြ၏။ ဆိုင်ခန်းနေရာ ကလေးတစ်ခုကို ငှားကာ ပရိဘောဂ ဆရာအား ပထမအသုတ်အဖြစ် ကုလားထိုင်နှင့် ဆိုဖာ (၅)လုံးတည်ဆောက်ခိုင်း၏။ “ရှုံးသွားရင်လည်း နောက်တစ်ကြိမ် ပြန်လုပ်တာပေါ့” ဟု သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် အားပေးလိုက်ကြ၏။
ဆိုင်သို့ လာသူတိုင်းကပင် ပရိဘောဂများကို ချီးမွမ်းသွားကြလေ့ရှိ၏။ သို့သော် ဈေးကြီး လှသည် ဆို၏။ ထို့ကြောင့် ၃-လကြာသည့်တိုင် ကုလားထိုင် တစ်လုံးမျှ မရောင်းရသေးချေ။ သမီးလေး နီနာကိုပင် မွေးဖွားခဲ့ပြီးဖြစ်၏။ သူတို့၏ စားဝတ်နေရေး အတွက်အကြွေးကတ်ပြားများပေါ်တွင် မှီခိုရပ်တည်နေကြရ၏။ ရင်သွေးမွေးမြူစောင့်ရှောက်ရေးကိုလည်း သူတို့ပြန်မကြည့်နိုင်ကြတော့။ နီနာကလေးအား ဆိုင်ကောင်တာ နောက်တွင် လှည်းကလေး တစ်လုံးထဲ ထည့်ပြီး သိပ်ထားရ၏။
“ငါတို့ တစ်ခုခုတော့ မှားခဲ့ပြီ ထင်တယ်” ဟု တစ်ညနေ ဆိုင်သိမ်းရင်း ဘီလ်က ဆို၏။
“မမှားဘူး၊ အခွင့်အရေးကို မယူခဲ့ရင်သာ ကျွန်မတို့ အမြဲတမ်း နောင်တ ရနေမှာ” ဟု ဂီနာက ပြန်လည်နှစ်သိမ့်၏။
ရက်အနည်းငယ် အကြာတွင် ခေတ်ဆန်ဆန် အမျိုးသမီးတစ်ယောက် ဆိုင်ထဲသို့ ၀င်လာ၏။ အကောင်းဆုံး ပရိဘောဂများကို စိတ်ကြိုက်ရွေးပြီးနောက် အမျိုးသမီးက ဒေါ်လာ ၁၄၀၀၀ တန် ချက်လက်မှတ်တစ်စောင် ထုတ်ပေး၏။ ၀ယ်သူအမျိုးသမီး ထွက်သွားသည်နှင့် ဂီနာက ချက်လက်မှတ်ကို ခင်ပွန်းသည်အား ပေးအပ်လိုက်၏။ “အမျိုးသမီး စိတ်မပြောင်းခင် ဘဏ်ကို မြန်မြန်သွားလဲလိုက်” ဟု ဂီနာက ဆို၏။
ကြွေးရှင်များအား ငွေအနည်းငယ် ပေးဆပ်ခြင်းဖြင့် သက်သာရာ ရရှိသွားကြ၏။ ထို့ပြင် ဈေးနှုန်း သင့်တင့်သော ပရိဘောဂ ပစ္စည်းများထပ်မံ မှာယူလိုက်ကြ၏။ နွေရာသီ အရောက်တွင် ပရိဘောဂ အသစ်များ စတင်ရောင်းချနေရ တော့၏။
နောက် ၂-နှစ်အကြာတွင် ဒက်ထရွိက်မြို့ ဆင်ခြေဖုံးအရပ်သို့ ပြောင်းရွှေ့သွားကြ၏။ ဘ၀မှာလည်း ပိုမို တည်ငြိမ်လာ၏။ ယင်းသို့ ဆိုင်ပြောင်းပြီး မကြာမီအချိန်အတွင်း မှာပင် သူတို့ထံ အမှာစာများ ပိုမိုရောက်ရှိလာကြ၏။ သူတို့ ရောင်းနိုင်အားထက်ပင် အမှာစာများက သာလွန်နေသေး၏။ ယနေ့အချိန်တွင် ဒါးလတ်စ်၊ ချီကာဂို၊ ဒင်ဗာ စသောမြို့များအထိ ဆိုင်ခွဲများ တို့ချဲ့ဖွင့်လှစ်ထားရပြီး တစ်နှစ်လျှင် ဒေါ်လာ ၅-သန်းကျော်ဖိုး ရောင်းနေရ၏။
မရေမရာ နိုင်လှသော မိမိတို့ ဘ၀အစကို ပြန်လှည်အမှတ်ရတိုင်း ဂီနာ တစ်ခါ တစ်ရံ ငိုကြွေးမိ၏။ “ဒါပေမဲ့ ဘီလ်သာ အလုပ်မပြုတ်ခဲ့ရင် ကျွန်မတို့ မိသားစု အခုလို အခြေအနေမျိုး ရောက်လာမှာ မဟုတ်ဘူး” ဟု ပြန်လည်ဖြေသိမ့် လိုက်လေ့ရှိ၏။ ဒုက္ခအခက်အခဲ များက သူတို့ကို သင်ခန်းစာတစ်ခုပေးခဲ့၏။ ယင်းသင်ခန်းစာကို အောင်မြင်သော လုပ်ငန်းရှင်တိုင်း လည်းသိထားကြ၏။ ယင်းမှာ အခြားမဟုတ်။ “စွန့်စားမှ အကျိုးအမြတ် ခံစားရနိုင်မည်” ပင်ဖြစ်ပါသည်။
Monday, March 10, 2008
အိပ်မက် မက်ဝံ့သူများ ( ၃)
ဖလော်ရီဒါပြည်နယ်၊ ဒယ်လ်ရေးမြို့၊ မီးသတ်စခန်းမှ မီးသတ်ရဲဘော် နှစ်ဦးဖြစ်သည့် “ဘရက်ဒ်ဟက်ဗ်ရီလာ” (၂၈)နှစ် နှင့် “ဂျွန်ဖလာဟာတီ ” (၂၅) နှစ်တို့သည် နေ့ခင်းအားလပ်ချိန်တွင် ကော်ဖီသောက်ရင်း မိမိတို့ တွေ့ကြုံခဲ့ရသော မတော်တဆဖြစ်မှုများ ကိုဆွေးနွေးနေကြ၏။
မီးသတ်တပ်ဖွဲ့သို့ သူစတင်ဝင်ရောက်စဉ်က ၁၉၈၇-ခုနှစ်က အဖြစ်အပျက်တစ်ခုကို ဖလာဟာတီက ပြန်လည်ပြောပြသွား၏။ ထိုစဉ်က ၁၈-ဘီးတပ်၊ ထရပ်ကားကြီး တစ်စင်းသည် လမ်းဘေးတွင် စိုက်ထောင်ထားသော အရံအတားများကို ၀င်တိုက်ပြီး အနီးရှိ တူးမြောင်းတစ်ခု ထဲသို့ ထိုးကျနစ်မြှပ်သွား၏။ ထိုထရပ်ကားကြီးထဲ၌ ယာဉ်မောင်းနှင့်အတူ သူ၏ ဇနီးနှင့် ရင်သွေးငယ်နှစ်ယောက်တို့လည်း ပါရှိကြ၏။
“ကားထဲမှာ ကလေးတွေပါနေတာ ကျွန်တော်တို့သိတယ် ” ဟု ဖလာဟာတီက ဆို၏။ ရွှံ့နှစ်များ၊ လောင်စာဆီများ ဖြင့်ဖုန်းအုပ်နေသော ထရပ်ကားကြီး၏ ရှေ့ခန်းတံခါး အဖုံးကို ကယ်ဆယ်ရေးအဖွဲ့ဝင်များက ဟိုင်ဒရောလစ်ဝန်ချီ ကရိန်းစက်လက်တံဖြင့် ကလော်ဖွင့်ရန် ကြိုးစားကြ၏။ သို့သော်ရွှံ့နှစ်များထဲတွင် မို့ ကုတ်ကော်၍ မရပဲရှိနေ၏။ ထို့ပြင်ဓါတ်ဆီသုံး လွှစက်မှာလည်း ရေအောက၌် အသုံးပြု၍ မရပဲရှိနေ၏။ ၀န်ဆွဲမော်တော်ကား တစ်စင်းဖြင့် ရေအောက်မှ ထရပ်ကားရှေ့ခန်းကို ဆွဲထုတ်ယူသောအခါ အတွင်း၌ ပိတ်မိနေသော မိသားစုထံသို့ သူတို့ ၀င်ရောက်ကယ်ဆယ်နိုင်ကြ၏။
“ဒါပေမဲ့ ကျွန်တော်တို့ နောက်ကျသွားပါတယ် ” ဟု ဖလာဟာတီက ဟက်ဗ်ရီလာ ” အားရှင်းပြလိုက်၏။ ထိုညက သူ၏လက်နှိပ် ဓါတ်မီး မီးရောင်ထဲ၌ တွေ့လိုက်ရသော မြင်ကွင်းက သူ့ကို ယခုအချိန်ထိ ခြောက်လန့်နေဆဲရှိ၏။ ထိုမြင်ကွင်းမှာ အခြားမဟုတ်။
၃-နှစ်သမီးလေး တစ်ယောက်၏ ပျော့ခွေနေသော သက်မဲ့ခန္ဒာကိုယ်ဖြစ်သည်။ ယာဉ်မောင်းမိသားစု တစ်စုလုံး ရေနှစ်သေဆုံးသွားခဲ့ကြ၏။
“ဟက်ဗ်ရီလာ” ကလည်း အလားတူ သူ့အတွေ့အကြုံတစ်ခုကို ပြန်လည်ပြောသည်။ ၁၉၈၉-ခုနှစ်က “အဲဗားဂလိတ်ဒ်” မြို့မှ လူသူကင်းပြတ်သော လမ်းပေါ်၌ မော်တော်ကား တစ်စင်း တိမ်းမှောက်သွားခဲ့သည်။ ယာဉ်မောင်းသူမှာ ဆယ်ကျော်သက်အရွယ် သူငယ်ကလေးတစ်ယောက် ဖြစ်သည်။ သူ့ခင်မျာ ကားပျက်ထဲ၌ ညပ်နေ၏။ အပေါ်မှ ပြိုကျလာသော ကားအမိုးက သူ့ဦးခေါင်းကို မှန်ကွဲများ အကြားသို့ ဖိသိပ်ထားသလို ဖြစ်နေ၏။ ယင်းကြောင့် သူ့ဦးခေါင်းသည် ဒူးနှစ်ဖက်အကြားသို့ ရောက်သွား၏။ သူငယ်လေးသည် နာကျင်မှုဖြင့် ညည်းညူနေရှာ၏။
ဟက်ဗ်ရီလာတို့ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ဟိုင်ဒရောလစ် စက်လက်တံဖြင့် မော်တော်ကားတံခါးပေါက်တစ်ခုကို ဆွဲဖွင့်လိုက်၏။ သို့သော် ထိုထက်ပိုပြီး သူတို့ ဆွဲထုတ်လိုက်ပါက ဆော်ဒါသံဗူးအား အောက်မှ ထိုးပင့်လိုက်သလို `လန်´ ထွက်သွားစေနိုင်၏။ ထိုပြင်ဟိုက်ဒရောလစ် စက်လက်တံမှာလည်း ဤနေရာတွင် ထိထိရောက်ရောက် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ နောက်ဆုံးတွင် သူငယ်အား မှန်ကွဲများကြားမှ ခက်ခက်ခဲခဲ ဆွဲထုတ်ယူနိုင် ခဲ့ကြ၏။
