ဖိုးသူတော်နှင့်ဘ၀အထွေထွေ (၁)
လောကဇာတ်ခုံ ဒီလို ကပြခဲ့ဘူးတယ်
လောကကြီးဟာ ဇာတ်ခုံတစ်ခုသာဆိုလျှင် လောကကြီးမှာရှိတဲ့ လူသားအားလုံးဟာ တစ်နည်းမဟုတ်တစ်နည်း ဇာတ်ကောင် တစ်ခုခုအနေနဲ့ ဘ၀ဇာတ်ခုံ လောက ဇာတ်ခုံမှာ ပါဝင်ကပြရမည်ဖြစ်သည်။ ကျတော်လည်း လူသားတစ်ဦးဖြစ်လေတော့ လူ့လောက ဇာတ်ခုံ ဇာတ်ကားတစ်ခု ဇာတ်လမ်းတစ်ခုမှာပါဝင်ကပြဘူးခဲ့သည်။ ထိုတုန်းက ကပြရတဲ့ဇာတ်က ပျော်ပျော်ပါးပါးလည်းမဟုတ် အလွမ်းအဆွေးအလည်းမဟုတ်တဲ့ ဇာတ်နာတစ်ခုဖြစ်သည်။ ပြန်မတွေးမိချင်လောက်အောင်ကို ဇာတ်က နာသည်။ ကပြရတဲ့ မင်းသားကိုယ်တိုင် ကိုယ်ကပြရတဲ့ ဇာတ်က နာလွန်းတော့ နောက်ထပ်ကဖို့ နေနေသာသာ အမှတ်ကို မထားတော့ပေ။ ဘ၀ဇာတ်ကွက်တစ်ခုအတွက် ထုတ်ပယ်ထားသလိုကို ဖြစ်နေသည်။ အမှန်အတိုင်းပြောရလျှင်လည်း မေ့ကိုနေလေသည်။ သို့ပေမယ် ယခု အကြောင်းတိုက်ဆိုင်ပြီး သူငယ်ချင်းတွေနဲ့ ဇာတ်လမ်းတွေ ပြန်ပြောဖြစ်ရင် ထိုဇာတ်ကွက်လေးကို သွားသတိရမိပြီ အမှတ်တရသဘော ပြန်လည်ရေးသားချင်းဖြစ်သည်။ (မိမိအနေအထား မိမိအတိုင်းအတာနဲ့ မိမိဇာတ်နာခြင်းဖြစ်သည်။ စာရေးသူ)
အချိန်ကား ၂၀၀၆ နှစ်ဆန်းပိုင်းဖြစ်သည်။ သူသည် ဧရာဝတီမြစ်ကမ်းဘေး ကျေးတောရွာလေး တစ်ရွာတွင် ခေတ္တနေထိုင်လျက်ရှိသည်။ ရွာလေးက ခေါင်လွန်းသည်ဟုပင် ပြောလို့ရသည်။ လျှပ်စစ် မီး မရှိသေး။ မီးစက်များမှာလည်း တစ်ရွာလုံးနေလို့မှ လေး ငါးအိမ်မရှိသော ညဆိုလျှင်မှောင်တက် သော ရွာလေးဖြစ်သည်။ ရွာတွင် ဗီဒီယိုရုံ ၂ ရုံရှိသည်။ မုန့်ဆိုင်ဟူ၍ ရွာနီးပတ်လည် တစ်ဆိုင်သာရှိသည်။ ထိုဆိုင်မှာ အရက်ပါရသည်။ အရက်ဖြူဖြစ်သည်။ ၀ီစကီ၊ ရမ် ဆိုသည်မှာ လေးမိုင်လောက်ဝေးသော ဘူတာရုံနေရာသို့သွားသောက်နိုင်မှ ရသည်။ ရွာတွင် အကောင်းဆုံး စီးကရက်မှာ ဗီးဂက်စ်ဖြစ်သည်။ ရွှေဒူးယားနှင့် ခပေါင်းအစီခံမပါတာတော့ရှိသည်။ အများဆုံးမှာ ကြယ်နီဆေးပေါ့လိပ်ဖြစ်သည်။ လန်ဒန်စီးကရက်သောက်ချင်လျှင် လေးမိုင်လောက်ကို စက်ဘီးစီးသွားရမည်။ သူများဆိုင်ကယ်ကြုံရှိပါက သွားနိုင်သည်။ လန်ဒန်ဆိုသည်မှာ ရွာကလူများအပြော မြို့ကြီးသားများသောက်သော ပေါ့ရွှတ်ရွှတ် မီးမြန်မြန်စားသောဆေးလိပ် အဖြူဖြစ်သည်။ အလုပ်အကိုင်မရှိ အားလပ်ပြီး စိတ်ပျက်စရာကောင်းနေသော လူငယ်လေးတစ်ဦး ထိုရွာသို့ရောက်နေသည်။ ပို၍ဆိုသည်ကား ဆက်သွယ်စရာ ဖုန်းကောင်းစွာမရှိခြင်းဖြစ်သည်။
ရန်ကုန်မြို့ မီး ပုံမှန်ရသော အရပ်တွင်နေထိုင်သော လူငယ်တစ်ဦးသည် ထိုသို့ခေါင်းဖျားသော တောရွာငယ်လေးတွင် ဘယ်ဆီဘယ်မျှမသိ အောင် လောကဓံကံကြမ္မာအရ သောင်တင်နေသည်။ အနာဂတ်ဆိုသည်ကို စဉ်းပင်မစဉ်းစားတော့ချေ။ တကယ်တမ်း ထိုရွာသို့ရောက်နေသည်မှာ ၂၀၀၅နှစ် မကုန်ခင်ကတည်းဖြစ်သည်။ နှစ်ကုန်ပိုင်းအတွင် အဖွားက ဆုံးသွားသည်။ သူသည်ပင် အဖွားအသုဘ မြေကျသည်ထိလိုက်ပါဆောင်ရွက်ရသည်။ ထိုမှ တဖန် ၂၀၀၆ နှစ်ဆန်းတွင် အဖိုးက ထပ်ဆုံးသည်။ ထိုနည်းလည်းကောင်း အဖိုး အလောင်းမြေကျသည်ထိ ပါလိုက်သေးသည်။ ဘ၀တွင် ပထမဦးဆုံးသော တောဓလေ့ အသုဘ ၂ခု ကြုံတွေ့ရခြင်းဖြစ်သည်။ အဖွားအသုဘတုန်းက မီးသဂြိုလ်သည်။ အဖိုးအသုဘက ဒီတိုင်းမြေမြုပ်သည်။ အဖွားမီးသဂြိုလ်ရာတွင်းထင်းတုန်းထည့်ပေးခဲ့သည်။ အဖိုးမြေမြုပ်ရာတွင် မြေခဲချပေးခဲ့သည်။ တကယ်တော့ အထူးအဆန်းသဖွယ်ဖြစ်နေသည်။ အားလုံးအတွက် နှမြောချင်းဆိုသည်သာ ခံစားရ၍ ထိုထက်လည်း ပိုမခံစားရချေ။ လုပ်ပေးစရာရှိသည်များကို လုပ်ပေးသည်။ ညတိုင်း အသုဘအိမ်စောင့်ပေးသည်။ မနက်ခင်းစောစောအိပ်သည်။ အားလုံးပြီးစီး၍ နေသားတကျဖြစ်တော့ သူ့တွင်ဘာမှ လုပ်စရာမရှိချေ။
မနက်နေမြင့်မှအိပ်ယာထသည်။ ဦးလေးကျောင်းဆရာ၏ စာအုပ်အဟောင်းများ ဖတ်ချင်ဖတ်နေမည်။ ဟိုတုန်းက ဦးလေးတို့ သင်ကြားခဲ့ရသော ရှိတ်စပီးယားဝတ္ထူများ ဖတ်ချင်ဖတ်နေမည်။ သူ့တွင်ပါလာသော ကဗျာစာအုပ်တစ်အုပ်ကိုဖတ်နေမည်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရေးသော ဗမာပြည်ကောက်ကြောင်း ၀တ္ထူဆောင်းပါးလေးများဖတ်ချင်ဖတ်နေမည်။ တစ်ရွာလုံးတွင်တစ်ဆိုင်သာ ရှိသော မောင်ခိုင်ဆိုင်မှ သုံးဆယ့်ငါးကျပ်ပေးရသော ကော်ဖီမစ်တစ်ထုတ်သောက်ကောင်းသောက်နေမည်။ ကြယ်နီဆေးပေါ့လိပ်လေး ဖွာ၍ အိမ်ရှေ့ရှိ အုန်းပင်များကို ကြည့်နေမည်။ အတော်အတန်ကြာ၍ ညောင်းလာလျှင်သို့မဟုတ် ပျင်းလာလျှင် လမ်းလေးထလျှောက်မည်။ မြစ်ကမ်းဘေးတွင် တစ်အိမ်တည်းသာရှိသော အဖွားလေး အိမ်သို့ ခဏသွားလည်မည်။ မြစ်ကမ်းဘေးတစ်လျှောက် တာရိုးပေါ်လမ်းလျှောက်မည်။ နေတအားပူလျှင်အိမ်ပြန်လာမည်။ သိပ်ကိုပျင်းစရာကောင်းနေပေလိမ့်မည်။
ညနေစောင်းလျှင် နည်းနည်းလှမ်းသောအိမ်ခြေမှ အကိုများလာခေါ်လျှင် မောင်ခိုင်ဆိုင်တွင် အရက်ဖြူလေး တစ်စိတ်လောက်သွားသောက် လိုက်သေးသည်။ စကားတပြောပြောဖြင့် မိုးစုန်းစုန်းချုပ်သွားလျှင်အိမ်ပြန်လာ၍ သူများတွေနှင့် ထမင်းအတူတူစားမည်။ သို့တည်းမဟုတ် တစ်ယောက်တည်း ရှိတာလေးများနှင့် လှန်လှော၍စားမည်။ သိပ်မူးလာခဲ့လျင် အိပ်ပျော်သွားလိမ့်မည်။ တစ်ခါတစ်ရံအနီးအနား ဗီဒီယိုရုံသို မြန်မာဗီဒီယိုဇာတ်ကားများသွားကြည့်တက်သည်။ ဗီဒီယိုရုံမကြည့်ဖူးသောကြောင့်ဖြစ်သည်။ တမျိုးတော့ ကြည့်၍ကောင်းသည်။ ဒါပေမဲ့ ကြာကြာမကြည့်နိုင်ပါ။ ဇာတ်ကားမပြီးခင် အမြဲပြန်လာတက်သည်။
၃ လလောက်နေထိုင်မိသောအခါ တောဓလေ့အထာများ အသားကျသလိုလိုဖြစ်လာသည်။ သို့သော်မနက်စာကားလုံးဝ စား၍ မရသေးချေ။ ဂျီးများသည်ဟုဆိုဆို ကော်ဖီသာ သောက် ရသည်။ တကယ်တော့ သောက်ရနေသေးလို့ဖြစ်သည်။ သောက်မရတော့သောအခါ ရေနွေးကြမ်းသာ သောက်ရတော့သည်။ ဆေးပေါ့လိပ်လေးရှိနေသည်ကိုက ကံကောင်းနေပေသေးသည်။ ရွာတွင်အိမ်တစ်လုံးဆောက်သည် ကို ကူဆောက်ပေးဘူးသည်။ ကူဆောက်သည်ဆိုသည်က ပျဉ်လေးသယ်ပေး တိုင်လေးထောင်ပေး နှင့် သံလေး တူလေး မတောက်တစ်ခေါက်ရိုက်ပေးဖူးခြင်းဖြစ်သည်။ ထိုသို့လေးဘက်လေးတန် တိုင်ထောင်အမိုးမိုးပြီး ဗလာကျဉ်းအိမ်အသစ်လေးတွင် တပတ်ခန့် အိမ်စောင့်လုပ်ပေးဘူးသည်။ ပင်ကိုယ်ကြောက်စိတ်မရှိသော်လည်း ညဘက်သန်းခေါင်းတရေးနိုးချိန်အိပ်မပျော်လျှင် အနည်းငယ် ကြောက်လန့်မိသည်။ အိမ်သစ်ဆိုသောကြောင့်လေတိုက်သဖြင့်လှုပ်ရမ်းသည်။ အသစ်တပ်ထားသော လှေခါးသည် လေတိုက်သောအခါ လူများတက်လာသလို လှုပ်ရမ်းတက်သည်။ ဘေးတွင် အဖော်ရွာသားတစ်ဦးရှိသော်လည်း မိမိဘာသာ မိမိ တစ်ခုခုကို ကြောက်မိသည်။ တပတ်လောက်ကြာတော့လည်း အသားကျသွားသည်။ သူ့အရပ်နှင့် သူ့ဇာတ်ဆိုသော သဘောကို နားလည်လာသည်။
ဆောင်းဦးပေါက်ရောက်၍ တပိုတွဲတပေါင်း အချိန်များတွင်ပဲခင်းများခူးစွတ်ရန်အသင့်ဖြစ်နေသည်။ ထိုအချိန်တွင် ပဲခင်းစောင့်ခဲ့ရဖူးသည်။ ညစာ စောစောစား၍ အိမ်တွင် စကားစမြည်အနည်းငယ်ပြောဆိုပြီးလျှင် ဦးလေးနှင့်အတူ ရွာပြင်တွင်ရှိသော ပဲခင်းသို့ စောင်တထည်ပတ်၍ သွားခဲ့ရသည်။ ရေဗူးတစ်ဗူးနှင့် ဆေးပေါ့လိပ်အနည်းငယ် မီးခြစ်တစ်ခုသာပါသည်။ ၀ါးရင်းဒုတ်ကောင်းကောင်းတစ် ချောင်းလည်းပါသည်။ ပဲခင်းများမရောက်မိတလင်းပြောင်ပြောင်းစပ် ကန်သင်းရိုးဘေးတွင် အောက်တွင် ကောက်ရိုးအနည်းငယ်ခင်း၍ လွယ်အိပ် ခေါင်းခုကာ အိပ်ရသည်။ မအိပ်ခင် စကားလေးဘာလေးပြော ပဲခင်းအနှံ့ဓါတ်မီးဝင့်ကြည့်ပြီး ထူးခြားမှုမရှိကာမှ အိပ်ရသည်။ ကောက်ရိုးခင်းမြေကြီးပေါ်တွင် လွယ်အိပ်ခေါင်းခုပြီး ကောင်းကင်ကိုမော့ကြည့်ရသည်မှာ မည်သူမဆို စိတ်ကိုလှုပ်ရှားစေသည်။ သူလိုလူအဖို့ပိုလို့ပင် စိတ်လှုပ်ရှားစေသည်။ များစွာသောကြယ်များသည် ကောင်းကင်တွင် လက်လက်ထစွာပြန့်ကျဲနေသည်။ တိမ်ခိုးတိမ် ငွေ့များသည် မြူများသဖွယ်လောက်သာ ရွေ့ရွေ့သွားနေသည်။ နှင်းစက်များကလည်း မျက်နှာပေါ်ကျသေးသည်။ ထိုအခါ စောင်ကို ခေါင်းမြီးချုံကာ အိပ်စက်ရသည်။ အိပ်သည်ဆိုသောလည်း ကြက်အိပ်ကြက်နိုးသာသာ ဖြစ်သည်။ ထိုသို့ဖြင့် မိုးလင်းပေါက်ရောက်ခဲ့သည်။
ဆောင်းဦးပေါက်ပြီးနွေရာသီထဲဝင်လာသောကြောင့် ရွာအိမ်တွင် ထင်းများစုဆောင်းရတော့သည်။ ပထမဦးစွာ ထင်းများကုန်၍ ပျက်စီးနေသော ထင်းခြံကို အကာများ ပြန်ကာရသည်။ ထိုနောက် အမိုးမိုးရသည်။ ဦးလေးသည် အမိုးမိုးတက်စေရန် အပေါ်သို့တက်ခိုင်းပြီး ခဏ စမ်းမိုးပြပြီး သူက အောက်မှ ဓနိများပေးသည်။ သို့ဖြင့် သူသည်ခါးတောင်ကျိုက် နှီးစည်းကို ခါးပုံစတွင်ထည့်ပြီး တစ်နွေတစ်မိုးစာ ထင်းပုံကို မိုးရတော့သည်။ အမိုးအားလုံးမိုး၍ပြီးစီးသောအခါ နေ့လည် ထမင်းစားသည်။ ထို့နောက် တရေးတမောခဏနား ပြီး ထင်းတုံးများ ရှိရာ ထင်းပုံသို့လှည်းဖြင့်သွားရသည်။ ထင်းပုံဆိုသည်မှာ မိမိပိုင် ထင်းပင်များအား အလုပ်သမားငှားခုတ်လှဲ လွှတိုင်ခိုင်းစေ ထားပြီး ခွဲခြမ်းတုန်းများဖြစ်အောင် ပြုလုပ်ပေးထားသောနေရာဖြစ်သည်။ ထိုနေရာသို့အိမ်မှလှည်းနှင့် ထင်းသွားတိုက်ရခြင်းဖြစ်သည်။ ကုန်ခဲ့သော နှစ်များစွာကဆိုလျှင်ထိုကဲ့သို့မဟုတ်ပဲ ရိုးမထဲသို့ပင်သွားတိုက်ရသည်ဟု ပြောတာမှတ်မိနေသေးသည်။ ထိုထင်းပုံမှ ထင်းတုန်းများ ကို ကိုယ်တိုင်မချီပြီးလှည်းပေါ်သို့တင်ရသည်။ များစွာပင် ပင်ပမ်းလှသည်။ ထိုကဲ့သို့ လှည်း လေးငါး ခြောက်စီး တိုက်လောက် ရမှ အိမ်ရှိထင်းခြံလည်းပြည့်ပြီး တနွေတမိုးစာ ထင်းဖူးလုံမည်ဖြစ်သည်။
ဆောင်းကုန်၍ နွေဦးပေါက်လာသောအခါ ရွာရှိ အစုစပ်မွေးမြူထားသော ငါးကန်များဖော်ချိန် ရောက်လာသည်။ ဦးလေးသည် အစုစပ်ငါးကန်တွင် ပါသောကြောင့် ကန်ဖော်သော အခါ ကန်ဖော်မည့်တာဝန်ကျသည်။ တကယ်တမ်းပြောရလျှင် ထိုငါးကန်အစုစပ်အားလုံး သည် သူ၏ဆွေမျိုးများဖြစ်သည်။ ထိုသို့ ဦးလေးကန်ဖော်ရန်တာဝန်ကျသောအခါ ဦးလေးသည် ကျောင်းသွားရသည် ဖြစ်သော ကြောင့် ထိုတာဝန်သည် သူ့တာဝန်ဖြစ်လာသည်။ ဦးလေးအစား ကန်ဖော်ပေးရမည်။ ငါးကန်သည် သူ့အရပ် ရင်ခေါင်းသာသာလောက်နက်သည်။ အနက်ဆုံးနေရာသည် လည်စေ့ သို့မဟုတ် မေးစေ့လောက်နက်သည်။ ကန်သည် ပေ လေးဆယ်လောက် ကျယ်ဝန်း၍ အလျားသည် လယ် လေးငါးခြောက်ကွက်စာလောက်ရှည်သည်။ ထိုကန်ထဲသို့ သုံးထပ်နိုင်လွန်ပိုက် ၂၂ ပေအရှည်ကို တန်းချ၍ လူ ၁၃ ယောက်ခန့်က ၀ိုင်း၍ ပိုက်ဆွဲခြင်းဖြစ်သည်။ ပိုက်တိုး၍ မိသောငါးများကို ဖမ်းကာဖမ်းကာ ကမ်းပေါ်သို့ပေးသည်။ အစပိုင်းတော့ မလုပ်ဘူး၍ ပျော်စရာကောင်းသည်ဟု ထင်မိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အေးခဲပြီးညောင်းလာပါသည်။ ပိုက်အား ကိုင်ရသည်မှာ ကြာတော့ မစားသာလှပါ။ လက်အံများပင်သေလာပါသည်။ ကျန်သူများအားလုံးမှာ တောသူတောင်သား လုပ်ဖူးကိုင်ဖူးသူများဖြစ်သည်။ သူတစ်ယောက်တည်းသာ ကပေါက်တိကပေါက်ချာ ပါလာခြင်းဖြစ်သည်။ သို့ပေမဲ့ အရွယ်ကလည်းငယ်ပြန် ယောက်ျားဆိုသော မာန အပြောကလည်း မခံချင်သောကြောင့် ကြိုးစား၍ ပိုက်ဆွဲပါသည်။ အကောင်းသေးသော ခြေမ သာသာရှိ ငါးလူးခေါ် ငါးများသည် ပိုက်မှ လွှတ်လာသော်လည်း ခြေထောက်ကြားထဲတိုးဝင်သောကြောင့် ခြေချောင်းများနှင့် ကုတ်၍ဖမ်းလို့ရပါသည်။ ထိုအခါ ကမ်းပေါ်ရှိသူများ အားပစ်၍ပေးရပါသည်။ ကြာတော့ ကိုယ့်ဟာကိုခြေထောက်ကြားကဖမ်းမိသော ငါးလူးများကိုပင် ပို၍စိတ်ဝင်စားကာ ဖမ်းနေမိသေးသည်။ ငါးများတင်မက ပုစွန်လုံး(လယ်ဂဏန်း)များပါ ရလိုက်သေးသည်။ တမနက်ခင်းလုံး ပိုက်ဆွဲ၍ နေ့လည် မှသာ နားပါသည်။ ထိုအချိန်တွင်လူလည်း တစ်ကိုယ်လုံး မဲပြာ၍ပင်နေလေတော့သည်။ ခွဲတမ်းရသော ငါးများ ယူ၍ အိမ်ပြန်ပြီး ရေမိုးချိုး ရေနွေးပူပူသောက်ပြီး အိပ်ပါတော့သည်။ ငယ်ငယ်ရွယ်ရွယ် သွေးသားကောင်းသောကြောင့်လားမသိ ဖျားချင်းနာချင်း လုံးဝမဖြစ်ချေ။ ထိုသို့ ၂ ရက်ခန့် ပိုက်ဆွဲ ပြီးမှသာ ကန်ဖော်ခြင်း အဆုံးသတ်ပါသည်။
ကျေးလက်တောရွာတွင် နေသည်မှာ အတော်ကြာလာပြီဖြစ်၍ နေသားများပင်ကျနေပါသည်။ ရွာဓလေ့မင်္ဂလာဆောင်များသို့ ညအိပ်ညနေ သွားလည်ဖူးခဲ့သည်။ အလှူများတွင်လည်း လိုက်လံပျော်မြူးစားသောက်ဖူးသည်။ တစ်ခြားရွာရှိ ဇတ်ပွဲများသို့လည်း ညဘက်ကြီး နှင်းမှုန်မှုန်အောက် လှည်းစီး စောင်ခြုံပြီး သွားခဲ့ဖူးသည်။ ရွာသူအပျိုချောများအားလည်း စနောက်ခဲ့ဖူးသည်။ သူတို့၏ တုန့်ပြန်စနောက်ခြင်း များအားလည်း ခံခဲ့ရဖူးသည်။ မော်တော်ဆိပ်ဘေး အရက်ဆိုင်နောက်တွင်လည်း ညအိပ်ညနေ ဖဲရိုက်ခဲ့ဘူးသည်။ ဘယ်ရွာက လာမှန်းမသိသော သူများ မိမိရွာမှသူများ မော်တော်အဆင်း ဆင်းနေသော သူများ နှင့်ဖဲရိုက်ခြင်းဖြစ်သည်။ ထိုသူများ၏ လွယ်အိပ်များထဲတွင် လောက်စာလုံး လောက်လေးနှင့် ဓားမြှောင်များပါသည်ကို အထင်းသားပင်မြင်နေရသေးသည်။ သို့ပေမဲ့ သူသည် မည့်သည့်ကြောက်လန့်စိတ်မှ မရှိပဲ ညနက်သန်းခေါင်းထိ ဖဲရိုက်ခဲ့ဖူးသည်။ ဦးလေးတစ်ယောက်နှင့် အကိုတစ်ယောက် ပါသောကြောင့်လည်း ဖြစ်ကောင်းဖြစ်မည်။ သူ ဒိုင်ကိုင်၍ နိုင်သော အခါများတွင်တော့ အနည်းငယ် စိုးရိမ်စိတ်ရှိသည်။ ပါသော ဦးလေးနှင့် အကိုသည်လည်း သူ့ဟာသူ ထိုးသားဖြစ်လိုက် ဘေးထိုးလိုက်လုပ်နေသောကြောင့်ဖြစ်သည်။ ထိုသူများသည် သူအား တနယ်သား သူတို့ ရွာဘက်သား မဟုတ်မှန်းလည်း သိကြသည်။ ဥပမာ ပိုက်ဆံချမထိုးပဲ လေဖြင့် များစွာ ပြောထိုးခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်မှ ထမပြောလျှင် ထိုအတိုင်း လေဖြင့် ထိုးသည်ကို ခံရသေးသည်။ ကံကောင်၍လား မသိ ဖဲဝိုင်းများတွင် များစွာ ရှုံးလေ့မရှိပေ။ နိုင်များပင် နိုင်သည်က များခဲ့လေသေးသည်။ ထိုမော်တော်ဆိပ်နား အရက်ဆိုင်တွင်သူ့၏ နာမည်သည် အတော်ပင်ထွက်လိုက်သေသည်။ တစ်ခုကောင်းသည်က ထိုဆိုင်သည် မြန်မာဘီယာရသည်။ သူ့အား ဆိုင်ရှင်လင်မယားသည် များစွာကြည်ဖြူသည်။ အကြောင်းမူ သူသည် မြန်မာဘီယာအား များစွာ အားပေးသောကြောင့်ဖြစ်သည်။ ဖဲနိုင်၍ ငွေစလေးများ ရွှင်ပါက လေးမိုင်ခန့်ဝေးသော ဘူတာသို့ သူများဆိုင်ကယ်ကြုံဖြင့် လန်ဒန် စီးကရက်လေးတစ်ဗူးတစ်လေသွား၍၀ယ်သောက်နိုင်သည်။ မြို့ပေါ်မှ ဂျာနယ်အဟောင်းလေးများ ဖတ်ကြည့်နိုင်သည်။ တောလက်ဘက်ရည်လေး တစ်ခွက်တစ်လေ သောက်နိုင်သည်။ သတင်းစာက အဟောင်းပင်မရှိ၍ မဖတ်နိုင်ပါ။ ရွာလေးသည် များစွာပင် ချောင်ကျနိုင်လွန်းသည်။
ထိုကဲ့သို့ ဘ၀ကို အချိန်လွန်ကုန်ဆုံးပြီး ဦးတည်ချက်မရှိ အနာဂတ်မရှိသလို့ မျှောနေရင်းနှင့် သင်္ကြန်ကျော်၍ မေလကုန်လောက်သို့ ပင်ရောက်လာသည်။ ရွာရောက်နေသည်မှာ ၆ လ ကျော်ခန့်ရှိနေပြီဖြစ်သည်။ မညှပ်ပဲထားသော ဆံပင်သည်လည်း ဂုတ်ထောက်လုမတက်ဖြစ်နေသည်။ အသားအရေမှာလည်း ကိုယ်ဟာကိုမသိ ဘေးလူအပြောဖြင့် နီညိုညို ညစ်တစ်တစ်ဖြစ်နေသည်။ မုတ်ဆိပ်မွှေး နှုတ်ခမ်းမွှေးများသည်ပင် အတော်ကြည့်ရဆိုးမှ ရိပ်ခြင်းဖြစ်သည်။ သည်ဟာတောင် ပါလာသော မုတ်ဆိတ်ရိတ်ဓါးများ ကို ထပ်ခါထပ်ခါ ပြန်သုံးသောကြောင့်ဖြစ်သည်။ ရွာရှိ ကလေးသူငယ်များပင်လျှင် ကျောင်းများပြန်တက်နေကြပြီဖြစ်သည်။ ရွာတွင် မူလတန်းကျောင်းလေး တစ်ကျောင်းရှိသည်။ တစ်ချို့ကလေးများ လေးတန်း၊ ငါးတန်း၊ ခြောက်တန်း၊ ခုနှစ်တန်း ကလေးများ ကျောင်းမတက်မီ မေလလောက်တွင် စိတ်ပါဝင်စားသော ကလေးများအား အင်္ဂလိပ်စာသဒ္ဒါနှင့် စကားလုံးများ သင်ပေးသေးသည်။ သူတို့သည် အစပိုင်း စိတ်ဝင်စားသလိုလိုနှင့် စာကိုစာမှန်း သိလာသောအခါ စိတ်မ၀င်စားကြတော့ချေ။ သူလည်း မည်သို့မျှ မတက်နိုင်ပေ။ ရွာရှိကလေးများသည် ပညာရေးတွင်များစွာ အားနည်းသည်။ အားနည်သည်ဆိုသည်ထက် ပတ်ဝန်းကျင်အခြေအနေကြောင့် စိတ်မ၀င်စားခြင်း ဖြစ်သည်။ ထို့အတွက်မူ သူ စိတ်မကောင်းဖြစ်မိသည်။
တရက်တွင် အိမ်အနည်းငယ် လှမ်းသော အိမ်မှ ညီဝမ်းကွဲ တစ်ယောက် စက်ဘီးနှင့် လာသည်။ သူ့တို့အိမ်ဘက်တွင် သူ့အမေ ရောက်နေသည်ဆိုသော သတင်းကိုလာပေးသည်။ အံ့ဩသလို ဖြစ်မိသော်လည်း ဘာမှမပြောပဲနှင့် လာပြောသော ညီငယ်နှင့် အမေ ရောက်နေသော အိမ်သို့ လိုက်ခဲ့လိုက်သည်။ အမေသည် သူ့ကို ကြည့်၍ နေကောင်းလားဟုသာမေးသည်။ အမေ ဘာလာလုပ်တာလည်း ဟု မေးသောအခါ အလည်ခဏလာတာပါဟုဖြေသည်။ ထိုနောက် သူ့အား စိုက်ကြည့်၍ ဆေးလိပ်တွေ တအားသောက်တယ်ထင်တယ်ဟု ပြောသည်။ သူ့လက်ကြားတွင်ဆေးပေါ့လိပ်တစ်လိပ် ညပ်ထားသည်။ နည်းနည်းပါဟု ပြန်ဖြေလိုက်သည်။ ထိုနောက် ခဏနေပြီး ပြန်လာခဲ့သည်။ ညနေတွင် အမေသည် သူနေသော အိမ်သို့ ရောက်လာသည်။ အမေရောက်မလာမီအချိန်တွင် သူသည် အရက်ဖြူ အနည်း ငယ်သောက်ထားပြီးဖြစ်သည်။ အမေနှင့် သူတွေ့တော့ စကားအနည်းငယ်ပြောကြသည်။ ဦးလေးလည်း ပါသည်။ ဦးလေးနှင့် အမေလည်း စကားပြောကြသည်။ ထို့နောက် ထမင်းစား၍ အမေပြန်သွားသည်။ အမေပြန်သွားပြီးနောက် ဦးလေးက စပြောသည်။ မင်းအမေက မင်းကို သူပြန်သွားရင်လိုက်စေချင်တယ်တဲ့။ မင်းဘယ်လို သဘောရလည်းဟုမေးသည်။ သူမဖြေပဲ စဉ်းစားပါဦးမည်ဟုပြောသည်။ ထိုညသည် အိပ်စက်ခြင်းကို ချက်ချင်း မလုပ်နိုင်သော ညဖြစ်သည်။ ပြန်လိုက်သွားလျှင် ကောင်းမည်ဟု စဉ်းစားမိသည်။ ဘာဖြစ်လို့တုန်းဆိုတော့ ဒီမှာ ရှိ နေသူများကို ကြာတော့ အားနာလာသည်။ ကိုယ်နှင့်ဆွေမျိုးတော်စပ်သည်ဟု ဆိုသော်လည်း သူသည် ဘာမှ မယ်မယ်ရရ မလုပ်ပဲ ထမင်း အလကားစားနေသလို ဖြစ်နေသည်။ ဒီကြားထဲ သောက်သောက်စားစား လုပ်လာလျှင် အနားတွင် ရှိသောသူများအား အကောင်းမနေရအောင် ပြဿနာက ရှာချင်သေးသည်။ ပြဿနာရှာသည်ဆိုသည်က စကားများစွာ ပြောခြင်းဖြစ်သည်။ ထိုအရာ အားလုံအတွက် သူတို့ကို အားနာသည်။ ထိုကြောင့် နောက်နေ့တွင် အမေပြန်ပါကာ လိုက်မည်ဟု ပြောလိုက်သည်။ အမေနှင့် တရက်အတူ အနေ၍ ရန်ကုန်သို့ ပြန်ပါလာခဲ့သည်။
အင်းစိန်ဘူတာရုံသို့ ရထားသည် ၈ နာရီ ခွဲခန့်တွင် ၀င်သည်။ မီးအရောင်လင်းလင်းထင်းထင်း မြင်တော့ အနည်းငယ်ပင် ကြောင်သလိုလို ဖြစ်နေသည်။ ၆ လကျော်နေခဲ့သော ရွာလေးတွင် ဗီဒီယိုရုံမှ မီးစက်မီးနှင့် အိမ်မှဘက်ထရီမှ တပါး မီးချောင်း မီးလုံးအလင်းရောင်ဆိုသည်မှာ မမြင်ရတာ ကြာချေပြီဖြစ်သည်။ ခုတော့ မီးချောင်းမီးရောင၊် မီးလုံးမီးရောင်များတင်မဟုတ်။ ကားမီးရောင် ဟေလိုဂျင်မီးလုံးရောင် ၊ မာကျူရီမီးလုံး ရောင်များဖြင့် ရွှေရောင်တဖျက်ဖျက်လတ်နေသော နေရာသို့ ရောက်သဖြင့် စိတ်ထဲ အဆန်းလိုလိုတောင်ဖြစ်သွားသည်။ ကိုယ့်ဟာကိုယ်ပင် သူများမြင်အောင်ပြုံးမိသေးသည်။ လာကြိုမည့်သူ မည်သူ့မျှမရှိသဖြင့် ဘူတာရုံနောက်ဘက် ဘက်စ်ကားဂိတ်မှ အိမ်ရှိယာ မြို့ထဲသို့ ဘက်စ်ကားစီ၍ပင် လာလိုက်သည်။ သမိုင်းလမ်းဆုံရောက်တော့ စိတ်ထဲ ပျော်သလိုလိုတောင်ဖြစ်လာသည်။ ခံစားချက်မှာ သူများရွာ ဇာတ်ပွဲသွားတုန်း လူများများစုစု မြင်သဖြင့် ပျော်သလိုမျိုးဖြစ်သည်ဟု ထင်သည်။ ဒီမှာက မီးများပင် ထိန်ထိန်သာသေးသည်။ လသာသာနှင့် တော့ အတော်ကွာပါသည်။ တကယ်တော့သူသည် လရောင်အောက်နှင့် မာကျုရီမီးရောင်အောက် ဘယ်အရာကို ပို၍ ပျော်မည်ထင်သလဲ ကိုယ့်ဟာကိုမတွေးနိုင်သေးပါ။ ကဗျာဆန်ဆန်တော့ လရောင်အောက်မှ ခဏပျော်ချင်ပေမည်။ ဒါပေမဲ့ ဒါဟာ သင့်တော် ဆီလျော်သော ဘ၀တစ်ခု မဟုတ်မှန်းသိသည်။
အိမ်ပြန်ရောက်၍ တစ်နေ့နှင့် တစ်ညနေသည်။ နောက်တစ်နေ့ပင် ပါခဲ့သော အထုပ်လေးအတိုင်းဆွဲ၍ သူငယ်ချင်းတစ်ယောက်အိမ်သို့ ထွက်ခဲ့သည်။ ထိုသူငယ်ချင်းအိမ်မှာပင် ၂ ပတ်ကျော်ကျော်လောက်နေခဲ့သည်။ အရာအားလုံးကို အိပ်မက်လိုလို ရုပ်ရှင်ပြကွက်များလိုလို ဟု မရေမရာခံစားမိနေသည်။ မည်သူ့မှ သူ့အတွက်မရေရာ။ သူ့ဟာသူလည်း မရေရာ။ ဘ၀က ထိုချိန်ထိ စမှန်း မစမှန်း မသိသေးချေ။ သူသည် အဲ့ဒီအချိန်တွင် သူတစ်ယောက်ဖြစ်နေသလို ခံစားရသည်။ သူငယ်ချင်းနှင့်အတူနေသော်လည်း ကြာသော်အခါ အားနာလာ၍ နောက်တစ်ယောက်အိမ် ပြောင်းနေသည်။ အလုပ်အကိုင်တစ်ခုလုပ်ဖို့ စဉ်းစားမိပြီး နီးစပ်ရာ အလုပ်လေးများ လျှောက်လျှင်ကောင်းမည် ဟုကြံစည်မိလာသည်။ သို့နှင့် အလုပ်တစ်ခုအား ပထမဦးဆုံးစလျှောက်ရာ ကံအားလျော်စွာ တစ်နေ့ ၁၂၀၀ ဖြင့် နေ့စားအလုပ်သမား လေးတစ်ယောက်ဖြစ်လာသည်။ ဘ၀သည် ခုမှပင် ပီပီပြင်ပြင်စတော့သည်။
နောက်တစ်ပိုင်းအား စိတ်ပါလျှင် ဆက်လက်ရေးသားမည်။ အားလုံးကိုကျေးဇူးတင်ပါသည်။
မုဒိတာပွားနိုင်ကြပါစေ…..
ဖိုးသူတော်
၅.၂.၂၀၁၀
၃နာရီ ၂၀ မိနစ်
Photo Source : Internet
No comments:
Post a Comment