Tuesday, June 9, 2009

ဝါသနာပါရာ...




ဝါသနာပါရာ…..


ကိုအောင်ပိုင်စိုး (ဦးလေး) က ကျွန်တော့်ကို Tag ပါတယ်။ ၀ါသနာပါရာတဲ့။ လူတွေမှာ ၀ါသနာ ပါရာတွေတော့ရှိကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တူနေလည်း တူနေနိုင်ပါတယ်။ အဲ့လို လူမျိုးတွေ စုလုပ်ကြတယ်ဆိုရင် ၀ါသနာတူရာတွေ စုစည်းလုပ်ကြတယ်လို့ ပြောတက်ကြပါတယ်။ ဒီ ခေါင်းစဉ်နဲ့ Tag တဲ့ပုံစံ က စာမေးပွဲတွေမှာ အက်ဆေး ရေးခိုင်သလိုမျိုးပေါ့။ My Hobby ဆိုတာမျိုးလေး။ အဲ့ဒီတော့ ကျွန်တော် ဘာတွေများ ၀ါသနာပါလဲပေါ့လေ။


တကယ်တော့ ကျွန်တော်လည်း စာဖတ် ၀ါသနာပါပါတယ်။ ဒါပေမဲ့ ၀ါသနာ ဆိုတာ အများကြီးပါလို့မရဘူးလား။ ကျွန်တော်က နှစ်ခြိုက်တာနဲ့ ၀ါသနာပါတာကို နဲနဲများရောနေလားမသိဘူး။ ဘာလို့လဲဆိုတာ့ ကျွန်တော် စာဖတ်ရတာကို သဘောကျတယ်။ ဖတ်ဖြစ်တယ်။ နောက်ပြီး ခရီးသွားတာကိုလည်း သဘောကျတယ်။ ကြိုက်တယ်။ အဲ့ဒီတော့ ဘယ်ဟာက ၀ါသနာလည်း ဘယ်ဟာက နှစ်သက်တာလည်းဆိုတာ ဖြစ်လာပါတယ်။ နှစ်ခုလုံးကို သဘောကျပါတယ်။ ခရီးကတော့ ကရိကထများပြီး သွားချင်တိုင်း သွားမရပါဘူး။ စာအုပ်ကတော့ ၀ယ်ဖတ်ချင်ရင် ဖတ်။ မ၀ယ်နိုင်ဘူး၊ ၀ယ်လို့ အဆင်မပြေဘူးဆိုရင် ငှားဖတ်ပေါ့။ အဲ့ဒီတော့ စာအုပ်ကို ပိုဖတ်ဖြစ်ပါတယ်။


အားလပ်တဲ့ အချိန်တော်တော်များကို စာအုပ်ဖတ်ခြင်းနဲ ကုန်လွန်ပါတယ်။ အရင်တုန်းက ဆို ၀တ္ထူစာအုပ်တွေ တင်မကဘူး လစဉ်ထွက်တဲ့ မဂ္ဂဇင်းတွေထဲက ခြောက်မျိုးလောက်ကို အမြဲဖတ်ဖြစ်တယ်။ ခုနောက်ပိုင်းတော့ ကိုယ့်ဟာကို တစ်ယောက်တည်း နေလာတော့ စာအုပ်အငှားဆိုင်တွေ မသွားဖြစ်တော့ မဂ္ဂဇင်းတွေ သိပ်မဖတ်ဖြစ် တော့ပါဘူး။ စာအုပ်တွေအနေနဲ့လည်း ငှားမဖတ် အားတော့ဘူး။ စာအုပ်အရောင်းဆိုင် ရောက်မှ ကြိုက်တဲ့ စာအုပ်တွေ့ရင် ၀ယ်ဖတ်ဖြစ်တယ်။


နောက်ပိုင်း အင်တာနက်တွေ အသုံးများလာတော့ အင်တာနက် ၀က်ဆိုဒ်တွေမှာ ရေးထားတဲ့ စာတွေထဲက တစ်ချို့ကို ဖတ်ဖြစ်လာတယ်။ ဘလော့ဂ်တွေ ခေတ်စားပြီး ရေးလာကြတော့ ဘလော့ဂ်စာမျက်နှာတွေ မှာတင်ထားတဲ့ စာတွေ ဖတ်ဖြစ်လာတယ်။ ပရင့်တက်လုပ်ထားတဲ့ စာအုပ်ထက် ကွန်ပျူတာနဲ့ အလွယ်တကူ ဖတ်လို့ရတဲ့ အီးဘွခ် တွေကို အဖတ်များလာတယ်။ စာအုပ်ဖတ် ၀ါသနာပါတာက တစ်ခြား ၀ါသနာပါ တာတွေထက်ကို ပိုကောင်းတယ်ထင်ပါတယ်။ စာအုပ်တွေ စာပေတွေဆိုတာကလည်း လူတွေရဲ့ တိုးတက်လာတဲ့ ယဉ်ကျေးမှု တစ်ခုဖြစ်လေတော့ ဒီစာအုပ်ထဲကပဲ လူ့သမိုင်းတွေ၊ လူ့အကြောင်းတွေနဲ့ လူတွေ နေထိုင်တဲ့ လောက အကြောင်းကို အများကြီး သိနိုင်ပါတယ်။