ဒီထက်ကောင်းတဲ့ နည်းလမ်းမျိုးရှိရင် `ကောင်းမယ်´ ဟု ဖလာဟာတိက ဆို၏။ အကျဉ်းအကျပ်ထဲ ညပ်နေသူအား အလွယ်တကူ ဆွဲထုတ်ပေးနိုင်မည့် ကိရိယာတစ်ခုကို သူစတင်ကြံစည်ခဲ့မိ၏။ မော်တော်ကားပျက်ကို ကလန့်ဖွင့်သော နည်းအစားယင်းကို ကန့်လန့် ဖြတ်တောက်သောနည်းကို သူမျှော်မှန်းကြံဆနေ၏။ ယင်းကိရိယာသည် နေရာကျဉ်းကျပ်ထဲ၌ အသုံးပြုနိုင်လောက်အောင် ပေါ့ပါးသေးငယ် ကျစ်လစ်ဖို့လို၏။ ထိုပြင် ယင်းကိရိယာ ခုတ်မောင်းလည်ပတ်ရန် အတွက် ဓာတ်ဆီ သို့မဟုတ် လျှပ်စစ်ဓာတ်အား အသုံးပြုရန် မလိုအပ်ဖို့ လို၏။
`ဒီကရိယာမျိုးကို တီထွင်ပေးမယ့် လူပေါ်လာလိမ့်မယ်ထင်သလား´ ဟု ဟက်ဗ်ရီလာ က ဖလာဟာတီ အားမေးလိုက်၏။
`ကျွန်တော် ကိုယ်တိုင်ပဲ လုပ်ရမှာပေါ့ဗျ ´…. သူငယ်ချင်းဖြစ်သူက တကယ်အတည်ပြောနေမှန်း သိလိုက်ရသဖြင့် `ကျွန်တော်လည်း ကူမယ်ဗျာ´ ဟု ဟက်ဗ်ရီလာက အားပေးလိုက်၏။
၁၉၉၁-ခုနှစ်အတွင်းက သူတို့နှစ်ဦး အမှတ်မထင် ပြောကြားခဲ့သော ယင်းဆွေးနွေးပွဲ ကလေးမှစတင်ကာ အသက်ကယ် ကရိယာသစ် တစ်ခုကို ရှာပုံတော်ဖွင့်ခဲ့ ကြ၏။ ဖလာဟာတီ၏ သူငယ်ချင်း ဖရက်ဒ်ဟင့်ပ်တန် ကလည်း သူတို့နှင့်အတူ ၀င်ရောက်ကူညီ၏။ သူတို့သုံးဦးတီထွင်သော ကိရိယာမှာ ခရီးဆောင်လွှဝိုင်းလေး ဖြစ်သည်။ လွှသွားများက ရှေ့နောက်အလည့်ကျ တစ်လည့်စီ လည့်ပတ်ကြသည်။ ယင်းလွှအား လေဖိအားဖြင့် လည်ပတ်ခုတ်မောင်းရ၏။ မီးသတ်သမားများ အသုံးပြုသည့် အသက်ရှုလေဗူးထဲမှ လေဖြင့်ခုတ်မောင်းနိုင်၏။ လေဖိအားစနစ်ကြောင့် ရေအောက်၌ အသုံးပြုနိုင်၏။ စက်ခုတ်ချက် တိုတောင်းသောကြောင့် လွှသွားသည် အကျဉ်းအကြပ်ထဲ၌ ပိတ်မိညပ်ကပ်နေသူ၏ ခန္ဓာကိုယ် အနီးတွင် ရပ်တန့်သွားစေနိုင်၏။ ဘေးပတ်လည်မှ မှန်ကွဲနှင့် သံတိုသံစများကို သာ လှီးဖြတ်သွားပေလိမ့်မည်။
ထိုနောက် သူတို့သည် နမူနာ ပုံစံတစ်ခုကို တည်ဆောက်ပြီး လွှသွားအတွက် မာကြောသော သတ္တူစပ်များကို ဆက်လက်စမ်းသပ်ရှာဖွေကြ၏။ ယင်းသို့စမ်းသပ်ရာ၌ လွှသွားတစ်ချောင်းချင်းကို လက်တွေ့ အသုံးပြုကြည့်ကြခြင်း ဖြစ်၏။ လွှသွားများသည် အမြင်အားဖြင့် ခိုင်ခန့်သည် ထင်ရသော်လည်း လက်တွေ့တွင် ခိုင်ခန့်မှု မရှိကြောင်း တွေ့ရ၏။ လွှသွားများ အနေဖြင့် တမိနစ်လျှင် စက်ခုတ်ချက် ၂၂၀၀၀ ၏ ဒဏ်ကို ခံနိုင်ရည် ရှိရမည်ဖြစ်၏။ သို့သော် ပလပ်စတစ်နှင့် မှန်တို့ရောစပ် ပြုလုပ်ထားသော ခေတ်မှီမော်တော်ကား ရှေ့လေကာမှန် များကို လှီးဖြတ်ရာတွင် လွှသွားများ ခရီးမတွင်ပဲ ဖြစ်နေကြ၏။
သို့ဖြင့် ဆက်လက်ရှာဖွေ စမ်းသပ်ခဲ့ရ၏။ သူတို့တွင် စုဆောင်ထားသော ငွေကြေးများလည်း ကုန်သလောက် ရှိနေ၏။ ၂၄-နာရီ လုံးလုံး အလုပ်လုပ်နေရသည်တိုင် သူတို့စိတ်မပျက် အားမလျှော့ကြချေ။
