Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Saturday, November 6, 2010

ရာသီစာပါတီများအကြောင်း တစေ့တစောင်း ( ၂)

ရာသီစာ ပါတီများအကြောင်း တစေ့တစောင်း ( ၂ )

ပါတီအဟောင်းများ၊အသစ်များ၏ သမိုင်းကြောင်းနှင့် အခြေအနေများကို အသေးစိတ်ပြန်လည်တွက်ရှူ့သော် အောက်ပါအတိုင်းသာ တွေ့ရမည်ဖြစ်သည်။

( ၁ ) တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ - တစည ( နောင်တွင်တစညဟုသာသုံးမည်- စာရေးသူ ) သည် ရှစ်လေးလုံးလူထုအုံကြွမှုကြီးကြောင့် နိုင်ငံရေးဇာတ်ခုံပေါ်မှ ပြုတ်ကျပျောက်ကွယ်သွားရသည့် မဆလပါတီ အမာခံခေါင်းဆောင်ဟောင်းများနှင့် ဖွဲ့စည်းတည်ထောင်ပေါ်ထွက်လာပြီး မဆလတဖြစ်လဲ တစည ပါတီလို့ နာမည်တက်ခံခဲ့ရသည့် ပါတီဖြစ်သည်။ ယခင် တစညပါတီဥက္ကဌဟောင်း ဦးသာကျော်မရှိတော့သည့်အတွက် ယခု အသစ်ပြန်လည်ဖွဲ့စည်းချိန်မှာ ဥက္ကဌအဖြစ် ဦးထွန်းရီ ( ဒု-တပ်ချုပ်- ကြည်း - ငြိမ်း ) ဖြစ်ပြီး၊ အထွေထွေအတွင်းရေးမှူး ကတော့ ဦးသန်းတင် ( ဒု-၀န်ကြီးချုပ် ( အရေးပေါ် - ၈၈ )၊ စစ်ဆင်ရေးအပြီး စစ်ဆင်ရေးစာအုပ်ဖြင့် ၂၀၀၄ခုနှစ် အမျိုးသားစာပေဆုရ ) ဖြစ်သည်။ နိုင်ငံရေး အတွေ့အကြုံများနှင့် အရည်အချင်းများသည် အားရဖွယ်ဖြစ်သော်လည်း အသက်အရွယ်အားဖြင့် ၁၉၂၆ ခုနှစ်ဖွားများဖြစ်သောကြောင့် ကြီးမြင့်နေပေသည်။ ပါတီဝင် အင်အား ၅ သိန်းခန့်ရှိပြီး ရန်ကုန် ရွှေတောင်ကြားတွင် ပါတီရုံးချုပ်တည်ရှိသည်။ ၉၀ ပြည့်ရွေးကောက်ပွဲတုန်းက အရှုံးကြီး ရှုံးခဲ့ရပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရဖွယ်ရှိတယ်လို့ မျှော်လင့်တွက်ဆထားတဲ့ပါတီဖြစ်သည်။

( ၂ ) မြို (ခေါ်) ခမီအမျိုးသားညီညွှတ်ရေးအဖွဲ့(မခမညဖ) သည် ရှစ်လေးလုံးအရေးအခင်းပြီး ပေါ်ပေါက်လာသော ပါတီဖြစ်ပြီး ၉၀ ရွေးကောက်ပွဲကတည်းက ပါဝင်တည်ရှိပြီး ဖျက်သိမ်းခြင်းမခံရပဲ ကျန်ရှိနေသော ပါတီဟောင်းဖြစ်သည်။ ၂၀၁၀ ဧပြီလတွင် အသစ်တဖန်မှတ်ပုံတင်ခဲ့ပြီး နိုင်ငံရေးပါတီအဖြစ် အဦးဆုံးမှတ်ပုံတင်ခွင့်ပြု ကြော်ငြာပေးခံရပြီး ပါတီမှတ်ပုံတင် အမှတ်မှာ နံပါတ် ၁ ဖြစ်သည်။ ပါတီဥက္ကဌအဖြစ် ဦးစံသာအောင်၊ အတွင်းရေးမှူး ဦးလာဘွေတို့ ခေါင်းဆောင်းပြီး ရခိုင်ပြည်နယ်မှာ အခြေစိုက်သည့် ပါတီဖြစ်သည်။

(၃) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ သည်လည်း ၉၀ ရွေးကောက်ပွဲပြီးကတည်းက ကျန်ရှိသည့် ပါတီဖြစ်ပြီး ၂၀၁၀ ဧပြီလတွင်မှ အသစ်တဖန်မှတ်ပုံတင်ပြီး ပါတီမှတ်ပုံတင်အမှတ်မှာ ၃ ဖြစ်သည်။ ဦးကျားဟာရှဲ၊ဦးယောသပ်တို့က ခေါင်းဆောင်ဖွဲ့စည်းထားပြီး ရှမ်းပြည်မြောက်ပိုင်း အခြေစိုက် ပါတီငယ်တခုဖြစ်ကာ ပါတီဌာနချုပ်မှာ လာရှိုးမြို့တွင် တည်ရှိသည်။

( ၄ ) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ သည် ရှစ်လေးလုံးအပြီးပေါ်ပေါက်လာသော ပါတီဖြစ်ပြီ ၉၀ ရွေးကောက်ပွဲပြီးကတည်းက ဖျက်သိမ်းခံရခြင်းမရှိပဲ ယခုတဖန် ပြန်လည်အသစ်ဖွဲ့စည်းထားသော ပါတီဖြစ်သည်။ ပါတီမှတ်ပုံတင်အမှတ်မှာ ၄ ဖြစ်ပြီး ပါတီဌာနချုပ်မှာ ရှမ်းပြည်မြောက်ပိုင်း၊ လာရှိုးမြို့တွင်တည်ရှိသည်။

( ၅ ) ၈၈-မျိုးဆက် ကျောင်းသားလူငယ်များ ( ပြည်ထောင်စုမြန်မာနိုင်ငံ) သည် ရှစ်လေးလုံးအရေးအခင်းတွင် ရှေ့တန်းကပေါ်ထွက်ခဲ့သော ကျောင်းသာခေါင်းဆောင်များဖြစ်သည့် မင်းကိုနိုင်၊ကိုကိုကြီးတို့ ၂၀၀၆ ခုနှစ်လောက်က စခဲ့သည့် ၈၈-မျိုးဆက်ကျောင်းသားများအဖွဲ့ကို ဆင်တူယိုးမှားပြုလုပ်ပြီး ၈၈-မျိုးဆက်ကျောင်းသားလူငယ်များအဖွဲ့အဖြစ် အေးလွင်က ခေါင်းဆောင်ဖွဲ့စည်းခဲ့သည်။ မင်းကိုနိုင်၊ကိုကိုကြီးတို့ တည်ထောင်သည့် ၈၈-မျိုးဆက်ကျောင်းသားများအဖွဲ့သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သောအဖွဲ့ဖြစ်ပြီး အေးလွင်တည်ထောင်သည့် ၈၈-မျိုးဆက်ကျောင်းသားလူငယ်များအဖွဲ့သည် စစ်အစိုးရအလိုကျ လှုပ်ရှားဖော်ပြသဖြင့် နာမည်ချင်းတူသော်လည်း နိုင်ငံရေးရပ်တည်ချက် အတော်ကွဲပြားခဲ့သည်။ အေးလွင်သည် ပါတီကိုတည်ထောင်ပြီး နောက်တပါတီဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ကို တည်ထောင်သောအခါ ညီဖြစ်သူ ရဲထွန်းနှင့် (၂၇) ဦးအဖွဲ့အား ဦးဆောင်ဖွဲ့စည်းစေခဲ့ပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ကို အဦးဆုံးလျှောက်လွှာတင်ခဲ့သည်။ အေးလွင်သည် ပါတီနာမည်တူထူထောင်ရုံမျှမက တရားဝင်ပါတီဖြစ်လာသောအခါ ပါတီအလံနှင့် တံဆိပ်တုံးများကို သမိုင်းဝင်ကျောင်းသားသမဂ္ဂအလံ ခွပ်ဒေါင်းအလံနှင့် သမိုင်းဝင် ဘီအိုင်အေ အမှတ်တံဆိပ်ဒေါင်းတံဆိပ်တို့ကို ဆင်တူယိုးမှား ပြုလုပ်သောကြောင့် စာရေးဆရာ ဒဂုန်တာရာ၊လူထုစိန်ဝင်း၊မောင်မိုးသူတိုလို့ စာရေးဆရာကြီးများအပါဝင် စာပေအနုပညာရှင် (၉၀)ကျော်နှင့် ဗကသ၊ တကသ များ ပြည်တွင်းပြည်ပ ကျောင်းသားအဖွဲ့အစည်းများနှင့် ခေါင်းဆောင်များ၏ ပြင်းပြင်းထန်ထန် ရှုတ်ချခြင်းကို ခံခဲ့ရပြီး အလံနှင့်တံဆိပ်တုံးသုံးစွဲမှုကို နောက်ဆုံး ဖျက်သိမ်းပြောင်းလဲပေးခဲ့ရသည်။

( ၆ ) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် သည် ၈၈-မျိုးဆက်ကျောင်းသားလူငယ်များ အဖွဲ့ကို ညီဖြစ်သူ ရဲထွန်းအား ဥက္ကဌအဖြစ်လွှဲပေးခဲ့ပြီး ၊ အပေါင်းအပါ ( ၂၈ )နှင့် အေးလွင် ဥက္ကဌအဖြစ်တည်ထောင်သော ပါတီဖြစ်သည်။ ပါတီရုံးစိုက်ရာမှာ ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်၊ပုလဲကွန်ဒိုမီနီယံဖြစ်ပြီး ပါတီဝင်အင်အား ၁ သိန်းခွဲ ရှိသည်ဟု အေးလွင်က အဆိုရှိပါသည်။

( ၇ ) ဒီမိုကရက်တစ်ပါတီ(မြန်မာ) သည် ဦးသုဝေ - ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ယခင်ဝန်ကြီးချုပ်ဟောင်းများရဲ့ သမီးများဖြစ်ကြသည့် ဒေါ်သန်းသန်းနု ( ဦးနု သမီး) ၊ဒေါ်ချိုချိုကျော်ငြိမ်း ( ကျော်ငြိမ်း သမီး) နှင့် ဒေါ်နေရီဗဆွေ (ကျားကြီးဗဆွေ သမီး ) တို့အပါအ၀င် စုစုပေါင်း ( ၂၁ ) ဦးနှင့်ဖွဲ့စည်းထားသည်။ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေသည် စစ်အစိုးရဟာ စစ်တပ်ပီပီ စနစ်တကျနောက်ဆုတ်ပေးနေတာဖြစ်ပြီး ၊ ယခုလိုရွေးကောက်ပွဲ ပြုလုပ်ပေးခြင်းသည် ကောင်းသောအလားအလာဖြစ်သည်ဟု သုံးသပ်ပြီး ရွေးကောက်ပွဲ အပေါ်အကောင်းမြင်သဘော စိုက်ထူးထားသူဖြစ်သည်။
ပါတီမှတ်ပုံတင် အမှတ်မှာ ၆ ဖြစ်ပြီး ပါတီဌာနချုပ်ကို ရန်ကုန်တိုင်း၊ပုဇွန်တောင်မြို့နယ်တွင်တည်ရှိသည်။

( ၈ ) ကရင်ပြည့်သူပါတီ ကို ဥက္ကဌ ဦးထွန်းအောင်မြင့် အပါအ၀င် အဖွဲ့ဝင် ( ၁၆ ) ဦးဖြင့်ဖွဲ့စည်းထားသည်။ ဒုဥက္ကဌ-၁ ဒေါက်တာစောစိုင်းမွန်သာ၊ ဒုဥက္ကဌ-၂ စောအေးကို၊ ဒုဥက္ကဌ-၃ ကက်နက်ဝေသော်၊ အထွေထွေအတွင်းရေးမှုး စောစေးဝါးတို့ဖြင့် ဦးဆောင်ပြီး ပါတီဌာနချုပ်တည်ရှိရာမှာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တွင်ဖြစ်သည်။ ကရင်အမျိုးသားများ အများအပြားရှိရာ ကရင်ပြည်နယ်၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းတို့တွင်း ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

( ၉ ) အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ် ကို ဦးတင်ထွန်းမောင် အပါအ၀င် (၁၅)ဦးနှင့် စတင်ဖွဲ့စည်းခဲ့သည်။ ဦးတင်ထွန်းမောင်၊ဦးကြည်ဝင် စသော ခေါင်းဆောင်များသည် ယခင် NLD အဖွဲ့ဝင်ဟောင်းနှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ပြီး NLD အဖွဲ့ချုပ်နှင့် သဘောထားကွဲလွဲမှုကြောင့် ၁၉၉၉ ခုနှစ်ကတည်းကNLD အဖွဲ့ချုပ်မှထုတ်ပယ်ခြင်း ခံရသူများဖြစ်ပြီး စစ်အစိုးရ၏ အမျိုးသားညီလာခံကို ဆက်လက်တက်ရောက်ခဲ့သူများဖြစ်သည်။ NLD အဖွဲ့ချုပ်မှ ထုတ်ပယ်ခံထားရသူများစုစည်းထားသော တခြားသောအစုအဖွဲ့ ( ဥပမာ- ၀ံသာနု NLD ) ကဲ့သို့ ဒေသအသီးသီးက အဖွဲ့များစုပေါင်းပြီး အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ်အဖြစ် လှုပ်ရှားခြင်းဖြစ်သည်။ တရားဝင်ပါတီ မှတ်ပုံတင်ခွင့် မရှိခင်တုန်းက အစုအဖွဲ့ ၉ ဖွဲ့လောက်စုစည်းနိုင်ခဲ့သော်လည်း တရားဝင် ပါတီမှတ်ပုံတင်ခွင့်ဥပဒေ ထွက်ပေါ်လာချိန်တွင် ၄ ဖွဲ့က သီးခြားနိုင်ငံရေးပါတီများအဖြစ်ခွဲထွက်သွားသောကြောင့် ကျန်အစုများနှင့် ဖွဲ့စည်းထားသော အဖွဲ့ချုပ်ဖြစ်သည်။ ပါတီဌာနချုပ်တည်ရှိရာမှာ ရန်ကုန်တိုင်း၊လမ်းမတော်မြို့နယ်ဖြစ်ပါသည်။

( ၁၀ ) ပအို့ဝ်အမျိုးသား အဖွဲ့ချုပ် သည် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်းတခုမှ ပြောင်းလဲဖြစ်ပေါ်လာသည့် ငြိမ်းချမ်းရေးအဖွဲ့အစည်းတခု ဖြစ်သည်။ ပအို့ဝ်ခေါင်းဆောင် ဦးအောင်ခမ်းထီ၏ အပစ်အခတ်ရပ်စဲရေးမှ ဦးစံလွင်အပါအ၀င် ၁၅ဦးနှင့်ဖွဲ့စည်းထားပြီး တရားဝင်ပါတီ မှတ်ပုံတင်ထားပြီး ပါတီမှတ်ပုံတင်အမှတ်ကတော့ ၅ ဖြစ်သည်။ ပအို့ဝ်ဒေသတွင်းမှာ ၀င်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံမည်ဖြစ်ပြီး ပါတီဌာနချုပ်တည်ရှိရာမှာ ရှမ်းပြည်နယ်၊တောင်ကြီးမြို့၊ဈေးပိုင်းရပ်ဖြစ်သည်။

ဖိုးသူတော်
၆.၁၁.၂၀၁၀
ဆက်လက်ဖော်ပြသွားပါမည်။

စာကိုး - ၀င်းတင့်ထွန်း ( ဗမာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်းအသင်းအပင်းများအညွှန်း)

Friday, November 5, 2010

ရာသီစာပါတီများအကြောင်း တစေ့တစောင်း

ရာသီစာ ပါတီများအကြောင်း တစေ့တစောင်း

မဲပေးဖို့ နီးကပ်လာသည်နှင့်အမျှ လက်လှမ်းမှီသလောက် နိုင်ငံရေးပါတီများကို လေ့လာကြည့်မိသည်။ လေ့လာမိသလောက် ၂၀၁၀ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဖွဲ့စည်းသည့်ပါတီများတွင် ပါတီအဟောင်းများနှင့် ပါတီအသစ်များဆိုပြီး တွေ့ရသည်။

ပါတီအဟောင်းများမှာ -

(၁) တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ( National Unity Party – NUP )

(၂) မြို (ခေါ်) ခမီအမျိုးသားညီညွှတ်ရေးအဖွဲ့(မခမညဖ) ( The Mro or Khami National Solidarity Organization –MKNSO)

(၃) လားဟူ အမျိုးသားဖွင့်ဖြိုးတိုးတက်ရေးပါတီ ( The Lahu National Development Party - LNDP)

(၄) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ (Kokang Democracy and Unity Party - KDUP) တို့ဖြစ်ကြသည်။


ပါတီအသစ်များမှာ -

(၁) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် The Pa-O National Organization(PNO)

(၂) ဒီမိုကရက်တစ်ပါတီ(မြန်မာ) The Democratic Party (Myanmar)

(၃) ကယန်းအမျိုးသားပါတီ The Kayan National Party

(၄) မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ The Rakhine State National Force of Myanmar

(၅) ကရင်ပြည်သူ့ပါတီ The Kayin People’s Party

(၆) ‘ဝ’ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ The “Wa” National Unity Party

(၇) တအောင်း(ပလောင်)အမျိုးသားပါတီ The Taaung (Palaung) National Party

(၈) မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ All Mon Region Democracy Party

(၉) ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ The Democracy and Peace Party

(၁၀) ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ The Shan Nationalities Democratic Party

(၁၁) ညီညွတ်သောဒီမိုကရက်တစ်ပါတီ The United Democratic Party (UDP)

(၁၂) ၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) The 88 Generation Student Youths(Union Of Myanmar)

(၁၃) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် The Union Of Myanmar Fedration of National Politics

(၁၄) အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် The National Political Alliance League

(၁၅) ချင်းအမျိုးသားပါတီ The Chin National Party

(၁၆) ဝံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ) The Wunthanu NLD (the Union of Myanmar)

(၁၇) ခေတ်သစ်ပြည်သူ့ပါတီ The Modern People’s Party

(၁၈) ပြည်ထောင်စု ဒီမိုကရေစီပါတီ The Union Democracy Party

(၁၉) မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ The Peace & Diversity Party

(၂၀) ချင်းတိုးတက်ရေးပါတီ The Chin Progressive Party

(၂၁) အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ The Inn National Development Party

(၂၂) ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ The Rakhine Nationalities Development Party

(၂၃) ‘ဝ’ ဒီမိုကရက်တစ်ပါတီ The Wa Democratic Party

(၂၄) ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ The Phalon Sawaw Democratic Party

(၂၅) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ The National Democratic Party for Development

(၂၆) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ The Union Solidarity and Development Party

(၂၇) တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ The Ethnic National Development Party

(၂၈) ကမန်အမျိုးသား တိုးတက်ရေးပါတီ Kaman National Progressive Party

(၂၉) ခမီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ The Khami National Development Party

(၃၀) အမျိုးသားဒီမိုကရေစီအင်အားစု National Democratic Force

(၃၁) စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ(စဒက)

