Monday, December 14, 2009

သုခရိပ်မြုံသို့ ဒုတိယအခေါက်

သုခရိပ်မြုံသို့ ဒုတိယအခေါက်

၁၃.၁၂.၂၀၀၉ တနင်္ဂနွေနေ့

မနက် ၉ နာရီ ၁၀ မိနစ်ခန့်။
ဖုန်းလာသည်ဟုလာပြောသောကြောင့် အိပ်ယာထဲမှ လူးလဲထကာသွားကိုင်ရပါသည်။ သူငယ်ချင်းမလေးတစ်ဦး ဆက်တာဖြစ်ပြီး ဒီနေ့ သုခရိပ်မြုံဂေဟာသွားဖို့ လှမ်းချိန်းခြင်းဖြစ်ပြီး နောက်သူငယ်ချင်း တစ်ယောက် ကိုပါ အကြောင်းကြားခိုင်းခြင်းဖြစ်သည်။ အင်း အင်း ပြောလိုက်မယ်ပြောပြီး အိပ်ယာထဲ ပြန်ခွေလိုက်တာ မနက် ၁၀ နာရီ ခွဲကျော်မှ နိုးသည်။း) ထို့နောက် ပြင်ဆင်စရာရှိတာများ ပြင်ဆင်ပြီး သောအခါ ၁၁ နာရီ ထိုးနေပြီဖြစ်သည်။ မည်သူ့မျှ မချိန်းရသေး။ အရေးထဲ ဗိုက်ထဲကလည်း ညက စားထားသော အချဉ်များနှင့် ထမင်းကြော်များက ဆန္ဒပြသဖြင့် သည်ကိစ္စလည်း ရှင်းလိုက်ရသေးသည်။ ခဏနေတော့ ဖုန်းတစ်ခါလာသည်။ ချိန်းရမည့်သူငယ်ချင်းက သေချာမသိ၍ လှမ်းဆက်ခြင်းဖြစ်သည်။ အတော်ပဲဖြစ်သွား၍ သူ့အား ဆုံမည့်အချိန်နှင့်နေရာအား ပြောလိုက်ပါသည်။ ထို့နောက် ဆက်လက်ပြီး ချိန်းဆိုရမည့်လူများကို ဆက်ချိန်းပါသည်။ အားလုံးပြီးစီး၍ နာရီကြည့်လိုက်တော့ ၁၂ အတိထိုးနေပြီ။ ကိုယ်ကချိန်းထားတာ ၁၂ ခွဲ။ လေယာဉ်ပျံလို မြန်သော ကားဖြင့် ချိန်းထားသော နေရာကို ရောက်အောင်သွားရပါသည်။

တကယ်တော့ ဒီနေ့သွားမည့်ကိစ္စကို စီစဉ်ထားသည်မှာ လွန်ခဲ့တဲ့ ၁ ပတ်ခန့်ကတည်းကဖြစ်သည်။ စေတနာရှင်တစ်ဦးမှ လှူဒါန်းသောငွေ နှင့် ကျွန်တော့်တို့ လှူဒါန်းသော ငွေ၊ ကလေးဆော့စရာ ပစ္စည်းများ အားလုံးစီစဉ်ထားသည်။ ထိုပစ္စည်းများအား ယူဆောင်ပြီးထွက်ခဲ့ရာ ချိန်းဆိုထားသောနေရာကို ၁၂ ခွဲပြီး ၅ မိနစ်တွင်ရောက်ပါသည်။ ကျန်သောသူများ မရောက်သေးသောကြောင့် အေးအေးပင် ကော်ဖီတစ်ခွက်ထပ်သောက်ပြီး စောင့်နေပါသည်။ ဗိုက်က ဆာနေသော်လည်း အစားတစ်ခုခု စားလိုက်၍ လမ်းမှာ ဒုက္ခရောက်မည်ဆိုသောကြောင့် သည်းခံနေရသည်။ ချိန်းသောသူများလည်း ရောက်လို့လာပြီ ဖြစ်သည်။ ကျွန်တော်လည်း မခံနိုင်သည့် အဆုံး နေ့လည်စာကို ကောက်ညှင်းပေါင်းလေး တစ်ပွဲ စားလိုက်ပြီး တင်းတိမ်လိုက်သည်။