၁၉၉၄-ခုနှစ် ရောက်မှ သံမဏိ နှစ်ဖက်လွှကို တီထွင်ရရှိလိုက်၏။ မာကြောသောသံမဏိ လွှသွားနှင့် ပျော့ပြောင်းပြီး အပူစုပ်ယူနိုင်သော လွှသွားများ ယှဉ်တွဲတပ်ဆင်ထားသည့် ယင်းလွှဖြင့် ပလက်စတစ်နှင့် သံမဏိ များကို အလွယ်တကူ ဖြတ်တောက်နိုင်ကြောင်း စမ်းသပ်တွေ့ရှိရ၏။
ယင်းလွှ၏ လုပ်ငန်းစွမ်းရည်က မျက်လည့်ပြသလို ကောင်းလှ၏။ ဒဏ္ဍာရီပုံပြင် ထဲက `အာသာ´ ဘုရင်ကြီး၏ `မှော်´ ဓါး၏ အမည် EXCALIBUR ဟုအမည်ပေးလိုက် ကြ၏။
ယင်းသို့ တီထွင်ပြီး မကြာမီ အတွင်းမှာပင် ပြင်းထန်သော ယာဉ်တိုက်မှုတခု သို့ ဟက်ဗ်ရီလာ သွားရောက် တာဝန်ထမ်းဆောင်ရ၏။ မော်တော်ကားထဲတွင် ဆယ်ကျော်သက်ရွယ် မိန်းကလေး တစ်ယောက် ပိတ်မိနေ၏။ မိန်းကလေး၏ ပတ်လည်မှ တွန့်လိန်ကောက်ကွေးနေသော သတ္တုအစအန အချွန်အတက်များကြား သို့ သူ့လက်ဖြင့် စမ်းသပ်ပြီး `လွှ´သွားဝင်ရောက် နိုင်မည့် လမ်းကြောင်းကို ရှာဖွေကြည့်လိုက်၏။
`လွှ´ စက်သံ ထွက်ပေါ်လာပြီးနောက် လွှသွားများက တွန့်လိမ်ကြေမွနေသော သတ္တုစများကို ဖြတ်တောက်ဝင်သွား၏။ ထို့နောက် မိန်းကလေး၏ အကာအကွယ်မဲ့သော လည်ပင်းအနီးတွင် ရပ်တန့်သွား၏။ ခေတ္တအကြာတွင် မိန်းကလေးကို ဘေးအန္တရယ်မှ ကယ်တယ်လိုက်ပြီး ဖြစ်သွား၏။
တစ်ခါက `ဖလာဟာတီ´၏ စိတ်ကူးမှပေါ်ပေါက်လာသော ELIMINATOR INDUSTRIES ကုမ္ပဏီ အနေဖြင့် ယနေ့အချိန်တွင် မီးသတ်နှင့်စစ်တပ်များသို့ EXCALIBUR အသက်ကယ် လွှပေါင်း ၁၀၀၀ ကျော် ရောင်းချခဲ့ရပြီး ဖြစ်၏။ သို့သော် သူတို့နှစ်ယောက်စလုံး မချမ်းသာကြသေးပေ။ ငွေကြေးမချမ်းသာသော်လည်း မတော်တဆမှုများ၌ အကျဉ်းအကျပ်ထဲတွင် ပိတ်မိပြီး သေဆုံးသွားသူများအတွက် တီထွင်မှုတစ်ခုကို ပြုလုပ်နိုင်ခြင်းကြောင့် သူတို့ စိတ်ချမ်းသာကြသည်ဆို၏။
`ကျွန်တော်အဖို့တော့ EXCALIBUR ကအသက်တစ်ချောင်းကယ်လိုက်တိုင်း ငွေတွေရသလို ကျေနပ်ဝမ်းသာ သွားမိတယ်´ ဟု ဘရက်ဒ်ဟက်ဗ်ရီလာ ကဆိုပါသည်။
Wednesday, March 5, 2008
အိပ်မက် မက်ဝံ့သူများ ( ၂ )
“မျက်စိလျှံသွားသော အခွင့်အရေးတစ်ခု”
၁၉၈၀ ပြည့်ဆောင်းဦးပေါက် တစ်ခုသော နေခင်းပိုင်းဖြစ်သည်။ ထိုစဉ်က အသက် ၁၇-နှစ်ရှိသော “ဂျိုဆေအဂွီယာ ဂျူနီယာ” သည် နယူးယောက်မြို့ ဘရွန့်စ်ရပ်ကွက် တောင်ပိုင်းတွင်ဖွင့်ထားသော ဖခင်၏ ပင်မင်းဆိုင်သို့ စာတစ်စောင်ယူသွား၏။ စာမှာကိုလံဘီယာ တက္ကသိုလ်သို့ ပညာသင်ထောင်ပံကြေးဖြင့် တက်ရောက်ခွင့်ပြုသော အကြောင်းကြား စာဖြစ်သည်။
ဖခင် “ဂျိုဆေ” က သားအတွက်ပီတိဖြာနေ၏။ “ငါ့သား ဘွဲ့ရအောင်ကြိုးစားပြီး ကုမ္ပဏီကြီးတစ်ခုမှာ အောင်မြင်စွာအလုပ်ရရှိပါစေ” ဟုအားပေးစကားပြောကြား၏။ သူငယ်စဉ် ဆယ်ကျော်သက်အရွယ်က ပညာလေးမတောက်တခေါက်ဖြင့် ပွာတိုရီကိုမှ နယူးယောက်မြို့ကြီးသို့ ရောက်လာပြီး ဘ၀တွင် ရုန်းကန်ကြိုးပမ်းခဲ့ ရ၏။ ထို့ကြောင့်သားဖြစ်သူကို မိမိထက် သာစေလို၏။
