Saturday, January 23, 2010

လတ်လတ်ဆက်ဆက်ည

လတ်လတ်ဆက်ဆက်ည

ညလေးက လတ်ဆက်လိုက်တာ
လလေးက သာလို့
ကွေးကွေးလေးရယ်..
ကြယ်လေးတွေ တရုံးရုံးနဲ့
သူပျော်နေရှာပေါ့......။

ညလေးက ချစ်စရာကောင်းလိုက်တာ
လလေးကိုကြည့်ပြီး
ချစ်သူဆီ စကားတွေပြောနေတယ်..
ကြယ်လေးတွေသိရင်
ရယ်များရယ်နေမလား.....။

ညလေးက နှစ်သက်စရာ.
လလေးကသာလို့
ဒီချိန် မှာချစ်သူ
ဘုရားရှစ်ခိုး နေမလား
ဆုတောင်းမေတ္တာ ပို့နေလား..
သူ့အသံလွင်လွင်လေး ကြားနေရတယ်....။

ညလေးက ကြည်နူးစရာ
လလေးကသာလို့...
ဘ၀ရဲ့ အမောတွေ ခဏမေ့ပြီး..
ညလေးရဲ့ အလှကိုခံစား..
အသံလေးများလည်း ကြားနေရတယ်..
ဟိုးအဝေးဆီကပေါ့...........။ ။

ဖိုးသူတော်


၂၃.၁.၂၀၁၀

၂၁ နာရီ ၃၀ မိနစ်

Photo source : Internet

Thursday, January 14, 2010

Utopia Dream


ယူတိုးပီးယားအိပ်မက်


တစ်ညမှာ ကျတော်အိပ်မက်တစ်ခုမက်သည်။ အိပ်မက်သည် ရှည်လျားလွန်း၍ အသေးစိတ်နိုင်လွန်းသည်။ အိပ်မက်ထဲမှ ဇာတ်ကောင်သည် ကျတော်ပင်ဖြစ်နေသည်။ ပထမဦးဆုံးအနေနဲ့ ကျတော်သည် အင်ဂျင်နီယာဘွဲ့ကိုရရှိသည်။ ထိုပြင် မဟာအင်ဂျင်နီယာဘွဲ့ကိုထပ်ရသည်။ ထိုဘွဲ့ရပြီးနောက် ကျတော် အင်္ဂလန်ရှိ နာမည်ကြီး တက္ကသိုလ်တစ်ခုတွင် အင်ဂျင်နီယာ ဘာသာရပ်နဲ့ မသက်ဆိုင်သလိုဖြစ်သော နိုင်ငံရေးသိပ္ပံနှင့်လူမှုရေးသိပ္ပံနှစ်ဘာသာတွဲဖြင့် မဟာဝိဇ္ဖာဘွဲ့တစ်ခုထပ်ရသည်။ ထို့နောက် အမေရိကရှိ တက္ကသိုလ်တစ်ခုမှ ထိုဘာသာရပ်နှစ်ခု အကြောင်းပြုပြီး ပါရဂူဘွဲ့ရသည်။ ကျတော် ဒေါက်တာဖိုးသူတော် ဖြစ်သွားသည်။


ကျတော် မြန်မာပြည်ပြန်လာသည်။ ထိုအချိန်တွင်ကျတော့ အသက်သည် သုံးဆယ်တော်တော် ကျော်ခဲ့ပြီ။ မြန်မာပြည်ပြန်ရောက်ရောက်ချင်း ပထမဦးဆုံးအနေဖြင့် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် လုပ်ရသည်။ ဆိုလိုသည်မှာ ကျတော့ အင်ဂျင်နီယာဘာသာရပ်နယ်ပယ်သို့ပြန်သွားသည်။ ခဏလောက်လုပ်ကြည့်ပြီး စိတ်မ၀င်စားတော့။ ကျတော့်စိတ်ထဲဖြစ်ချင်နေတာ တစ်ခုရှိသည်။ ဒါကို ကိုယ့်ဟာကိုယ်သိသည်။ အဲ့ဒီနောက် ကျတော် လက်ချိန်ရှိ နိုင်ငံရေးပါတီတစ်ခုနှင့်ချိတ်ဆက်မိပြီး ပါတီကော်မတီဝင်တစ်ယောက်ဖြစ်လာသည်။ ပါတီတွင် ကျတော်ကြိုးကြိုးစားစားဆောင်ရွက်၍ ပါတီ ဥက္ကဌနှင့် လူကြီးများ၏ အားထားမှုကိုရရှိလာသည်။


ကျတော် ပါတီဝင်ပြီးနောက်တစ်နှစ်မှာပဲ ကျတော်တို့ ပါတီ အာဏာရပြီး ပါတီအကြီးအကဲတစ်ဦး နိုင်ငံတော် သမ္မတဖြစ်သွားသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေများလည်း ပြင်သင့်သည်များ ပြင်ပြီး၍ အတော်အတန် ပြောင်းလဲနေသော အခါသမယလည်းဖြစ်သည်။ ပါတီလူကြီးသည် သမ္မတ ဖြစ်ပြီးနောက် သူ့၏ ကက်ဘိနက် အဖွဲ့ ဖွဲ့သောအခါ ကျတော့်အား ၀န်ကြီး တစ်နေရာပေးသည်။ သို့ဖြင့် ကျတော် အသက်လေးဆယ် မပြည့်သေးခင်မှာပဲ မြန်မာနိုင်ငံ၏ အသက်ငယ်ဆုံး ၀န်းကြီးတစ်ပါး ဖြစ်လာသည်။ ကျတော် တာဝန်ယူရသော ၀န်ကြီးဌာနက ပညာရေးဝန်ကြီးဌာန။


ပညာရေးဝန်ကြီး ဒေါက်တာဖိုးသူတော်သည် နိုင်ငံတကာတွင်လည့်လည်ပြီး ပညာသင်ယူခဲ့သူ ပီပီ အခြေခံအားကောင်းသော ပညာရေးစနစ်ကို နားလည်သည်။ ထို့ကြောင့် ပညာရေးစနစ်များကို အခြေခံမှ စ၍ လိုအပ်သည်များကို တဆင့်ချင်းပြောင်းလဲသည်။ ကျေးရွာများ၏ မူလတန်းကျောင်းများထိ ကိုယ်တိုင်ကိုယ်ကျသွားပြီး ဆရာ၊ဆရာမလေးများနှင့် ဆွေးနွေးသည်။ ကလေးများ၏ ပညာရေးအပေါ် စိတ်ပါဝင်စားနိုင်မှုနှင့် လိုက်နိုင်မှုများကို အသေးစိတ်သုတေသနပြုသည်။ ထို့နောက် ပညာရေး ကော်မတီနှင့် ညှိနှိုင်းပြီး မူလတန်းအတွက် အသင့်လျော်ဆုံးသော ဖတ်စာ စာအုပ်နှင့် လက်တွေ့လုပ်ဆောင်ရေး စာအုပ်များကို စနစ်တကျ ပြင်ဆင်သည်။ ထိုမှ တဆင့် တဆင့်ချင်းတက်၍ အလယ်တန်း နှင့် အထက်တန်းကို ခေတ်စနစ်နှင့် အညီ ဒေသတွင်းနိုင်ငံများနှင့် တန်းတူ တန်းညှိပြီး သင်ကြားရေးစနစ်နှင့် သင်ရိုးများကို အသစ်ပြင်ဆင်ဆွဲသည်။


ဤလုပ်ငန်း လုပ်ရပ်အားလုံးကို လွှတ်တော် ၂ ခုလုံးက အတည်ပြုသည်။ လိုအပ်သော ဘက်ဂျက်များကိုလည်း စောလျင်စွာ ချပေးသည်။ ပညာရေး အရှိန်အဟုန်မှာ သိသိသာသာကြီး တိုးတက်လာသည်။


မြန်မာနိုင်ငံအမျိုးသားပညာရေးသုတေသန အဖွဲ့ကို သေချာဖွဲ့စည်းပြီး နှစ်စဉ် တစ်နိုင်ငံလုံး တိုးတက်မှုများ ကို အစီရင်ခံစေသည်။ တက္ကသိုလ်ကောလိပ်များနှင့် ပတ်သက်ပြီး အပွင့်သဘောဆောင်သော ပညာရေးစနစ်ကို အစပျိုးပေးသည်။ ဆရာမှ သင် ကျောင်းသားမှ လိုက်မှတ် စနစ်အားဖျက်သိမ်းသည်။ ဆရာကျောင်းသား လွတ်လပ်စွာ ဆွေးနွေးတွေးခေါ်မှု ပုံစံအား ဦးစားပေးသည်။ ကျောင်းသား ကျောင်းသူများကို လွတ်လပ်စွာ ၀တ်စားဆင်ယဉ်စေသည်။ အသိဥာဏ်မြင့်မားပြီး ပညာတက် ပီသစေရန် စည်းကမ်းကြပ်စွာ မထိန်း ကွပ်ပဲ ကျောင်းသားအများလက်ခံနိုင်အောင် ပညာပေးအသိအမြင်ဇာတ်လမ်းမျိုးနှင့် ဆောင်းပါးများစွာ ရေးသားပြီး လူငယ်ကျောင်းသားထု ကြားဖြန့်ဝေသည်။ ကျောင်းသားများ အရင်ကလို မဆိုးမပေကြတော့။ အရင်က ဖိုးသူတော် ငယ်စဉ်ကျောင်းတက်စဉ်က ကျောင်းသားများသည် ဆိုးသည်။ ဆိုးသည်ဆိုသည်မှာ တက္ကသိုလ်ကျောင်းသားပုံစံ ဆိုးချင်းမဟုတ်။ ကလေးဆန်ဆန် ဆိုးချင်ဖြစ်သည်။ ပုံစံများသည်လည်း ကလေးဆန်ကြသည်။ စာပေသင်ကြားမှုဆိုသည်ကိုနားမလည်ကြ။ အချိန်တန်လျှင်ကျောင်းသွားမည်။ အတန်းလစ်ချင်လစ်မည်။ ဆရာတွေကို ရိုသေဟန်ဆောင်၍ ဆရာလာလျင် လက်အုပ်ချီပြီး မင်္ဂလာပါ ဆရာ နှုတ်ဆက်မည်။ စိတ်ထဲတွင် မပါကြ။ ထုံးတန်းဆင်လာကြီး တစ်ခုလို ပြုမှုကြသည်။ ကျောင်းသား ၁၀၀ လျှင် ကျောင်းသား ၉၀ လောက်က တက္ကသိုလ်ဝင်တန်း အောင်၍ တက္ကသိုလ်သို့ ဖြစ်ရိုးဖြစ်စဉ် လာတက်ကြခြင်းဖြစ်သည်။ ပညာရေး၏ အနှစ်သာရနှင့် တက္ကသိုလ်၏ အနှစ်သာရကို ဘွဲ့ရသွားသည်ထိ သိမသွားကြချေ။ တည်ရှိနေသော တက္ကသိုလ်များသည်လည်း ထိုသို့ အနှစ်သာရ သိရှိအောင် လုပ်မပေးနိုင်ကြချေ။ တက္ကသိုလ်များသည် စက်ရုံကြီးတစ်ရုံနှင့် တူနေပြီး ကျောင်းသားများသည် ဘွဲ့တံဆိပ်အမျိုးမျိုးကပ် ထုတ်ကုန် များဖြစ်နေကြသည်။


ထိုထွက်လာသော တံဆိပ်အမျိုးမျိုးထုတ်ကုန်များသည် ဈေးကွက်တွင် ဈေးကွက်မ၀င်ဖြစ်ချေသည်။ ဈေးကွက်ဝင်သော်လည်း တန်ဖိုးချခြင်းခံရသည်။ ထိုအရာ ဖြစ်စဉ်များအားလုံးကို သိနှင့် ခံစားခဲ့နှင့်ခဲ့ရသော ပညာရေးဝန်ကြီး ဒေါက်တာ ဖိုးသူတော်သည် တက္ကသိုလ်စနစ်ကြီးတစ်ခုလုံးကို ပြန်လည်ပြင်ဆင်သည်။ အမျိုးသားပညာရေး သုတေသန ဌာန၏ ဦးဆောင်မှုဖြင့် နိုင်ငံနှင့် အ၀န်း ဇုံများ သတ်မှတ်၍ ဆောင်ရွက်သည်။ အစိုးရသည် ပညာရေးကို များစွာအလေးပေးနေသော အချိန်ဖြစ်သောကြောင့် ပညာရေး ဘက်ဂျက်ကိစ္စအား လွှတ်တော်မှ ခွင့်ပြုသည်။ သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသအလိုက် ပညာရေးဇုံ စီမံကိန်းများ ခွဲပြီး အထူးဖွံဖြိုးရေး အနေဖြင့် ဆောင်ရွက်သည်။ အောင်မြင်ဖြစ်ထွန်းမှု၏ အသီးအပွင့်ကို မကြာခင်မြင်ရချေတော့မည်။


သို့နှင့် ပညာရေးဝန်ကြီး၏ လုပ်နိုင်သောပါဝါများကို သုံး၍အလုပ်ဖြစ်အောင် လုပ်ခဲ့သော်လည်း သူ၏ မူလ ပထမကျောင်းတက်ခဲ့ရာ တက္ကသိုလ်ဖြစ်သော နည်းပညာဆိုင်ရာ တက္ကသိုလ်မှာ အားနည်းနေသည်။ ထိုကိစ္စကို သိပ္ပံနှင့် နည်းပညာဝန်ကြီးအား ပြောဆိုသော်လည်း ၀န်ကြီးသည် အသက်အရွယ်ကြီးနေသည်က တစ်ကြောင်း၊ ၀ိဇ္ဖာ ဘွဲ တစ်ဘွဲ့သာရခဲ့၍ နိုင်ငံရေးခြေလှမ်းတွင် တော်သောကြောင့် ၀န်ကြီး ဖြစ်နေပြီး သူ့လက်အောက် ကိစ္စကို မည်သို့မျှ မတက်နိုင်ပဲ ဖြစ်နေသည်။ ငယ်ရွယ်သော ၀န်ကြီးတစ်ပါး ပြောသည်ကိုလည်း ကောင်းမှန်းသိသော်လည်း လက်ခံဆောင်ရွက်ချင်းမပြုချင်ပဲ တလွဲ မာနကြီးနေသည်။ ပညာရေးဝန်ကြီးသည် ထို ကိစ္စအတွက် ရတက်မအေးဖြစ်နေသည်။ တခြားတက္ကသိုလ် ကိစ္စများတွင်များစွာ ကောင်းမွန်ပြီး ဒေသတွင်း နိုင်ငံများ ပခုံးယှဉ်နိုင်နေပြီဖြစ်သော် နိုင်ငံတစ်နိုင်၏ အဓီက နည်းပညာအခန်းကဏ္ဍမှ ပါဝင်မည့် နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာ တက္ကသိုလ်များသည် ဖြစ်ဖြစ်မြောက်မြောက် ဘာမှ ဖြစ်မလာသေးပါ။


ဒေသတွင်းနိုင်ငံများမှ နည်းပညာတက္ကသိုလ်များတွင် အာကသသိပ္ပံနှင့်ဆိုင်သော ပညာရပ်များ များစွာ ဖြစ်ထွန်းနေပြီး ဂြိုဟ်တု ပေါင်းများစွာ စမ်းသပ်လုပ်ကိုင်နေကြချိန်တွင် မိမိနိုင်ငံ၏ နည်းပညာ တက္ကသိုလ်များသည် စက္ကူဖြင့်လေယာဉ်ပျံခေါက်သည်ကိုပင် ၂ မျိုးထက် ပို၍ မသင်ပေးနိုင်ချေ။


ကံအားလျော်စွာ ဒေါက်တာဖိုးသူတော်တို့ ပါတီသည် နောက်တစ်ကြိမ် သမ္မတ သက်တမ်းအတွက် ဆက်လက် အနိုင်ရသွားသည်။ သမ္မတကြီးသည် ပညာရေးဝန်ကြီး၏ လုပ်ဆောင်ချက်များကို အထူးသဘောကျ နှစ်သက်၍ ပညာရေးဝန်ကြီးအပြင် ၀န်ကြီးချုပ်ရာထူးကိုပါ တွဲဖက်ပေးလိုက်သည်။ သမ္မတကြီး ၏ ၀န်ကြီးချုပ် ရာထူး ပေးမှုအား ကန့်ကွက်မှုများစွာ ရှိ၍ ပြည်သူ့ဆန္ဒ ခံယူပွဲပြုလုပ်ပြီး မဲခွဲ ဆုံးဖြစ်ရာ ပြည်သူ လူထုသည် ဒေါက်တာဖိုးသူတော်၏ လုပ်ဆောင်ချက်များအား အထူးသဘောကျ၍ ကန့်ကွက်မဲ မရှိ ထောက်ခံမဲ များနှင့်သာ ဆန္ဒပြုကြရာ ဒေါက်တာဖိုးသူတော်သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အသက်ငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်လာသည်။ ၀န်ကြီးချုပ်ဖြစ်လာတော့ အသက် ၄၀ စွန်းရုံသာ ရှိသေးသည်။


ဝန်ကြီးချုပ်ဖြစ်လာသောအခါ ပထမဦးဆုံးဆောင်ရွက်သော ကိစ္စမှာ မြန်မာပြည်တပြည်လုံးရှိ နည်းပညာတက္ကသိုလ်များနှင့် ကောလိပ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် ကောလိပ်များ၏ ကိစ္စကို ဆောင်ရွက်သည်။ သင်ရိုးညွှန်းတန်းများကို အခြေခံ သီအိုရီများလောက်သာ ချန်ထားခဲ့ပြီး ကျန်သော ဟောင်းနွမ်းနေပြီးဖြစ်သော သင်ရိုးညွှန်းတန်းများကို ပြင်ဆင်ပြီး ခေတ်မီနည်းပညာ ဘာသာရပ်များဖြင့် အစားထိုးစေသည်။ အမျိုးသားသိပ္ပံနှင့်နည်းပညာဗဟိုကော်မတီကို ဖွဲ့စည်းပြီး ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သည်။ အာကာသသိပ္ပံပညာကို အထူးစိတ်ဝင်စားသည်ဖြစ်ရာ သက်ဆိုင်ရာ ကျောင်းသားများအား နိုင်ငံခြားတိုင်းပြည်များ ( အမေရိက၊တရုတ်) သို့ စေလွှတ်ပြီး လေ့လာစေသည်။


ကိုယ်တိုင်လည်း အာကာသသိပ္ပံနှင့် ရင်းနှီးမှုရှိအောင် လေတပ်သို့သွား၍ လေယာဉ်မောင်းသင်သည်။ အထက်လွှတ်တော်အမတ် အချို့ ကန့်ကွက်သော်လည်း မဲဆန္ဒနှင့် အနိုင်ရယူပြီး ၀န်ကြီးချုပ်သည် လေယာဉ်မောင်း သင်ပြီး လေယာဉ်မောင်းတက်ခဲ့သည်။ လေယာဉ်မောင်းတက်သည်နှင့် တပြိုက်နက် အမျိုးသားလေကြောင်းနှင့်အာကာသဗျူရို တည်ထောင်ပြီး လေကြောင်းပျံသန်းမှုဆိုင်ရာ ကိစ္စရပ်များနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ ဥပဒေများကို ပညာရှင်များအကူအညီရယူပြီး ပြန်လည်ပြင်ဆင်တည်းဖြတ်သည်။ နောက်ဆုံးထွက်ရှိသော ဥပဒေသစ်အရ ငွေကြေးတက်နိုင်သော နိုင်ငံသားများသည် ကိုယ်ပိုင်လေယာဉ်ပျံနှင့် ရဟတ်ယာဉ်ဝယ်ယူမောင်းနှင်ခွင့်လိုင်စင်ရရှိမည်ဖြစ်သည်။ ကိုယ်ပိုင်လေယာဉ်ကွင်းတည်ဆောင်လိုသူများအနေ ဖြင့် တစ်ဦးတစ်ယောက်တည်း တည်ဆောက်ခွင့်ပေးမည် မဟုတ်ပဲ ၅ ဦးစပ် လေယာဉ်ပျံကွင်းအသေးတစ်ခု တည်ဆောက်ခွင့် ပေးသည်။ ၀န်ကြီးချုပ်ကိုယ်တိုင်လည်း ကိုယ်ပိုင်ရဟတ်ယာဉ်တစ်စင်း ၀ယ်ထားပြီး သွားချင် လုပ်ချင်သော နေရာများသို့ ချက်ချင်းသွားသည်။ လွှတ်တော်မှ နေ၍ ၀န်ကြီးချုပ် လုံခြုံရေးအတွက် ရဟတ်ယာဉ် နှစ်စင်း အစောင့်အဖြစ် ပေးထားသည်။


ဝန်ကြီးချုပ်သည် စာပေ၀ါသနာပါသည့်အားလျော်စွာ ပညာရေးဆိုင်ရာ ဆောင်းပါးများနှင့် ရသ စာပေ များကို ရေးသားထုပ်ဝေသည်။ ရသစာပေများမှာ ပြည်သူလူထု ပရိသတ်၏ အားပေးမှုကို များစွာ ခံရပြီး စာရေး ဆရာတစ်ဦးအနေဖြင့်လည်း ပြည်သူချစ်သော စာရေးဆရာဖြစ်နေသည်။ ၀န်ကြီးချုပ်၏ အိမ်ထောင်ရေး အနေဖြင့် ပညာရေးဝန်ကြီး ဖြစ်ချိန်ထိ အိမ်ထောင်မပြုသေးပဲ လူပျိုသိုးဝန်ကြီးလုပ်နေရာ ၀န်ကြီးချုပ် မဖြစ်ခင်လေးမှာပဲ အိမ်ထောင်ပြုလိုက်သည်။ ၀န်ကြီးချုပ်၏ ချစ်သူက လက်ထပ်ခွင့်အား လက်ခံသောကြောင့် ဖြစ်သည်။ ထိုလက်ထပ်ပြီးသော ချစ်သူနှင့် ၀န်ကြီးချုပ်သည် သူပိုင် ရဟတ်ယာဉ်အား သူကိုယ်တိုင်မောင်းပြီး အနားယူခရီးထွက်ဖို့ ပြင်ဆင်နေရာမှ ဘေးမှ အစောင့်ရဟတ်ယာဉ်နှစ်စီးက လိုက်မည် ပြုသည်ကို ရေဒီယိုစကား ပြောခွက်မှ တဆင့် လှမ်းတားပြီး မလိုက်နဲ့ မလိုက်နဲ့ ဟု ပြောလိုက်သည်။


' ဟေ့ကောင် ဘာကို မလိုက်နဲ့ လဲ ' လို့ အသံကြား၍ ငါလို ၀န်ကြီးချုပ်ကို ဒီလိုပြန်ပြောသလားဆိုပြီး အော်မည် အပြုတွင် လန့်နိုးသွားပြီး ဘေးမှ အခန်းဖော် ၏ ဘာကို မလိုက်နဲ့ လဲဟု မေးသောအသံကို သေချာ စွာပြန်ကြားလိုက်ရသည်။


ဤတွင် အိပ်မက်ပြီး၏…॥။


( ကျတော့်ရဲ့ စိတ်ကူးဆောင်းအိပ်မက်မျှသာဖြစ်၍ သည်းခံ ခွင့်လွှတ်ကြပါရန် မေတ္တာရပ်ခံပါသည်။)


ဖိုးသူတော်

၁၄.၁.၂၀၁၀

၁၇ နာရီ ၁၂ မိနစ်။


Photo source: Internet



Sunday, January 10, 2010

Dogs,Men and Books Reviews


ခွေးများ၊လူများနှင့်စာအုပ်များ

ဒီနေ့ (၁၀.၁.၂၀၁၀) လှည်းတန်းရောက်တာနဲ့ ရာပြည့်စာအုပ်ဆိုင်ကနေ စာအုပ်တစ်အုပ်ဝယ်လာဖြစ်သည်။ စာအုပ်က ဆရာကျော်ဝင်းရဲ့ ခွေးများ၊လူများနှင့်စာအုပ်များ ဆိုတဲ့စာအုပ်ပဲ ဖြစ်ပါသည်။ စာအုပ်က ပထမဦးဆုံးအကြိမ် ထုတ်ဝေခြင်းဖြစ်ပြီး အုပ်ရေ ၅၀၀ ဖြင့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ တွင် ထုတ်ဝေခြင်းဖြစ်သည်။

စာအုပ်၏ အမှာစာတွင် စာရေးသူ(ဆရာကျော်ဝင်း) က စာအုပ်နှင့် ပတ်သက်၍

၁။ ခွေးများသည်၊ ၂၀၀၇ ခုနှစ်နောက်ပိုင်း၊ စာရေးသူ ဘာသာပြန်ဖြစ်သော၊ ရေးဖြစ်သော အက်ဆေးများကို၊ စုစည်းထားခြင်းဖြစ်ပါသည်။ ရုရှားစာရေးဆရာကြီး အီလျာအာရင်ဘက် ၏ ခွေးများ အက်ဆေးကို ထိပ်တင်ထားပါသဖြင့် ၊ ဤအမည်ကိုပင် ခေါင်းစဉ်တပ်လိုက်ခြင်းဖြစ်သည်။ ကျန်အက်ဆေးများမှာ တိုင်း(မ) မဂ္ဂဇင်း မှဖြစ်ပါသည်။ ပင်ကိုယ်ရေးအက်ဆေးအချို့ကိုလည်း ထည့်ထားသည်။

၂။ လူများမှာ၊ လူပုဂ္ဂိုလ်အချို့၏ တစ်ပိုင်းတစ်စ ရုပ်ပုံလွှာတို့ထိချက်များနှင့် အင်တာဗျူးတို့ဖြစ်သည်။

၃။ စာအုပ်များမှာ၊ ၂၀၀၈ နှောင်းပိုင်း နှင့် ၂၀၀၉ နှစ်ဦးပိုင်းအတွင်း၊ စာရေးသူ မြည်းစမ်းခွင့် ရခဲ့သော စာအုပ်တစ်ချို့ကို၊ မိတ်ဆက်ပေးထားခြင်းဖြစ်သည်။ စာအုပ်အညွှန်းဟု ဆိုင်နိုင်ပါလိမ့်မည်။

ခွေးများတွင် ထိရှပြီး၊ လူများတွင်ဆင်ခြင်စရာအချို့ရကာ၊ စာအုပ်များတွင် ဦးနှောက်မုန်တိုင်း ဆင်နိုင်ကြပါလိမ့်မည်ဟု မျှော်လင့်ပါသည်။

- ခွေးများတွင် အက်ဆေး ၁၉ ပုဒ်ပါဝင်သည်။
- လူများတွင် Profiles and Interviews ၈ ပုဒ်ပါဝင်သည်။
- စာအုပ်များတွင် Books Reviews ၁၂ ပုဒ်ပါဝင်သည်။

အက်ဆေးကောင်းနှစ်သက်သူများ၊ ဆရာကျော်ဝင်းဘာသာပြန်ဆောင်းပါး နှင့် ပင်ကိုယ်ရေးဆောင်းပါးများ နှစ်သက် သူများအနေဖြင့် ဖတ်သင့်သော စာအုပ်တစ်အုပ်ဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါသည်။ အောက်တွင် မာတိကာ အသေးစိတ်အားဖော်ပြထားပါမည်။

မာတိကာ
ခွေးများ (Essays)

၁။ ခွေးများ
၂။ ငြင်းရင်း၊ ခုံရင်း၊ ရန်ဖြစ်ရင်း
၃။ သူရဲကောင်းတို့ နေ၀င်ချိန်
၎။ သောဗေဒနှင့် ဒုက္ခဗေဒ ပူးတုံ၊ ခွာတုံ
၅။ သူလိုကိုယ်လို စူပါ ပါဝါ
၆။ တံတိုင်းတွေနဲ့ ကမ္ဘာ
၇။ ကျွန်တော့ မျက်မြင်၊ အိန္ဒိယ
၈။ သမိုင်းသည် နိဒါန်းမဟုတ်၊ မျဉ်းပြိုင်မဟုတ်
၉။ သမိုင်းတစ်ကျော့ ပြန်လည်ခဲ့ပြီ
၁၀။ စူပါ-ကာက သန်းတစ်ထောင်
၁၁။ မိဘမဲ့ တိုင်းပြည်၏ အမျိုးသားရေး အလွမ်းဇာတ်
၁၂။ မင်္ဂလာရှိသော နိုင်ငံရေး
၁၃။ဆင်းရဲမှုထောင်ချောက်
၁၄။ သဘောကွဲလွဲမှု အနုပညာ
၁၅။ တစ်ခုသော နွေဦး၏ လေရူးနှယ် အတွေးများ
၁၆။ သပြေရွှက်ရေ၊ ဆည်းဆာအလွမ်း
၁၇။ ဇရာ၊ သမ္ဘာ၊ ဝေဒနာနှင့် အလှကို ရှာကြည့်ခြင်း
၁၈။ မန္တလေး ဆေးကျောင်းဘေးက ပါရီကဖီးဆိုင်အိပ်မက်
၁၉။ ရွှေအမြုတေ၊ ပေါ်ပြူလာနှင့် ရောက်တက်ရာရာအတွေးများ

လူများ (Profiles and Interviews)

၂၀။ လွတ်လပ်မှု ခရုဆိတ်တာ
၂၁။ နိုဘယ်ဆုရှင်၏ ဒရမ်မာဇာတ်လမ်း
၂၂။ အစိမ်းရောင်သူရဲကောင်းများ
၂၃။ အပြောင်းအလဲနှင့် ခေါင်းဆောင်မှု
၂၄။ သမိုင်းထဲက လူနှင့် စကားပြောခြင်း
၂၅။ အိုင်ဒီအိုလိုဂျီသားကောင်လော- သမိုင်းတရားခံလော
၂၆။ သူတို့ သုံးယောက် ( သို့မဟုတ်) ၂၀၀၉ ကမ္ဘာစီးပွားရေး ကံကြမ္မာကို စီရင်ဆုံးဖြစ်ကြမည့် သူများ
၂၇။ ဟူကျင်တောင် (သို့မဟုတ်) လျှော့တွက်မရသော မာလိမ်မှူး

စာအုပ်များ (Books Reviews)

၂၈။ နဂါးနှင့်ဆင် ဆင်နှင့်နဂါး
၂၉။ ပထ၀ီနိုင်ငံရေး၏ ဂဲသြမေတြီ
၃၀။ မဟာဗျူဟာမြောက် အံ့ဖွယ်ခုနှစ်ပါး မထင်မှတ်သော ရိုက်ချက်များနှင့်
၃၁။ စာနှစ်အုပ်၊ ခေတ်ပြိုင်သမိုင်းနှင့် ပထ၀ီနိုင်ငံရေးတူရူချက်များ
၃၂။အိပ်မက်များ၏ နိဂုံးလော၊ အိပ်မက်ဆိုးကို ပြန်ဖော်ခြင်းလော
၃၃။ ကောင်းတဲ့ အရင်းရှင်စနစ်၊ ဆိုးတဲ့အရင်းရှင်စနစ်နှင့်.....
၃၄။ အိုဘားမားစန်းနှင့် လစ်ဘရယ်လှိုင်း
၃၅။ သမိုင်းဆရာရဲ့ အသပြာခရီး
၃၆။ သားအဖနှစ်ယောက်၊ ဂိုဏ်းနှစ်ဂိုဏ်းနှင့် စစ်ပွဲနှစ်ပွဲ
၃၇။ အမေရိကန်လွန် ကမ္ဘာ
၃၈။ ဟန်တင်ဟန်နှင့် တတိယလှိုင်း
၃၉။ နှစ်ကူးတွင် စစ်သားဟောင်းကြီးတစ်ဦးနှင့် ပြန်တွေ့ခြင်း

လေးစားစွာဖြင့်...

ဖိုးသူတော်
၁၀.၁.၂၀၁၀
၂၀နာရီ ၁၅ မိနစ်

Photo Source : Internet


Saturday, January 2, 2010

First days of 2010


First day of 2010


12:00 AM - ပျော်ရွှင်သော နှစ်သစ်ဆိုပြီး မအော်လိုက်ဘူး။ သီချင်းဆိုနေလို့ဖြစ်မယ်။

1:00 AM - သူငယ်ချင်းတွေနဲ့ တူတူ သီချင်းဆိုနေကြတယ်။ ကိုကျော်ဇေယျ ဆိုင်ရှေ့မှာ။

1:30 AM - သီချင်းဆိုပြီး သိမ်းဆည်းပြီး အင်တာနက် ခဏသုံးတယ်။

2:00 AM - အိပ်ချင်လာလို့ အိပ်လိုက်တယ်။ ထိုင်နိုင်စွမ်းလည်း မရှိတော့ဘူး။

10:10 AM - အိပ်ယာက နိုးလာတယ်။ ရေမိုးချိုးပြီး ရုံးကိုလာတယ်။

11:30 AM - ရုံးရောက်တယ်။ ဗိုက်ဆာတာနဲ့ အစောကြီးထမင်းစားလိုက်တယ်။

12:00 PM - ထမင်းစားပြီး အင်တာနက်သုံးလိုက်တာ ၁ နာရီထိုးသွားတယ်။ ညက အရှိန်ကြောင့် ခေါင်းကိုက်လို့ သွားအိပ်လိုက်တယ်။


1:15 PM ~ 3:00 PM - အိပ်လိုက်တာ ၃ နာရီမှ နိုးတယ်။ ချိန်းထားတာလေး တစ်ခု ရှိလို့အင်တာနက်ခဏသုံးပြီ ချိန်းထားတဲ့ ရှိကိုလာတယ်။

4:15 PM - မြေနီကုန်း ရောက်တယ်။ ကော်ဖီတစ်ခွက်သောက်တယ်။

5:30 PM - လှည်းတန်းသွားတယ်။ စာရေးကိရိယာတွေဝယ်တယ် ။ မ၀ယ်တာကြာလို့လားမသိဘူး ဈေးတွေကြီးလိုက် တာ။ ၂၀၁၀ ခုနှစ်အတွက် ပထမဦးဆုံး စာအုပ် ၂ အုပ်ဝယ်တယ်။ မောင်မြေမှူးရေးတဲ့ မြွေခြေသံ (ပထမအကြိမ်) နဲ့ မြသန်းတင့် ရေးတဲ့ မမ (တတိယအကြိမ်) ။

7 : 00 PM - ရုံးကိုပြန်လာတယ်။ ရုံးပြန်ရောက်တော့ သတင်းတစ်ခုက ဆီးကြိုနေတယ်။ ဆိုဒ်ထဲကဖုန်း ၅ခါ တိတိ ဆက်ကြောင်း။ အရေးကြီးသဖြင့် ချက်ချင်းလာပါရန်တဲ့။ တစ်နေ့လုံး အလုပ်မလုပ်တာ ည ၇နာရီ ကျော်မှ ဆိုဒ်ထဲပြေးရတယ်။ လိုငန်းလိုအပ်ချက်အရအပြီးတိုင်ကောင်းမွန်အောင် ဆောင်ရွက် သော်လည်း ခုထိ အခြေအနေမကောင်းသေးဘူး။ စောစော ထပြန်သွားရဦးမယ်။

11:30 PM - ဆိုဒ်ထဲကပြန်ထွက်လာနိုင်ပြီး အဆောင်ရောက်တော့ ည၁၂ ထိုးခါနီးနေပြီ။ ဗိုက်ထဲမှာ မနက် ၁၁ နာရီလောက် ကတည်းက စားထားသော ထမင်းသာရှိသည်။ ညနေ ကော်ဖီ တစ်ခွက်သောက် ထားတာပဲ ရှိသည်။ လွန်မင်းစွာ ဆာနေသော်လည်း အစာလွန်သွားသဖြင့် ကြာဆံပြုတ်တစ်ပွဲ၊ မိုင်လို တစ်ခွက်ဖြင့် သာ တင်းတိမ်လိုက်သည်။

ဤတွင် ၂၀၁၀ ဇန်န၀ါရီလ ၏ ပထမဆုံးရက် တစ်ရက်တာ ပြီး၏။ ဒီစာရေးတော့ ၂
ရက်မြောက်ဖြစ်နေသည်။ အားလုံးပဲ ကောင်းချီးမင်္ဂလာ အဖြာဖြာ ဖြစ်ကြပါစေသောဝ်။


ဖိုးသူတော်
၂.၁.၂၀၁၀
ဝ နာရီ ၅၅ မိနစ်

Photo source : Internet

Sunday, December 27, 2009

The Review of 2009



The Review of 2009


2009 ခုနှစ်ဟာလည်း သူလို ကိုယ်လို ကုန်ဆုံးပြီး နှစ်သစ်တစ်ခုဖြစ်တဲ့ 2010 ကိုချဉ်းနင်းဝင်ရောက်တော့မှာ ဖြစ်ပါသည်။ ကျွန်တော်တို့ လူသားအားလုံးဟာလဲ နှစ်တစ်ခု ပြီး တစ်ခုပြောင်းတာကို တစ်ခုတ်တစ်ရ တော့ ကြိုဆိုတက်ခဲ့ကြသည်။ 2009 ခုနှစ်မှာ ကျွန်တော့် အနေနဲ့ကတော့ ပြောင်းလဲမှု တစ်ချို့ နဲ့ အတွေ့အကြုံတစ်ချို့ကို ရင်ဆိုင် ကြုံတွေခဲ့ရပါသည်။ 2009 ခုနှစ်ဟာ ကျွန်တော့်အတွက် ဆန်းသစ်မှုတွေနဲ့ ထိရောက်မှုတွေ အစပျိုးပေးခဲ့တဲ့ နှစ်တစ်ခုလည်းဖြစ်ပါသည်။ 2009 နှစ်မှာ 2008 ခုနှစ် နာဂစ် ကိစ္စ လုပ်ဆောင်မှုတွေနဲ့ မတူတဲ့ တခြားသော ကိစ္စ လုပ်ဆောင်မှုအတော်များများလဲ လုပ်ဆောင်နိုင်ခဲ့သည်။ အများနဲ့ ဆက်ဆံရမှုအပိုင်းမှာလဲ အပြောင်းအလဲ သဖွယ် ဆက်ဆံခဲ့ရမှုများရှိခဲ့သည်။


2009 ခုနှစ်မှာ ကျွန်တော့် အတွက်သာမကပဲ ကျွန်တော့်ပတ်ဝန်းကျင်နဲ့ အားလုံးသော အများသူငါ ပတ်ဝန်းကျင်များပါ ထူးခြားသော အဖြစ်အပျက်များစွာ ဖြစ်ခဲ့ပါသည်။ ထူးခြားသော အဖြစ်အပျက်ဆိုသည်မှာ အရင်က မဖြစ်ခဲ့ဘူးသော အခြေအနေ အကြောင်းအရာမျိုးစုံ ဖြစ်ခဲ့ခြင်းကို ဆိုလိုပါသည်။ ကျွန်တော့်အတွက်၊ ကျွန်တော့် ပတ်ဝန်းကျင်ရှိသောလူများ၊ သူငယ်ချင်းများ၊ ဘလော့ဂ်ရေးသူများ၊ နိုင်ငံရေး ၊ စီးပွားရေးသမားများ စသဖြင့် သူတို့လည်း ထူးခြားသော အရာများနဲ့ ကြုံဆုံခဲ့ရပေလိမ့်မည်။


2009 ခုနှစ်တွင် ဘလော့ဂါတစ်ဦးအနေဖြင့် ဘလော့ဂ် များစွာ ဖတ်ဖြစ်ခဲ့သည်။ အဖတ်များဆုံး ဘလော့ဂ်များမှာ မိမိဘလော့ဂ်၏ ဘလော့ဂ်လစ်ထဲတွင် ရှိသော ဘလော့ဂ်များ၊ ရီဒါဖြင့် ဖတ်သော ဘလော့ဂ်များ၊ သတင်းဘလော့ဂ်များ၊ လင့်က် ရှယ်ယာဖြင့် သိသော ၀က်ဆိုဒ် ဘလော့ဂ်များ အစရှိသဖြင့်ဖြစ်သည်။ ဘလော့ဂ်များမှာ များသောအားဖြင့် ကိုယ်ရေးကိုယ်တာ ဆိုင်ရာ အချက်အလက်များကို ရေးသားချင်းဖြစ်သည်။ သို့ပေမဲ့ အချို့သော အကြောင်းအရာများမှ သက်ဆိုင်ရာ ဖတ်သူအတွက် လိုအပ်သော အသိသုတ ကိုရစေသည်။


2009 နှစ်ကုန်ပိုင်း လများမှာတော့ ဘလော့ဂ်ရေးသူ လူငယ်လူရွယ်များနှင့် မြန်မာအိုင်တီလောက မှ လူများအနေ ဖြင့် အင်တာနက်နှင့် သက်ဆိုင်သော ပညာရပ်ဆိုင်ရာ ဆီမင်နာများ၊ ၀က်ဘ်ရှော့များ၊ သုတနည်းပညာနှင့် ပတ်သက်သော ပွဲများ၊ စုဝေးတွေ့ဆုံမှုများ ပြုလုပ်ကြသည်။ ထိုပြင် လူငယ်များအနေဖြင့် တက်နိုင်သလောက် စုစည်း၍ ပရိဟိတလုပ်ငန်းများအတွက် စုပေါင်းဆောင်ရွက်မှုများ ရှိလာခဲ့သည်။ 2009 ခုနှစ်တွင် လူငယ်များအနေဖြင့် နည်းပညာနှင့် သတင်းအချက်အလက်များအပြင် လူမှုရေး ပရဟိတ များဘက်ပါ ပိုမို အလေးထားစိတ်ဝင်စားကာ ဆောင်ရွက်လာသည်ကို တွေ့ရပါသည်။


2009 ခုနှစ်မှာ ကျွန်တော်ကိုယ်တိုင်လည်း ဆိုင်ရာဆိုင်ရာ အသင်းအပင်းကိစ္စများအပြင် လူမှုရေး ပရဟိတ လုပ်ငန်းများကို တစိုက်မက်မက်လုပ်ဆောင်လာခဲ့ပါသည်။ ထိုကြောင့် ကျွန်တော် နောက်ပိုင်းရေးသော ဘလော့ဂ်ပိုစ့်များတွင် လူမှုရေးလုပ်ဆောင်ချက်ပို့စ်များ ကို တွေ့နိုင်လာရခြင်းဖြစ်သည်။ တစ်ဦးတစ်ယောက်ဖြင့် မလုပ်နိုင်သော ဤမွန်မြတ်သော ပရဟိတလူမှုအကျိုးပြုလုပ်ငန်းများကို အများသူငှာစုပေါင်းပါဝင် လုပ်ဆောင်နိုင်စေရန် နှင့် သိစေခြင်းအကျိုးငှာ ကိုယ်တိုင်လုပ်ဆောင်ရုံသာမက လုပ်ခဲ့သမျှကိုလည်း သေချာရေးသားဖော်ပြခြင်းဖြစ်ပါသည်။


2009 ခုနှစ်မှာထက် စာရင် လာမဲ့ 2010 ခုနှစ်မှာ ဘလော့ဂ်တော်တော်များ၏ ဘလော့ပိုစ့်များသည် ပိုစ့်တစ်ခု တွင် အရှည်ကြီးများ ဖြစ်မနေပဲ တိုတိုနဲ့ ရှင်းရှင်းသာ ရေးသားလာမည်ဟု မျှော်လင့်မိပါသည်။ ဘလော့ဂ်ရေးသူ တော်တော်များသည်လဲ ဘလော့ဂ်ဂင်း ပလက်ဖောင်းတစ်ခု သာမကပဲ Facebook ကဲ့သို့သော လူမှုဆက်သွယ်ရေး ၀က်ဆိုဒ်များ ပိုမိုအသုံးပြုလာမည်ဖြစ်သည်။ Twitter လိုမျိုး မိုက်ခရိုဘလော့ဂ်ဂင်း များလည်း ဒီထက်မက သုံးစွဲလာနိုင်သော အလားအလာရှိပါသည်။ အင်တာနက်အသုံးပြုမှုများနဲ့ သတင်းနဲ့နည်းပညာ အချက်အလက်များ သုံးစွဲမှုများလည်း 2010 တွင် ပိုမိုတွင်ကျယ်စွာ အသုံးပြုလာမည်ဖြစ်ပါသည်။ လိုအပ်သော လူမှုဆက်သွယ်ရေးများ ပိုမိုလုပ်ကိုင်လာနိုင်ပြီး ထိရောက်သော သတင်းအချက်အလက် နည်းပညာပြန့်ပွားစေရေး အသုံးချမှုများနှင့် လူမှုပရဟိတ လုပ်ငန်း လုပ်ဆောင်မှုများ ပိုမိုဖြစ်ထွန်းများဟု ယူဆရပါသည်။


နှစ်သစ်ကို အမြဲတမ်းကြိုဆိုသော


ဖိုးသူတော်

၂၃ နာရီ ၅၀ မိနစ်

တနင်္ဂနွေနေ့


Photo source : Internet

Monday, December 14, 2009

သုခရိပ်မြုံသို့ ဒုတိယအခေါက်

သုခရိပ်မြုံသို့ ဒုတိယအခေါက်

၁၃.၁၂.၂၀၀၉ တနင်္ဂနွေနေ့

မနက် ၉ နာရီ ၁၀ မိနစ်ခန့်။
ဖုန်းလာသည်ဟုလာပြောသောကြောင့် အိပ်ယာထဲမှ လူးလဲထကာသွားကိုင်ရပါသည်။ သူငယ်ချင်းမလေးတစ်ဦး ဆက်တာဖြစ်ပြီး ဒီနေ့ သုခရိပ်မြုံဂေဟာသွားဖို့ လှမ်းချိန်းခြင်းဖြစ်ပြီး နောက်သူငယ်ချင်း တစ်ယောက် ကိုပါ အကြောင်းကြားခိုင်းခြင်းဖြစ်သည်။ အင်း အင်း ပြောလိုက်မယ်ပြောပြီး အိပ်ယာထဲ ပြန်ခွေလိုက်တာ မနက် ၁၀ နာရီ ခွဲကျော်မှ နိုးသည်။း) ထို့နောက် ပြင်ဆင်စရာရှိတာများ ပြင်ဆင်ပြီး သောအခါ ၁၁ နာရီ ထိုးနေပြီဖြစ်သည်။ မည်သူ့မျှ မချိန်းရသေး။ အရေးထဲ ဗိုက်ထဲကလည်း ညက စားထားသော အချဉ်များနှင့် ထမင်းကြော်များက ဆန္ဒပြသဖြင့် သည်ကိစ္စလည်း ရှင်းလိုက်ရသေးသည်။ ခဏနေတော့ ဖုန်းတစ်ခါလာသည်။ ချိန်းရမည့်သူငယ်ချင်းက သေချာမသိ၍ လှမ်းဆက်ခြင်းဖြစ်သည်။ အတော်ပဲဖြစ်သွား၍ သူ့အား ဆုံမည့်အချိန်နှင့်နေရာအား ပြောလိုက်ပါသည်။ ထို့နောက် ဆက်လက်ပြီး ချိန်းဆိုရမည့်လူများကို ဆက်ချိန်းပါသည်။ အားလုံးပြီးစီး၍ နာရီကြည့်လိုက်တော့ ၁၂ အတိထိုးနေပြီ။ ကိုယ်ကချိန်းထားတာ ၁၂ ခွဲ။ လေယာဉ်ပျံလို မြန်သော ကားဖြင့် ချိန်းထားသော နေရာကို ရောက်အောင်သွားရပါသည်။

တကယ်တော့ ဒီနေ့သွားမည့်ကိစ္စကို စီစဉ်ထားသည်မှာ လွန်ခဲ့တဲ့ ၁ ပတ်ခန့်ကတည်းကဖြစ်သည်။ စေတနာရှင်တစ်ဦးမှ လှူဒါန်းသောငွေ နှင့် ကျွန်တော့်တို့ လှူဒါန်းသော ငွေ၊ ကလေးဆော့စရာ ပစ္စည်းများ အားလုံးစီစဉ်ထားသည်။ ထိုပစ္စည်းများအား ယူဆောင်ပြီးထွက်ခဲ့ရာ ချိန်းဆိုထားသောနေရာကို ၁၂ ခွဲပြီး ၅ မိနစ်တွင်ရောက်ပါသည်။ ကျန်သောသူများ မရောက်သေးသောကြောင့် အေးအေးပင် ကော်ဖီတစ်ခွက်ထပ်သောက်ပြီး စောင့်နေပါသည်။ ဗိုက်က ဆာနေသော်လည်း အစားတစ်ခုခု စားလိုက်၍ လမ်းမှာ ဒုက္ခရောက်မည်ဆိုသောကြောင့် သည်းခံနေရသည်။ ချိန်းသောသူများလည်း ရောက်လို့လာပြီ ဖြစ်သည်။ ကျွန်တော်လည်း မခံနိုင်သည့် အဆုံး နေ့လည်စာကို ကောက်ညှင်းပေါင်းလေး တစ်ပွဲ စားလိုက်ပြီး တင်းတိမ်လိုက်သည်။

ထိုနောက် သုခရိပ်မြုံဂေဟာသို့ ထွက်လာခဲ့ရာ နေ့လည် ၂ နာရီကျော်လောက်တွင်ရောက်ပါသည်။ ဂေဟာရောက်ရောက်ခြင်း သူနာပြုဆရာမကြီးနှင့်တွေ့ဆုံ၍ ကျွန်တော်တို့ ရောက်လာပြီးဖြစ်ကြောင်း အကြောင်းကြားပါသည်။ ယမန်နေ့က ဖုန်းကြိုဆက်ထားသောကြောင့် ဆရာမ ဒေါက်တာ ထားထား (စုထား) ကျွန်တော့်တို့ကို စောင့်နေပါသည်။ သို့သော် ၁ နာရီကျော်လောက်ရောက်မည်ပြောထားပြီး ၂ နာရီကျော်မှာ ရောက်လာသဖြင့် ဆရာမ စုထား ပြန်သွားပါသည်။ ဆရာမ စုထားအား လွန်စွာပင် အားနာမိပါသည်။ ကျွန်တော်တို့လည်း ထင်မှတ်မထားတဲ့ ကြန့်ကြာမှုလေးများ ရှိသောကြောင့်ဖြစ်သည်။

ထို့နောက် ဆရာမကြီးနှင့် စကားစမြည်အနည်းငယ်ပြော၍ အလှူငွေများ ပေးအပ်ပြီး ကလေးများ တီဗီကြည့်နေရာ နေရာလို့ သွား၍ ဆော့စရာပစ္စည်းများ သကြားလုံးနှင့် ပီကေများ သွားရောက်ပေးအပ်ပါသည်။ ထို့နောက် ကျွန်တော်တို့ အသင့်ယူလာသော ဆော့စရာပစ္စည်းများနှင့် ကလေးများ နှင့်အတူတူ ဆော့ကစားကြပါသည်။ ကလေးများသည် လွန်စွာပျော်ရွှင်၍ စိတ်ပါလက်ပါ ဆော့နိုင်ပါသည်။ အဖွဲ သုံးဖွဲ့ ခွဲ၍ ဆော့စေရာ နိုင်သော အဖွဲ့အား ဆုပေးသည့် စနစ်ကျင့်သုံးပါသည်။ ကံအားလျော်စွာ ကျွန်တော် တာဝန်ယူသောအဖွဲ့ နောက်ဆုံးရသွားပါသည်။

ထိုသို့ပစ္စည်းများနှင့် ဆော့ကစားခြင်း ပြီးဆုံး၍ ကလေးများနှင့် ကျွန်တော်တို့ ၀ိုင်းထိုင်ပြီး ပါဆယ်ဂိမ်းဆော့ကြပါသည်။ ထိုကစားနည်းမှာ သူတို့အားလွန်စွာ ပျော်ရွှင်စေပါသည်။ ပါဆယ်ဂိမ်း ထုံးစံအတိုင်း သီချင်းလေးတစ်ပုဒ်ဖွင့်ပြီး သီချင်းရပ်သောအခါ ပါဆယ်ကြသည့်သူသည်အားလုံး ခိုင်းရာ လုပ်ရမည်ဖြစ်သည်။ ဆော့သည်အခါ ပါဆယ်ကြသွားသော ကလေးများသည် သူတို့ချင်းချင်း လုပ်ခိုင်းသော ဟာမျိုးကို သေချာ မရှက်ပဲ လုပ်နိုင်ပါသည်။ မျောက်က ကခြင်း၊ ပဲပြုတ်ရောင်းခိုင်းခြင်း အစရှိသဖြင့် ဖြစ်သည်။ အသက် ၁၃ နှစ်ခန့် အရွယ် ကလေးမလေးတစ်ဦးဆိုလျှင် အများက သီချင်းဆိုခိုင်းသောကြောင့် သီချင်းဆိုရာ ၀ိုင်းစုခိုင်သိန်း၏ အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတယ် ဆိုသည့် သီချင်းအား သေချာပိုင်နိုင်စွာ တစ်ပုဒ်လုံး သီဆိုသွားသည်ကို အံ့ဩဖွယ် တွေ့ရပါသည်။ ပါဆယ်ကြသူများအား ခိုင်းတာလုပ်ပြီးသွားသောအခါ သကြားလုံးနှင့် ပီကေများ ပေးပါသည်။