(၃၂) ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ


(၃၃) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီ တို့ဖြစ်ကြသည်။

ပါတီများကို လေ့လာရာတွင် ပါတီဥက္ကဌ၊ အထွေအထွေအတွင်းရေးမှူး၊ ဒုဥက္ကဌအစရှိသည်ဖြင့် လေ့လာကြည့်မိသည်။ ပါတီ၏ ရည်ရွယ်ချက်၊ အနေအထားနှင့် လုပ်ဆောင်ခဲ့ဖူးသည့် အတွေ့အကြံများကိုလည်း တစေ့တစောင်း ကြည့်မိသည်။ အားရသည့်ပါတီဟူ၍လည်း မယ်မယ်ရရမတွေ့ရသေးပါ။ ကျတော်၏ တသီးပုဂ္ဂုလ အမြင်ကြောင့်ပင် ဖြစ်ပါသည်။ မယ်မယ်ရရ အားရသည်မရှိဆိုသည်ကို ရှင်းပြပါအံ့။ ပထမဦးဆုံးအနေဖြင့် ပါတီများကို ကြည့်မိသည်။ ၄ ပါတီသာ အဟောင်းဖြစ်သည်။ ကျန်သည့် ၃၃ ပါတီသည်အသစ်သော်လည်းကောင်း ၊ ခါတောင်မှီသော်လည်းကောင်း ဖွဲ့စည်းတည်ထောင်ထားသူသည်များဖြစ်သည်။ ဖွဲ့စည်းတည်ထောင်သူများသည် နိုင်ငံရေးအနေဖြင့် ပြောပလောက်သည့်ဇကလေးများကိုမူမတွေ့ရချေ။ သို့သော်လည်း တမျိုးတမယ်ပြောင်းလဲဖို့ အတွက်လုပ်ချင်ကိုင်ချင်စိတ်ကလေးများတော့ ရှိကြသည်ကိုတော့ တွေ့ရသည်။ ကျတော်တို့ပြည်သူလူထုအနေဖြင့်လည်း ပါတီများနှင့်ပါတီဝင်အကြီးအကဲဆိုသူများကို စောင့်ကြည့်လေ့လာရန် အချိန်ကလည်း များများစားစားရသည် မဟုတ်သောကြောင့် တက်နိုင်သမျှသူတို့ အကြောင်းရေးသားဖော်ပြထားသော စာအုပ်၊စာတန်းများနှင့် အင်တာနက်စာမျက်နှာများမှ လေ့လာမိသည်။ လေ့လာမိသလောက်တော့ သူလိုကိုယ်လို နိုင်ငံသားအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်သာပင်ဖြစ်သည်။


ပါတီများမှ အကြီးအကဲပိုင်းများကို ကြည့်ပြန်တော့လည်း တစညမှ ဘဘကြီးများကို လေးစာမိပြန်သော်လည်း အသက်အရွယ်မှာ ၈၀ ကျော်နေ၍ အိုမင်းမစွမ်းအရွယ် ရောက်လို့နေသည်။ နိုင်ငံရေးအတွေ့အကြုံများကို ဘာမျှပြောစရာမရှိပါသော်ငြား ဇရာဆိုသည့်အရွယ်ကြောင့် ဘဘကြီးများ၏ ဆောင်ရွက်နိုင်မှုကို သံသယမဖြစ်မိတောင် နောက်ပါလူငယ်များ မလိုက်နိုင်ဖြစ်မလား စိုးရိမ်မိပါသည်။ ကျန်ပါတီများမှ နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ရန် အသက်အရွယ် (၄၅နှစ်) ပြည့်မှီသူများသည်လည်း နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်နိုင်ချေ အနည်းအကျဉ်းသာ ရှိပေလိမ့်မည်။ အကြောင်းသော် နိုင်ငံတော် သမ္မတရာထူးအတွက် အရည်အချင်းများသည် များပြားနေသည်။


ဗမာ့နိုင်ငံရေးဇာတ်ခုံပေါ်မှ နိုင်ငံရေးဇာတ်မင်းသားကြီးများ၏ မျိုးဆက်သစ်များအားလည်း ယခုရွေးကောက်ပွဲတွင် ပေါ်ပေါ်ထင်ထင်မြင်တွေ့လာရသည်။ ထိုပုဂ္ဂိုလ်များသည်လည်း နိုင်ငံရေးမျိုးဆက်သစ်များပီပီ မည်သို့ ထင်ထင်လင်းလင်း ဆောင်ရွက်မည်ကို ကြည့်ရမည့် တာဝန်ရှိသည်။ ကျန်သူများသည် အသက်အရွယ်ငယ်ရွယ်သူများ ( ၄၅ ) နှစ်အောက်နှင့် နိုင်ငံရေးအပါးမ၀သေးသူများသာ ကျန်တော့သည်။ နိုင်ငံတော်ကို ဦးဆောင်မည့်၊ နိုင်ငံအရေးကို အကျယ်တ၀င့် ဆွေးနွေးတင်ပြပြောဆိုမည့် ပြည်သူလူထုရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် အုပ်ချုပ်သူ အတန်းအစားများကို ပညာတတ်၍ သစ္စာတရားကို နားလည်သည့်သူများဖြစ်စေချင်သည်။ မြန်မာ့ယဉ်ကျေးမှုနှင့် ဂီတအနုပညာကို နားလည်ခံစားနိုင်သူများဖြစ်စေချင်သည်။ ငြိမ်းချမ်းရေးနှင့် လူတန်းစားအဆင့်အတန်း ပြဿနာများကို ကြားနာခံစားနားလည်နိုင်စွမ်းရှိသူများ ဖြစ်စေချင်သည်။အသံဩဇာနှင့်ပြည့်စုံ၍ ဥပဓိရုပ်ကောင်းသူများ ဖြစ်စေချင်ပါသည်။ ဤအရာများသည် ကျတော်၏ ဖြစ်စေချင်သည့် ဆန္ဒနှင့် ဖြစ်လာရမည့်သဘောများကို တင်ပြခြင်းဖြစ်သည်။


ကျတော် ၂၀၁၀ ဇန်န၀ါရီလ ယူတိုးပီယားအိပ်မက် အမည်နှင့် ၀တ္ထူတိုလေး တပုဒ်ရေးခဲ့ဘူးသည်။ ကျတော့် စိတ်ကူးနှင့် အမြင်များအား ထိုအထဲတွင်တွေ့နိုင်သည်။ ကျတော်တို့ နိုင်ငံကို ပညာရေးဖြင့် ပြောင်းလဲမည်ဟု ဆန္ဒရှိသူများသည် ပညာနှင့်ဆက်နွယ်သည့် အတတ်ပညာများကို ကျနစွာတတ်မြောက်ထားပြီးမှ ထိုပြောင်းလဲရေးများကို ကိုယ်တိုင်မှ စ၍ တိုင်းပြည်အ၀ှမ်းပြောင်းလဲ နိုင်မည့်ဟုယူဆပါသည်။ စောဒက တက်လိုက တက်နိုင်သည်။ လူတိုင်းသည် မိမိသမိုင်းကို မိမိသာရေးခြင်းဖြစ်သည်။



ကျတော် နိုင်ငံရေးပါတီများမှ အကြီးအကဲများကိုလူတိုင်းစေ့နီးပါး မလေ့လာနိုင်တော့သော်လည်း ပါတီ ၃၇ ပါတီအား အကျဉ်းဖျဉ်းသဘောလေ့လာထားမိပါသည်။ ၁၉၈၈ နောက်ပိုင်းတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေအရ နိုင်ငံရေးပါတီ အမြောက်အများထွက်ပေါ်လာသော်လည်း ၁၉၉၀ ရွေးကောက်ပွဲပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် တရားဝင်နိုင်ငံရေးပါတီအဖြစ် ကျန်ခဲ့သည်မှာ ၁၀ ပါတီသာ ရှိပါတော့သည်။ ထိုပါတီ ၁၀ ခုအနက် ၅ ပါတီသာလျှင် လက်ရှိစစ်အစိုးရ၏ ( ၈-၃-၂၀၁၀)မှာ ထုတ်ပြန်ကြော်ငြာသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အရ ၊ ရက်ပေါင်း ၆၀ အတွင်း အသစ်ပြန်လည်မှတ်ပုံတင်ခဲ့ကြသည်။ နိုင်ငံရေးပါတီဟောင်း ၅ ခုတွင် ၁ ပါတီဖြစ်သော ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်သည် ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။ ကျန်နိုင်ငံရေးပါတီသစ်များသည်လည်း ပေါ်ထွက်လာပြီး နအဖ စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက် လိုက်နာမည်ဟု ကြိုတင်ခံဝန်ချက် လက်မှတ်ရေးထိုးကာ စစ်အစိုးရက ဦးဆောင်ကျင်းပပေးမည့် ၂၀၁၀ပြည့်နှစ် - ပါတီစုံဒီမိုကရေစီ အထွေအထွေရွေးကောက်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ဖို့ တာစူလျှက်ရှိကြသည်။


မည်သို့ပင်ဆိုစေ ရွေးကောက်ပွဲသည် နီးကပ်လာပြီး ပြည်သူပြည်သားအတော်များများသည် ဆန္ဒမဲများကို ပေးရတော့မည်ဖြစ်သည်။ ပေးချင်သူများရှိသည်၊ မပေးချင်သူများရှိသည်၊ ယောင်ဝါးဝါးလူများရှိသည်။ ပြည်သူပြည်သားများ အနေဖြင့် လုပ်သင့်လုပ်ထိုက်သည် ချင့်ချိန်နှိုင်းဆကာ ပြုမှုနိုင်ကြလိမ့်မည်ဟု့ မျှော်လင့်ပါသည်။


ဖိုးသူတော်
၅.၁၁.၂၀၁၀
၁၉နာရီ၃၈ မိနစ်


စာကိုး - ၀င်းတင့်ထွန်း ( ဗမာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်းအသင်းအပင်းများအညွှန်း)
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ - ၂၀၀၈
- http://www.myanmarelection2010.info

Sunday, February 22, 2009

10 Fascinating Facts About Abraham Lincoln

အမေရိကန်သမ္မတ အေဗရာဟင် လင်ကွန်း အကြောင်းရေးထားတဲ့ စာအုပ်စာပေတွေများစွာရှိတယ်။ ကျွန်တော် ပြီးခဲ့တဲ့ တစ်ရက်က MSN မှာ တွေ့လိုက်တာနဲ့ ဒီအချက်လေးတွေကို ဘာသာပြန်ပြီး ဘလော့ဂ်မှာ တင်ချင်တာနဲ့ တင်လိုက်တာပါ။ ပုံစံတူ ရှိကောင်းလည်းရှိမှာပါ။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ခနော်နီခနော်နဲ့ ဘာသာပြန် ချက်များနဲ့ ပြန်လိုက်တာပါ။ မူရင်းကို တော့ ဒီမှာ သွားဖတ်လို့ရပါတယ်။ စုစုပေါင်း အချက် ၁၀ ချက်ပါ။ လောလောဆယ်ဆယ် အကုန်ပြန်မပြီးသေးလို့ ပြီးသလောက်လေးပဲ တင်ထားလိုက်ပါတယ်။ ( အရှည်ကြီးတွေ ပြန်ရတယ်ဆိုတော့॥ :P )