၁၉၈၃-ခုနှစ်တွင် ဂျိုဆေဂျူနီယာ တက္ကသိုလ်တက်နေခိုက် သူ့ဖခင်ရုတ်တရက် ကွယ်လွန်သွား၏။ သို့ဖြင့် သူကျောင်းမှ ခွင့်ယူပြီး မိသားစုထံ ပြန်လာခဲ့ ရ၏။ “မိသားစု လုပ်ငန်း” အခြေတကျဖြစ်တာနဲ့ ကျွန်တော် ဆောင်းနှောင်း စာသင်နှစ်ဝက်အမီ ပြန်လာခဲ့ပါမယ်” ဟုတက္ကသိုလ်မှ ဆရာများထံ ကတိပြုခဲ့၏။
ဂျိုဆေအဂွီယာအနေဖြင့် နာရီပေါင်းများစွာ အလုပ်လုပ်ပြီး ဖခင်၏ ပင်မင်းဆိုင်လုပ်ငန်း ကို ကယ်တင်ပေးခဲ့ရ၏။ သို့သော်ယင်းအခြေအနေသို့ ရောက်ရန် ၃-နှစ်တည်းဟူသော အချိန်တို့ ကုန်ဆုံးသွားခဲ့ကြ၏။ တက္ကသိုလ် မှ ပညာသင်ထောက်ပံ့ ကြေးလည်း လက်လွတ်ဆုံးရှုံးသွား၏။ ယခင်က အတန်းဖော် သူငယ်ချင်းများက ဘွဲ့ယူ အထိမ်းအမှတ်အဖြစ် ပြုလုပ်သော ဧည့်ခံပွဲ များသို့ ဖိတ်ကြားသောအခါ အဂွီယာက “ကျွန်တော် အလုပ်မအားလို့ မတက်ရောက်နိုင်ပါ” ဟု အကြောင်းပြလေ့ရှိ၏။ အမှန်မှာ သူအလွန်အမင်း စိတ်ဓာတ်ကျနေသော ကြောင့်သာဖြစ်၏။ “ဖေဖေ ခြေရာကို ကျွန်တော် နင်းမယ်” ဟု သူ့စိတ်ထဲမှာတွေးနေ၏။
တခြားအခြောက်လျှော် ပင်မင်းသမားများကဲ့သို့ပင် အဂွီယာသည်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ငွေအမြောက်အမြား အကုန်ခံပြီး ပြုပြင် လိုက်နာနေခဲ့၏။ စရိတ် အကုန်အကျသက်သာစေရန် ပင်မင်းဆိုင်ခွဲများ ဖွင့်လှစ်ပြီး အထည်အပ် အထည်ရွေးပြုလုပ် ဆောင်ရွက်ပေး၏။ အ၀တ်လျှော်သန့်စင်သော ဗဟိုစက်ရုံကို တော့သီးခြားထား၏။ သို့သော် အတ္တလန္တာမြို့၌ ကျင်းပသော ညီလာခံတစ်ခု တွင် ဆိုင်ခွဲဖွင့်လှစ်ထားသော လုပ်ငန်းရှင်များအား ချဉ်းကပ်ဆက်သွယ် ကြည့်သော အခါ သူ့ကိုခေါင်းခါ ညင်းဆန်လိုက်ကြ၏။ သူတို့သည် အတွင်းပိုင်းကျသော မြို့ကြီးများ ၌ ပင်မင်းဆိုင်ခွဲများ ဖွင့်လှစ်ရန် စိတ်မ၀င်စားကြချေ။
အိမ်အပြန်လေယာဉ်ပေါ်တွင် ဤအကြောင်းကိုပင် သူတနုံနုံ တွေးနေမိ၏။ “ဘရွန့်စ် ရပ်ကွက်ကထောင်ပေါင်းများစွားသော လူတွေဟာ မန့်ဟက်တန် ရပ်ကွက်ကို အလုပ်ဆင်းလာကြတဲ့အခါ သူတို့အ၀တ်အစားတွေ ပင်မင်းပေးဖို့ ယူလာကြမှာပဲ” ဟု သူတွေးလိုက်မိ၏။ ဧရာမ အခွင့်ကောင်းကြီး တစ်ခုကို ငါမျက်စိလျှံနေမိပါလား ဟုလည်း တဆက်တည်း တဆက်တည်း စဉ်းစားမိ၏။ နယူးယောက်တွင် လေယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် စောစောက စိတ်ပျက်မှုများ ပျောက်သွားပြီး စိတ်တက်ကြွသော အဖြစ်သို့ ပြောင်းလဲနေကြောင်း အဂွီယာ သူ့ကိုယ်သူ တွေ့ရှိလိုက်ရ၏။ မိသားစု လုပ်ငန်းမှ အမြတ်အစွန်း များဖြင့် မိမိကိုယ်ပိုင် ပင်မင်း ဆိုင်ခွဲဖွင့်ရန် အခွင့်အလမ်း ရှိနေသည် မဟုတ်လား။
ငွေကြေးဆိုင်ရာ အခက်အခဲ အားလုံးကို မိခင် “ ကာမင်း” အား သူက ရှင်းပြလိုက်၏။ “ ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူးလို့ ကျွန်တော် ထင်တယ် ” ဟု သူက နောက်ဆုံးစကားကို ပြော၏။ “မင်းအဖေရှိ ရင်လည်း သူသဘောတူမှာပါပဲ ” ဟု မိခင်က ဆို၏။ ၁၉၉၂- ခုနှစ်တွင်“ ပင်မင်းဘုရင် ” ဟူသော အမည်ဖြင့် ဆိုင်ခွဲများ စတင်ဖွင့်လှစ်လိုက်၏။ ဆိုင်မျက်နှာစာတွင် တောက်ပသော အပြာနှင့် အ၀ါရောင်ခြယ်ထားပြီး အတွင်းဘက်တွင်လည်း ချယ်ရီပန်းရောင် ခြယ်ထား၏။ ယနေ့ အချိန်တွင် သူ၏ ဆိုင်ခွဲပေါင်း ၂၂-ခု အထိရှိနေပြီး ယင်းတို့အား စီမံခန့်ခွဲရန်အတွက် အနီးပတ်ဝန်းကျင်တွင် နေထိုင်သူ များကိုပင်ခန့်ထား၏။
