Friday, February 5, 2010

ဖိုးသူတော်နှင့် ဘ၀အထွေထွေ (၁)


ဖိုးသူတော်နှင့်ဘ၀အထွေထွေ (၁)


လောကဇာတ်ခုံ ဒီလို ကပြခဲ့ဘူးတယ်


လောကကြီးဟာ ဇာတ်ခုံတစ်ခုသာဆိုလျှင် လောကကြီးမှာရှိတဲ့ လူသားအားလုံးဟာ တစ်နည်းမဟုတ်တစ်နည်း ဇာတ်ကောင် တစ်ခုခုအနေနဲ့ ဘ၀ဇာတ်ခုံ လောက ဇာတ်ခုံမှာ ပါဝင်ကပြရမည်ဖြစ်သည်။ ကျတော်လည်း လူသားတစ်ဦးဖြစ်လေတော့ လူ့လောက ဇာတ်ခုံ ဇာတ်ကားတစ်ခု ဇာတ်လမ်းတစ်ခုမှာပါဝင်ကပြဘူးခဲ့သည်။ ထိုတုန်းက ကပြရတဲ့ဇာတ်က ပျော်ပျော်ပါးပါးလည်းမဟုတ် အလွမ်းအဆွေးအလည်းမဟုတ်တဲ့ ဇာတ်နာတစ်ခုဖြစ်သည်။ ပြန်မတွေးမိချင်လောက်အောင်ကို ဇာတ်က နာသည်။ ကပြရတဲ့ မင်းသားကိုယ်တိုင် ကိုယ်ကပြရတဲ့ ဇာတ်က နာလွန်းတော့ နောက်ထပ်ကဖို့ နေနေသာသာ အမှတ်ကို မထားတော့ပေ။ ဘ၀ဇာတ်ကွက်တစ်ခုအတွက် ထုတ်ပယ်ထားသလိုကို ဖြစ်နေသည်။ အမှန်အတိုင်းပြောရလျှင်လည်း မေ့ကိုနေလေသည်။ သို့ပေမယ် ယခု အကြောင်းတိုက်ဆိုင်ပြီး သူငယ်ချင်းတွေနဲ့ ဇာတ်လမ်းတွေ ပြန်ပြောဖြစ်ရင် ထိုဇာတ်ကွက်လေးကို သွားသတိရမိပြီ အမှတ်တရသဘော ပြန်လည်ရေးသားချင်းဖြစ်သည်။ (မိမိအနေအထား မိမိအတိုင်းအတာနဲ့ မိမိဇာတ်နာခြင်းဖြစ်သည်။ စာရေးသူ)


အချိန်ကား ၂၀၀၆ နှစ်ဆန်းပိုင်းဖြစ်သည်။ သူသည် ဧရာဝတီမြစ်ကမ်းဘေး ကျေးတောရွာလေး တစ်ရွာတွင် ခေတ္တနေထိုင်လျက်ရှိသည်။ ရွာလေးက ခေါင်လွန်းသည်ဟုပင် ပြောလို့ရသည်။ လျှပ်စစ် မီး မရှိသေး။ မီးစက်များမှာလည်း တစ်ရွာလုံးနေလို့မှ လေး ငါးအိမ်မရှိသော ညဆိုလျှင်မှောင်တက် သော ရွာလေးဖြစ်သည်။ ရွာတွင် ဗီဒီယိုရုံ ၂ ရုံရှိသည်။ မုန့်ဆိုင်ဟူ၍ ရွာနီးပတ်လည် တစ်ဆိုင်သာရှိသည်။ ထိုဆိုင်မှာ အရက်ပါရသည်။ အရက်ဖြူဖြစ်သည်။ ၀ီစကီ၊ ရမ် ဆိုသည်မှာ လေးမိုင်လောက်ဝေးသော ဘူတာရုံနေရာသို့သွားသောက်နိုင်မှ ရသည်။ ရွာတွင် အကောင်းဆုံး စီးကရက်မှာ ဗီးဂက်စ်ဖြစ်သည်။ ရွှေဒူးယားနှင့် ခပေါင်းအစီခံမပါတာတော့ရှိသည်။ အများဆုံးမှာ ကြယ်နီဆေးပေါ့လိပ်ဖြစ်သည်။ လန်ဒန်စီးကရက်သောက်ချင်လျှင် လေးမိုင်လောက်ကို စက်ဘီးစီးသွားရမည်။ သူများဆိုင်ကယ်ကြုံရှိပါက သွားနိုင်သည်။ လန်ဒန်ဆိုသည်မှာ ရွာကလူများအပြော မြို့ကြီးသားများသောက်သော ပေါ့ရွှတ်ရွှတ် မီးမြန်မြန်စားသောဆေးလိပ် အဖြူဖြစ်သည်။ အလုပ်အကိုင်မရှိ အားလပ်ပြီး စိတ်ပျက်စရာကောင်းနေသော လူငယ်လေးတစ်ဦး ထိုရွာသို့ရောက်နေသည်။ ပို၍ဆိုသည်ကား ဆက်သွယ်စရာ ဖုန်းကောင်းစွာမရှိခြင်းဖြစ်သည်။


ရန်ကုန်မြို့ မီး ပုံမှန်ရသော အရပ်တွင်နေထိုင်သော လူငယ်တစ်ဦးသည် ထိုသို့ခေါင်းဖျားသော တောရွာငယ်လေးတွင် ဘယ်ဆီဘယ်မျှမသိ အောင် လောကဓံကံကြမ္မာအရ သောင်တင်နေသည်။ အနာဂတ်ဆိုသည်ကို စဉ်းပင်မစဉ်းစားတော့ချေ။ တကယ်တမ်း ထိုရွာသို့ရောက်နေသည်မှာ ၂၀၀၅နှစ် မကုန်ခင်ကတည်းဖြစ်သည်။ နှစ်ကုန်ပိုင်းအတွင် အဖွားက ဆုံးသွားသည်။ သူသည်ပင် အဖွားအသုဘ မြေကျသည်ထိလိုက်ပါဆောင်ရွက်ရသည်။ ထိုမှ တဖန် ၂၀၀၆ နှစ်ဆန်းတွင် အဖိုးက ထပ်ဆုံးသည်။ ထိုနည်းလည်းကောင်း အဖိုး အလောင်းမြေကျသည်ထိ ပါလိုက်သေးသည်။ ဘ၀တွင် ပထမဦးဆုံးသော တောဓလေ့ အသုဘ ၂ခု ကြုံတွေ့ရခြင်းဖြစ်သည်။ အဖွားအသုဘတုန်းက မီးသဂြိုလ်သည်။ အဖိုးအသုဘက ဒီတိုင်းမြေမြုပ်သည်။ အဖွားမီးသဂြိုလ်ရာတွင်းထင်းတုန်းထည့်ပေးခဲ့သည်။ အဖိုးမြေမြုပ်ရာတွင် မြေခဲချပေးခဲ့သည်။ တကယ်တော့ အထူးအဆန်းသဖွယ်ဖြစ်နေသည်။ အားလုံးအတွက် နှမြောချင်းဆိုသည်သာ ခံစားရ၍ ထိုထက်လည်း ပိုမခံစားရချေ။ လုပ်ပေးစရာရှိသည်များကို လုပ်ပေးသည်။ ညတိုင်း အသုဘအိမ်စောင့်ပေးသည်။ မနက်ခင်းစောစောအိပ်သည်။ အားလုံးပြီးစီး၍ နေသားတကျဖြစ်တော့ သူ့တွင်ဘာမှ လုပ်စရာမရှိချေ။