ကျေးဇူးတင်ပါတယ်။


အမေရိကန် သမ္မတ အေဗရာဟင် လင်ကွန်း ကို သမိုင်းဆရာအများစုကတော့ အမေရိကန်ရဲ့ အကြီးအကျယ်ဆုံး သော သမ္မတကြီးဖြစ် အဖြစ် ပြောဆိုရေးသားကြပါသည်။ အမေရိကန်မှာရှိတဲ့ အဆောက်အဦတွေ လမ်းတွေ တော်တော်များများဟာလည်း သူ့နာမည်ကို ဂုဏ်ပြုမှည့်ခေါ်ထားပါသည်။ သို့သော်ငြားလည်း ယနေ့ထိတိုင်အောင် သမ္မတကြီးနဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ ဖြစ်ရပ်ပေါင်းများစွာဟာ တနည်းအားဖြင့် ကျောင်းဖတ်စာအုပ်ထဲမှာ မပါပဲ ကျန်ခဲ့တဲ့ အချက်ကလေးတွေ ရှိနေပါသေးသည်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၁၆ ဆက်မြောက် အမေရိကန် သမ္မတကြီးရဲ့ နှစ် ၂၀၀ ပြည့် အောင်းမေ့ဘွယ်မွေးနေ့အခမ်းအနားတွက် သမိုင်းတွင် လူသိများတဲ့ အချက် ၁၀ ချက်ကို ဓာတ်ပုံများနဲ့ ဝေေ၀ဆာဆာ တင်ပြလိုက်ပါသည်။


၁၀ ။ လင်ကွန်းဟာ ပထမဦးဆုံး လုပ်ကြံခံရတဲ့ အမေရိကန် သမ္မတ ဖြစ်သည်။


၁၈၆၅ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ ၀ါရှင်တန် ဒီစီ မှာရှိတဲ့ Ford's Theatre တွင် သရုပ်ဆောင်တစ်ဦး ဖြစ်သူ John Wilkes Booth ရဲ့ လက်ချက်ဖြင့် အမေရိကန်သမ္မကြီး အေဗရာဟင် လင်ကွန်း ဦးခေါင်းတွင် သေနာဒဏ်ရာ ရရှိခဲ့သည်။ ထို ဒဏ်ရာဖြင့်ပင် နောက်တစ်ရက် နံနက် ၇ နာရီ ၂၀ တွင် သေဆုံးသွားခဲ့သည်။ သူလုပ်ကြံသတ်ဖြတ် ခံရချိန်တွင် သမ္မတ အဖြစ် လေးနှစ် ( ၁၈၆၁-၁၈၆၅) တာဝန်ထမ်းဆောင်ခဲ့သည်။ သူမသေဆုံးမိ တပတ်အလိုလောက်က လင်ကွန်းသည် အိပ်မက်တစ်ခု မက်မြင်ခဲ့သည်။ အိပ်မက်ထဲတွင် အိမ်ဖြူတော် တွင်တစ်စုံတစ်ယောက် ငိုကြွေးနေသဖြင့် လင်ကွန်းက ဘယ်သူသေလို့ ငိုနေသလဲ မေးရာ ထိုသူမှ သမ္မတကြီး သေဆုံးသွား၍ ငိုကြွေးနေကြောင်းပြောသည်။ အခေါင်းထဲကို ကြည့်လိုက်တော့လည်း သေဆုံးသွားသူ၏ မျက်နှာမှာ သူ့မျက်နှာ ဖြစ်နေသည်။ လင်ကွန်းဟာ သူ့ မြစ် တော်သူ Robert Lincoln Beckwith ( ၁၉၈၅ တွင်သေဆုံး) အတွက် အမွေ လွှဲခဲ့သည်။ သူကတော့ အမွေ ထားခဲ့ခြင်း မရှိခဲ့ချေ။



၉ ။ လင်ကွန်းသည် စိတ်ဓာတ်ကျမှုတွေနှင့်အတူ ရုန်းကန်လှုပ်ရှားခဲ့ရသည်။


လင်ကွန်းဟာ ပုံပြင်ပြောကောင်းသူနဲ့ ပြောင်ချော်ချော် ဟာသတွေ လုပ်တက်သူအဖြစ် မိသားစုများနှင့် မိတ်ဆွေများကြား ထင်ရှားသော်လည်း ကိုယ်တိုင်မှာမူ အပြင်းအထန်စိတ်ဓာတ်ကျဆင်းမှု တွေကိုခံစားခဲ့ရသူဖြစ်သည်။ လင်ကွန်းဟာ အခမ်းအနားတွေနဲ့ လူထု ရှေ့မှာ မိမိကိုယ်ကို သတ်သေတဲ့ အကြောင်းတွေနဲ့ ခံစားချက်ပျင်းထန်သော ကဗျာများအလွတ်ရွတ်ဆိုပြတက်ပြီး မျက်ရည်လည်း ကျတက်သူဖြစ်သည်။ လင်ကွန်းရဲ့ အပေါင်းအပါတစ်ဦးဖြစ်သူ Henry Clay Whitney ကတော့ မစ္စတာလင်ကွန်း ရဲ့ ပေါ်လွင်ထင်ရှားသော၊ သိလွယ်မြင်လွယ်မှုနဲ့ စွဲစွဲမြဲမြဲ လုပ်တက်တာတွေဟာ သူရဲ့ ပဟေဠိဆန်ခြင်းနှင့် သိမ်သိမ်မွေ့မွေ့ စိတ်အားငယ်ချင်းတွေအတွက် ဘယ်လို အရိပ်အမြွတ်မှ ပြောလို့မရပါဘူး လို့ ပြောထားသည်။ လင်ကွန်းရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ William Herdon ကတော့ သူစိတ်အားငယ်ခဲ့မှုတွေ မွေးဖွားလာတာက သူလမ်းစလျှောက်တက် ကတည်းလောက်ကလို့ ပြောသည်။


၈ ။ လင်းကွန်သည် တိရစ္ဆာန်ချစ်သူတစ်ယောက်ဖြစ်သည်။

လင်ကွန်းဟာ သန်သန်မာမာ နှင့် နပမ်းသမားကောင်း၊ ကျွမ်းကျင် ရထားသံလမ်းခွဲ ကောင်းတစ်ယောက် ဖြစ်သော်လည်း သူသည် အမဲလိုက်ခြင်းနှင့် ငါးဖမ်းခြင်းအမှုကို မှုမလုပ်ပေ။ လင်းကွန်သည် တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းနှင့် နာကျင်အောင်ပြုလုပ်ခြင်းကို မနှစ်သက်သောကြောင့်ဖြစ်သည်။ အိမ်မွေးတိရစ္ဆာန် ချစ်တာနဲ့ ပတ်သက်လို့ လင်းကွန်းမှာ မြင်းတွေ ကြောင်တွေ ခွေးတွေ တင်မဟုတ်ပဲ ကြက်ဆင်တွေကို ပါမွေးမြူထားပါသည်။




၇ ။ ၁၈၆၂ ခုနှစ်နှင့် ၁၈၆၄ ခုနှစ် ၀န်းကျင်လောက်က Jersey City, N.J မှာ ထူးဆန်းတဲ့ မတော်တဆမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲ့ဒါကတော့ Edwin Booth က Robert Lincoln ရဲ့ အသက်ကို ကယ်ခဲ့ပါတယ်။ လူထုကြီးက ညဘက်မှာ နောက်ကျနေတဲ့ မလာနိုင်သေးတဲ့ ကားကို စောင့်စားနေစဉ် Robert က ရထားကို မှီပြီးရပ်နေပါသည်။ အဲ့ချိန်မှာပဲ ရထားက ရုတ်တရက်ထွက်သွားပြီး သူဟာ ခြေထောက်လွတ်သွားပြီး ရထားနဲ့ ပလတ်ဖောင်း ကြားကို ကျသွားပါတယ်။ Edwin Booth က အလျင်အမြန် ဘေးကင်းရာသို့ ဆွဲလိုက်နိုင်ပါတယ်။ Booth ဟာ သူ့ရဲ့နောက်မျိုးဆက်များအတွက် ထင်ရှားတဲ့ လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သမိုင်းပညာရှင်များကလည်း Robert Lincoln ဟာ ဒီအဖြစ်အပျက်ကို သူ့မိဘတွေကို ခဏခဏ ပြောတယ်လို့ ကောက်ချက် ချကြပါတယ်။



၆ ။ လင်ကွန်းဟာ အရပ်အရှည်ဆုံး အမေရိကန် သမ္မတဖြစ်သည်။

တကယ်ကို အရပ်အရှည်ကြီးပါ။ လင်ကွန်းဟာ ၆ ပေ ၄ လက်မ နဲ့ အမေရိကန်ရဲ့ အရပ်အရှည်ဆုံး သမ္မတဖြစ် ပါသည်။( မီးဖိုချောင်မီးခိုးထွက်ပိုက်လို ဦးထုပ်မျိုးဆောင်းထားတဲ့ တာဝါကြီးလိုမြင့်တဲ့ ကြောက်စရာ ပုံသဏ္ဍာန်ကို မှန်းကြည့်နိုင်ပါတယ်) ပုံမှာ Antietam မှာ ၁၈၆၂ စက်တင်ဘာ ၁၇ ရက်နေ့ မှာ မီးခိုးထွက်ပိုက်လို ဦးထုပ်ကြီးမပါပဲနဲ့ကို တစ်ခြားလူများထက် ခေါင်းတစ်လုံး မြင့်နေတဲ့ လင်ကွန်းကို တွေ့နေရသည်။



၅ ။ လင်းကွန်းဟာ စာဖတ်အားကြီးတဲ့သူ ဖြစ်တဲ့အပြင် အောင်မြင်ဆုံးသော self-educated သမား တစ်ယောက်ဖြစ်သည်။