မကြာသေးမီကမူ သူတစ်ခါက တက်ရောက်ခဲ့သော ကိုလံဘီယာ တက္ကသိုလ်နှင့် ပြန်လည် အဆက်အသွယ် ပြုလုပ်ခဲ့၏။ သူ၏စိတ်ကူးမှာ အချိန်ပိုင်း ဖြင့် တက်ရောက်ပြီး တက္ကသိုလ်ဘွဲ့ယူရန်ဖြစ်သည်။ သို့သော် သူစိတ်ကူး သလိုဖြစ်မလာခဲ့ချေ။ စီးပွားရေး ပါမောက္ခ ဟာဗေးရှူးမင်းက သူ့ကိုခေါ်တွေ့ပြီး တက္ကသိုလ်တွင် စီးပွားရေး ဘာသာရပ် ပို့ချသင်ကြားပေးရန် တာဝန်ပေး၏။ ဤသို့ဖြင့် လွန်ခဲ့သော ၁၃-နှစ်က အခြေအနေ အရပ်ရပ်ကြောင့် သူစွန့်ခွာခဲ့ ရသော တက္ကသိုလ်တွင် ဘောဂဗေဒ ကျောင်းသားများအား စီးပွားရေး ဘာသာရပ် ပို့ချပေးနေခဲ့ရာ တစ်သောင်းပင် ကျော်လာခဲ့ပြီဖြစ်၏။ သွားလေသူ ဖခင်ကြီးသာရှိ လျှင်မည်မျှ ဂုဏ်ယူရှာလိမ့်မည်ကို သူသိနေ၏။
Tuesday, March 4, 2008
အိပ်မက် မက်ဝံ့သူများ
အိပ်မက်မက်ဝံ့သူများ ဆိုတာကို ရေးဖို့ ကြံနေတာကြာပါပြီး။ အလုပ်များရှုပ်နေတာက တစ်ကြောင်း၊ မီးမလာတာက တစ်ကြောင်းကြောင့် အခုမှ ပထမ အပုဒ်ကို တင်လိုက်တာပါ။ စုစုပေါင်း ၃ ပုဒ်ပါ။ ဖတ်ရတာ စိတ်ဓာတ် တက်ကြွဖွယ် အလွန်ကောင်းပါတယ်။ နောက်နှစ်ပုဒ် ကို ဆက်ရေးမှာပါ။
အိပ်မက်မက်ဝံ့သူများ
နိုင်ငံတို့၏ သမိုင်းတွင် `ပါရဂူ´ ဆိုသူတို့ကို ဂရုမစိုက်ပဲ မိမိတို့ စိတ်ကူးစိတ်သန်းဖြင့် တီထွင်ခဲ့ကြသော စီးပွားရေး လုပ်ငန်းရှင်များ၏ ဒဏ္ဍာရီ ပုံပြင် သဖွယ် အကြောင်းအရာများဖြင့် ပြည့်နှက်လျက်ရှိ၏။ သိပ္ပံ ပညာရှင်ကြီး သောမတ်စ်အယ်ဒီဆင်နှင့် ကွန်ပျူတာ ဉာဏ်ကြီးရှင် ဘီလ်ဂိတ်စ်တို့လို့ ပုဂ္ဂိုလ်မျိုးမှအပအခြားမထင်မရှား လုပ်ငန်းရှင်များ ထောင်ပေါင်းများစွာရှိကြ၏။ သူတို့သည် မိမိတို့၏ စိတ်ကူးအမြင်နှင့် ဇွဲလုံ့လတို့ကို အရင်းတည်ကာ အောင်မြင်မှုကို ဆွတ်ခူးရရှိသွားကြ သူမျာဖြစ်၏။
အောက်တွင် ယင်းသို့သော လူမသိသူမသိ အညတြ အောင်မြင်သူအချို့ အကြောင်းကိုဖော်ပြလိုက်ပါ၏။
ကြောက်ဖွယ့် နောက်ဆုံးရက်ချိန်း
၁၉၈၉ ခုနှစ်၊ တစ်ခုသောဆည်းဆာညတွင် ဖြစ်သည်။ စကော့မက်ဂရီဂေါ် (၄၅ ) နှစ်သည် ကယ်လီဖိုးနီးယားပြည်နယ် `ဝေါလ်နပ်စရီ´ မြို့ရှိ သူ၏နေအိမ်၌ ကွန်ပျူတာတစ်လုံးဖြင့် တကုပ်ကုပ် အလုပ်လုပ်နေ၏။ ကွန်ပျူတာဖန်သားပြင်ပေါ်မှ သူ၏ မောပန်းနွမ်လျနေသော မျက်စိအကြည့်ကိုလွဲဖယ်ပြီး မီးဖိုချောင်ထဲသို့ လှမ်းမျှော်ကြည့်လိုက်၏။ ထိုအခါသူ၏ ဆယ်ကျော်သက် အမြွာပူး သားနှစ်ယောက်ဖြစ်သော `ခရစ္စ´ နှင့် `ထရာဗစ်´ တို့အား သူတို့၏ မိခင် `ဒီအန်´ နှင့်အတူ နွားနို့ဝယ်ရန်အတွက် ရှိသမျှ ငွေအကြွေစေ့ကလေးများကို စုပုံနေကြသည်ကို မြင်တွေ့လိုက်ရ၏။