မနက်နေမြင့်မှအိပ်ယာထသည်။ ဦးလေးကျောင်းဆရာ၏ စာအုပ်အဟောင်းများ ဖတ်ချင်ဖတ်နေမည်။ ဟိုတုန်းက ဦးလေးတို့ သင်ကြားခဲ့ရသော ရှိတ်စပီးယားဝတ္ထူများ ဖတ်ချင်ဖတ်နေမည်။ သူ့တွင်ပါလာသော ကဗျာစာအုပ်တစ်အုပ်ကိုဖတ်နေမည်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရေးသော ဗမာပြည်ကောက်ကြောင်း ၀တ္ထူဆောင်းပါးလေးများဖတ်ချင်ဖတ်နေမည်။ တစ်ရွာလုံးတွင်တစ်ဆိုင်သာ ရှိသော မောင်ခိုင်ဆိုင်မှ သုံးဆယ့်ငါးကျပ်ပေးရသော ကော်ဖီမစ်တစ်ထုတ်သောက်ကောင်းသောက်နေမည်။ ကြယ်နီဆေးပေါ့လိပ်လေး ဖွာ၍ အိမ်ရှေ့ရှိ အုန်းပင်များကို ကြည့်နေမည်။ အတော်အတန်ကြာ၍ ညောင်းလာလျှင်သို့မဟုတ် ပျင်းလာလျှင် လမ်းလေးထလျှောက်မည်။ မြစ်ကမ်းဘေးတွင် တစ်အိမ်တည်းသာရှိသော အဖွားလေး အိမ်သို့ ခဏသွားလည်မည်။ မြစ်ကမ်းဘေးတစ်လျှောက် တာရိုးပေါ်လမ်းလျှောက်မည်။ နေတအားပူလျှင်အိမ်ပြန်လာမည်။ သိပ်ကိုပျင်းစရာကောင်းနေပေလိမ့်မည်။


ညနေစောင်းလျှင် နည်းနည်းလှမ်းသောအိမ်ခြေမှ အကိုများလာခေါ်လျှင် မောင်ခိုင်ဆိုင်တွင် အရက်ဖြူလေး တစ်စိတ်လောက်သွားသောက် လိုက်သေးသည်။ စကားတပြောပြောဖြင့် မိုးစုန်းစုန်းချုပ်သွားလျှင်အိမ်ပြန်လာ၍ သူများတွေနှင့် ထမင်းအတူတူစားမည်။ သို့တည်းမဟုတ် တစ်ယောက်တည်း ရှိတာလေးများနှင့် လှန်လှော၍စားမည်။ သိပ်မူးလာခဲ့လျင် အိပ်ပျော်သွားလိမ့်မည်။ တစ်ခါတစ်ရံအနီးအနား ဗီဒီယိုရုံသို မြန်မာဗီဒီယိုဇာတ်ကားများသွားကြည့်တက်သည်။ ဗီဒီယိုရုံမကြည့်ဖူးသောကြောင့်ဖြစ်သည်။ တမျိုးတော့ ကြည့်၍ကောင်းသည်။ ဒါပေမဲ့ ကြာကြာမကြည့်နိုင်ပါ။ ဇာတ်ကားမပြီးခင် အမြဲပြန်လာတက်သည်။


၃ လလောက်နေထိုင်မိသောအခါ တောဓလေ့အထာများ အသားကျသလိုလိုဖြစ်လာသည်။ သို့သော်မနက်စာကားလုံးဝ စား၍ မရသေးချေ။ ဂျီးများသည်ဟုဆိုဆို ကော်ဖီသာ သောက် ရသည်။ တကယ်တော့ သောက်ရနေသေးလို့ဖြစ်သည်။ သောက်မရတော့သောအခါ ရေနွေးကြမ်းသာ သောက်ရတော့သည်။ ဆေးပေါ့လိပ်လေးရှိနေသည်ကိုက ကံကောင်းနေပေသေးသည်။ ရွာတွင်အိမ်တစ်လုံးဆောက်သည် ကို ကူဆောက်ပေးဘူးသည်။ ကူဆောက်သည်ဆိုသည်က ပျဉ်လေးသယ်ပေး တိုင်လေးထောင်ပေး နှင့် သံလေး တူလေး မတောက်တစ်ခေါက်ရိုက်ပေးဖူးခြင်းဖြစ်သည်။ ထိုသို့လေးဘက်လေးတန် တိုင်ထောင်အမိုးမိုးပြီး ဗလာကျဉ်းအိမ်အသစ်လေးတွင် တပတ်ခန့် အိမ်စောင့်လုပ်ပေးဘူးသည်။ ပင်ကိုယ်ကြောက်စိတ်မရှိသော်လည်း ညဘက်သန်းခေါင်းတရေးနိုးချိန်အိပ်မပျော်လျှင် အနည်းငယ် ကြောက်လန့်မိသည်။ အိမ်သစ်ဆိုသောကြောင့်လေတိုက်သဖြင့်လှုပ်ရမ်းသည်။ အသစ်တပ်ထားသော လှေခါးသည် လေတိုက်သောအခါ လူများတက်လာသလို လှုပ်ရမ်းတက်သည်။ ဘေးတွင် အဖော်ရွာသားတစ်ဦးရှိသော်လည်း မိမိဘာသာ မိမိ တစ်ခုခုကို ကြောက်မိသည်။ တပတ်လောက်ကြာတော့လည်း အသားကျသွားသည်။ သူ့အရပ်နှင့် သူ့ဇာတ်ဆိုသော သဘောကို နားလည်လာသည်။


ဆောင်းဦးပေါက်ရောက်၍ တပိုတွဲတပေါင်း အချိန်များတွင်ပဲခင်းများခူးစွတ်ရန်အသင့်ဖြစ်နေသည်။ ထိုအချိန်တွင် ပဲခင်းစောင့်ခဲ့ရဖူးသည်။ ညစာ စောစောစား၍ အိမ်တွင် စကားစမြည်အနည်းငယ်ပြောဆိုပြီးလျှင် ဦးလေးနှင့်အတူ ရွာပြင်တွင်ရှိသော ပဲခင်းသို့ စောင်တထည်ပတ်၍ သွားခဲ့ရသည်။ ရေဗူးတစ်ဗူးနှင့် ဆေးပေါ့လိပ်အနည်းငယ် မီးခြစ်တစ်ခုသာပါသည်။ ၀ါးရင်းဒုတ်ကောင်းကောင်းတစ် ချောင်းလည်းပါသည်။ ပဲခင်းများမရောက်မိတလင်းပြောင်ပြောင်းစပ် ကန်သင်းရိုးဘေးတွင် အောက်တွင် ကောက်ရိုးအနည်းငယ်ခင်း၍ လွယ်အိပ် ခေါင်းခုကာ အိပ်ရသည်။ မအိပ်ခင် စကားလေးဘာလေးပြော ပဲခင်းအနှံ့ဓါတ်မီးဝင့်ကြည့်ပြီး ထူးခြားမှုမရှိကာမှ အိပ်ရသည်။ ကောက်ရိုးခင်းမြေကြီးပေါ်တွင် လွယ်အိပ်ခေါင်းခုပြီး ကောင်းကင်ကိုမော့ကြည့်ရသည်မှာ မည်သူမဆို စိတ်ကိုလှုပ်ရှားစေသည်။ သူလိုလူအဖို့ပိုလို့ပင် စိတ်လှုပ်ရှားစေသည်။ များစွာသောကြယ်များသည် ကောင်းကင်တွင် လက်လက်ထစွာပြန့်ကျဲနေသည်။ တိမ်ခိုးတိမ် ငွေ့များသည် မြူများသဖွယ်လောက်သာ ရွေ့ရွေ့သွားနေသည်။ နှင်းစက်များကလည်း မျက်နှာပေါ်ကျသေးသည်။ ထိုအခါ စောင်ကို ခေါင်းမြီးချုံကာ အိပ်စက်ရသည်။ အိပ်သည်ဆိုသောလည်း ကြက်အိပ်ကြက်နိုးသာသာ ဖြစ်သည်။ ထိုသို့ဖြင့် မိုးလင်းပေါက်ရောက်ခဲ့သည်။


ဆောင်းဦးပေါက်ပြီးနွေရာသီထဲဝင်လာသောကြောင့် ရွာအိမ်တွင် ထင်းများစုဆောင်းရတော့သည်။ ပထမဦးစွာ ထင်းများကုန်၍ ပျက်စီးနေသော ထင်းခြံကို အကာများ ပြန်ကာရသည်။ ထိုနောက် အမိုးမိုးရသည်။ ဦးလေးသည် အမိုးမိုးတက်စေရန် အပေါ်သို့တက်ခိုင်းပြီး ခဏ စမ်းမိုးပြပြီး သူက အောက်မှ ဓနိများပေးသည်။ သို့ဖြင့် သူသည်ခါးတောင်ကျိုက် နှီးစည်းကို ခါးပုံစတွင်ထည့်ပြီး တစ်နွေတစ်မိုးစာ ထင်းပုံကို မိုးရတော့သည်။ အမိုးအားလုံးမိုး၍ပြီးစီးသောအခါ နေ့လည် ထမင်းစားသည်။ ထို့နောက် တရေးတမောခဏနား ပြီး ထင်းတုံးများ ရှိရာ ထင်းပုံသို့လှည်းဖြင့်သွားရသည်။ ထင်းပုံဆိုသည်မှာ မိမိပိုင် ထင်းပင်များအား အလုပ်သမားငှားခုတ်လှဲ လွှတိုင်ခိုင်းစေ ထားပြီး ခွဲခြမ်းတုန်းများဖြစ်အောင် ပြုလုပ်ပေးထားသောနေရာဖြစ်သည်။ ထိုနေရာသို့အိမ်မှလှည်းနှင့် ထင်းသွားတိုက်ရခြင်းဖြစ်သည်။ ကုန်ခဲ့သော နှစ်များစွာကဆိုလျှင်ထိုကဲ့သို့မဟုတ်ပဲ ရိုးမထဲသို့ပင်သွားတိုက်ရသည်ဟု ပြောတာမှတ်မိနေသေးသည်။ ထိုထင်းပုံမှ ထင်းတုန်းများ ကို ကိုယ်တိုင်မချီပြီးလှည်းပေါ်သို့တင်ရသည်။ များစွာပင် ပင်ပမ်းလှသည်။ ထိုကဲ့သို့ လှည်း လေးငါး ခြောက်စီး တိုက်လောက် ရမှ အိမ်ရှိထင်းခြံလည်းပြည့်ပြီး တနွေတမိုးစာ ထင်းဖူးလုံမည်ဖြစ်သည်။


ဆောင်းကုန်၍ နွေဦးပေါက်လာသောအခါ ရွာရှိ အစုစပ်မွေးမြူထားသော ငါးကန်များဖော်ချိန် ရောက်လာသည်။ ဦးလေးသည် အစုစပ်ငါးကန်တွင် ပါသောကြောင့် ကန်ဖော်သော အခါ ကန်ဖော်မည့်တာဝန်ကျသည်။ တကယ်တမ်းပြောရလျှင် ထိုငါးကန်အစုစပ်အားလုံး သည် သူ၏ဆွေမျိုးများဖြစ်သည်။ ထိုသို့ ဦးလေးကန်ဖော်ရန်တာဝန်ကျသောအခါ ဦးလေးသည် ကျောင်းသွားရသည် ဖြစ်သော ကြောင့် ထိုတာဝန်သည် သူ့တာဝန်ဖြစ်လာသည်။ ဦးလေးအစား ကန်ဖော်ပေးရမည်။ ငါးကန်သည် သူ့အရပ် ရင်ခေါင်းသာသာလောက်နက်သည်။ အနက်ဆုံးနေရာသည် လည်စေ့ သို့မဟုတ် မေးစေ့လောက်နက်သည်။ ကန်သည် ပေ လေးဆယ်လောက် ကျယ်ဝန်း၍ အလျားသည် လယ် လေးငါးခြောက်ကွက်စာလောက်ရှည်သည်။ ထိုကန်ထဲသို့ သုံးထပ်နိုင်လွန်ပိုက် ၂၂ ပေအရှည်ကို တန်းချ၍ လူ ၁၃ ယောက်ခန့်က ၀ိုင်း၍ ပိုက်ဆွဲခြင်းဖြစ်သည်။ ပိုက်တိုး၍ မိသောငါးများကို ဖမ်းကာဖမ်းကာ ကမ်းပေါ်သို့ပေးသည်။ အစပိုင်းတော့ မလုပ်ဘူး၍ ပျော်စရာကောင်းသည်ဟု ထင်မိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အေးခဲပြီးညောင်းလာပါသည်။ ပိုက်အား ကိုင်ရသည်မှာ ကြာတော့ မစားသာလှပါ။ လက်အံများပင်သေလာပါသည်။ ကျန်သူများအားလုံးမှာ တောသူတောင်သား လုပ်ဖူးကိုင်ဖူးသူများဖြစ်သည်။ သူတစ်ယောက်တည်းသာ ကပေါက်တိကပေါက်ချာ ပါလာခြင်းဖြစ်သည်။ သို့ပေမဲ့ အရွယ်ကလည်းငယ်ပြန် ယောက်ျားဆိုသော မာန အပြောကလည်း မခံချင်သောကြောင့် ကြိုးစား၍ ပိုက်ဆွဲပါသည်။ အကောင်းသေးသော ခြေမ သာသာရှိ ငါးလူးခေါ် ငါးများသည် ပိုက်မှ လွှတ်လာသော်လည်း ခြေထောက်ကြားထဲတိုးဝင်သောကြောင့် ခြေချောင်းများနှင့် ကုတ်၍ဖမ်းလို့ရပါသည်။ ထိုအခါ ကမ်းပေါ်ရှိသူများ အားပစ်၍ပေးရပါသည်။ ကြာတော့ ကိုယ့်ဟာကိုခြေထောက်ကြားကဖမ်းမိသော ငါးလူးများကိုပင် ပို၍စိတ်ဝင်စားကာ ဖမ်းနေမိသေးသည်။ ငါးများတင်မက ပုစွန်လုံး(လယ်ဂဏန်း)များပါ ရလိုက်သေးသည်။ တမနက်ခင်းလုံး ပိုက်ဆွဲ၍ နေ့လည် မှသာ နားပါသည်။ ထိုအချိန်တွင်လူလည်း တစ်ကိုယ်လုံး မဲပြာ၍ပင်နေလေတော့သည်။ ခွဲတမ်းရသော ငါးများ ယူ၍ အိမ်ပြန်ပြီး ရေမိုးချိုး ရေနွေးပူပူသောက်ပြီး အိပ်ပါတော့သည်။ ငယ်ငယ်ရွယ်ရွယ် သွေးသားကောင်းသောကြောင့်လားမသိ ဖျားချင်းနာချင်း လုံးဝမဖြစ်ချေ။ ထိုသို့ ၂ ရက်ခန့် ပိုက်ဆွဲ ပြီးမှသာ ကန်ဖော်ခြင်း အဆုံးသတ်ပါသည်။


ကျေးလက်တောရွာတွင် နေသည်မှာ အတော်ကြာလာပြီဖြစ်၍ နေသားများပင်ကျနေပါသည်။ ရွာဓလေ့မင်္ဂလာဆောင်များသို့ ညအိပ်ညနေ သွားလည်ဖူးခဲ့သည်။ အလှူများတွင်လည်း လိုက်လံပျော်မြူးစားသောက်ဖူးသည်။ တစ်ခြားရွာရှိ ဇတ်ပွဲများသို့လည်း ညဘက်ကြီး နှင်းမှုန်မှုန်အောက် လှည်းစီး စောင်ခြုံပြီး သွားခဲ့ဖူးသည်။ ရွာသူအပျိုချောများအားလည်း စနောက်ခဲ့ဖူးသည်။ သူတို့၏ တုန့်ပြန်စနောက်ခြင်း များအားလည်း ခံခဲ့ရဖူးသည်။ မော်တော်ဆိပ်ဘေး အရက်ဆိုင်နောက်တွင်လည်း ညအိပ်ညနေ ဖဲရိုက်ခဲ့ဘူးသည်။ ဘယ်ရွာက လာမှန်းမသိသော သူများ မိမိရွာမှသူများ မော်တော်အဆင်း ဆင်းနေသော သူများ နှင့်ဖဲရိုက်ခြင်းဖြစ်သည်။ ထိုသူများ၏ လွယ်အိပ်များထဲတွင် လောက်စာလုံး လောက်လေးနှင့် ဓားမြှောင်များပါသည်ကို အထင်းသားပင်မြင်နေရသေးသည်။ သို့ပေမဲ့ သူသည် မည့်သည့်ကြောက်လန့်စိတ်မှ မရှိပဲ ညနက်သန်းခေါင်းထိ ဖဲရိုက်ခဲ့ဖူးသည်။ ဦးလေးတစ်ယောက်နှင့် အကိုတစ်ယောက် ပါသောကြောင့်လည်း ဖြစ်ကောင်းဖြစ်မည်။ သူ ဒိုင်ကိုင်၍ နိုင်သော အခါများတွင်တော့ အနည်းငယ် စိုးရိမ်စိတ်ရှိသည်။ ပါသော ဦးလေးနှင့် အကိုသည်လည်း သူ့ဟာသူ ထိုးသားဖြစ်လိုက် ဘေးထိုးလိုက်လုပ်နေသောကြောင့်ဖြစ်သည်။ ထိုသူများသည် သူအား တနယ်သား သူတို့ ရွာဘက်သား မဟုတ်မှန်းလည်း သိကြသည်။ ဥပမာ ပိုက်ဆံချမထိုးပဲ လေဖြင့် များစွာ ပြောထိုးခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်မှ ထမပြောလျှင် ထိုအတိုင်း လေဖြင့် ထိုးသည်ကို ခံရသေးသည်။ ကံကောင်၍လား မသိ ဖဲဝိုင်းများတွင် များစွာ ရှုံးလေ့မရှိပေ။ နိုင်များပင် နိုင်သည်က များခဲ့လေသေးသည်။ ထိုမော်တော်ဆိပ်နား အရက်ဆိုင်တွင်သူ့၏ နာမည်သည် အတော်ပင်ထွက်လိုက်သေသည်။ တစ်ခုကောင်းသည်က ထိုဆိုင်သည် မြန်မာဘီယာရသည်။ သူ့အား ဆိုင်ရှင်လင်မယားသည် များစွာကြည်ဖြူသည်။ အကြောင်းမူ သူသည် မြန်မာဘီယာအား များစွာ အားပေးသောကြောင့်ဖြစ်သည်။ ဖဲနိုင်၍ ငွေစလေးများ ရွှင်ပါက လေးမိုင်ခန့်ဝေးသော ဘူတာသို့ သူများဆိုင်ကယ်ကြုံဖြင့် လန်ဒန် စီးကရက်လေးတစ်ဗူးတစ်လေသွား၍၀ယ်သောက်နိုင်သည်။ မြို့ပေါ်မှ ဂျာနယ်အဟောင်းလေးများ ဖတ်ကြည့်နိုင်သည်။ တောလက်ဘက်ရည်လေး တစ်ခွက်တစ်လေ သောက်နိုင်သည်။ သတင်းစာက အဟောင်းပင်မရှိ၍ မဖတ်နိုင်ပါ။ ရွာလေးသည် များစွာပင် ချောင်ကျနိုင်လွန်းသည်။


ထိုကဲ့သို့ ဘ၀ကို အချိန်လွန်ကုန်ဆုံးပြီး ဦးတည်ချက်မရှိ အနာဂတ်မရှိသလို့ မျှောနေရင်းနှင့် သင်္ကြန်ကျော်၍ မေလကုန်လောက်သို့ ပင်ရောက်လာသည်။ ရွာရောက်နေသည်မှာ ၆ လ ကျော်ခန့်ရှိနေပြီဖြစ်သည်။ မညှပ်ပဲထားသော ဆံပင်သည်လည်း ဂုတ်ထောက်လုမတက်ဖြစ်နေသည်။ အသားအရေမှာလည်း ကိုယ်ဟာကိုမသိ ဘေးလူအပြောဖြင့် နီညိုညို ညစ်တစ်တစ်ဖြစ်နေသည်။ မုတ်ဆိပ်မွှေး နှုတ်ခမ်းမွှေးများသည်ပင် အတော်ကြည့်ရဆိုးမှ ရိပ်ခြင်းဖြစ်သည်။ သည်ဟာတောင် ပါလာသော မုတ်ဆိတ်ရိတ်ဓါးများ ကို ထပ်ခါထပ်ခါ ပြန်သုံးသောကြောင့်ဖြစ်သည်။ ရွာရှိ ကလေးသူငယ်များပင်လျှင် ကျောင်းများပြန်တက်နေကြပြီဖြစ်သည်။ ရွာတွင် မူလတန်းကျောင်းလေး တစ်ကျောင်းရှိသည်။ တစ်ချို့ကလေးများ လေးတန်း၊ ငါးတန်း၊ ခြောက်တန်း၊ ခုနှစ်တန်း ကလေးများ ကျောင်းမတက်မီ မေလလောက်တွင် စိတ်ပါဝင်စားသော ကလေးများအား အင်္ဂလိပ်စာသဒ္ဒါနှင့် စကားလုံးများ သင်ပေးသေးသည်။ သူတို့သည် အစပိုင်း စိတ်ဝင်စားသလိုလိုနှင့် စာကိုစာမှန်း သိလာသောအခါ စိတ်မ၀င်စားကြတော့ချေ။ သူလည်း မည်သို့မျှ မတက်နိုင်ပေ။ ရွာရှိကလေးများသည် ပညာရေးတွင်များစွာ အားနည်းသည်။ အားနည်သည်ဆိုသည်ထက် ပတ်ဝန်းကျင်အခြေအနေကြောင့် စိတ်မ၀င်စားခြင်း ဖြစ်သည်။ ထို့အတွက်မူ သူ စိတ်မကောင်းဖြစ်မိသည်။


တရက်တွင် အိမ်အနည်းငယ် လှမ်းသော အိမ်မှ ညီဝမ်းကွဲ တစ်ယောက် စက်ဘီးနှင့် လာသည်။ သူ့တို့အိမ်ဘက်တွင် သူ့အမေ ရောက်နေသည်ဆိုသော သတင်းကိုလာပေးသည်။ အံ့ဩသလို ဖြစ်မိသော်လည်း ဘာမှမပြောပဲနှင့် လာပြောသော ညီငယ်နှင့် အမေ ရောက်နေသော အိမ်သို့ လိုက်ခဲ့လိုက်သည်။ အမေသည် သူ့ကို ကြည့်၍ နေကောင်းလားဟုသာမေးသည်။ အမေ ဘာလာလုပ်တာလည်း ဟု မေးသောအခါ အလည်ခဏလာတာပါဟုဖြေသည်။ ထိုနောက် သူ့အား စိုက်ကြည့်၍ ဆေးလိပ်တွေ တအားသောက်တယ်ထင်တယ်ဟု ပြောသည်။ သူ့လက်ကြားတွင်ဆေးပေါ့လိပ်တစ်လိပ် ညပ်ထားသည်။ နည်းနည်းပါဟု ပြန်ဖြေလိုက်သည်။ ထိုနောက် ခဏနေပြီး ပြန်လာခဲ့သည်။ ညနေတွင် အမေသည် သူနေသော အိမ်သို့ ရောက်လာသည်။ အမေရောက်မလာမီအချိန်တွင် သူသည် အရက်ဖြူ အနည်း ငယ်သောက်ထားပြီးဖြစ်သည်။ အမေနှင့် သူတွေ့တော့ စကားအနည်းငယ်ပြောကြသည်။ ဦးလေးလည်း ပါသည်။ ဦးလေးနှင့် အမေလည်း စကားပြောကြသည်။ ထို့နောက် ထမင်းစား၍ အမေပြန်သွားသည်။ အမေပြန်သွားပြီးနောက် ဦးလေးက စပြောသည်။ မင်းအမေက မင်းကို သူပြန်သွားရင်လိုက်စေချင်တယ်တဲ့။ မင်းဘယ်လို သဘောရလည်းဟုမေးသည်။ သူမဖြေပဲ စဉ်းစားပါဦးမည်ဟုပြောသည်။ ထိုညသည် အိပ်စက်ခြင်းကို ချက်ချင်း မလုပ်နိုင်သော ညဖြစ်သည်။ ပြန်လိုက်သွားလျှင် ကောင်းမည်ဟု စဉ်းစားမိသည်။ ဘာဖြစ်လို့တုန်းဆိုတော့ ဒီမှာ ရှိ နေသူများကို ကြာတော့ အားနာလာသည်။ ကိုယ်နှင့်ဆွေမျိုးတော်စပ်သည်ဟု ဆိုသော်လည်း သူသည် ဘာမှ မယ်မယ်ရရ မလုပ်ပဲ ထမင်း အလကားစားနေသလို ဖြစ်နေသည်။ ဒီကြားထဲ သောက်သောက်စားစား လုပ်လာလျှင် အနားတွင် ရှိသောသူများအား အကောင်းမနေရအောင် ပြဿနာက ရှာချင်သေးသည်။ ပြဿနာရှာသည်ဆိုသည်က စကားများစွာ ပြောခြင်းဖြစ်သည်။ ထိုအရာ အားလုံအတွက် သူတို့ကို အားနာသည်။ ထိုကြောင့် နောက်နေ့တွင် အမေပြန်ပါကာ လိုက်မည်ဟု ပြောလိုက်သည်။ အမေနှင့် တရက်အတူ အနေ၍ ရန်ကုန်သို့ ပြန်ပါလာခဲ့သည်။


အင်းစိန်ဘူတာရုံသို့ ရထားသည် ၈ နာရီ ခွဲခန့်တွင် ၀င်သည်။ မီးအရောင်လင်းလင်းထင်းထင်း မြင်တော့ အနည်းငယ်ပင် ကြောင်သလိုလို ဖြစ်နေသည်။ ၆ လကျော်နေခဲ့သော ရွာလေးတွင် ဗီဒီယိုရုံမှ မီးစက်မီးနှင့် အိမ်မှဘက်ထရီမှ တပါး မီးချောင်း မီးလုံးအလင်းရောင်ဆိုသည်မှာ မမြင်ရတာ ကြာချေပြီဖြစ်သည်။ ခုတော့ မီးချောင်းမီးရောင၊် မီးလုံးမီးရောင်များတင်မဟုတ်။ ကားမီးရောင် ဟေလိုဂျင်မီးလုံးရောင် ၊ မာကျူရီမီးလုံး ရောင်များဖြင့် ရွှေရောင်တဖျက်ဖျက်လတ်နေသော နေရာသို့ ရောက်သဖြင့် စိတ်ထဲ အဆန်းလိုလိုတောင်ဖြစ်သွားသည်။ ကိုယ့်ဟာကိုယ်ပင် သူများမြင်အောင်ပြုံးမိသေးသည်။ လာကြိုမည့်သူ မည်သူ့မျှမရှိသဖြင့် ဘူတာရုံနောက်ဘက် ဘက်စ်ကားဂိတ်မှ အိမ်ရှိယာ မြို့ထဲသို့ ဘက်စ်ကားစီ၍ပင် လာလိုက်သည်။ သမိုင်းလမ်းဆုံရောက်တော့ စိတ်ထဲ ပျော်သလိုလိုတောင်ဖြစ်လာသည်။ ခံစားချက်မှာ သူများရွာ ဇာတ်ပွဲသွားတုန်း လူများများစုစု မြင်သဖြင့် ပျော်သလိုမျိုးဖြစ်သည်ဟု ထင်သည်။ ဒီမှာက မီးများပင် ထိန်ထိန်သာသေးသည်။ လသာသာနှင့် တော့ အတော်ကွာပါသည်။ တကယ်တော့သူသည် လရောင်အောက်နှင့် မာကျုရီမီးရောင်အောက် ဘယ်အရာကို ပို၍ ပျော်မည်ထင်သလဲ ကိုယ့်ဟာကိုမတွေးနိုင်သေးပါ။ ကဗျာဆန်ဆန်တော့ လရောင်အောက်မှ ခဏပျော်ချင်ပေမည်။ ဒါပေမဲ့ ဒါဟာ သင့်တော် ဆီလျော်သော ဘ၀တစ်ခု မဟုတ်မှန်းသိသည်။


အိမ်ပြန်ရောက်၍ တစ်နေ့နှင့် တစ်ညနေသည်။ နောက်တစ်နေ့ပင် ပါခဲ့သော အထုပ်လေးအတိုင်းဆွဲ၍ သူငယ်ချင်းတစ်ယောက်အိမ်သို့ ထွက်ခဲ့သည်။ ထိုသူငယ်ချင်းအိမ်မှာပင် ၂ ပတ်ကျော်ကျော်လောက်နေခဲ့သည်။ အရာအားလုံးကို အိပ်မက်လိုလို ရုပ်ရှင်ပြကွက်များလိုလို ဟု မရေမရာခံစားမိနေသည်။ မည်သူ့မှ သူ့အတွက်မရေရာ။ သူ့ဟာသူလည်း မရေရာ။ ဘ၀က ထိုချိန်ထိ စမှန်း မစမှန်း မသိသေးချေ။ သူသည် အဲ့ဒီအချိန်တွင် သူတစ်ယောက်ဖြစ်နေသလို ခံစားရသည်။ သူငယ်ချင်းနှင့်အတူနေသော်လည်း ကြာသော်အခါ အားနာလာ၍ နောက်တစ်ယောက်အိမ် ပြောင်းနေသည်။ အလုပ်အကိုင်တစ်ခုလုပ်ဖို့ စဉ်းစားမိပြီး နီးစပ်ရာ အလုပ်လေးများ လျှောက်လျှင်ကောင်းမည် ဟုကြံစည်မိလာသည်။ သို့နှင့် အလုပ်တစ်ခုအား ပထမဦးဆုံးစလျှောက်ရာ ကံအားလျော်စွာ တစ်နေ့ ၁၂၀၀ ဖြင့် နေ့စားအလုပ်သမား လေးတစ်ယောက်ဖြစ်လာသည်။ ဘ၀သည် ခုမှပင် ပီပီပြင်ပြင်စတော့သည်။


နောက်တစ်ပိုင်းအား စိတ်ပါလျှင် ဆက်လက်ရေးသားမည်။ အားလုံးကိုကျေးဇူးတင်ပါသည်။


မုဒိတာပွားနိုင်ကြပါစေ…..


ဖိုးသူတော်

၅.၂.၂၀၁၀

၃နာရီ ၂၀ မိနစ်

Photo Source : Internet



Saturday, January 23, 2010

လတ်လတ်ဆက်ဆက်ည

လတ်လတ်ဆက်ဆက်ည

ညလေးက လတ်ဆက်လိုက်တာ
လလေးက သာလို့
ကွေးကွေးလေးရယ်..
ကြယ်လေးတွေ တရုံးရုံးနဲ့
သူပျော်နေရှာပေါ့......။

ညလေးက ချစ်စရာကောင်းလိုက်တာ
လလေးကိုကြည့်ပြီး
ချစ်သူဆီ စကားတွေပြောနေတယ်..
ကြယ်လေးတွေသိရင်
ရယ်များရယ်နေမလား.....။

ညလေးက နှစ်သက်စရာ.
လလေးကသာလို့
ဒီချိန် မှာချစ်သူ
ဘုရားရှစ်ခိုး နေမလား
ဆုတောင်းမေတ္တာ ပို့နေလား..
သူ့အသံလွင်လွင်လေး ကြားနေရတယ်....။

ညလေးက ကြည်နူးစရာ
လလေးကသာလို့...
ဘ၀ရဲ့ အမောတွေ ခဏမေ့ပြီး..
ညလေးရဲ့ အလှကိုခံစား..
အသံလေးများလည်း ကြားနေရတယ်..
ဟိုးအဝေးဆီကပေါ့...........။ ။

ဖိုးသူတော်


၂၃.၁.၂၀၁၀

၂၁ နာရီ ၃၀ မိနစ်

Photo source : Internet

Thursday, January 14, 2010

Utopia Dream


ယူတိုးပီးယားအိပ်မက်


တစ်ညမှာ ကျတော်အိပ်မက်တစ်ခုမက်သည်။ အိပ်မက်သည် ရှည်လျားလွန်း၍ အသေးစိတ်နိုင်လွန်းသည်။ အိပ်မက်ထဲမှ ဇာတ်ကောင်သည် ကျတော်ပင်ဖြစ်နေသည်။ ပထမဦးဆုံးအနေနဲ့ ကျတော်သည် အင်ဂျင်နီယာဘွဲ့ကိုရရှိသည်။ ထိုပြင် မဟာအင်ဂျင်နီယာဘွဲ့ကိုထပ်ရသည်။ ထိုဘွဲ့ရပြီးနောက် ကျတော် အင်္ဂလန်ရှိ နာမည်ကြီး တက္ကသိုလ်တစ်ခုတွင် အင်ဂျင်နီယာ ဘာသာရပ်နဲ့ မသက်ဆိုင်သလိုဖြစ်သော နိုင်ငံရေးသိပ္ပံနှင့်လူမှုရေးသိပ္ပံနှစ်ဘာသာတွဲဖြင့် မဟာဝိဇ္ဖာဘွဲ့တစ်ခုထပ်ရသည်။ ထို့နောက် အမေရိကရှိ တက္ကသိုလ်တစ်ခုမှ ထိုဘာသာရပ်နှစ်ခု အကြောင်းပြုပြီး ပါရဂူဘွဲ့ရသည်။ ကျတော် ဒေါက်တာဖိုးသူတော် ဖြစ်သွားသည်။


ကျတော် မြန်မာပြည်ပြန်လာသည်။ ထိုအချိန်တွင်ကျတော့ အသက်သည် သုံးဆယ်တော်တော် ကျော်ခဲ့ပြီ။ မြန်မာပြည်ပြန်ရောက်ရောက်ချင်း ပထမဦးဆုံးအနေဖြင့် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် လုပ်ရသည်။ ဆိုလိုသည်မှာ ကျတော့ အင်ဂျင်နီယာဘာသာရပ်နယ်ပယ်သို့ပြန်သွားသည်။ ခဏလောက်လုပ်ကြည့်ပြီး စိတ်မ၀င်စားတော့။ ကျတော့်စိတ်ထဲဖြစ်ချင်နေတာ တစ်ခုရှိသည်။ ဒါကို ကိုယ့်ဟာကိုယ်သိသည်။ အဲ့ဒီနောက် ကျတော် လက်ချိန်ရှိ နိုင်ငံရေးပါတီတစ်ခုနှင့်ချိတ်ဆက်မိပြီး ပါတီကော်မတီဝင်တစ်ယောက်ဖြစ်လာသည်။ ပါတီတွင် ကျတော်ကြိုးကြိုးစားစားဆောင်ရွက်၍ ပါတီ ဥက္ကဌနှင့် လူကြီးများ၏ အားထားမှုကိုရရှိလာသည်။


ကျတော် ပါတီဝင်ပြီးနောက်တစ်နှစ်မှာပဲ ကျတော်တို့ ပါတီ အာဏာရပြီး ပါတီအကြီးအကဲတစ်ဦး နိုင်ငံတော် သမ္မတဖြစ်သွားသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေများလည်း ပြင်သင့်သည်များ ပြင်ပြီး၍ အတော်အတန် ပြောင်းလဲနေသော အခါသမယလည်းဖြစ်သည်။ ပါတီလူကြီးသည် သမ္မတ ဖြစ်ပြီးနောက် သူ့၏ ကက်ဘိနက် အဖွဲ့ ဖွဲ့သောအခါ ကျတော့်အား ၀န်ကြီး တစ်နေရာပေးသည်။ သို့ဖြင့် ကျတော် အသက်လေးဆယ် မပြည့်သေးခင်မှာပဲ မြန်မာနိုင်ငံ၏ အသက်ငယ်ဆုံး ၀န်းကြီးတစ်ပါး ဖြစ်လာသည်။ ကျတော် တာဝန်ယူရသော ၀န်ကြီးဌာနက ပညာရေးဝန်ကြီးဌာန။


ပညာရေးဝန်ကြီး ဒေါက်တာဖိုးသူတော်သည် နိုင်ငံတကာတွင်လည့်လည်ပြီး ပညာသင်ယူခဲ့သူ ပီပီ အခြေခံအားကောင်းသော ပညာရေးစနစ်ကို နားလည်သည်။ ထို့ကြောင့် ပညာရေးစနစ်များကို အခြေခံမှ စ၍ လိုအပ်သည်များကို တဆင့်ချင်းပြောင်းလဲသည်။ ကျေးရွာများ၏ မူလတန်းကျောင်းများထိ ကိုယ်တိုင်ကိုယ်ကျသွားပြီး ဆရာ၊ဆရာမလေးများနှင့် ဆွေးနွေးသည်။ ကလေးများ၏ ပညာရေးအပေါ် စိတ်ပါဝင်စားနိုင်မှုနှင့် လိုက်နိုင်မှုများကို အသေးစိတ်သုတေသနပြုသည်။ ထို့နောက် ပညာရေး ကော်မတီနှင့် ညှိနှိုင်းပြီး မူလတန်းအတွက် အသင့်လျော်ဆုံးသော ဖတ်စာ စာအုပ်နှင့် လက်တွေ့လုပ်ဆောင်ရေး စာအုပ်များကို စနစ်တကျ ပြင်ဆင်သည်။ ထိုမှ တဆင့် တဆင့်ချင်းတက်၍ အလယ်တန်း နှင့် အထက်တန်းကို ခေတ်စနစ်နှင့် အညီ ဒေသတွင်းနိုင်ငံများနှင့် တန်းတူ တန်းညှိပြီး သင်ကြားရေးစနစ်နှင့် သင်ရိုးများကို အသစ်ပြင်ဆင်ဆွဲသည်။


ဤလုပ်ငန်း လုပ်ရပ်အားလုံးကို လွှတ်တော် ၂ ခုလုံးက အတည်ပြုသည်။ လိုအပ်သော ဘက်ဂျက်များကိုလည်း စောလျင်စွာ ချပေးသည်။ ပညာရေး အရှိန်အဟုန်မှာ သိသိသာသာကြီး တိုးတက်လာသည်။


မြန်မာနိုင်ငံအမျိုးသားပညာရေးသုတေသန အဖွဲ့ကို သေချာဖွဲ့စည်းပြီး နှစ်စဉ် တစ်နိုင်ငံလုံး တိုးတက်မှုများ ကို အစီရင်ခံစေသည်။ တက္ကသိုလ်ကောလိပ်များနှင့် ပတ်သက်ပြီး အပွင့်သဘောဆောင်သော ပညာရေးစနစ်ကို အစပျိုးပေးသည်။ ဆရာမှ သင် ကျောင်းသားမှ လိုက်မှတ် စနစ်အားဖျက်သိမ်းသည်။ ဆရာကျောင်းသား လွတ်လပ်စွာ ဆွေးနွေးတွေးခေါ်မှု ပုံစံအား ဦးစားပေးသည်။ ကျောင်းသား ကျောင်းသူများကို လွတ်လပ်စွာ ၀တ်စားဆင်ယဉ်စေသည်။ အသိဥာဏ်မြင့်မားပြီး ပညာတက် ပီသစေရန် စည်းကမ်းကြပ်စွာ မထိန်း ကွပ်ပဲ ကျောင်းသားအများလက်ခံနိုင်အောင် ပညာပေးအသိအမြင်ဇာတ်လမ်းမျိုးနှင့် ဆောင်းပါးများစွာ ရေးသားပြီး လူငယ်ကျောင်းသားထု ကြားဖြန့်ဝေသည်။ ကျောင်းသားများ အရင်ကလို မဆိုးမပေကြတော့။ အရင်က ဖိုးသူတော် ငယ်စဉ်ကျောင်းတက်စဉ်က ကျောင်းသားများသည် ဆိုးသည်။ ဆိုးသည်ဆိုသည်မှာ တက္ကသိုလ်ကျောင်းသားပုံစံ ဆိုးချင်းမဟုတ်။ ကလေးဆန်ဆန် ဆိုးချင်ဖြစ်သည်။ ပုံစံများသည်လည်း ကလေးဆန်ကြသည်။ စာပေသင်ကြားမှုဆိုသည်ကိုနားမလည်ကြ။ အချိန်တန်လျှင်ကျောင်းသွားမည်။ အတန်းလစ်ချင်လစ်မည်။ ဆရာတွေကို ရိုသေဟန်ဆောင်၍ ဆရာလာလျင် လက်အုပ်ချီပြီး မင်္ဂလာပါ ဆရာ နှုတ်ဆက်မည်။ စိတ်ထဲတွင် မပါကြ။ ထုံးတန်းဆင်လာကြီး တစ်ခုလို ပြုမှုကြသည်။ ကျောင်းသား ၁၀၀ လျှင် ကျောင်းသား ၉၀ လောက်က တက္ကသိုလ်ဝင်တန်း အောင်၍ တက္ကသိုလ်သို့ ဖြစ်ရိုးဖြစ်စဉ် လာတက်ကြခြင်းဖြစ်သည်။ ပညာရေး၏ အနှစ်သာရနှင့် တက္ကသိုလ်၏ အနှစ်သာရကို ဘွဲ့ရသွားသည်ထိ သိမသွားကြချေ။ တည်ရှိနေသော တက္ကသိုလ်များသည်လည်း ထိုသို့ အနှစ်သာရ သိရှိအောင် လုပ်မပေးနိုင်ကြချေ။ တက္ကသိုလ်များသည် စက်ရုံကြီးတစ်ရုံနှင့် တူနေပြီး ကျောင်းသားများသည် ဘွဲ့တံဆိပ်အမျိုးမျိုးကပ် ထုတ်ကုန် များဖြစ်နေကြသည်။


ထိုထွက်လာသော တံဆိပ်အမျိုးမျိုးထုတ်ကုန်များသည် ဈေးကွက်တွင် ဈေးကွက်မ၀င်ဖြစ်ချေသည်။ ဈေးကွက်ဝင်သော်လည်း တန်ဖိုးချခြင်းခံရသည်။ ထိုအရာ ဖြစ်စဉ်များအားလုံးကို သိနှင့် ခံစားခဲ့နှင့်ခဲ့ရသော ပညာရေးဝန်ကြီး ဒေါက်တာ ဖိုးသူတော်သည် တက္ကသိုလ်စနစ်ကြီးတစ်ခုလုံးကို ပြန်လည်ပြင်ဆင်သည်။ အမျိုးသားပညာရေး သုတေသန ဌာန၏ ဦးဆောင်မှုဖြင့် နိုင်ငံနှင့် အ၀န်း ဇုံများ သတ်မှတ်၍ ဆောင်ရွက်သည်။ အစိုးရသည် ပညာရေးကို များစွာအလေးပေးနေသော အချိန်ဖြစ်သောကြောင့် ပညာရေး ဘက်ဂျက်ကိစ္စအား လွှတ်တော်မှ ခွင့်ပြုသည်။ သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသအလိုက် ပညာရေးဇုံ စီမံကိန်းများ ခွဲပြီး အထူးဖွံဖြိုးရေး အနေဖြင့် ဆောင်ရွက်သည်။ အောင်မြင်ဖြစ်ထွန်းမှု၏ အသီးအပွင့်ကို မကြာခင်မြင်ရချေတော့မည်။


သို့နှင့် ပညာရေးဝန်ကြီး၏ လုပ်နိုင်သောပါဝါများကို သုံး၍အလုပ်ဖြစ်အောင် လုပ်ခဲ့သော်လည်း သူ၏ မူလ ပထမကျောင်းတက်ခဲ့ရာ တက္ကသိုလ်ဖြစ်သော နည်းပညာဆိုင်ရာ တက္ကသိုလ်မှာ အားနည်းနေသည်။ ထိုကိစ္စကို သိပ္ပံနှင့် နည်းပညာဝန်ကြီးအား ပြောဆိုသော်လည်း ၀န်ကြီးသည် အသက်အရွယ်ကြီးနေသည်က တစ်ကြောင်း၊ ၀ိဇ္ဖာ ဘွဲ တစ်ဘွဲ့သာရခဲ့၍ နိုင်ငံရေးခြေလှမ်းတွင် တော်သောကြောင့် ၀န်ကြီး ဖြစ်နေပြီး သူ့လက်အောက် ကိစ္စကို မည်သို့မျှ မတက်နိုင်ပဲ ဖြစ်နေသည်။ ငယ်ရွယ်သော ၀န်ကြီးတစ်ပါး ပြောသည်ကိုလည်း ကောင်းမှန်းသိသော်လည်း လက်ခံဆောင်ရွက်ချင်းမပြုချင်ပဲ တလွဲ မာနကြီးနေသည်။ ပညာရေးဝန်ကြီးသည် ထို ကိစ္စအတွက် ရတက်မအေးဖြစ်နေသည်။ တခြားတက္ကသိုလ် ကိစ္စများတွင်များစွာ ကောင်းမွန်ပြီး ဒေသတွင်း နိုင်ငံများ ပခုံးယှဉ်နိုင်နေပြီဖြစ်သော် နိုင်ငံတစ်နိုင်၏ အဓီက နည်းပညာအခန်းကဏ္ဍမှ ပါဝင်မည့် နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာ တက္ကသိုလ်များသည် ဖြစ်ဖြစ်မြောက်မြောက် ဘာမှ ဖြစ်မလာသေးပါ။


ဒေသတွင်းနိုင်ငံများမှ နည်းပညာတက္ကသိုလ်များတွင် အာကသသိပ္ပံနှင့်ဆိုင်သော ပညာရပ်များ များစွာ ဖြစ်ထွန်းနေပြီး ဂြိုဟ်တု ပေါင်းများစွာ စမ်းသပ်လုပ်ကိုင်နေကြချိန်တွင် မိမိနိုင်ငံ၏ နည်းပညာ တက္ကသိုလ်များသည် စက္ကူဖြင့်လေယာဉ်ပျံခေါက်သည်ကိုပင် ၂ မျိုးထက် ပို၍ မသင်ပေးနိုင်ချေ။