Abranam Lincoln ဟာ ကိုယ့်ဟာကို ပညာတက်ဖြစ်အောင် ကိုယ်တိုင်သင်ပညာရေးကို ကြိုးစားသင်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး ကျော်ကြားအောင်မြင်ခဲ့သူ တစ်ယောက်ဖြစ်ပါသည်။ Kentucky တို့ Indiana တို့လို ဘာမှမရှိသော နေရက ကြီးပြင်းခဲ့ရပြီး သာမန်ပညာရေးကို ၁၈ လခန့်သာ သင်ကြားခဲ့ရသော လင်ကွန်းသည် စာအုပ်စာပေ ဖတ်ရှု့လေ့လာခွင့်နည်းခဲ့သည်။ ချာတိတ်တစ်ယောက်ဖြစ်တဲ့အတွက် ညဘက် မှာပဲ မီးအလင်းရောင်နဲ့ မိသားစု အိမ်ကျဉ်းကျဉ်းလေးထဲမှာ စာကို ဖတ်ခဲ့ရသည်။ သူ့အဖေက သူ့အတွက် နေ့စဉ်လုပ်ရသော အလုပ်လေးတစ်ခု ခွဲပေးနိုင်ခဲ့သောအခါ လင်ကွန်းသည် ABC ကျောင်းတစ်ကျောင်းကို တက်ခဲ့သည်။ ဒီလိုကျောင်းလေးတွေဟာ သစ်လုံးရှည်လေးတွေနဲ့ ဆောက်ထားတဲ့ အဆောင်ရှည်လေးတွေဖြစ်ပြီး သင်တဲ့ ဆရာများဟာလည်း ကျောင်းသာတွေထက် အနည်းငယ် ပိုပြီး ပညာတက်တယ်ဆိုရုံလောက်လေး တက်ကြပါတယ်။ လင်ကွန်းအဆို အရတော့ ဆရာဆရာမတွေဟာ ရေးတက်ဖတ်တက်သင်ပေးတက်ရုံထက် ပိုပြီးလိုအပ်တဲ့ အရည်အချင်းတွေ လိုအပ်လို့ ဆိုပါတယ်။

ဆက်ရန်ရှိသည်…

သူတော် ( ၂၂.၂.၂၀၀၉)


Wednesday, December 31, 2008

Myanmar Genius Member (MGM)

စက္ကန့် နှင့်အမျှပြောင်းလဲနေတဲ့ ကျွန်တော်တို့ ရဲ့ ၂၁ ရာစုခေတ်ထဲမှာ အသိပညာ၊ အတတ်ပညာ များဟာ အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲလို့ လာနေပြီ ဖြစ်ပါတယ်...။ ဒီလိုတိုးတက်ပြောင်းလဲနေ တဲ့ နည်းပညာများ၊ အသိပညာများကို မျက်ခြေမပြတ်လိုက်နိုင်ဖို့ ဆိုရင်တော့ ကျွန်တော်တို့ ရဲ့ မျက်စိတွေ၊ နားတွေကို အစွမ်းကုန် ဖွင့်ထားဖို့လိုပါလိမ့်မယ်...။

ထို့ကြောင့် ကျွန်တော်တို့ သိထား၊ တတ်ထားသည်များကို ဝေမျှရန်၊ မသိသေးတာတွေကို မေးမြန်း၊ တိုင်ပင်ကြနိုင်စေရန်အတွက် ကျွန်တော်တို့ ရဲ့ Myanmar Genius Forum ကိုတည်ထောင်လိုက်ခြင်းရခြင်း ဖြစ်ပါတယ်...။ အားလုံးပူးပေါင်းပါဝင်လက်တွဲပြီး ကျွန်တော်တို့ ချစ်သောနိုင်ငံနှင့် အနာဂတ်အတွက် မိမိကျရာအခန်းအခန်းကဏ္ဍမှ ပါဝင်ကြိုးစားရင်း မိမိတို့ရဲ့ တိမ်မြုပ်နေသော အရည်အချင်းများကို ထုတ်ဖော်ပြသကြဖို့ ကျွန်တော်တို့ရဲ့ Myanmar Genius ၀ိုင်းတော်သားများမှ လေးစားစွာ ဖိတ်ခေါ်၊ ကြိုဆိုပါကြောင်း အသိပေး အပ်ပါသည်။

ကျွန်တော်တို့ ရဲ့ Forum မှာ Member များအဖြစ် ပါဝင်လက်တွဲကြမယ့် Genius များအတွက် အောက်ပါအစီအစဉ်များကိုလည်း ပြုလုပ်ထားပါတယ်...။

Novice Member (0 Post to 50) - Download Role

Beginner Member (50 Posts to 100 Posts) - Wordpress with subdomain (yourdomain.myanmargenius.com)

Permanent Member (100 Posts to 500 Posts) - Wordpress+Subdomain+ FTP account with Database

VIP Member & Special Member - (Wordpress, Joomla, Phpbb3, Icyphoenix, Vbulletin) + Subdomain + FTP account with Database

စသောအစီအစဉ်များနှင့် အခြားသော အစီအစဉ်ပေါင်းများစွာကို အခမဲ့ အသုံးပြုခွင့် ပေးသွားမှာ ဖြစ်ပါတယ်။

Black Dream ပို့သော အီးမေးလ် မှ တင်ပြထားခြင်းဖြစ်ပါသည်။

သူတော် ( ၃၁.၁၂.၂၀၀၈)




Thursday, July 3, 2008

Code of Conduct For NGOs in Disaster Relif

The Code of Conduct for the International Red Cross and Red Crescent Movement and Non-Governmental Organizations (NGOs) in Disaster Relief
-
(The Sphere Project)
၁။ လူသားချင်းစာနာထောက်ထားမှုကို မရှိမဖြစ် ပထမ ဦးစားပေးဖြစ်စေရပါမည်။

၂။ ကူညီထောက်ပံ့မှုများသည် လက်ခံရရှိမည့် သူ၏ လူမျိုး၊ ဘာသာ သို့မဟုတ် နိုင်ငံသားတို့ အပေါ်တွင် မူတည်ခြင်း မဖြစ်စေပဲ ပေးအပ်ရမည်ဖြစ်ကာ ဆိုးကျိုးဖြစ်စေသော မည်သည့် အဆင့်အတန်း ခွဲခြားမှုမျိုးမျှ မရှိစေရပါ။

၃။ ကူညီထောက်ပံ့မှုများသည် နိုင်ငံရေး (သို့မဟုတ်) ဘာသာရေး သို့ အထောက်အပံ့ဖြစ်စေရန် အသုံးပြုခြင်း မဖြစ်စေရပါ။

၎။ ကျွန်ုပ်တို့သည် ပေးပို့လှူဒါန်းမှုပြုသူ အစိုးရ၏ နိုင်ငံခြားရေး မူဝါဒအတွက် လက်နက်ကိရိယာသဖွယ် ပြုမူခြင်း မဖြစ်စေရပါ။

၅။ ကျွန်ုပ်တို့သည် ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာများကို ရိုသေလေးစားရပါမည်။

၆။ ကျွန်ုပ်တို့သည် ဘေးဒုက္ခဖြစ်ပွားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ချက်များကို ဖြစ်ပွားရာဒေသ၏ ထုတ်လုပ်နိုင်စွမ်း၊ လုပ်ကိုင်နိုင်စွမ်းတို့ပေါ်တွင် အသုံးပြု၍ တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သင့်သည်။ (ဒေသခံများကို ဝန်ထမ်းများခန့်အပ်ခြင်း၊ ဒေသခံများထံမှ လိုအပ်သော ပစ္စည်းကိရိယာများ ဝယ်ယူခြင်း၊ ဒေသခံလုပ်ငန်းများနှင့် ကုန်သွယ်ရောင်းဝယ်ခြင်း)

၇။ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများသည် ခံစားခွင့်ရရှိထိုက်သူများသို့ ထိရောက် ပြည့်ဝစွာ ရောက်ရှိရေးအတွက် နည်းလမ်းများ ရှာဖွေဆောင်ရွက်ရမည်။
(ဘေးဒုက္ခကယ်ဆယ်ကူညီရေး ကူညီလုပ်ကိုင်သူများသည် ကူညီထောက်ပံ့ရေးပစ္စည်းများကို ခံစားခွင့်ရရှိထိုက်သူများထံမှ ဖြတ်တောက်ရယူခြင်းမျိုး မရှိစေရ)

၈။ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများသည် အနာဂတ်တွင် ကြုံတွေ့နိုင်သော ဘေးဒုက္ခကပ်များမှ ခုခံကာကွယ်နိုင်စွမ်းရှိနိုင်စေရန် အခြေခံလိုအပ်ချက်များနှင့် ပြည့်စုံစေရန် စီစဉ်ဆောင်ရွက်သင့်သည်။

၉။ ကျွန်ုပ်တို့သည် ကူညီဆောင်ရွက်ပေးရမည့်သူများနှင့် ကူညီထောက်ပံ့ရေး အရင်းအမြစ်များ ပေးအပ်သူများသို့ တာဝန်ယူနိုင်မှု ရှိရမည်။


၁၀။ ကျွန်ုပ်တို့၏ သတင်းအချက်အလက်များ၊ ကြော်ငြာထုတ်ပြန်မှုများတွင် ကပ်ဘေးဒုက္ခဒဏ်ခံစားရသူများကို လေးစားသမှုပြုရမည်ဖြစ်ကာ မျှော်လင့်ချက်မဲ့နေသော အရာများအဖြစ် မဖော်ပြရ။

ဒါတွေကတော့ ခေါင်းစဉ်မှာ ပါတဲ့အတိုင်း NGO တွေအတွက် Code of Conduct လို့ခေါ်တဲ့ လိုက်နာစောင့်ထိန်းသင့်သော ကျင့်ဝတ်စည်းကမ်းလေးတွေပါ။ တစ်ခု သတိပြုစေလိုတာက ကျွန်တော်တို့လို Volunteer အဖွဲ့လေးတွေ အနေနဲ့ ဒီစည်းမျဉ်းတွေကို အပြည့်အဝ လိုက်နာဖို့ ဆိုတာ အချို့အချက်တွေမှာ ခက်ခဲပါသေးတယ်။ ဥပမာ နံပါတ် ၈ အချက်ကိုကြည့်ပါ။ နောင်ဖြစ်ပေါ်လာမယ့် ဘေးဒုက္ခကပ်ဆိုးတွေအတွက် ကာကွယ်ပြီးသားဖြစ်စေမယ့် အခိုင်အခံ့တည်ဆောက်ရေးဆိုတာ ငွေအား၊ လူအား၊ နည်းပညာအထောက်အပံ့ အများကြီးလိုအပ်ပါတယ်။ ကျွန်တော်တို့ကတော့ သစ်မရခင် ဝါးပေါင်းကွပ်ဆိုတာလို ကိုယ်တတ်နိုင်သလောက်သော လုပ်ဆောင်မှုလေးတွေကိုပဲ လုပ်နိုင်သေးတာပါ။ အခိုင်အခံ့ကြီးတွေ မလာခင်ပေါ့။ ကျန်တဲ့အချက်တွေအတွက်ကတော့ ချွင်းချက်မရှိ၊ ထောက်ခံပါ၏။ ဒီလိုမျိုး ကူညီကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ Volunteer တွေ၊ NGO တွေ၊ NGHA (Non-Governmental Humanitarian Agencies) တွေ အတွက် Humanitarian Charter and Minimum Standards in Disaster Response ဆိုပြီးတော့ SphereProject က Handbook တစ်ခု ရှိပါတယ်။ အဲဒီ စာအုပ်မှာ ပါဝင်တာတွေက အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