ယခုလို ချို့ငဲ့ ရခြင်းမှာ မိမိတွင် အပြစ်မကင်းသလို ခံစားလိုက်ရသော မက်ဂရီဂေါ် သည် သူတို့သုံးယောက် ရှိရာ မိဖိုးခန်းထဲသို့ ၀င်သွား၏။ `မင်းတို့ ခုလို ဖြစ်ရတာ ငါ့ကြောင့်ပဲ၊ နောက်တစ်ခါ ဒါမျိုး မဖြစ်ရအောင် ငါမနက်ဖန်ပဲ အလုပ်သွားရှာမယ်´ `ဖေဖေ မသွားရဘူး´ ဟုသားငယ် ထရာဗစ်က ကန့်ကွက်၏။ ခရစ္စကလည်း `ဖေဖေ့ ဟိုကစ္စအောင်မြင်ခါနီးပြီ မဟုတ်လား´ဟု ၀င်ပြော၏။
လွန်ခဲ့သော ၂- နှစ်လောက်က မက်ဂရီဂေါ် သည် မိမိတွင် ပေါ်လာသော စိတ်ကူးတစ်ခုကို အကောင်အထည်ဖော်ရန်အတွက် လုံခြုံစိတ်ချရသော အတိုင်ပင်ခံအလုပ်မှ နှုတ်ထွက်လာခဲ့၏။ သူအလုပ်လုပ်ခဲ့သော ကုမ္ပဏီမှာ လေဆိပ်နှင့် ဟိုတယ်များ ခရီးသွား လုပ်ငန်းရှင်များအား ဆယ်လူလာဖုန်းများ ငှားရမ်းသော ကုမ္ပဏီတစ်ခု ဖြစ်၏။ သို့သော် ခေါက်ချိုး၍ရသော ယင်းဆယ်လူလာဖုန်းများတွင်ခေါ်ယူ ဆက်သွယ်မှုများအတွက် မှတ်တမ်းတင် `မီတာ´ မပါရှိကြချေ။ ထို့ကြောင့် အချို့ ကုမ္ပဏီများက မိမိတို့ အလုပ်သမားများအား ဆယ်လူလာဖုန်း ငှားရန်းအသုံးပြု ဆယ်သွယ်ခ များကို ပြန်လည်ထုတ်ပေးခြင်း မပြုကြချေ။ ယင်းအခက်အခဲကို ဖြေရှင်းရန်မှာ ဆယ်လူလာဖုန်းထဲ၌ ဆက်သွယ်မှုမှတ်တမ်းတင်ပေးမည့် ကွန်ပျူတာ `ချစ်´ကလေးတစ်ခုထည့်သွင်းတပ်ဆင်ပေးဖို့ပင်ဖြစ်၏။ သို့မှသာ ဆက်သွယ်ပြောကြားမှု တစ်ခုချင်းအတွက် `စာရင်း´ ပြုစုပြီး သက်ဆိုင်ရာ အလုပ်ရှင်က ငွေပြန်ထုတ်ပေးနိုင်မည် ဖြစ်၏။
မက်ဂရီဂေါ် အနေဖြင့် ကွန်ပျူတာ `ချစ်ပ်´ ကလေးအတွက် စိတ်ကူရရှိထား၏။ သေချာပေါက် အောင်မြင်မည်ကိုလဲ သူသိထား၏။ သူ့မိသားစုကလည်း နောင်ပိုင်းမှ ထောက်ခံအားပေးနေကြ၏။ ထို့ကြောင့် ငွေကြေးအရင်းအနှီ ထုတ်ပေးမည့် သူများထံ စတင်ချဉ်းကပ် ရှာဖွေတော့၏။ သို့သော် အောင်မြင်မှု မရသေး။
ဤသို့ဖြင့် ၁၉၉၀ ပြည့်နှစ် မတ်လထဲ ရောက်လာသောအခါ မက်ဂရီဂေါ် အတွက် အကြပ်အတည်းတစ်ခု ပေါ်လာ၏။ ရဲအရာရှိ၏ လက်ထောက်တစ်ဦး သူ့အိမ်တံခါးကိုလာခေါက်ပြီး အိမ်ငှားခကို တနင်းလားနေ့ နောက်ဆုံးထားပြီး မပေးနိုင်လျှင် အိမ်မှနှင်ချ မည်ဖြစ်ကြောင်း သတိပေးသွား၏။
မက်ဂရီဂေါ်ခမျာ ရက်သတ္တပတ်၏ နောက်ဆုံး ရက်အားကိုပင် အနားမယူနိုင်ပဲ အပြင်းအထန် အလုပ်လုပ်နေရ၏။ အရင်းအနှီးထုတ်ပေးမည့်သူများထံ ဆက်သွယ်စုံစမ်းနေရသည်။ တနင်္လာနေ့ည ၁၁ နာရီခန့်တွင် ရင်းနှီးမြုပ်နှံသူတစ်ဦးက ချက်လက်မှတ် ပို့လိုက်မည်ဟု ကတိပြု၏။
တနင်းလားနေ့ နောက်ဆုံးထားပြီး အိမ်ငှားခ ပေးရမည့် `နို့တစ်´ ကိုသတိရလိုက်သော မက်ဂရီဂေါ်က ဘဏ်ငွေလွှဲ ချက်လက်မှတ်ကို အီလက်ထရွန်နစ်ဖြင့် ပို့ပေရန် တောင်းပန်လိုက်၏။ ထိုငွေဖြင့် အိမ်ငှားခ ပေးချေရှင်းလင်းပြီး အတိုင်ပင်ခံ အင်ဂျင်နီယာတစ်ဦး ငှား၏။
သို့သော် လအတန်ကြာသောအခါ အင်ဂျင်နီယာက မက်ဂရီဂေါ် လိုချင်သော ကွန်ပျူတာစနစ်မှာ ဖြစ်နိုင်စရာ မရှိကြောင်းပြောတော့၏။ `ဆက်ကြိုးစားကြည့်ပါဦး´ ဟု မက်ဂရီဂေါ်က တိုက်တွန်းရသည်။ ၁၉၉၁ ခုနှစ် မေလထဲတွင် သူတို့မိသားစု ငွေကြေးအကျပ်အတည်းနှင့် ကြုံရပြန်၏။ ကြေးနန်းဆက်သွယ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သော
မက်ဂရီဂေါ်၏ အာရုံထဲတွင် မဖြစ်နိုင်ပါဘူးဟု ပြောထားသော အင်ဂျင်နီယာ၏အသံ နှင့် သူ့အလုပ်စားပွဲပေါ်မှ ပြန့်ကြဲနေသော ကွန်ပျူတာ အစိတ်အပိုင်းများ၏ ရုပ်ပုံလွှာတို့ပေါ်လာကြ၏။ `စိန်လိုက်ဗျာ´ ဟုသူ့နှုတ်က ထွက်သွာ၏။ သူ့အသံတွင် ယုံကြည်မှု အပြည့်ရှိနေ၏။ ချက်ချင်းပင် သူ၏ သားကြီး ဂရက်ကို ခေါ်လိုက်သည်။ သားကြီးက တက္ကသိုလ်တွင် ကွန်ပျူတာ သိပ္ပံအဓိက ဘာသာဖြင့်တက်ရောက်သင်ယူနေသူ ဖြစ်၏။ မက်ဂရီဂေါ်က သားကြီးဂရက်အား သူကြုံတွေ့ရသော အခက်အခဲကို ပြောပြလိုက်၏။ ဂရက်သည် တစ်နေ့လျှင် ၁၈နာရီ အလုပ်လုပ်ကာ ဆယ်လူလာဖုန်းထဲမှ အလိုအလျှောက်လျှပ်ပတ်လမ်းကြောင်းလေးကို တီထွင်ဖန်တီးပေးလိုက်၏။ ယင်းကွန်ပျူတာချစ်ပ်မျိုးကို ပါရဂူများကပင် ပြုလုပ်နိုင်စွမ်း မရှိကြချေ။ ယင်းကိုခက်ခက်ခဲခဲ ပြုလုပ်ယူရခြင်းဖြစ်၏။ ဆယ်လူလာဖုန်းဖြင့်ဆက်သွယ်ပြောကြားမှုများကို `စာရင်း´ ပြုလုပ်ပေးသော ယင်းစနစ်တွင်အကြွေးကတ်ပြားမှတ်သားနိုင်သော စွမ်းရည်နှင့် မည်သည့်နေရာက ဖုန်းဆက်သည်ကိုခြေရာခံ နိုင်သော စွမ်းရည်နှစ်မျိုးပေါင်းစပ်ထည့်သွင်းထားသည်။ ယင်းလုပ်လန်းနှစ်မျိုးလုံးကို လက်သည်းခွံအရွယ် ကွန်ပျူတာ ချစ်ကလေးတစ်ခုတေည်းကလုပ်ဆောင်ပေးလိုက်ချင်းဖြစ်၏။ ဂျွန်လ ၂၃ ရက်နေ့တွင် သူတို့သားအဖ နှစ်ယောက် မိမိတို့ တီထွင်မှုကို ပိုက်ကာ Bell South ကုမ္ပဏီရှိရာ အတ္တလန္တာ မြို့သို့ ထွက်သွားကြ၏။
မက်ဂရီဂေါ်က သူ၏ ၂၂- နှစ်ရွယ် သားဖြစ်သူကို ကုမ္ပဏီ အုပ်ချုပ်ရေးမှူးများနှင့် မိတ်ဆက်ပေးပြီးနောက် မက်ဂရီက သူတီထွင်ထားသည့် နမူနာ ဆယ်လူလာ ဖုန်းကို အုပ်ချုပ်ရေးမှူး တစ်ဦးလက် သို့ပေးအပ်လိုက်သည်။ အမျိုးသမီး အုပ်ချုပ်ရေးမှူးကို ‘ ကဲ စမ်းကြည့်ပါဦး’ ဟုပြောလိုက်၏။ သူမက ဆယ်လူလာဖုန်းထဲ သို့ အကြွေးကဒ်ပြားလေး ထိုးသွင်းပြီး ဆက်သွယ်လိုက်၏။ အထစ်အငေါ့ မရှိပဲ အဆင်ပြေ ချောမောစွာဆက်သွယ်နိုင်ချင်းဖြစ်သည်။ ဆယ်လူလာ ဖုန်းထဲမှ ထွက်လာသော စာရင်း စာရွက်ပိုင်းလေးကို Bell South အဖွဲ့ဝင်များထံ ဂရက်က ကမ်းပေးလိုက်၏။
ယနေ့အချိန်တွင် Tele-Mac Cellular Corp: သည် မက်ဂရီဂေါ် မိသားစုပိုင် ဒေါ်လာ သန်းပေါင်းများစွာ တန်သော ထိပ်တန်း ကုမ္ပဏီကြီး တစ်ခု အဖြစ် ရပ်တည်နေ၏။ စကော့မက်ဂရီဂေါ် သည် တစ်ချိန်က ဆုံးရှုံးတော့မည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရသော သူတို့ မိသားစုအကြောင်းကို ထိုသို့ ဂုဏ်ယူစွာ ပြောပြသွားသည်။ ‘ ကျွန်တော်တို့ မိသားစုဟာ အဲ့ဒီတုန်းက လောကဓံတရားရဲ့ အစမ်းသပ်ခံကို ခံလိုက်ရတာပါပဲ ကျွန်တော်တို့ ကြံ့ကြံ့ခံနိုင်စွမ်း ရှိကြပါတယ်။