ထိုနောက် သုခရိပ်မြုံဂေဟာသို့ ထွက်လာခဲ့ရာ နေ့လည် ၂ နာရီကျော်လောက်တွင်ရောက်ပါသည်။ ဂေဟာရောက်ရောက်ခြင်း သူနာပြုဆရာမကြီးနှင့်တွေ့ဆုံ၍ ကျွန်တော်တို့ ရောက်လာပြီးဖြစ်ကြောင်း အကြောင်းကြားပါသည်။ ယမန်နေ့က ဖုန်းကြိုဆက်ထားသောကြောင့် ဆရာမ ဒေါက်တာ ထားထား (စုထား) ကျွန်တော့်တို့ကို စောင့်နေပါသည်။ သို့သော် ၁ နာရီကျော်လောက်ရောက်မည်ပြောထားပြီး ၂ နာရီကျော်မှာ ရောက်လာသဖြင့် ဆရာမ စုထား ပြန်သွားပါသည်။ ဆရာမ စုထားအား လွန်စွာပင် အားနာမိပါသည်။ ကျွန်တော်တို့လည်း ထင်မှတ်မထားတဲ့ ကြန့်ကြာမှုလေးများ ရှိသောကြောင့်ဖြစ်သည်။

ထို့နောက် ဆရာမကြီးနှင့် စကားစမြည်အနည်းငယ်ပြော၍ အလှူငွေများ ပေးအပ်ပြီး ကလေးများ တီဗီကြည့်နေရာ နေရာလို့ သွား၍ ဆော့စရာပစ္စည်းများ သကြားလုံးနှင့် ပီကေများ သွားရောက်ပေးအပ်ပါသည်။ ထို့နောက် ကျွန်တော်တို့ အသင့်ယူလာသော ဆော့စရာပစ္စည်းများနှင့် ကလေးများ နှင့်အတူတူ ဆော့ကစားကြပါသည်။ ကလေးများသည် လွန်စွာပျော်ရွှင်၍ စိတ်ပါလက်ပါ ဆော့နိုင်ပါသည်။ အဖွဲ သုံးဖွဲ့ ခွဲ၍ ဆော့စေရာ နိုင်သော အဖွဲ့အား ဆုပေးသည့် စနစ်ကျင့်သုံးပါသည်။ ကံအားလျော်စွာ ကျွန်တော် တာဝန်ယူသောအဖွဲ့ နောက်ဆုံးရသွားပါသည်။

ထိုသို့ပစ္စည်းများနှင့် ဆော့ကစားခြင်း ပြီးဆုံး၍ ကလေးများနှင့် ကျွန်တော်တို့ ၀ိုင်းထိုင်ပြီး ပါဆယ်ဂိမ်းဆော့ကြပါသည်။ ထိုကစားနည်းမှာ သူတို့အားလွန်စွာ ပျော်ရွှင်စေပါသည်။ ပါဆယ်ဂိမ်း ထုံးစံအတိုင်း သီချင်းလေးတစ်ပုဒ်ဖွင့်ပြီး သီချင်းရပ်သောအခါ ပါဆယ်ကြသည့်သူသည်အားလုံး ခိုင်းရာ လုပ်ရမည်ဖြစ်သည်။ ဆော့သည်အခါ ပါဆယ်ကြသွားသော ကလေးများသည် သူတို့ချင်းချင်း လုပ်ခိုင်းသော ဟာမျိုးကို သေချာ မရှက်ပဲ လုပ်နိုင်ပါသည်။ မျောက်က ကခြင်း၊ ပဲပြုတ်ရောင်းခိုင်းခြင်း အစရှိသဖြင့် ဖြစ်သည်။ အသက် ၁၃ နှစ်ခန့် အရွယ် ကလေးမလေးတစ်ဦးဆိုလျှင် အများက သီချင်းဆိုခိုင်းသောကြောင့် သီချင်းဆိုရာ ၀ိုင်းစုခိုင်သိန်း၏ အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတယ် ဆိုသည့် သီချင်းအား သေချာပိုင်နိုင်စွာ တစ်ပုဒ်လုံး သီဆိုသွားသည်ကို အံ့ဩဖွယ် တွေ့ရပါသည်။ ပါဆယ်ကြသူများအား ခိုင်းတာလုပ်ပြီးသွားသောအခါ သကြားလုံးနှင့် ပီကေများ ပေးပါသည်။

