Tuesday, November 20, 2007

နှင်းဆီနှင့်စကားနိုင်လုခြင်း

နှင်းဆီနှင့် စကားနိုင်လုခြင်း

နှင်းဆီကကြွေးကြော်

သည်ကမ္ဘာ သူသာအလှဆုံး

ဘယ်ပန်းမှ သူ့မမှီ

သူ့အထင် သူ့အမြင်..

ကျွန်တော်ကတော့

သည်ကမ္ဘာ ချစ်သူသာ အလှဆုံး

ဘယ်သူမှ သူ့မမှီ

ကျွန်တော်အထင်..ကျွန်တော်အမြင်..

နှင်းဆီကကြွေးကြော်

ပန်းများစွာရနံ့

ဘယ်ရနံ့မှ သူ့မမှီ

သည်ကမ္ဘာ သူသာအမွှေးဆုံး..

ကျွန်တော်ကတော့

ချစ်သူပါးဝယ်

လိမ်းခြယ်သနပ်ခါး

ရနံ့ကသာ သည်ကမ္ဘာအမွှေးဆုံး..

နှင်းဆီကကြွေးကြော်

သူ့အလှ သူခင်တွယ်

သူ့ဘ၀င် သူမြင့်

သည်ကမ္ဘာ သူ့ကိုသူအချစ်ဆုံး

ကျွန်တော်ကတော့

ချစ်သူကိုခင်တွယ်

သူ့အပေါ် အချစ်ထုံး

သည်ကမ္ဘာ သူ့ကိုသာအချစ်ဆုံး…..

ဖိုးသူတော်

No comments: