Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Saturday, January 2, 2010

First days of 2010


First day of 2010


12:00 AM - ပျော်ရွှင်သော နှစ်သစ်ဆိုပြီး မအော်လိုက်ဘူး။ သီချင်းဆိုနေလို့ဖြစ်မယ်။

1:00 AM - သူငယ်ချင်းတွေနဲ့ တူတူ သီချင်းဆိုနေကြတယ်။ ကိုကျော်ဇေယျ ဆိုင်ရှေ့မှာ။

1:30 AM - သီချင်းဆိုပြီး သိမ်းဆည်းပြီး အင်တာနက် ခဏသုံးတယ်။

2:00 AM - အိပ်ချင်လာလို့ အိပ်လိုက်တယ်။ ထိုင်နိုင်စွမ်းလည်း မရှိတော့ဘူး။

10:10 AM - အိပ်ယာက နိုးလာတယ်။ ရေမိုးချိုးပြီး ရုံးကိုလာတယ်။

11:30 AM - ရုံးရောက်တယ်။ ဗိုက်ဆာတာနဲ့ အစောကြီးထမင်းစားလိုက်တယ်။

12:00 PM - ထမင်းစားပြီး အင်တာနက်သုံးလိုက်တာ ၁ နာရီထိုးသွားတယ်။ ညက အရှိန်ကြောင့် ခေါင်းကိုက်လို့ သွားအိပ်လိုက်တယ်။


1:15 PM ~ 3:00 PM - အိပ်လိုက်တာ ၃ နာရီမှ နိုးတယ်။ ချိန်းထားတာလေး တစ်ခု ရှိလို့အင်တာနက်ခဏသုံးပြီ ချိန်းထားတဲ့ ရှိကိုလာတယ်။

4:15 PM - မြေနီကုန်း ရောက်တယ်။ ကော်ဖီတစ်ခွက်သောက်တယ်။

5:30 PM - လှည်းတန်းသွားတယ်။ စာရေးကိရိယာတွေဝယ်တယ် ။ မ၀ယ်တာကြာလို့လားမသိဘူး ဈေးတွေကြီးလိုက် တာ။ ၂၀၁၀ ခုနှစ်အတွက် ပထမဦးဆုံး စာအုပ် ၂ အုပ်ဝယ်တယ်။ မောင်မြေမှူးရေးတဲ့ မြွေခြေသံ (ပထမအကြိမ်) နဲ့ မြသန်းတင့် ရေးတဲ့ မမ (တတိယအကြိမ်) ။

7 : 00 PM - ရုံးကိုပြန်လာတယ်။ ရုံးပြန်ရောက်တော့ သတင်းတစ်ခုက ဆီးကြိုနေတယ်။ ဆိုဒ်ထဲကဖုန်း ၅ခါ တိတိ ဆက်ကြောင်း။ အရေးကြီးသဖြင့် ချက်ချင်းလာပါရန်တဲ့။ တစ်နေ့လုံး အလုပ်မလုပ်တာ ည ၇နာရီ ကျော်မှ ဆိုဒ်ထဲပြေးရတယ်။ လိုငန်းလိုအပ်ချက်အရအပြီးတိုင်ကောင်းမွန်အောင် ဆောင်ရွက် သော်လည်း ခုထိ အခြေအနေမကောင်းသေးဘူး။ စောစော ထပြန်သွားရဦးမယ်။

11:30 PM - ဆိုဒ်ထဲကပြန်ထွက်လာနိုင်ပြီး အဆောင်ရောက်တော့ ည၁၂ ထိုးခါနီးနေပြီ။ ဗိုက်ထဲမှာ မနက် ၁၁ နာရီလောက် ကတည်းက စားထားသော ထမင်းသာရှိသည်။ ညနေ ကော်ဖီ တစ်ခွက်သောက် ထားတာပဲ ရှိသည်။ လွန်မင်းစွာ ဆာနေသော်လည်း အစာလွန်သွားသဖြင့် ကြာဆံပြုတ်တစ်ပွဲ၊ မိုင်လို တစ်ခွက်ဖြင့် သာ တင်းတိမ်လိုက်သည်။

ဤတွင် ၂၀၁၀ ဇန်န၀ါရီလ ၏ ပထမဆုံးရက် တစ်ရက်တာ ပြီး၏။ ဒီစာရေးတော့ ၂
ရက်မြောက်ဖြစ်နေသည်။ အားလုံးပဲ ကောင်းချီးမင်္ဂလာ အဖြာဖြာ ဖြစ်ကြပါစေသောဝ်။


ဖိုးသူတော်
၂.၁.၂၀၁၀
ဝ နာရီ ၅၅ မိနစ်

Photo source : Internet

Tuesday, July 21, 2009

လှိုင်းလေ ထန်သော်လည်း

လှိုင်းလေ ထန်သော်လည်း

လှိုင်းကထန်ထန် လေကမာန်

လူးကာလွန့်ကာ လှေငယ်ငယ်ပေါ်

ချစ်သူနှင့်အတူ ခရီးတူသွား

အိုကွာ လှိုင်းရယ် ကြမ်းစမ်းပါစေ..


မြင်ပြင်ကျယ်ကျယ် ရေပြင်လယ်ဝယ်

လှေငယ်ယိမ်းထိုး လွန့်လွန့်လူးလည်း

ကိုယ့်လက်ဆုပ်ကိုင် မြဲမြံစွာဖြင့်

အိုကွယ် အချစ်ရယ် မကြောက်ပါနှင့်…


ဘ၀လမ်းကို လျှောက်လှမ်းတူတူ

ခရီးနှင်စဉ် ဘ၀လှိုင်းလုံး

ရင်ဆိုင်ကျော်ဖြတ် တူတူတက်မယ်

အိုကွယ် အချစ်ရယ် ပြုံးစမ်းကွယ်….


အမှတ်တရ ကဗျာလေး တစ်ပုဒ်ပါ။


သူတော်(၂၀.၇.၂၀၀၉)

၂၀ နာရီ ၃၀ မိနစ်.

Saturday, July 4, 2009

Me and Twitter and Thirty

Me and Twitter and Thirty


ဒီနေ့ အီးမေးလ် ထဲမှာ Twitter အတွက် Follower ၂ ယောက်ရှိနေတယ်ဆိုလို့ Twitter ကို ၀င်ကြည့်လိုက်ပါတယ်။ အဲ့မှာ Home ကိုသွားကြည့်လိုက်တော့ အပေါ်မှာ တွေ့ရတဲ့ အတိုင်း ထူးထူးခြားခြား ဖြစ်နေတာ တွေ့လိုက်ရတယ်။ ဘာလဲဆိုတော့ 30 Following , 30 Followes , 30 Updates ဆိုပြီး တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေပါတယ်။ ကျွန်တော်က ၃ ဂဏန်း သမားပါ။ နောက်ပြီး ၃ ဂဏန်းကိုလည်း သဘောကျတဲ့ သူတစ်ယောက်။ ခု လို ဘာရယ်မဟုတ်တိုက်ဆိုင်တဲ့ အတွက် ဖော်ပြလိုက်တာပါ။

မုဒိတာ ပွားနိုင်ကြပါစေ။

သူတော် ( ၄.၇.၂၀၀၉)

၁၈ နာရီ ၃၄ မိနစ်





Saturday, March 7, 2009

ယုံယုံမယုံယုံ ကံကိုယုံ

ဓာတ်ပုံကို ဤနေရာ ရယူပါသည်။


မနေ့က ၆.၃.၀၉ သောကြာနေ့ ညချမ်းတွင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ၁၀ မိုင်ကုန်း လူငယ်များ၏ တတိယအကြိမ်မြောက် ဓမ္မပူဇာတရားပွဲများ ကျင်းပရာ နောက်ဆုံးနေ့ တွင် ဟောပြောမည့် ရဟန်းတော်မှာ အရှင် ရာဇိန္ဒ (ရဝေနွယ် -အင်းမ ) ဖြစ်ပါတယ်။ ကျွန်တော်လည်း အပြင်က ပြန်လာတာ ၁၀ မိုင်ကားဂိတ်ရောက်တော့ သူငယ်ချင်းတွေက တရားပွဲသွားမယ်ပြောတာနဲ့ လိုက်သွားဦးမှ ဆိုပြီ တရားပွဲကို သွားခဲ့ပါတယ်။


တရားပွဲရောက်တော့ စတောင် ဟောနေပြီ။ ဘုန်းကြီးလဲ ခရီးပန်းလာတယ်လို့ပြောတယ်။ မုံရွာကနေ မန်းလေး မန်းလေးက နေ ရန်ကုန် ပြန်လာရလို့ တရားပွဲကို တစ်နာရီခွဲလောက်ပဲဟောပြီး ၁၀ နာရီ မခွဲခင် သိမ်းသွားပါတယ်။

တရားခေါင်းစဉ်က ယုံယုံမယုံယုံ ကံကိုယုံ တဲ့॥

ကျွန်တော် ရောက်ရောက်ချင်းချင်း ဟောနေတာက ရုပ်မလှ ရင် အတိတ်ကုသိုလ်ကံက အကျိုးမပေး။ ဒါကြောင့် ရုပ်လှအောင်လုပ်ရမယ်။ ရုပ်လှချင်ရင် ဂုဏ်တော်ကို များများပွားရမယ်။ နောက်ပြီး အလှပြင်ဆိုင်သွားရမယ်တဲ့ ။ နောက်တစ်ခုက မင်းဆိုးမင်းယုတ်တွေ အုပ်ချုပ်နေရင်လည်း အတိတ်ကုသိုလ်ကံက အကျိုးမပေးနိုင်ပါဘူး ဆိုပြီး သီဟိုဠ် ကျွန်းက ဇာတ်လမ်းတစ်ပုဒ် ကို ဥပမာပေးပြီး ဟောသွားပါတယ်။ ရခဲ့လှတဲ့ လူဘ၀မှာ ၀ိပဿနာ တရားကိုလည်း အားထုပ်ရမယ်လို့ ဟောပါသေးတယ်။ လူတစ်ယောက်တစ်နေ့မှာ နာရီဝက်လောက် အချိန်ယူပြီးတော့ ဘုရားရှိခိုး တရားစာရွက် မေတ္တာပို့ အမျှဝေ ၀ိပဿနာ လေးပွားများရင် ကောင်းပါတယ် တဲ့။ ဘာပဲပြောပြော တရားပွဲ သွားရောက်ပြီး တရားနာရတဲ့အတွက် အသိတရားလေးတွေ ရရှိပါတယ်။ နောက်များလည်း အခါအခွင့်သင့်လို့ တရားပွဲလေးများ ရှိရင် သွားရောက်နာကြားလိုပါတယ်။



မုဒိတာပွားနိုင်ကြပါစေ…

သူတော် ( ၇.၃.၀၉) စနေနေ့



Tuesday, March 3, 2009

မြူတွေနဲ့ ရန်ကုန်

မြူတွေနဲ့ ရန်ကုန်

ခုတစ်လော ဘလော့ဂ်မှာ ဓာတ်ပုံတွေ တင်တာ လက်တွေ့နေလို့ ဓာတ်ပုံတွေချည်း တင်ဖြစ်နေတယ်။ ပြီးခဲ့တဲ့ တစ်ပတ် ကျွန်တော် စာမေးပွဲသွားဖြေဖို့ စောစော အိပ်ယာထတုန်း မြူတွေ ဆိုင်းနေတာ တွေ့တာနဲ့ အတူနေ သူငယ်ချင်း တစ်ဦးကို နှိုးပြီး သူ့ကင်မရာလေး နဲ့ လိုက်ရိုက်ထားတဲ့ ပုံလေးတွေကို ရန်ကုန်ဆောင်းတွင်း အမှတ်တရ တင်ပေးလိုက်ပါတယ်။ မကြာခင် ဆောင်းကုန်ပြီး တော်တော်ပူမဲ့ နွေက လာတော့မှာကိုး။ ဓာတ်ပုံလေးများက ကျွန်တော့် သူငယ်ချင်းနဲ့ ကျွန်တော် တစ်ယောက်တလည့် ရိုက်ထားတဲ့ ပုံလေးတွေပါ॥ ခံစားကြည့်ပါ। ကင်မရာကတော့ သာမန်မိသားစုသုံး ဆမ်ဆောင်း ကင်မရာဖြစ်ပါတယ်။







ကားတွေလည်း မီင်္းထိုးမောင်းနေရတယ်..







ဒါက မြူနှင်းတွေကြားက သူတော် :P ( မျက်နှာသစ်ပြီးပြီးချင်းထွက်လာတာ)


သူတော်(၃.၃.၀၉) အင်္ဂါနေ့



Saturday, January 24, 2009

ခဲရောင်မှော်ကြိုးလေး

ခဲရောင်မှော်ကြိုးလေး

အချိန်က ညီအစ်ကို မသိတသိ ကိုလွန်၍ အမေ နဲ့ သမီး ကွဲကွဲပြားပြားပင် မမြင်ရတော့ သော အချိန်ကိုရောက်နေပြီဖြစ်သည်။ သို့သော် ၄ ပေမီးချောင်း တစ်ချောင်း၏ မီးရောင်သည် နေရာကွက်ကွက် ကလေးပေါ်သို့ ယှက်ဖြာ ကျဆင်းနေသောကြောင့် ၀န်းကျင်လေးကို အနည်းငယ်မြင်နေရသည်။ လူမနေသည်မှာ လအတော်အတန် ကြာနေပြီဖြစ်သော အိမ်တစ်လုံး ၏ အနီးသို့ ထိုမီးရောင်လေး ကို အားပြုပြီး လူငယ် နှစ်ဦး ချဉ်းကပ်လာနေသည်။ သူတို့ ၂ ဦးတွင် ကြီးမားသော အကြံရှိလေသည်။ လူငယ်တစ်ဦး ၏ လက်ထဲတွင် အသက်ငင်နေသော ဓာတ်မီး တစ်လက်ရှိပြီး နောက်လူငယ်တစ်ဦးမှာ စာအုပ်တစ်အုပ် ခါးကြားတွင်ညပ်ပြီး ၈ ပေ ခန့်ရှည်သော လှေကား ကို မကာ မှောင်မဲ တိတ်ဆိတ်နေသော အိမ်ခန်းအတွင်းသို့ နောက်ဖေး ပေါက် မှ တိုးဝင်သွားလေသည်။

အခန်းထဲတွင် ဖျော့တော့သော ဓာတ်မီးရောင် ဖြင့် ဟိုဟိုဒီဒီ ထိုးကြည့်ပြီးနောက် မီးလုံးလေး တစ်ပွင့်ကို တွေ့မြင်လိုက်ရသည်. သည်မှာတွင်ပင် လူမနေသော အိမ်လေးမှာ မီးလုံးလေး အလင်းရောင်ဖြင့် တဖြည်းဖြည်းမြင်စ ပြုလာလေသည် ထို အိမ်ထဲတွင် လူငယ်လေးများ အလိုရှိသော ထူးဆန်း၍ အံ့ဩဖွယ်ကောင်းသော ကမ္ဘာကြီး တစ်ခုလုံးနှင့် ဆက်သွယ်နိုင်သော ခဲရောင် မှော်ကြိုးလေး တစ်ချောင်းရှိသည်။ လူငယ်လေး၂ ဦးမှာ ဤကြိုးလေးအတွက် ယခု ကဲ့သို့ စွန့်စားရောက်ရှိလာ ခြင်းဖြစ်သည်။

ထိုမှော်ကြိုးလေးသည် အခန်းငယ်လေး တစ်ခု အတွင်းတွင် အထက်မျက်နှာကျက်ဆီ မှ တွဲလောင်းကြနေသည်ကို မြင်လိုက်သည်နှင့် တပြိုင်နက် လှေခါး ပါလာသော လူငယ်သည် မျက်နှာကျက်လူဝင်ပေါက် အောက်တဲ့တဲ့တွင် လှေခါးကို ထောင်လိုက်သည်။ ထို့နောက် ဓါတ်မီး ကိုင် လူငယ်သည် လှေကားမှတဆင့် မျက်နှာကျက်လူဝင်ပေါက်မှာ ၀င်သွားကာ မှော်ကြိုးလေးကို အပြင်သို့ တဖြည်းဖြည်း ဆွဲထုတ်လာလေသည်။ အပြင်သို့ ကြိုးလေး ရောက်လာသောအခါ ကြိုးလေသည် ပေ ၂၀ နီးပါး မြင့်သော ဓါတ်တိုင်၏ အပေါ်တွင် ခွ၍ တင်ထားသောကြောင့် လှေကားနှင့် လူငယ်သည် လှေကားကို ဖြန့်ခင်းကာ ပုဆိုးကတောင်း ကျိုက်၍ တက်ပြီး ဖြုတ်ပါတော့သည်။