- Minimum Standards Common to All Sectors
- Minimum Standards in Water, Sanitation and Hygiene Promotion
- Minimum Standards in Food Security, Nutrition and Food Aid
- Minimum Standards in Shelter, Settlement and Non-Food Items
- Minimum Standards in Health Services
ကျွန်တော် အထက်မှာ ဘာသာပြန်ထားတာကလည်း အဲဒီ စာအုပ်ထဲက The Code of Conduct for the International Red Cross and Red Crescent Movement and Non-Governmental Organisations (NGOs) in Disaster Relief ဆိုတာကိုပဲ ကောက်နှုတ်ထားတာပါ။ ကျွန်တော်ဘာသာပြန်ထားတာ အတိအကျမဟုတ်ပါဘူးအပြည့်အစုံလည်း မဟုတ်ပါဘူး။ အတိအကျနဲ့ အပြည့်အစုံ ဖတ်ရှုချင်တယ်ဆိုရင် www.sphereproject.org ရဲ့ Download Page မှာ Download လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။ Chapter အလိုက် Download လုပ်လို့ရသလို တစ်အုပ်လုံးကိုလည်း Download လုပ်နိုင်ပါတယ်။ အခြားသော ဘာသာစကားတော်တော်များများနဲ့ ဖတ်ရှုလို့ရနိုင်ပါတယ်။ မြန်မာဘာသာကို ပြန်ဆိုပေးဖို့ စိတ်ဝင်စားသူများလည်း အဲဒီ website မှတဆင့် ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

အခြား အသုံးဝင်နိုင်မယ့် Link လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

- http://myanmar.humanitarianinfo.org/

- http://www.reliefweb.int/rw/rwc.nsf/db201ShortName/MIMU?OpenDocument

- http://www.reliefweb.int/rw/dbc.nsf/doc104?OpenForm&rc=3&cc=mmr

- http://myanmar.humanitarianinfo.org/map%20center/Pages/default.aspx
မှတ်ချက်။ ။ ကိုမျက်လုံး ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။

Friday, June 20, 2008

ဖရန်စစ် ဘေကွန် (၂)

ဖရန်စစ် ဘေကွန် (၁၅၆၁- ၁၆၂၆ )

နိုဗမ် အော်ဂနမ် (ကရိယာသစ်) သည် ဘေကွန်၏ အရေးပါဆုံးသော လက်ရာဟု့ဆိုရပေမည်။ ဤစာအုပ်က အခြေခံအားဖြင့် လက်တွေ့စူးစမ်းလေ့လာနည်းကို အလေးကဲ တင်ပြထားပေသည်။ အရစ္စတိုတယ်၏ အတွေးအခေါ်ကို လုံးဝအားကိုခြင်းထက် သိပ္ပံနည်းကျ လက်တွေ့စူးစမ်းကျင့်သုံးမှု လိုအပ်ပုံကို တင်ပြထားသည်။ အသိပညာကို တွေးဆရုံသက်သက်ဖြင့် မတင်းတိမ်အပ်။ ကမ္ဘာကြီးကိုနားလည်ရန် ပထမဦးစွာ တွေးဆမှုပြု၊ ရသမျှ အချက်များကိုစု၊ ဤအချက်များကို မှီပြီး လက်တွေ့လေ့လာဟု ဘေကွန်က ဆိုခဲ့သည်။ သိပ္ပံပညာရှင်များ ဘေကွန်၏နည်းကို အသေးစိတ် မလိုက်ကြရုံသာရှိ၏။ သူတင်ပြခဲ့သည့် အခြေခံကို မှီပြီး တွေးဆပြီး လက်တွေ့စူးစမ်းခြင်းကိုမှု သိပ္ပံပညာရှင်တို့က အဓိက လက်သုံးနည်းအဖြစ် ထိုစဉ်ကတည်းက စပြီးကျင့်သုံးလာခဲ့ကြသည်။

ဘေကွန်၏ နောက်ဆုံးစာအုပ်မှာ နယူးအတ္တလန်တစ် ဖြစ်သည်။ ပစိဖိတ်သမုဒ္ဒရာရှိ ကျွန်လေးတစ်ကျွန်းတွင် တည်ဆောက်ခဲ့သော စိတ်ကူးရင် ဓနသဟာယ စနစ်အကြောင်းဖြစ်၏။ ထိုစာအုပ်မှာ ဆာ သောမတ်စ်မိုး(ရ်)၏ ယူတိုးပီးယားနှင့် သဘောခြင်းဆင်သော်လည်း အမြင်ချင်း၊ အချက်အလက်ချင်းကား လုံးဝ ကွဲပြားနေပေသည်။ ဘေကွန်၏စာအုပ်တွင်မှု စံပြဓနသဟာယ၏ ကောင်းကျိုးစီးပွားမှာ သိပ္ပံနည်းကျ လေ့လာသုတေသန ပြုမှုတွင် လုံးဝမှုတည်နေပေသည်။ ဘေကွန်က သိပ္ပံနည်းကျ သုတေသနပြုချက်များ ဖြင့်သာလျှင် ဥရောပသားများမှာ ကောင်းကျိုးချမ်းသာကို ရလာကြပေမည်ဟု့ ဒဏ္ဍာရီဆန်သော ကျွန်းကလေးတွင်ရှိ ဇာတ်ကောင်များဖြင့် စာဖတ်ပရိသတ်ကို တင်ပြထားပေသည်။

ဖရန်စစ်ဘေကွန်သည် ပထမဆုံးသော ခေတ်သစ်တွေးခေါ်ရှင်ကြီးဟု့ လူတိုင်းပင်ပြောဆိုနိုင်၏။ သူ၏ လွှမ်းခြုံရှုမြင်ချက်မှာ ဘာသာရေးထက် လောကီရေးပိုဆန်သည်။ (သူသည် ထာဝရဘုရားကို လုံးဝယုံကြည်၏) သူသည် အယူမသည်းဘဲ ကျိုးကြောင်းယုတ္တိနှင့် တင်ပြခဲ့၏။ အတွေးအခေါ် ယူဆချက် သက်သက်ထက် လက်တွေ့ဆန်ဆန် အလေးကဲ တင်ပြခဲ့ပေသည်။ နိုင်ငံရေးတွင် သူသည် သဘောတရားသမား မဟုတ်ပဲ လက်တွေ့ဝါဒီ ဖြစ်သည်။ ရှေ့ဟောင်းစာပေကို နှံ့စပ်မှုနှင့် စာပေကျွမ်းကျင်မှုတို့ကြောင့် သူသည် သိပ္ပံနှင့် စက်မှုအတက်ဘက်သို့ ကူးခဲ့ရာတွင် သဟဇာတ ရှိခဲ့သည်။ သစ္စာရှိ အင်္ဂလိပ်အမျိုးသာဖြစ်သော်လည်း ဘေကွန်မှာ မိမိနိုင်ငံထက် ကျော်ပြီးမြင်တက်သူဖြစ်သည်။ သူ၏ထင်ရှားသော ရည်မှန်းချင် သုံးမျိုးသုံးစားမှာ……

ပထမအမျိုးအစားမှာ မိမိ၏ဇာတိနိုင်ငံတွင် မိမိ၏အာဏာကို ဖြန့်ကျက်လိုသူဖြစ်သည်။ ဤအမျိုးအစားကား ဆုတ်ယုတ်တတ်၏။ အောက်တန်းစားဆန်၏။

ဒုတိယအမျိုးအစားမှာ မိမိတို့နိုင်ငံ၏ အာဏာနှင့်နယ်ပယ်ကို လူသားထုကြားတွင် ချဲ့ထွင်းလို၏။ ဤအစားကား ဂုဏ်ကားရှိ၏။ လိုချင်တက်မက်မှုကား မကင်းပေ။

သို့သော် လူတစ်ဦးက မိမိအာဏာနှင့် နယ်ပယ်ကို ကမ္ဘာနှင့်အ၀ှမ်း ချဲ့ထွင်လိုခဲ့လျှင်မှု သူ၏လုပ်ရပ်မှာ အထက်ပါ အချက်နှစ်ချက်ထက် ပိုပြီး မြင့်မြတ်သည်ကိုမှု စောဒကတက်ဖွယ်ရာ မရှိဟူ၏။ ဘေကွန်မှာ သိပ္ပံစေတမန် တစ်ဦးဖြစ်သော်လည်း သူကိုယ်တိုင်က သိပ္ပံပညာရှင်မဟုတ်ပေ။ သူနှင့်ခေတ်ပြိုင်များနှင့်လည်း ရင်ဘောင်တန်းပြီးလိုက်နိုင်ခဲ့ခြင်းလည်း မရှိခဲ့ပေ။ နေပီယာ (မကြာသေးမိက လော်ဂရမ်သမ်ကို တီထွင်ခဲ့သူ) နှင့် ကက်ပလာတို့ကို သာမက သူ့ကဲ့သို့သော အင်္ဂလိပ်အမျိုးသားကြီး ၀ီလျံဟာဗေးတို့ကို ဘေကွန်က ဥပေက္ခာပြုခဲ့သည်။ ဘေကွန်က အပူသည် ရွေ့လျားမှုတစ်မျိုးဟူသော အခြေခံသိပ္ပံအယူအဆကို တင်ပြခဲ့သည်။ သူသည်သိပ္ပံနည်းကျ ဥပဒေသများကို အပြည့်အစုံအမှန်အကန် တင်ပြခဲ့သူ မဟုတ်ခြင်းကိုမှု အမှတ်ရကြပေမည်။ သူ၏သိပ္ပံဆိုင်ရာ ထင်မြင်ချက်များမှာ ဆက်လက်ဆွေးနွေးလေ့လာရန်သာဖြစ်ပြီး အဆုံးသတ်အဖြေတော့မဟုတ်ပေ။

ဖရန်စစ်ဘေကွန်မှာ လက်တွေ့စူးစမ်းလေ့လာနည်း၏ အရေးပါပုံကို ပထမဦးဆုံးတင်ပြခဲ့သူ မဟုတ်။ သိပ္ပံမှ လူ့အဖွဲ့အစည်းကို အကျိုးပြုမည့်အချက်များကို ပထမဆုံးနားလည်ခဲ့သူလည်းမဟုတ်။ သို့သော်သူ့အရင်က လူများမှာ ထိုအယူအဆများကို လူသိရှင်ကြားမတင်ပြခဲ့ခြင်းသာဖြစ်သည်။ ထိုပြင် ဘေကွန်မှာ စာရေးကောင်းနှင့် နိုင်ငံရေးအရ ကျော်ကြားခဲ့ခြင်းတို့ကြောင့် ဘေကွန်က သိပ္ပံကို အရေးထားတင်ပြချက်များမှာ ပိုပြီးဩဇာကြီးခဲ့ရ ခြင်းဖြစ်ပေသည်။ ၁၆၆၂ တွင် သိပ္ပံအသိကို မြှင့်တင်ရေးအတွက် လန်ဒန်ရွိုင်ရယ် ဆိုစိုက်တီကို တည်ထောင်စဉ်က တည်ထောင်သူများက ဘေကွန်ကို မိမိတို့အား ဤစိတ်ဓာတ်ကို သွင်းပေးခဲ့သူအဖြစ် ဂုဏ်တင်ပြောဆိုခဲ့ကြသည်။ ပြင်သစ် အသိညာဏ်ဝင့်ချိန်က ပြုစုခဲ့သည့် စွယ်စုံကျမ်းကြီးတွင်လည်း အဓိက ကျမ်းပြုကြီးများဖြစ်ကြသည့် ဒက်ထရွိုက်နှင့် အဲလမ်ဗတ်တို့က ဤစွယ်စုံကျမ်းကို ပြုစုခြင်းမှာ ဘေကွန်၏ နှိုးဆော်ချက်ကြောင့်ဟု့ ဂုဏ်ပြုပြောဆိုခဲ့ကြသည်။ နိုဗမ်ဩဂနမ်နှင့် သည်နယူးအတ္တလန္တိတ်တို့မှာ ရှေးကလောက်အဖတ်များခြင်း မရှိခဲ့သော်လည်း ဤစာအုပ်က တပ်လန့်ဆိုခဲ့သည့် သတင်းစကားကို ကမ္ဘာက တွင်ကျယ်စွာ လက်ခံခဲ့ကြပြီဖြစ်၏။

ဘေကွန်ကို ပြင်သစ်တွေးခေါ်ပညာရှင်ကြီး ရီနီဒက်စ်ကာတီးစ်နှင့် ယှဉ်မည်ဆိုက ယှဉ်နိုင်သည်။ ဒက်စ်ကာတီးသည်လည်း သိပ္ပံခေတ် ပေါ်ထွန်းရေးကို ရှေ့ပြေးဆောင်ရွက်ခဲ့သူဖြစ်ပေသည်။ ဘေကွန်က ဒက်စ်ကာတီးစ်ထက် မျိုးဆက်တစ်ဆက်စော၏။ သိပ္ပံနည်းကျ တွေးဆလေ့လာ စမ်းသပ်သုတေသန ပြုချက်နှင့် ပတ်သက်ပြီး ဒက်စ်ကာတီးစ်ထက်ပိုပြီး အလေးကဲတင်ပြခဲ့သည်။ သို့သော် ပြင်သစ်တွေးခေါ်ရှင်ကြီး၏ သင်္ချာဆိုင်ရာ တွေ့ရှိချက်က တပမ်းသာသွားချင်းကြောင့် ဒက်စ်ကာတီးစ်ကို ဘေကွန်ထက်ရှေ့ဆင့်ထားပြီး ကမ္ဗည်းတင်လိုက်ရခြင်း ဖြစ်ပါသည်။

ဖိုးသူတော်

( စာရေးဆရာ မောင်မင်းနိုင်( ၀ါးခယ်မ) ရေးသားသော ကမ္ဘာ့ ဩဇာအကြီးဆုံး ပုဂ္ဂိုလ် ၁၀၀ စာအုပ်ထဲမှ ကူးယူဖော်ပြပါသည်။ )

Thursday, June 19, 2008

ဖရန်စစ်ဘေကွန် (၁)

ဖရန်စစ် ဘေကွန်(၁၅၆၁-၁၆၂၆)

ကမ္ဘာ့ ဩဇာအကြီးဆုံး ပုဂ္ဂိုလ် ၁၀၀ များထဲမှာ တစ်ဦး အပါအ၀င်ဖြစ်သော ဖရန်စစ်ဘေကွန် အကြောင်းကို အနည်းငယ် တင်ပြလိုပါတယ်။ ဖရန်စစ်ဘေကွန်ဟာ အင်္ဂလိပ်အမျိုးသား ထိပ်တန်းနိုင်ငံရေး သမားကြီးဖြစ်ပါသည်။ သူ့ဘ၀တစ်လျှောက် အချိန်အတော်များများကို နိုင်ငံရေးဘက်တွင်သာ အသုံးချခဲ့သည်။ သို့သော် ကမ္ဘာ့ဩဇာ အကြီးဆုံး ပုဂ္ဂိုလ် ၁၀၀ စာအုပ်ထဲတွင် သူ့အား သူရေးသားခဲ့သည့် ဒဿနိကကျမ်းများကြောင့် ရွေးချယ်ထားပါသည်။ ထိုရေးသားချက်များတွင် သူသည် သိပ္ပံခေတ်သစ်၏ ဟစ်တိုင်ဖြစ်သည်။ သိပ္ပံနှင့် စက်မှုပညာက ကမ္ဘာကို ပြောင်းလဲပေးမည်ဟု့ဆိုခဲ့ပြီး သိပ္ပံနည်းကျ စူးစမ်းမှုကို အဓိကတိုက်တွန်း ပေးခဲ့သည့် ပထမဆုံးသော ဒဿနိကပညာရှင်ကြီးလည်း ဖြစ်သည်။

ဘေကွန်ကို လန်ဒန်မြို့တွသ် ၁၅၆၁ ခုနှစ်က ဖွားမြင်ခဲ့သည်။ အယ်လီဇဘက် ဘုရင်မ လက်အောက်မှ အစိုးရအရာရှိတစ်ဦး၏ သားငယ်ကလေး ဖြစ်သည်။ ၁၂ နှစ်သားက သူသည် ကင်းဘရစ်ရှိ ထရီနီတီ ကောလိပ်တွင် တက်ရောက်ခဲ့သည်။ သုံးနှစ်နေပြီးနောက် မည့်သည့်ဘွဲမှ မရရှိပဲ ကျောင်းထွက်ခဲ့သည်။ ၁၆ နှစ်သားအရောက်တွင် ပဲရစ်မြို့ရှိ ဗြိတိသျှ သံအဖွဲ့တွင် လက်ထောင်တာဝန်ကို ခဏတာ ထမ်းဆောင်ခဲ့သည်။ ဘေကွန် ၁၈ နှစ်သားတွင် သူ၏ ဖခင်မှာ အမှတ်မထင် ကွယ်လွန်သွားခဲ့ရာ သူ့အဖို့ ငွေကြေး အနည်းငယ်သာ ထားရစ်ခဲ့သည်။ သို့အတွက် ဥပဒေကို ဆည်းပူးခဲ့ရာ ၂၁ နှစ်တွင် ၀တ်လုံတော်ရ တစ်ဦး ဖြစ်လာခဲ့သည်။

မကြာမီပင် သူသည် နိုင်ငံရေး စိတ်ဓာတ် ဖွံ့ဖြိုးလာခဲ့သည်။ ၂၃ နှစ်သားတွင် ပြည်သူ့လွတ်တော်တွင် အရွေးခံခဲ့ရပေသည်။ သူ၏ဆွေမျိုးများနှင့် မိတ်သင်္ဂဟများမှာ အထက်တန်းလွှာများ ဖြစ်ကြသော်လည်း ညဏ်ရည်ထက်မြတ်မှုကြောင့် အဲလီဇဘက်ဘုရင်မက သူ့ကို အဓိကရာထူးနေရာတွင် ခန့်အပ်ရန် ငြင်းပယ်ခဲ့ပေသည်။ ဤသည်ကား ဘုရင်မကြီးက လုံးဝထောက်ခံခဲ့သည့် အခွန်တော်ကိစ္စကို ပါလီမန်တွင် သူက ရဲရဲဝံ့ဝံ့ ကန့်ကွက်ခဲ့သောကြောင့် ဖြစ်သည်။ ဘေကွန်မှာ ကြွေးလည်ပင်း ခိုက်အောင် ဆင်းရဲလှသည်။ ( တစ်ခါက ကြွေးမှုနှင့်ပင် အရေးယူခံခဲ့ရသည်။) သူ့ခမျာ လွတ်လွတ်လပ်လပ် နေထိုင်ခြင်းငှာ မတက်စွမ်းခဲ့ပေ။

ဘေကွန်မှာ နိုင်ငံရေး ရည်းမှန်းချက် ကြီးမားပြီး လူသိများလှသည့် လူငယ်ပဒေသရာဇ် မြို့စားကြီး အက်ဆက်စ် နှင့်မိတ်ဆွေ ဖြစ်ခဲ့သည်။ အက်ဆက်စ်က ဘေကွန်ကို ခင်မင်ခဲ့သည်။ ရက်ရောစွာ ကျေးဇူး ပြုခဲ့သည်။ အက်ဆက်စ်က ဘုရင်မ အဲလိဇဘက်ကို လုပ်ကြံရန် ကြံစည်သည့်အခါတိုင်းတွင် ဘေကွန်က ဘုရင်မ အပေါ် သိစ္စာစောင့်သိရေးက ပထမဟု တိုက်တွန်းခဲ့သည်။ အက်ဆက်စ်မှာ ဤကိစ္စကို ကြံစည်ဖြစ်အောင် ကြံစည်ခဲ့သော်လည်း အရေးမလှခဲ့ပေ။ ဘေကွန်မှာ မြို့စားကြီးကို သစ္စာဖောက်မှုနှင့် အရေးယူရေးတွင် တက်ကြွစွာ ပါဝင်မိခဲ့ပေသည်။ ဤအတွက် အက်ဆက်စ်မှာ ခေါင်းဖြတ်ခံရပြီး ဘေကွန်မှာလည်း ဤစနစ်ကြောင့် လူမုန်းများခဲ့ ရပေသည်။

၁၆၀၃ ခုနှစ်တွင် ဘုရင်မ အဲလီဇဘက် ကွယ်လွန်ခဲ့ပေရာ ဘေကွန်မှာ သူမကို ဆက်ခံသူ ဂျိမ်းစ်(၁) ၏ အတိုင်ပင်ခံဖြစ်လာခဲ့သည်။ ဂျိမ်းစ်မှာ သူ၏အကြံပေးချက်ကို အစဉ်သဖြင့် လက်မခံခဲ့သော်လည်း သူက ဘေကွန် ကိုသဘောကြခဲ့သည်။ သို့အတွက် ဂျိမ်းစ်၏လက်ထက်တွင် ဘေကွန်မှာ အစိုးရအဆင့်တွင် တဆင့်ပြီးတဆင့် တက်လာခဲ့သည်။ ၁၆၀၇ ခုနှစ်တွင် ဘေကွန်မှာ ရှေ့နေချုပ်ကြီး ဖြစ်ခဲ့၏။ ၁၆၁၃ ခုနှစ်တွင် ဗဟိုရှေ့နေချုပ်ကြီး ဖြစ်လာခဲ့သည်။ ၁၆၁၈ ခုနှစ်တွင် အင်္ဂလန်တရားသူကြီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပေသည်။ ဤရာထူးမှာ အမရိကန်ပြည်ထောင်စု၏ ဗဟိုတရားရုံးချုပ်မှ တရားသူကြီးချုပ် ရာထူးအလား အရေးပါလှပေသည်။ ထိုနှစ်မှာပင် မှုးမတ်အဖြစ်လည်းကောင်း၊ ၁၆၂၁ ခုနှစ်တွင် မြို့စားကြီးအဖြစ်လည်းကောင်း ခန့်အပ်ခြင်း ခံခဲ့ရပြန်သည်။

မကြာမီတွင် ဘေးအန္တာရယ် ဆိုက်လာခဲ့သည်။ ဘေကွန်သည် တရားသူကြီးအဖြစ် အမှုသည်များထံမှ လာဘ်စားခဲ့သည်။ ဤသည်မှာ လုပ်ရိုးလုပ်စဉ် ဖြစ်နေငြားလည်း တရားမ၀င်ပေ။ ဆန့်ကျင်ဘက် နိုင်ငံရေး အုပ်စုက သူ့ကို ရာထူးမှ ဖြုတ်ချရန် အခွင့်ကောင်းကို စောင့်ကြည့်နေခဲ့ကြသည်။ ဘေကွန်မှာ အပြစ်ကို ၀န်ခံခဲ့ရပြီး လန်ဒန်မြို့ တားဝါးထောင်တွင် အကျဉ်းချခံခဲ့ရသည်။ ဘုရင်က သူ့ကို ထောင်မှလွတ်ပေးခဲ့သည်။ သူ၏ကောင်းကွက်ကိုကြည့်ပြီး ခွင့်လွတ်ခဲ့သည်။ သို့သော် ဘေကွန်မှာ နိုင်ငံရေးဩဇာ ကျဆုံးသွားခဲ့ရသည်။

မည်သူကမျှ လာဘ်စားမှုကြောင့်လည်းကောင်း သို့မဟုတ် အများပြည်သူ၏ ယုံကြည်အားထားချက်ကို ချိုးဖောက်မှုကြောင့်လည်းကောင်း ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေး သမားများကို ပြန်ပြီးဆင်တင်မပေးလိုကြချေ။ သူတို့ကလည်း လူတိုင်းလာဘ်စားမှုနှင့် မကင်းဟု့ ကိုယ့်ကိုယ်ကို ကာကွယ်ရင်း တန်ပြန်စွတ်စွဲ တက်ကြပေသည်။ ဤကာကွယ်မှုက တစ်ဦးတစ်ယောက်သော ကောက်ကျစ်သည့် နိုင်ငံရေးသမားများကို အရေးယူလိုလျှင် အခြားကောက်ကျစ်သည့် နိုင်ငံရေးသမား အားလုံးကိုပါ အရေးယူရမည်ဟု့ ဆိုစရာဖြစ်လာခဲ့သည်။ ဘေကွန်၏ ဖြောင့်ချက်ကမှု ဆန်းကြယ်လှပေသည်။

“ ဤနှစ်ငါးဆယ်ကာလအတွင်း ကျွန်ုပ်သည် အင်္ဂလန်မှာ တရားအမျှတ ဆုံးသော တရားသူကြီးဖြစ်သည်။ ဤပြစ်ဒဏ်ချမှတ်ခြင်းမှာလည်း ဤနှစ် ၂၀၀ အတွင်း ပါလီမန်၏ တရားသဖြင့်အရှိဆုံးသော ပြစ်ဒဏ်ပင်ဖြစ်ပါသည် ဟူ၏။ "

ဤသို့ တက်ကြွသည့် နိုင်ငံရေးခေါင်းဆောင် ဘ၀တွင် အခြားတစ်စုံ တစ်ရာလုပ်ဖို့ အချိန်များစွာ မရနိုင်ပေ။ ကမ္ဘာ့ ဩဇာအကြီးဆုံး ပုဂ္ဂိုလ် ၁၀၀ များ စာအုပ်တွင် ဘေကွန်ကို မော်ကွန်းတင်ရခြင်းမှာ သူ၏ နိုင်ငံရေး စွမ်းဆောင်ချက်ကြောင့် မဟုတ်ဘဲ ဒဿနအမြင် များကြောင့်သာ ဖြစ်ပေသည်။ သူ၏ အရေးပါခဲ့သည့် ပထမဆုံးစာအုပ်မှာ အက်ဆေးများ ဖြစ်ပြီး ၁၅၉၇ ခုနှစ်က ထွက်လာခဲ့သည်။ ၎င်းအက်ဆေးမှာ အရေးအသား လေးနက်၏။ ထူးကဲသော ရေးဟန်ရှိ၏။ နိုင်ငံရေးသာမက ကိုယ်ရေးကိုယ်တာ ကိစ္စများပါ ပါရှိပြီး အတွေးအခေါ် ပြည့်ဝလှ၏။ အောက်တွင် ဥပမာ အချို့ကို ဖော်ပြထားပါသည်။

“လူငယ်ထုအဖို့ တရားဆုံးဖြတ်ခြင်းထက် တီထွင်မှုက ပိုပြီးသင့်တော်၏။ နှီးနှောတိုင်ပင်ခြင်းထက် လုပ်ငန်းဆောင်ရွက်စေခြင်းက ပိုပြီးသင့်တော်၏။ လုပ်ငန်းဆောင်ရွက်စေခြင်းထက် စီမံကိန်းအသစ်အတွက် ပိုပြီး သင့်တော်၏။ လုပ်ငန်းဆောင်ရွက်စေခြင်းထက် စီမံကိန်းအသစ်အတွက် ပိုပြီး သင့်တော်၏။ အသက်ကြီးသူတို့သည် ကန့်ကွက်မှု များ၏။ တိုင်ပင်ရကြာ၏။ စွန့်စားမှု နည်း၏။ သို့သော် လူကြီးနှင့် လူငယ်ကို ပေါင်းစည်းပေးပါက ပိုကောင်း၏။ တစ်ဦးစီ၏ အကောင်းက တစ်ဦးချင်း၏ မကောင်း (၀ါ) ချို့ယွင်းချက်ကို တည့်မတ်ပေးနိုင်၏။ "

(လူကြီးနှင့် လူငယ်)

ဇနီးနှင့် သားသမီးရှိသူမှာ ကံကြမ္မာ၏ ဓားစာခံများသာလျှင် ဖြစ်သတည်း။

( အိမ်ထောင်သည်နှင့် လူပျို)

(ဘေကွန်မှာ အိမ်ထောင်ရှိခဲ့သော်လည်း ကလေးမရခဲ့ပေ)

သို့သော် ဘေကွန်၏ အရေးပါဆုံးသော အရေးသားချက်မှာ သိပ္ပံဒဿန နှင့်ပတ်သက်သည်။ သူ၏ အကောင်းဆုံးသောလက်ရာဟု့ ဆိုရမည့် အသစ်ဖန်တီးခြင်းကျမ်းကြီး (THE RENEWAL) အင်စတော်ရေရှို မဂနာကျမ်းမှာ အပိုင်းခြောက်ပိုင်းရှိသည်။ ပထမအပိုင်းတွင် လက်ရှိအသိပညာ အခြေအနေ အဆင့်အတန်းကို တင်ပြထား၏။ ဒုတိယပိုင်းမှာ သိပ္ပံနည်းကျ စူးစမ်းနည်းသစ်ဖြစ်သည်။ တတိယအပိုင်းမှာ လက်တွေ့ တွေ့ရှိချက်များဖြစ်သည်။ စတုတ္ထပိုင်းမှာ သူ၏ သိပ္ပံနည်းသစ် ဥဒါဟရုဏ်များဖြစ်သည်။ ပဉ္စမပိုင်းမှာ ယာယီကောက်ချက်ချချက်များ ဖြစ်ပြီး ဆဌမပိုင်းမှာ သူတီထွင်ခဲ့သည့် နည်းသစ်အရ တွေ့ရှိလာသည့် ဗဟုသုတများ ပါဝင်သည်။ သည်အက်ဒ်ဗန့်မင့် အော့ဖ် လန်းနင်း ( ၁၆၅၀ ) နှင့် နိုဗမ်အော်ဂနမ် ( ၁၆၂၀ ) ကျမ်းတို့ကို သူ့လက်ရာကြီးထဲမှာ ပထမပိုင်းနှစ်ပိုင်း ဟု့ သတ်မှတ်ခဲ့ကြသည်။

ဆက်ရန်…….

ဖိုးသူတော်

( စာရေးဆရာ မောင်မင်းနိုင်( ၀ါးခယ်မ) ရေးသားသော ကမ္ဘာ့ ဩဇာအကြီးဆုံး ပုဂ္ဂိုလ် ၁၀၀ စာအုပ်ထဲမှ ကူးယူဖော်ပြပါသည်။ )