ထိုသို့ ဆော့ကစားပြီးနောက် ကျွန်တော်တို့ အဖွဲ့လည်း ပြန်ချိန်ကျရောက်လာသောကြောင့် ပြန်ဖို့ ပြင်ရပါသည်။ ကလေးများ ဖွထားသော သကြားလုံးခွံများ၊ ပလက်စတစ်အိပ်များ၊ အမှိုက်များကို ရှင်းလင်းရပါသည်။ အချို့ကလေးများသည် ခင်မင်၍ ကိုယ့်အား ဖက်တွယ်ထားကြသည်။ မနည်းကို ချော့မော့၍ ထားခဲ့ရပါသည်။ နောက်အခါများ လာခဲ့ပါမယ်ဟု ပြောခဲ့ရပါသည်။ သူတို့က နောက်တစ်ခါလာရင် ပီကေ ၀ယ်ခဲ့ဟု အထပ်ထပ်မှာပါသည်။နောက်တစ်ခေါက်ဆိုလျှင် ပီကေ ( ချောကလက်သကြားလုံး) များများ ၀ယ်သွားမည်ဟု စိတ်ကူးမိပါသည်။

ညနေ လေးနာရီကျော်တွင် ဂေဟာမှပြန်ရာ ငါးနာရီကျော်ခန့်တွင် နေရပ်သို့ အေးဆေးစွာ ပြန်လည်ရောက်ရှိပါသည်။ ဤသို့ ရောဂါဝေဒနာ ရှိနေသော ကလေးသူငယ်များအား စိတ်ဓါတ်ရေးရာ အနည်းငယ်တက်လာစေရန် သူတို့နှင့် ရင်းနှီးစွာ ထိတွေ့၍ ဆော့ကစား (၀ါ) စကားပုံပြင်အစရှိသည်တို့ ပြောဆိုပြုလုပ်ပေးခြင်းဖြင့် သက်သာစေနိုင်သည်ဟု ပြောလို့ရပါသည်။ သူတို့သည်လည်း လာသောသူများအား များစွာ ခင်တွင်ပုံရပါသည်။ ဂေဟာတွင် HIV ရောဂါပိုး ကူးစက်ခံ ကလေးငယ်ပေါင်း အသက် ၁ နှစ်မှ ၁၅ ထိ စုစုပေါင်း ၄၅ ယောက်ရှိပါသည်။ အသေးစိတ် သိရှိလိုပါက ဒီမှာ သွား၍ ဖတ်နိုင်ပြီး ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မိမိတို့ တက်နိုင်သောအင်အားဖြင့် မိမိတို့ ပတ်ဝန်းကျင်တွင် ရှိသော ချို့တဲ့ ကလေးငယ်များ၊ HIV ကူးစက်ခံကလေးငယ်များအား ထောက်ပံ့ပေးခြင်းဖြင့် စေတနာသဒ္ဒါတရား ထားနိုင်ကြပါစေဟု မျှော်လင့်မိပါသည်။

အောက်တွင် ဓါတ်ပုံအနည်းငယ်အား ဖော်ပြထားပါမည်။ ကူးယူသုံးစွဲလိုပါက ကြိုတင်အကြောင်းပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကလေးများအား သကြားလုံးနှင့် ပီကေများ ပေးနေစဉ် (နောက်က မတ်တက်ရပ်နေတဲ့ ကလေးမ ၂ ယောက်လည်း စားချင်လို့ထင်ပါတယ်။ လှမ်းကြည့်နေတယ် :P )


ကလေးများအတွက် ဆော့စရာနှင့် စတစ်ကာ ပုံလေးများ


ကာတွန်းစတစ်ကာများ


ပစ္စည်းများ ပေးရန် ပြင်ဆင်နေပုံ

ဆော့စရာပစ္စည်းများပေးနေစဉ်

ကလေးများ ပြောနေသည်ကို နားထောင်နေစဉ်


အားလုံးကိုကျေးဇူးတင်စွာဖြင့်....

ဖိုးသူတော်


၁၄.၁၂.၂၀၀၉

၂ နာရီ ၃၀ မိနစ်

No comments: