ကျွန်တော့်အခန်း
ကျွန်တော့် အခန်းလေးသည် ၁၂ x ၁၅ပေ ပတ်လည်လောက်တော့ရှိမည်ဖြစ်သည်။ တစ်ယောက်တည်း နေခြင်းမဟုတ်ပါ။ အခန်းဖော်သူငယ်ချင်းတစ်ယောက်ရှိသည်။ အခန်းထဲတွင်ကုတင် နှစ်လုံးရှိသည်။ ကုတင် နှစ်လုံးအလည်တွင် စားပွဲအပုတစ်လုံးရှိသည်။ အခန်းဖော်သူငယ်ချင်းမှာ အိမ်ထောင်သည်ဖြစ်သောကြောင့် ရံဖန်ရံခါ အိမ်ပြန်တက်သည်။ တကယ်တန်းဆိုသော် ကျွန်တော့် အခန်းသည် ကျွန်တော် ညဘက် ၀င်အိပ်ရာ ကျောချရ နေရာတစ်ခုပင် ဖြစ်သည်။ ကျွန်တော်သည် အလုပ်ထဲနှင့် အပြင် နောက်ပြီး ကွန်ပျုတာရှေ့တွင်သာ အချိန်ကုန်များလေ့ရှိသူဖြစ်သည်။ မည်သို့ပင်ဆိုစေ ကျွန်တော့်အခန်းထဲရှိ ကုတင်ပေါ်တင် ခဏလှဲပြီး တစ်ခုခုစဉ်းစားတာ ဖြစ်ဖြစ် စာအုပ်ဖတ်တာဖြစ်ဖြစ် ကျွန်တော်သဘောကျသည်။
ကျွန်တော့် ခုတင်သည် ကျွန်တော့လို ခပ်ပိန်ပိန်လူတစ်ယောက်အတွက် အနည်းငယ်ကြီးနေသည်။ ပြီး သာမန်ကုတင်တွေထက်လည်း မြင့်သည်။ ကျွန်တော့်ခုတင် ပေါ်တွင် ခေါင်းအုန်း နှစ်လုံးရှိသည်။ တစ်လုံးက ခေါင်းအုန်းရန်နှင့် ကျန်တစ်လုံးက ခေါင်းရင်းမှာ ထားရန်ဖြစ်သည်။ ကျွန်တော်က ည အိပ်ရင် ခြင်ထောင်နှင့် ခေါင်းထိနေလျှင်မအိပ်တက်သောကြောင့်ဖြစ်သည်။ နောက်ထပ် စောင် နှစ်ထည်ရှိသည်။ တစ်ထည်က အောက်တွင် ခင်းရန်နှင့် တစ်ထည်က ခြုံရင် ခြုံ မခြုံရင် ဗိုက်ပေါ်တင်အိပ်သော စောင်ဖြစ်သည်။ စောင်ကို ဗိုက်ပေါ်တင်မအိပ်ရရင် အိပ်မပျော်သော အကျင့်လည်းရှိသည်။ အုန်းအိပ်သည့် ခေါင်းအုန်းဘေးတွင် ကျွန်တော် ပိုင်ဆိုင်သည့် စာအုပ်အနည်းငယ်မှ စာအုပ်အချို့သည် ဘယ်ညာ နှစ်ဘက်တွင်အမြဲရှိတက်သည်။ နောက်ပြီး ကျွန်တော့်တွင် အ၀တ်ဘီဒို မရှိသောကြောင့် ခုတင်ခြေရင်းဘယ်ဘက်လောက်တွင် အ၀တ်ထည့်သည့် အထုတ်တစ်ထုပ်သို့မဟုတ် နှစ်ထုပ်ရှိနေတက်သည်။
ခုတင် ခေါင်းရင်း ကျွန်တော်အိပ်သည့် အပေါ်ဘက်နံရံတွင် ကျွန်တော့ ဓါတ်ပုံ နှစ်ပုံကို ကိုယ့်ဟာကို A4 စာရွက်နှင့် ပရင့်ထုတ်ထားပြီး ကပ်ထားသည်။ ထိုဓါတ်ပုံ ၂ ပုံ အထက်ဘက် တံခါးဘောင်နှင့် ကပ်ရပ်တွင် ကျိုက်ထီးရိုးဘုရားက ၀ယ်လာသော ရွှေမှုံကပ် ကျိုက်ထီးရိုးဘုရားပုံလေး ချိတ်ထားသည်။ ဘယ်ဘက်ဘေးနံရံတွင် ရေဆေးပန်းချီကား နှစ် ချပ် ကိုလည်း ပရင့်ထုတ်ပြီး ကပ်ထားသည်။
ခုတင်ဘေးက စားပွဲသည် ကျွန်တော့် စားပွဲလိုဖြစ်နေသည်။ ထိုစားပွဲပေါ်တွင် ကျွန်တော့် စာအုပ်စာတန်းတွေ စာရွက်တွေ နှင့် အမျိုးအမည်များစွာတပ်စရာပစ္စည်းများ ရှုပ်ပွနေသည်။ ထိုအခန်းမှာစနေကတည်းက ယနေတိုင် ရှင်းလင်းခြင်းမရှိပဲ ရှုပ်နေခြင်းဖြစ်သည်။ ထိုစားပွဲပေါ်မှာပဲ ကျွန်တော့်၏ သွားတိုက်တံ သွားတိုက်ဆေးနှင့် ကျန်ရေချိုးသုံးပစ္စည်းများ တခါတည်းပေါင်းထားသည်။ ထိုစားပွဲသည် အောက်ဘက်တွင် ဆင့် တစ်ခုရှိသည်။ ထို ဆင့်ပေါ်တွင် ကျွန်တော်နှင့် အခန်းဖော်ပြင်မည်ဆိုပြီး ဒီတိုင်းထားထားသော ဆေ့ဂတ်များ၊ ယူပီအက်စ်များ တခြား မွစိမွစ ပစ္စည်းများစွာရှိသည်။ ကျွန်တော့ခုတင်အောက်တွင် အသုံးမပြုဖြစ်သော ဖုန်းကြိုးအဟောင်းများနှင့် ၀ါယာကြိုးအဟောင်းများလည်း ရှိသေးသည်။ သူငယ်ချင်းကုတင်အောက်တွင် ကျွန်တော့် အလုပ်နှင့်ဆိုင်သည့် စာအုပ်စာတန်းစာရွက် တိုလီမိုလီများထည့်ထားသော စက္ကူသေတ္တာ တစ်လုံးရှိသည်။ နောက်ပြီး သူငယ်ချင်း၏ ဟန်းတူးလ်စ် များ အခြားလျှပ်စစ်သုံးပစ္စည်းများလည်း ရှိသည်။
ကျွန်တော်အခန်း ၀င်ဝင်ခြင်းတံခါးဘေးတွင် ဆင့်ကလေး တစ်ခုရှိသည်။ ထိုဆင့်အပေါ်တွင် စပီကာ အဟောင်းတစ်လုံးရှိသည်။ နောက်ခံအထိုင်ခွက်မပါသော လျှပ်စစ်ဆော့ကတ်ဒ် တစ်ခုရှိသည်။ ထိုဆင့်ပေါ်တွင် မလည်တော့သော ပန်ကာ အဟောင်းတစ်လုံးရှိသည်။ ထိုဆင့်ကလေး အောက်ဘက် ညာဘက်ဘေးတွင် အဲ့ယားကွန်းထည့်သည့် စက္ကူသေတ္တာအဟောင်းတစ်လုံးရှိသည်။ ထိုအပေါ်တွင် ကျွန်တော်ဝတ်ပြီးသော ဘောင်းဘီများပုံထားသည်။ ကျွန်တော်သည် ခြင်ထောင်ဖြင့်အိပ်လေ့ရှိသူတစ်ဦးဖြစ်ရာ ခြင်ထောင်ကိုလည်း မည်သည့်အခါမျှ ဖြုတ်သိမ်းချင်းမရှိပါ။ လွန်ခဲ့သော တစ်လ လောက်က ခြင်ထောင်ကြိုးပြတ်သွားသောကြောင့် အခန်းထဲရှိ တစ်ချောင်းတည်းသော နက်ဝက်ခ်ကြိုးကို ခြင်ထောင်ကြိုးလုပ်ထားရာ ယခုထပ်တိုင်ဖြစ်သည်။ နက်ဝက်ခ်ကြိုးက အတော်ရှည်နေသောကြောင့် အလည်လောက်ကနေ ခြင်ထောင်ကြိုးအဖြစ် ခဏသုံးထားခြင်းဖြစ်သည်။ ထိုကြိုးပေါ်တွင် မလျှော်ရသေးသော အ၀တ်ဟောင်းများတင်ထားသည်။ ကုတင်ခြေရင်း အောက်ဘက်တွင် ဖိနပ်များထားသည်။ ခြေအိပ်အဟောင်းများရှိသည်။ တစ်ခါလောက်ဝတ်ပြီး ထပ်မ၀တ်ဖြစ်တော့သော မလျှော်ရသေးသော ခြေအိပ်များဖြစ်သည်။
အခန်းထဲရှိ ကုတင်ပေါ်တွင် ပက်လက်လှန်အိပ်လိုက်ပါက အခန်းအလည်တည့်တည့်ရှိ မျက်နှာကျက်မှာ နှစ်ပေ ပတ်လည်ခန့်ပေါက်နေသည်ကို တွေ့ရမည်။ အခန်းခေါင်းရင်းပြတင်းပေါက်ကလည်း မှန်ကွဲသွားရာ သစ်သားပြားလေး ဖြင့်မလုံမခြုံလေး ပြန်ရိုက်ထားသည်။ အခန်းသည် မသပ်မရပ်မသန့်မရှင်းဖြစ်နေသည်။ တစ်ခါတစ်ရံ မိတ်ဆွေသူငယ်ချင်းများ၏ သပ်သပ်ရပ်ရပ်သန့်သန့ှ်ရှင်းရှင်း အခန်းများကို သွားလည်ဖြစ်ရင် သဘောကျတက်သည်။ ငါ့အခန်းလည်းရှင်းဦးမယ် ဒီလိုမျိုးဟု တွေးတက်သည်။ ထိုအတွေးသည် ထိုသူငယ်ချင်းအိမ်က ပြန်လျှင်သူ့အိမ်မှာပင်ကျန်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ကျွန်တော်သည် ကျွန်တော့် အခန်းလေးကို သံယောဇဉ်ရှိသည်။ အပြင်မှာဘယ်လောက်မိုးချုပ်မိုးချုပ် အခန်းလေးကို ရောက်အောင်ပြန်သည်။ ရှုပ်ထွေးထွေးကုတင်ပေါ်တွင်သာ အိပ်သည်။ ခုတင်က ရှင်းရှင်းလေးဖြစ်နေရင်ကို မအိပ်တက်သလို ဖြစ်နေသည်။ တကယ်တော့ စာတစ်တန် ပေတစ်တန်ဖွဲ့စရာမလိုသော ကျွန်တော့ အခန်းလေးကို ကျွန်တော်က အမှတ်တရဖြစ်အောင် ရေးဖြစ်ခဲ့သည်။ စိုင်းထီးဆိုင် သီချင်းတစ်ပုဒ်လို တော့ ကျွန်တော့် အခန်းဟာ ဆေးလိပ်တိုများနှင့် ရှုပ်ပွမနေပါဘူး။ အခန်းထဲတွင်ကျွန်တော် ဆေးလိပ်သောက်ခဲသည်။ သို့သော ကျန်သော အရာပေါင်းများစွာနှင့် ရှုပ်နေတက်သည်။ ထိုသို့ ရှုပ်နေသော အခန်းကိုသာ ကျွန်တော် ခင်တွယ်နေသည်။
ဖိုးသူတော်
၁၉.၀၉.၀၉ (စနေနေ့)
၃ နာရီ ၀၇ မိနစ်.
photo source : Internet