စာအုပ်ဖတ် ၀ါသနာပါလာတာက လည်း မိဘတွေ ကျေးဇူးကြောင့်ဖြစ်ပါတယ်။ ငယ်ငယ်က ဘုရားသွားတာတို့၊ ဈေးသွားတာတို့ဆို စာအုပ်က အမြဲဝယ်ပေးပါတယ်။ မောင်နှမ လေးယောက်ရှိလေတော့ ကိုယ်ကြိုက်တဲ့ စာအုပ်ကိုယ်ဝယ် ပြီး လဲဖတ်ကြဆိုတော့ တစ်ခါတစ်ခါ သွားရင် အနည်းဆုံး ၄ အုပ်လောက်က ၀ယ်ဖြစ်တယ်။ နောက်ပြီး သာသနာရေးဌာန မှာ အသိရှိတော့ သာသနာရေးက ထုတ်တဲ့ စာအုပ် အ၀ါအထူကြီးတွေဆို ငယ်ငယ်ကတည်းက ဖတ်ဖြစ်တယ်။ ဗုဒ္ဓ၀င်ဖြစ်စဉ်တွေ၊ ၅၅၀ ဇာတ်နိပါတ်တွေ။ ငယ်ငယ်က ဖတ်တယ်ဆိုတော့ အထဲက ဇာတ်လမ်းကိုပဲ ကွက်ဖတ်တာပါ။ ဇာတ်ဟောဖို့ အစချီတာတွေ၊ တရားဟောတာတွေ ဘာတွေ မဖတ်ပါဘူး။ ဒါက အဲ့သလို ငယ်ငယ် ကတည်းက စာဖတ် ၀ါသနာ ပါတာပါ။ ၁၀ တန်းဖြေပြီးနဲ့ ကောလိပ်တက်တဲ့ အချိန်မှာလည်း စာအတော် ဖတ်ဖြစ်တယ်။


အလုပ်ထဲရောက်တဲ့ အချိန်ကြမှ စာအုပ်ကို လက်နဲ့ကိုင်ပြီး သေချာ မဖတ်ဖြစ်တော့တာ။ ဒါပေမဲ့ အင်တာနက် စာမျက်နှာတွေ၊ ဘလော့ဂ်တွေပေါ်က စာတွေနဲ့ အီးဘွခ် တွေဖတ်ပြီးတော့ လည်း အဆင်ပြေနေတာပါပဲ။ စာအုပ်ဖတ်ချင်တဲ့ စိတ်ရှိလာအောင်၊ စာဖတ်ဝါသနာပါသွားအောင်လုပ်တဲ့ မိဘတွေကိုပဲ ကျေးဇူးတင်ရမှာပါ။ ခုနောက်ပိုင်း လူငယ်တွေ စာသိပ်မဖတ်တော့ဘူးထင်ပါတယ်။ သူတို့လည်း လုပ်စရာတွေ များပြီး တခြားခြားသော ဟာတွေမှာ သွားပြီး ၀ါသနာပါကြတယ် ထင်ပါတယ်။ ဒါပေမဲ့ အဲ့ဒါ မကောင်းဘူးလို့မြင်တယ်။ စာအုပ်ဖတ် ၀ါသနာ မပါဘူးဆိုရင်တောင် စာအုပ်တွေကိုတော့ ဖတ်သင့်သလောက်တော့ ဖတ်သင့်တယ်လို့ မြင်ပါတယ်။


ကိုအောင်ပိုင်စိုး Tag ထားတဲ့ ၀ါသနာပါရာ ဆိုတဲ့စာလေးရေးရင်းနဲ့ပဲ စာအုပ်သိပ်မဖတ်ဖြစ်တဲ့ သူတွေ ၊ စာဖတ်ဝါသနာမပါတဲ့ လူငယ်တွေကို ၀ါသနာ မပါဘူးဆိုရင်တောင် တဖြည်းဖြည်းဖတ်ကြည့်ပါလို့ ပြောချင်ပါတယ်။


ဘ၀ အတွက်အသုံးဝင်သော စာကောင်းစာမွန်များ ကို ဖတ်ရှု့ကြပြီး တိုးတက်နိုင်ကြပါစေလို့…..


သူတော် ( ၉.၆.၂၀၀၉)

အင်္ဂါနေ့ ( ၂၀ နာရီ ၁၆ မိနစ်)


Photo source: Internet



2 comments:

khin oo may said...

အိမ်သာထဲဝင်ခါနီးတောင် စာအုပ်ရြှာ့ပီးမှ ဝင်ပါတယ။်

လင်းဦး(စိတ်ပညာ) said...

ဝါသနာတွေ လာဖတ်သွားပါတယ်.. စာပေးကို ချစ်မြတ်နိုးသူတွေကို လေးစားပါတယ်..