ထိုသို့ဖြုတ်ရုံနှင့် မပြီးသေးပါ။ အကြောင်းမူကာ အဆိုပါ ခဲရောင်မှော်ကြိုးလေးသည် တဘက် အဆောက်အဦ ၏ ခေါင်မိုးပေါ်သို့ သွယ်တန်းနေပြီး မျက်နှာကျက်ကြားထဲသို့ ၀င်ပြေးသွားသည်ကို တွေ့ရပါသည်။ ထိုကြောင့် အဆိုပါကြိုးကို လိုက်ဖမ်းနိုင်ရန် လူငယ် ၂ ဦးသည် ဘီး ၁၀ ဘီးတက် ယာဉ်ကြီးတစ်စီး ဖြင့် လိုက်လံ ဖမ်းဆီးပါသည်.. ဖမ်း၍ မိသမျှကို ခွေခေါက်ကာ သိမ်းဆည်းပြီး မျက်နှာ ကျက်ကြားထဲတွင် ညပ်ထားလိုက်ပါသည်။ ထို့နောက်ထို အဆောက်အဦ မျက်နှာကျက် ကြားထဲသို့ ခက်ခဲ စွာဝင်ရောက်၍ ထို မှော်ကြိုးလေးအား ဖမ်းဆီးတုတ်နှောင်သော ကြိုးဂွင်းလျှောသေးသေးလေးများနှင့် ဖမ်းဆီးတုတ်နှောင်ပြီး အသာအယာ ခေါ်ဆောင်လာပါသည်။ လူငယ် ၂ ဦး နေထိုင်ရာ အိမ်သို့ ကြိုးလေး မရောက်မှီ လွန်စွာကြီးမားသော သစ်ပင်ကြီး တစ်ပင် တားဆီးကာကွယ်နေသောကြောင့် လှေကားကိုင် လူငယ်သည် ပုဆိုးကို တဖန် ကတောင်းမြှောက်အောင်ကျိုက်ပြီး သစ်ပင်ဂွ ကြားတက်ကာ အတားအဆီး အကာအကွယ်များကို ဖယ်ရှားကာ အဆိုပါကြိုးလေး အား အိမ်ခန်းထိ ရောက်အောင် သယ်ဆောင်ယူလာတော့သည်။

ထို့နောက် ထိုကြိုးလေး အား မှော်ဓာတ်များ ကိန်းအောင်နေသော ဖန်ပြားတစ်ခုပါသော သေတ္တာပါးပါးလေးနှင့် ဆက်သွယ်လိုက်ပြီး လူငယ်လေး ၂ ဦးသည် ကမ္ဘာကြီး တစ်ခုလုံးနှင့် ချိတ်ဆက်ကာ အလိုရှိသော နေရာဒေသများသို့ မိမိတို့ အခန်းတွင်းမှ ပင် ကြိုးလေး အကူအညီဖြင့်သွားရောက် လည်ပတ်တော့သည်….။။။ ဩော် အံ့ဖွယ်သရဲ ထူးဆန်းလှပါလား လောကဓာတ်ပညာတို့ရယ် ဟူ လူငယ်တစ်ဦး၏ စိတ်မှ တိုးတိုးလေး ရွတ်ဆိုမိလိုက်ပါတော့ သည်…..

ဖိုးသူတော် (၂၄.၁.၀၉)

၁ နာရီ ၄၇မိနစ်….

Sunday, January 18, 2009

ကျွန်တော်နှင့် ၁၉ လမ်း

ကျွန်တော်နှင့် ၁၉ လမ်း

နက်ဖန် ၁၉ ရက်နေ့ ဆိုရင် Pinkgold မွေးနေ့ရောက်ပြီ.။ မနှစ်က ဒီလိုချိန် ဒီလိုနေ့တွင် သူငယ်ချင်းများစွာ ၁၉ လမ်းတွင် မွေးနေ့ပွဲကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။ ဒါပေမဲ့ ဒီနှစ်တွင် ကျင်းပနိုင်တော့မည်မဟုတ်ပါ။ မနှစ်က မွေးနေ့ပွဲကို လာသောသူများ၏ တစ်ဝက်နီးပါးလောက်လည်း ဒီနိုင်ငံတွင်မရှိကြတော့ပါ။ ရှိနေရက်နဲ့ လာခွင့် မရှိသူလည်း ရှိသည်။ ဘာပဲပြောပြော ဒီချိန်ရောက်လာ၍ လွမ်းသည်။ အားလုံးကိုလွမ်းသည်။ လွမ်းတဲ့အထိမ်းအမှတ်နှင့် ၁၅ ရက်နေ့ကတော့ စမ်းချောင်းလမ်းတွင် လူနည်းနည်းနှင့် အကျဉ်းရုံးလေး တွေ့ပြီး သောက်ခဲ့ကြသည်။ ကျွန်တော် တော်တော်မူးခဲ့သည်ဟူ၍လည်း ပြောကြသည်။ :P

ဒီနှစ် ဒီနေ့ ၁၈ ရက်နေ့ညနေ တွင် မက်မက် က ချိန်း၍ သူငယ်ချင်းများ အားလုံးနှင့် တွေ့ချင်သည်ဆို၍ တွေ့ဆုံပွဲ လေးတစ်ခု ကို အလုံမြို့နယ်ရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် ပြုလုပ်ခဲ့ကြသည်။ ဘလော့ဂ်ရေးသားသော ညီအကို မောင်နှမ ၁၇ ဦးတက်ရောက်ခဲ့သည်။ ထို့နောက်  ကော်ဖီဆိုင်လေးမှ ကန်တော်ကြီး မျှော်စင် ကျွန်းသို့ သွားကာ အမှတ်တရ ပျော်ရွှင်စွာ ကစားခဲ့ကြပါသေးသည်။ ကစားရင်းနှင့် တစ်ဦးနှင့် တစ်ဦး ပိုမိုရင်းနှီးလာပြီး ညစာ စားသောက်ကြရန် မျှော်စင်ကျွန်းမှ ၁၉ လမ်းသို့ ချီတက်ကြပါသည်။

ကျွန်တော့တွင် ချိန်းထားတာလေး တစ်ခု ရှိ၍ စဥ့်အိုးတန်းလမ်းတွင် ဆင်းကား ချိန်းဆိုထားသော တစ်ယောက်သော သူဆီသို့ တရောသောပါး သွားရပါသည်။ ချိန်းထားတာက ၆ နာရီတိတိ တွင်ဖြစ်သည်။ :P  ရောက်သွားတာက ၇နာရီ ဖြစ်ပါသည်။ကံကောင်းထောက်မစွာဖြင့် သူမက စောင့်နေပါသည်။ အဲ့ဒီနောက် ၁၉ လမ်းသို့ သူမအား ခေါ်၍ ပြန်လာခဲ့သည်။ ထိုအချိန်တွင် သူငယ်ချင်းများအားလုံးသည် ဆိုင်တွင်ထိုင်နေကြပြီး ဖြစ်သည်။

သို့ပေမဲ့ သူငယ်ချင်းများ ထိုင်နေသော ဆိုင်သို့ရောက်ရှိသွားသောလည်း ကံအကြောင်းမလှစွာဖြင့် ကျွန်တော် ထိုင်ခွင့် မရလိုက်ပါ။ L. ထိုအတွက် ထိုင်နေသော သူငယ်ချင်းများကို အထူးအားနာလှပါသည်။ ကျွန်တော် စိတ်လည်း မကောင်းပါ။

၁၈ ရက်နေ့တွင် ၁၉ လမ်းသည် ကျွန်တော်နှင့် ကံဆုံဟန် မရှိဟု့ ထင်မိသည်။ ဆိုင်တွင်ရောက်၍ ထိုင်နေသော သူငယ်ချင်းများအားလုံး ကျွန်တော့် ကိုနားလည်ပေးကြမည်ဟု့ မျှော်လင့်ပါသည်။

၁၈ ရက်နေ့ ၁၉ လမ်းရှိ သူငယ်ချင်းများကို တောင်းပန်ရင်း ၁၉ ရက်နေ့ ၁၉ လမ်းသူငယ်ချင်းများကို သတိရစွာဖြင့်………………….

ဖိုးသူတော် ( ၁၈.၁.၀၉)

၂၃ နာရီ ၁ မိနစ်

 

Thursday, January 1, 2009

What did 2008 ?

What did 2008 ?

နှစ်တစ်နှစ် ကုန်ဆုံးလို့ နောက်နှစ်တစ်နှစ် ရောက်လာပြန်ပြီ။ ဘာမှတော့ မထူးဆန်းပါ။ ရပ်တန့်မနေ့တဲ့ အရာတွေထဲမှာ အချိန်ကာလ ဆိုတာလည်း ပါရှိတဲ့အတွက် သူ့ဟာသူ သွားမြဲ သွားနေမှာပါ။ ဒါပေမဲ့ ကုန်ဆုံးခဲ့ တဲ့တစ်နှစ်အတွင်း ကိုယ်ဘာတွေ လုပ်ခဲ့ ဖြစ်ခဲ့သလဲ ဆိုတာကို ပြန်ဆန်းစစ်ကြည့်မိသည်။ ကောင်းတာတွေ လုပ်ခဲ့သလို မကောင်းတာတွေလဲ လုပ်ခဲ့သည်။ မှန်တာတွေ ရှိသလို မှားတာတွေလဲ ရှိခဲ့သည်။ ဘာပဲပြောပြော ၂၀၀၈ က ကုန်ဆုံးသွားခဲ့သည်။ တစ်သက်လုံးမှာ နောက်ထက် ၂၀၀၈ ဆိုတာ ဘယ်တော့မှ မရှိတော့ပါဘူး။ ပြီးသွားခဲ့ပြီ။ ဒါပေမဲ့ ကိုယ့်ရဲ့လုပ်ရပ်တွေကတော့ အမြဲတမ်း ရှိနေမှာပါ။ ကဲ.. ဘာတွေလုပ်ခဲ့သလဲ ၂၀၀၈ မှာ….. ဘလော့ဂ်၊ ဆိုရှယ် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့…


၂၀၀၈ ခုနှစ် ဇန်န၀ါရီလ..

ဘလော့ဂ်ရေးတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ မွေးနေ့မှ အစပြု၍ ပြည်တွင်းတွင် ရှိသော ဘလော့ဂ်ရေးသူ တော်တော်များများနှင့် မိတ်ဆွေဖြစ်ခဲ့သည်။


၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ..

မိတ်ဆွေတစ်ယောက်၏ သား ကျောင်းတက်ခြင်းကို အကြောင်းပြု၍ တိုက်ခန်းတစ်ခန်း မှာ နေပေးဖြစ်သည်။ မိတ်ဆွေ သူငယ်ချင်းများစွာ၏ စုရပ်နေရာ တစ်ခု ဖြစ်လာသည်။


၂၀၀၈ ခုနှစ် မတ်လ

တူတူလက်တွဲလုပ်ကိုင်နေသော အလုပ်မှ မိတ်ဆွေများ နိုင်ငံခြားသို့ ထွက်သွားကြသည်။

မတ်လ၏ ညနေခင်းတွေမှာ မိတ်ဆွေများနှင့် နေ့တိုင်းနီးပါးတွေ့ဖြစ်သည်။


၂၀၀၈ ခုနှစ် ဧပြီလ

ဘလော့ဂ်ရေးသော သူငယ်ချင်းတစ်ယောက် အိမ်ပေါ်မှ ဆင်းလာသည်။

သင်္ကြန်ကို ၂ ရက် ဘလော့ဂ်ရေးသော သူငယ်ချင်းများစွာနှင့် မဏ္ဍာပ်ထိုင်ရေ ကစားဖြစ်ခဲ့သည်။

အိမ်ပေါ်မှ ဆင်းလာသော မိတ်ဆွေနှင့် တူတူ နေဖြစ်သည်။


၂၀၀၈ ခုနှစ် မေလ..

မြန်မာနိုင်ငံ အောက်ပိုင်းဒေသများအား မုန်တိုင်း အကြီးအကျယ်အတိုက်ခံရသည်။ မုန်တိုင်းဒဏ်ခံ ရသော ဒေသများအား သွားရောက်ခဲ့သည်။

ထို့နောက် ထိရောက်သော လူမှုရေး ကယ်ဆယ်မှုများ ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်း ဧရိယာ တွင်းသို့ ၃ခေါက်မျှသာ သွားရောက်ခဲ့သည်။ မြစ်ဝကျွန်းပေါ် ဒေသများအား ကြိမ်ဖန်များစွာ သွားရောက်ပြီး အရေးပေါ်လိုအပ်သော ပစ္စည်းများ ထောက်ပံ့နိုင်ခဲ့သည်။


၂၀၀၈ ခုနှစ် ဇွန်လ..

မုန်တိုင်းဒဏ်ခံ ဒေသများအား ထောက်ပံ့မှုများဆက်လက်လုပ်ကိုင်ခဲ့သည်။


၂၀၀၈ ခုနှစ် ဇူလိုင်လ..

မုန်တိုင်းဒဏ်ခံ ဒေသများအား ထောက်ပံ့မှုများ ဆက်လက်လုပ်ကိုင်ခဲ့သည်။ ကျွန်တော်နေသော တိုက်ခန်းတွင် မိတ်ဆွေ သူငယ်ချင်းများစွာနှင့် တူတူနေဖြစ်ခဲ့သည်။ ထိုသူငယ်ချင်းများနှင့်ပင် တိုင်ပင်ဆွေးနွေးပြီး မုန်တိုင်းဒဏ်ခံ ဒေသများအား ကူညီမှုများ ပြုလုပ်ပေးနိုင်ခဲ့သည်။ အထောက်အပံ့များမှာ နိုင်ငံတကာမှ မိတ်ဆွေများ၏ ထောက်ပံ့ကူညီမှုများဖြစ်သည်။


၂၀၀၈ ခုနှစ် ဩဂုတ်လ..

မုန်တိုင်းဒဏ်ခံ ဒေသများ၏ လိုအပ်ချက်ဖြစ်သော မျိုးစပါး လိုအပ်မှုအား နိုင်ငံတကာ မိတ်ဆွေများ၏ အကူအညီဖြင့် သွားရောက် ထောက်ပံ့နိုင်ခဲ့သည်။ ဘလော့ဂ်ရေးသော သူငယ်ချင်းများစွာနှင့် တွေ့ဆုံ ဆွေးနွေး ၍ ၂၀၀၈ ခုနှစ် World Blog day seminar တစ်ခု ဖြစ်အောင် ကြိုးစားခဲ့ကြသည်။ အကြောင်းများစွာနှင့် ထိုပွဲလေး မဖြစ်မြောက်ခဲ့ပါ။


၂၀၀၈ ခုနှစ် စက်တင်ဘာာလ..

မိတ်ဆွေသူငယ်ချင်းများနှင့် တူတူ နေခဲ့သော တိုက်ခန်းလေးမှ ထွက်ခွာခဲ့သည်။ ပြည်ပပြန် နာမည်ကြီး ဘလော့ဂ်ဂါ မမ တစ်ယောက်နှင့် တွေ့ဆုံ ဖြစ်ခဲ့ကြသည်။ စက်တင်ဘာလ အတွက် ကဗျာ တစ်ပုဒ် ရေးခဲ့သည်။


၂၀၀၈ ခုနှစ် အောက်တိုဘာလ..

မိတ်ဆွေသူငယ်ချင်းများ နှင့် အရင်လို အတူတူ မနေဖြစ်တော့ပေမဲ့ တွေ့ဖြစ်နေခဲ့သည်။ ညနေတွေ ရွှေရောင် တောက်ဖြစ်နေသည်။ အားလပ်နေသော အလုပ်မှ ပြန်လည် အသက်ဝင်ပြီး အလုပ်တွေများနေသည်။


၂၀၀၈ ခုနှစ် နိုဝင်ဘာလ..

တစ်လလုံးလိုလို အလုပ်တွေများနေသည်။ မိတ်ဆွေများနှင့်လည်း ရံဖန်ရံခါ သာ တွေ့နိုင်ခဲ့သည်။


၂၀၀၈ ခုနှစ် ဒီဇင်ဘာလ..

များခဲ့သော အလုပ်များ လက်စ သပ်သော အချိန်ရောက်လာခဲ့သည်။ မိတ်ဆွေတစ်ဦး၏ The web show 2008 (My web My style) ပွဲ လေး အားကူညီပေးခဲ့သည်။

နှစ်သစ်ကူးသွားသော အချိန်ကို သတိမထားမိလိုက်သလို Happy new year ဆိုသည့် အော်ဟစ်သံများကို မကြားလိုက်သော နှစ်ဖြစ်သည်။

ဖိုးသူတော် ( ၁.၁.၂၀၀၉)

၁၈နာရီ ၅၃မိနစ်

Saturday, December 20, 2008

My Web My Style ( The Web Show 2008)


 

မိတ်ဆွေကြီး ဘလာဂေါက်၏ My Web My Style ( The Web Show 2008) အား ၂၅.၁၂.၀၈ ရက်နေ့တွင် မြန်မာအင်ဖိုတက် ကွန့်ဖရန့်ဟောလ် တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ကျင်းပမည်ဖြစ်ကြောင်း အသိပေးအကြောင်း ကြားအပ်ပါသည်။ 
ဖိုးသူတော် (၂၀.၁၂.၀၈)

Saturday, October 18, 2008

ချစ်မှာလား မချစ်ရင် ပစ်ချလိုက်မယ်

ချစ်မှာလား မချစ်ရင် ပစ်ချလိုက်မယ်

သီတင်းကျွတ်လပြည့်နေ့ ပြီး သကာလ မည်သည့် အထူးအဆန်းသတင်းမှ မကြားပဲ ရှိနေရာ ဒီနေ့တွင် ထူးဆန်းသော သတင်းတစ်ခု အားလက်ခံရရှိပါသည်။ ပြောပြသူမှာ လည်း ကာရကံရှင်ကိုယ်တိုင်ဖြစ်၍ ကျွန်တော်သည် သူငယ်ချင်းရောင်းရင်းများအား ပြန်လည် ဖောက်သည်ချရခြင်းဖြစ်ပါသည်။ ဒီဇာတ်လမ်းတွင် ပါဝင်သော ဇွတ်လိုက်ကြီးမှာ ကျွန်တော်တို့၏ ရောင်းရင်းဘလော့ဂ်ရေးဖော် ရေးဖတ်ဖြစ်သော ဘီယာတွေ နင်းကန်သောက်တက်သည့် ငနဲဖြစ်သည်။ သူသည် ဘီယာသောက်စရာ မရှိလျှင် ကင်မရာကိုပေါင်ပြီး သောက်မည်ဟု့ပြောတက်သူလည်းဖြစ်သည်။

ကျွန်တော်တို့ ရောင်းရင် ဇွတ်လိုက်ကြီး(ဇာတ်လိုက်မဟုတ်ပါ ဇွတ်တင်းလိုက်၍)သည် ကောင်မလေး တစ်ယောက်အားကြိုက်လျှက်ရှိရာ သူမအား မရလျှင် သံလျင်တံတားကြီးပေါ်မှာ ခုန်ချမည်ဟု့လည်းကောင်း၊ သာကေတ ရှုခင်းသာရှိ ချားရဟတ်ကြီး၏ အမြင့်ဆုံးနေရာမှ ခုန်ချမည်ဟူ၍လည်းကောင်း ပြောဆိုတက်ပါသည်။ ဒါပေမဲ့ တစ်ရက်မှာတော့ ထိုကောင်မလေးနဲ့ ဘယ်လိုအဆင်ပြေသွားပြီး အပြင်မှာချိန်းလိုက်လဲမသိ ချိန်းလိုက်ကြပါသည်။ ထိုသို့ချိန်းရာတွင် သူသည် ဒီလိုပြောလိမ့်မည်ဟု့မှန်းဆကြည့်မိပါသည်။ ‘ဒီမှာညီမ အကိုပြောမယ်’ ဟု့ အစချည်ကာ စကားလုံးကြီးများစွာနဲ့ ချုပ်ပြီးပြောဆိုချိန်းလိုက်ခြင်းသာဖြစ်ပါမည်။

ကျွန်တော်တို့ ဇွတ်လိုက်နဲ့ အဆိုပါကောင်မလေးတို့ ချိန်းတွေကြသည့် နေရာမှာ သာကေတ မိကျောင်းမွေးမြူရေးစခန်းတွင်ဖြစ်ပါသည်။ ဤသို့ နေရာကို ရွေးချယ်စဉ်းစားသည်မှာလည်း ဇွတ်လိုက်ပင်ဖြစ်ပါသည်။ ဇွတ်လိုက်တွင် အကြံရှိပါသည်။ ထိုသို့ မိကျောင်းကန်များ အနီးတွင် စကားပြောရင်းနဲ့ မိကျောင်းများ အောက်ကန်ထဲမှ ၀ုန်းဝုန်းလုပ်၍ ကောင်မလေး ကြောက်လန့်နေသည်ကို အခွင့်ကောင်းယူ၍ ဇွတ်လိုက်သည် ကောင်မလေးအား ဖတ်လိုက်ပါသည်။ ကောင်မလေးမှာလည်း မိကျောင်းများ ၀ုန်းဝုန်းထလုပ်ပါက ကြောက်ကြောက်လာပါသည်။ ဒါကို အခွင့်ကောင်းယူ၍ ကျွန်တော်တို့ ဇွတ်လိုက်သည် ကောင်မလေးအား အကိုယ့်ကို ချစ်လားဟု့ မေးပါသည်။ ကောင်မလေးက ဘာမှ မပြောပါ။ ဇွတ်လိုက်က ဆက်၍ မင်းသာ အကို့ကို မချစ်ရင် ဒို့နှစ်ယောက် အတူတူ မိကျောင်းကန်ထဲခုန်ချ မည်ဟု့ ဖိန့်ဖိန့်လုပ်ပြီး ပြောပါသည်။ ထိုအခါ ကောင်မလေးက ချစ်ပါတယ်ဟု့ ပြောပါသည်။ ဒါကိုပင် ဇွတ်လိုက် က တကယ်ချစ်တာလား ကြောက်လို့ ချစ်တယ်ပြောတာမို့လားဟု့ ထပ်မေးပါသည်။ ကောင်မလေးက ချစ်ပါတယ်ဟု့ ပြောပါသည်။ သို့ရာတွင် အသားများ တဆက်ဆက် တုန်၍ ပြောနေခြင်းဖြစ်ပါသည်။ ဇွတ်လိုက်၏ အကြံပိုင်သော လုပ်ကွက်များ ဖြစ်ပါသည်။ ဘီယာတန်ခိုးများဖြင့် ကလိန်ဥာဏ်များ ထွက်လာခြင်း ဖြစ်တန်ရာ၏။

ကျွန်တော်သည် အဆိုပါ သတင်းအားကြားကြားပြီးနောက် ခင်ဗျားအိုခေတဲ့ အတွက် ဘီယာ တိုက်ရမည်ဟု့ ပြောသော အခါ စကားလမ်းကြောင်းပြောင်း၍ ပိုက်ပိုက်မရှိ ဟု့ငြင်းပါသည်။ ထိုသို့ ကောင်မငယ်လေးများနှင့် လမ်းသလားမည်ဆိုပါက ဘယ်က အသပြာများ ထွက်လာသည်ကို မသိပါ။ ဒါပေမဲ့ ဇွတ်လိုက်သည် ချိန်းဆိုမှုတစ်ခုတော့ လုပ်ပါသည်။ ဘယ်နေ့ ဘယ်နှနာရီ ဘယ်နေရာ မှာ လူစုံတက်စုံတွေ့မည်ဟု့ ပြောပါသည်။ ဘာအကြောင်းဆိုတာ သဲသဲ ကွဲကွဲ မသိရသေးပါ။ သွားတော့သွားလိုက်ပါမည်။ ထိုသို့ သွားမှ ဇာတ်ရည် သေချာလည်မည်ဖြစ်ပါသည်။ ထိုချိန်းဆိုမှုသို့ လာမည် သူငယ်ချင်း ရောင်းရင်းများလည်း အဆိုပါ ဇွတ်လိုက်အား သေချာ ထပ်မံ၍ ဗျူးနိုင်မည်ဖြစ်သည်။…..

ဇွတ်လိုက်ကြီး ဘိုဖတ် အောင်မြင်ပါစေဗျာ…………..

ဖိုးသူတော် ( ၁၈.၁၀.၀၈) ၁၅နာရီ ၂၀မိနစ်

Saturday, July 19, 2008

အာဇာနည်နေ့



အာဇာနည်နေ့ဟာ ယနေ့ဆိုရင် ၆၁ နှစ်မြောက် ရောက်ခဲ့ပါပီ။ မသမာသော လူတစ်စု ကြောင့် ကျဆုံးသွားရသော ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ပုဂ္ဂိုလ်ကြီးများအား လေးစားစွာဖြင့် အလေးပြုပါသည်။ မြန်မာပြည်တွင် အာဇာနည် ပုဂ္ဂိုလ်များ ပေါ်ပေါက်ပြီး လောကပါလ တရားများထွန်းကား ပါစေ။

ယနေ့ အာဇာနည်နေ့မှာ အာဇာနည်ဗိမာန်သို့ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား သွားရောက် ဂါရ၀ပြု အလေးပြုခဲ့ပါသည်။ ထို့နောက် နတ်မောက်လမ်းရှိ ဗိုလ်ချုပ်ပြတိုက်သို့ အောက်မေ့ဖွယ် အနေနဲ့ သွားရောက်ခဲ့ပါသည်။

ဗိုလ်ချုပ်အိမ်မှာတော့ အာဇာနည်အောင်ဆန်း သီချင်းများက လွင့်ပျံ့နေပါတယ်။ လမ်းတစ်လျှောက် လုံခြုံရေးများလည်းတင်းကြပ်စွာ ချထားပါတယ်။ ဒါပေမဲ့ အများပြည်သူများ အေးဆေးစွာ ၀င်ထွက်သွားလာနေကြပါတယ်။ အာဇာနည်နေ့အား နိုင်ငံသားတိုင်း အမှတ်တရ ရှိကြပြီး အာဇာနည် စိတ်ဓာတ်များ ထွန်းကားပျံ့ပွားအောင် ဆောင်ရွက်နိုင်ကြပါစေ။

ဖိုးသူတော် ( ၁၉-၇-၀၈)