ကံအားလျော်စွာ ဒေါက်တာဖိုးသူတော်တို့ ပါတီသည် နောက်တစ်ကြိမ် သမ္မတ သက်တမ်းအတွက် ဆက်လက် အနိုင်ရသွားသည်။ သမ္မတကြီးသည် ပညာရေးဝန်ကြီး၏ လုပ်ဆောင်ချက်များကို အထူးသဘောကျ နှစ်သက်၍ ပညာရေးဝန်ကြီးအပြင် ၀န်ကြီးချုပ်ရာထူးကိုပါ တွဲဖက်ပေးလိုက်သည်။ သမ္မတကြီး ၏ ၀န်ကြီးချုပ် ရာထူး ပေးမှုအား ကန့်ကွက်မှုများစွာ ရှိ၍ ပြည်သူ့ဆန္ဒ ခံယူပွဲပြုလုပ်ပြီး မဲခွဲ ဆုံးဖြစ်ရာ ပြည်သူ လူထုသည် ဒေါက်တာဖိုးသူတော်၏ လုပ်ဆောင်ချက်များအား အထူးသဘောကျ၍ ကန့်ကွက်မဲ မရှိ ထောက်ခံမဲ များနှင့်သာ ဆန္ဒပြုကြရာ ဒေါက်တာဖိုးသူတော်သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အသက်ငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်လာသည်။ ၀န်ကြီးချုပ်ဖြစ်လာတော့ အသက် ၄၀ စွန်းရုံသာ ရှိသေးသည်။


ဝန်ကြီးချုပ်ဖြစ်လာသောအခါ ပထမဦးဆုံးဆောင်ရွက်သော ကိစ္စမှာ မြန်မာပြည်တပြည်လုံးရှိ နည်းပညာတက္ကသိုလ်များနှင့် ကောလိပ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် ကောလိပ်များ၏ ကိစ္စကို ဆောင်ရွက်သည်။ သင်ရိုးညွှန်းတန်းများကို အခြေခံ သီအိုရီများလောက်သာ ချန်ထားခဲ့ပြီး ကျန်သော ဟောင်းနွမ်းနေပြီးဖြစ်သော သင်ရိုးညွှန်းတန်းများကို ပြင်ဆင်ပြီး ခေတ်မီနည်းပညာ ဘာသာရပ်များဖြင့် အစားထိုးစေသည်။ အမျိုးသားသိပ္ပံနှင့်နည်းပညာဗဟိုကော်မတီကို ဖွဲ့စည်းပြီး ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သည်။ အာကာသသိပ္ပံပညာကို အထူးစိတ်ဝင်စားသည်ဖြစ်ရာ သက်ဆိုင်ရာ ကျောင်းသားများအား နိုင်ငံခြားတိုင်းပြည်များ ( အမေရိက၊တရုတ်) သို့ စေလွှတ်ပြီး လေ့လာစေသည်။


ကိုယ်တိုင်လည်း အာကာသသိပ္ပံနှင့် ရင်းနှီးမှုရှိအောင် လေတပ်သို့သွား၍ လေယာဉ်မောင်းသင်သည်။ အထက်လွှတ်တော်အမတ် အချို့ ကန့်ကွက်သော်လည်း မဲဆန္ဒနှင့် အနိုင်ရယူပြီး ၀န်ကြီးချုပ်သည် လေယာဉ်မောင်း သင်ပြီး လေယာဉ်မောင်းတက်ခဲ့သည်။ လေယာဉ်မောင်းတက်သည်နှင့် တပြိုက်နက် အမျိုးသားလေကြောင်းနှင့်အာကာသဗျူရို တည်ထောင်ပြီး လေကြောင်းပျံသန်းမှုဆိုင်ရာ ကိစ္စရပ်များနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ ဥပဒေများကို ပညာရှင်များအကူအညီရယူပြီး ပြန်လည်ပြင်ဆင်တည်းဖြတ်သည်။ နောက်ဆုံးထွက်ရှိသော ဥပဒေသစ်အရ ငွေကြေးတက်နိုင်သော နိုင်ငံသားများသည် ကိုယ်ပိုင်လေယာဉ်ပျံနှင့် ရဟတ်ယာဉ်ဝယ်ယူမောင်းနှင်ခွင့်လိုင်စင်ရရှိမည်ဖြစ်သည်။ ကိုယ်ပိုင်လေယာဉ်ကွင်းတည်ဆောင်လိုသူများအနေ ဖြင့် တစ်ဦးတစ်ယောက်တည်း တည်ဆောက်ခွင့်ပေးမည် မဟုတ်ပဲ ၅ ဦးစပ် လေယာဉ်ပျံကွင်းအသေးတစ်ခု တည်ဆောက်ခွင့် ပေးသည်။ ၀န်ကြီးချုပ်ကိုယ်တိုင်လည်း ကိုယ်ပိုင်ရဟတ်ယာဉ်တစ်စင်း ၀ယ်ထားပြီး သွားချင် လုပ်ချင်သော နေရာများသို့ ချက်ချင်းသွားသည်။ လွှတ်တော်မှ နေ၍ ၀န်ကြီးချုပ် လုံခြုံရေးအတွက် ရဟတ်ယာဉ် နှစ်စင်း အစောင့်အဖြစ် ပေးထားသည်။


ဝန်ကြီးချုပ်သည် စာပေ၀ါသနာပါသည့်အားလျော်စွာ ပညာရေးဆိုင်ရာ ဆောင်းပါးများနှင့် ရသ စာပေ များကို ရေးသားထုပ်ဝေသည်။ ရသစာပေများမှာ ပြည်သူလူထု ပရိသတ်၏ အားပေးမှုကို များစွာ ခံရပြီး စာရေး ဆရာတစ်ဦးအနေဖြင့်လည်း ပြည်သူချစ်သော စာရေးဆရာဖြစ်နေသည်။ ၀န်ကြီးချုပ်၏ အိမ်ထောင်ရေး အနေဖြင့် ပညာရေးဝန်ကြီး ဖြစ်ချိန်ထိ အိမ်ထောင်မပြုသေးပဲ လူပျိုသိုးဝန်ကြီးလုပ်နေရာ ၀န်ကြီးချုပ် မဖြစ်ခင်လေးမှာပဲ အိမ်ထောင်ပြုလိုက်သည်။ ၀န်ကြီးချုပ်၏ ချစ်သူက လက်ထပ်ခွင့်အား လက်ခံသောကြောင့် ဖြစ်သည်။ ထိုလက်ထပ်ပြီးသော ချစ်သူနှင့် ၀န်ကြီးချုပ်သည် သူပိုင် ရဟတ်ယာဉ်အား သူကိုယ်တိုင်မောင်းပြီး အနားယူခရီးထွက်ဖို့ ပြင်ဆင်နေရာမှ ဘေးမှ အစောင့်ရဟတ်ယာဉ်နှစ်စီးက လိုက်မည် ပြုသည်ကို ရေဒီယိုစကား ပြောခွက်မှ တဆင့် လှမ်းတားပြီး မလိုက်နဲ့ မလိုက်နဲ့ ဟု ပြောလိုက်သည်။


' ဟေ့ကောင် ဘာကို မလိုက်နဲ့ လဲ ' လို့ အသံကြား၍ ငါလို ၀န်ကြီးချုပ်ကို ဒီလိုပြန်ပြောသလားဆိုပြီး အော်မည် အပြုတွင် လန့်နိုးသွားပြီး ဘေးမှ အခန်းဖော် ၏ ဘာကို မလိုက်နဲ့ လဲဟု မေးသောအသံကို သေချာ စွာပြန်ကြားလိုက်ရသည်။


ဤတွင် အိပ်မက်ပြီး၏…॥။


( ကျတော့်ရဲ့ စိတ်ကူးဆောင်းအိပ်မက်မျှသာဖြစ်၍ သည်းခံ ခွင့်လွှတ်ကြပါရန် မေတ္တာရပ်ခံပါသည်။)


ဖိုးသူတော်

၁၄.၁.၂၀၁၀

၁၇ နာရီ ၁၂ မိနစ်။


Photo source: Internet