ထိုသို့ ဆော့ကစားပြီးနောက် ကျွန်တော်တို့ အဖွဲ့လည်း ပြန်ချိန်ကျရောက်လာသောကြောင့် ပြန်ဖို့ ပြင်ရပါသည်။ ကလေးများ ဖွထားသော သကြားလုံးခွံများ၊ ပလက်စတစ်အိပ်များ၊ အမှိုက်များကို ရှင်းလင်းရပါသည်။ အချို့ကလေးများသည် ခင်မင်၍ ကိုယ့်အား ဖက်တွယ်ထားကြသည်။ မနည်းကို ချော့မော့၍ ထားခဲ့ရပါသည်။ နောက်အခါများ လာခဲ့ပါမယ်ဟု ပြောခဲ့ရပါသည်။ သူတို့က နောက်တစ်ခါလာရင် ပီကေ ၀ယ်ခဲ့ဟု အထပ်ထပ်မှာပါသည်။နောက်တစ်ခေါက်ဆိုလျှင် ပီကေ ( ချောကလက်သကြားလုံး) များများ ၀ယ်သွားမည်ဟု စိတ်ကူးမိပါသည်။

ညနေ လေးနာရီကျော်တွင် ဂေဟာမှပြန်ရာ ငါးနာရီကျော်ခန့်တွင် နေရပ်သို့ အေးဆေးစွာ ပြန်လည်ရောက်ရှိပါသည်။ ဤသို့ ရောဂါဝေဒနာ ရှိနေသော ကလေးသူငယ်များအား စိတ်ဓါတ်ရေးရာ အနည်းငယ်တက်လာစေရန် သူတို့နှင့် ရင်းနှီးစွာ ထိတွေ့၍ ဆော့ကစား (၀ါ) စကားပုံပြင်အစရှိသည်တို့ ပြောဆိုပြုလုပ်ပေးခြင်းဖြင့် သက်သာစေနိုင်သည်ဟု ပြောလို့ရပါသည်။ သူတို့သည်လည်း လာသောသူများအား များစွာ ခင်တွင်ပုံရပါသည်။ ဂေဟာတွင် HIV ရောဂါပိုး ကူးစက်ခံ ကလေးငယ်ပေါင်း အသက် ၁ နှစ်မှ ၁၅ ထိ စုစုပေါင်း ၄၅ ယောက်ရှိပါသည်။ အသေးစိတ် သိရှိလိုပါက ဒီမှာ သွား၍ ဖတ်နိုင်ပြီး ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မိမိတို့ တက်နိုင်သောအင်အားဖြင့် မိမိတို့ ပတ်ဝန်းကျင်တွင် ရှိသော ချို့တဲ့ ကလေးငယ်များ၊ HIV ကူးစက်ခံကလေးငယ်များအား ထောက်ပံ့ပေးခြင်းဖြင့် စေတနာသဒ္ဒါတရား ထားနိုင်ကြပါစေဟု မျှော်လင့်မိပါသည်။

အောက်တွင် ဓါတ်ပုံအနည်းငယ်အား ဖော်ပြထားပါမည်။ ကူးယူသုံးစွဲလိုပါက ကြိုတင်အကြောင်းပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကလေးများအား သကြားလုံးနှင့် ပီကေများ ပေးနေစဉ် (နောက်က မတ်တက်ရပ်နေတဲ့ ကလေးမ ၂ ယောက်လည်း စားချင်လို့ထင်ပါတယ်။ လှမ်းကြည့်နေတယ် :P )


ကလေးများအတွက် ဆော့စရာနှင့် စတစ်ကာ ပုံလေးများ


ကာတွန်းစတစ်ကာများ


ပစ္စည်းများ ပေးရန် ပြင်ဆင်နေပုံ

ဆော့စရာပစ္စည်းများပေးနေစဉ်

ကလေးများ ပြောနေသည်ကို နားထောင်နေစဉ်


အားလုံးကိုကျေးဇူးတင်စွာဖြင့်....

ဖိုးသူတော်


၁၄.၁၂.၂၀၀၉

၂ နာရီ ၃၀ မိနစ်

Thursday, December 10, 2009

Barcamp Yangon သတင်းမီဒီယာ ရှင်းလင်းပွဲ အောင်မြင်စွာ ကျင်းပ ပြီးစီး

Barcamp Yangon !!

Barcamp Yangon နဲ့ပတ်သတ်လို့ စာနယ်ဇင်းများသို့ ရှင်းလင်းပွဲကို ဒီနေ့ ( 10-Dec-2009) ကြာသပတေးနေ့ မနက် ၁၀ နာရီမှာ တာမွေအ၀ိုင်းထိပ်မှာရှိတဲ့ Moon bakery မှာပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပွဲကို 7 DaysInternetMyanamr Post၊ ပြည်မြန်မာ၊ အလင်းတန်း၊ ရန်ကုန်တိုင်းမ်၊ မြန်မာတိုင်းမ်၊ Time to TimeKnowledge bridgeFlower NewsPC Magazine စတဲ့ သတင်းမီဒီယာများမှ လာရောက်သတင်းယူ မေးမြန်းမှုများ ပြုလုပ်ခဲ့ပါတယ်။

ဒီရှင်းလင်းပွဲမှာ ကိုဇော်ဇော်မျိုးလွင်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး Public Relation Team မှ မထိုက်ထိုက်အောင်က Barcamp များဖြစ်ပေါ်လာပုံ၊ Barcamp များရဲ့ သဘောသဘာဝများကို Website များကို ကိုးကားပြီး ရှင်းလင်းပြသခဲ့ပါတယ်။ ကိုဇေသီဟမှ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ Barcamp များကို ထောက်ပံ့ပေးခြင်းဖြင့် Barcamp လာရောက်သူ ပရိတ်သက်များနဲ့ လုပ်ငန်းရှင်များ စသည်ဖြင့် နယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်၊ ပညာရှင်၊ ၀ါသနာရှင်လူငယ်များအားလုံးကို ဘယ်လိုအကျိုးဖြစ်ထွန်းစေနိုင် သလဲဆိုတာ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ကိုသက်ထူး@မျက်လုံး ကတော့ Barcamp Yangon မှာကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ လိုအပ်တဲ့ ဖြည့်စွတ်ချက် အချို့ကို ကိုကျော်ဇေယျမှ ဖြည့်စွတ်ရှင်းလင်းခဲ့ပြီး စာနယ်ဇင်းများမှ သိလိုတဲ့ အချက်များကိုတော့ ကျွန်တော်တို့ အဖွဲ့သားအားလုံးမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ရှင်းလင်းပွဲ ကျင်းပနေတဲ့ အချိန်မှာပဲ Facebook နှင့် Twitter (www.Twitter.com/barcampyangon) များမှလည်း Live update များ တင်ဆက်ပေးခဲ့ပါတယ်။

Barcamp ကို Barcamp Bangkok, Barcamp KL စသည်ဖြင့် ကျင်းပတဲ့ မြို့အမည်နဲ့ တွဲပြီး မှတ်တမ်းတင်လေ့ရှိပါတယ်။ အာရှနိုင်ငံများအနေနဲ့ ပြောရရင် Singapore, Malaysia, Kazakhtan, Thiland, India , Vientam နိုင်ငံတို့မှာရှိတဲ့ မြို့အသီးသီးမှာ Barcamp တစ်ကြိမ်ထက်မနည်း ကျင်းပပြုလုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။ India ဆိုရင် သူ့ရဲ့ မြို့ အသီးသီးမှာ Barcamp ၂၇ ကြိမ်လောက် ပြုလုပ်ကျင်းပနိုင်ခဲ့တာကို တွေ့ရပါတယ်။

အခြားသော Africa နိုင်ငံများ၊ Arab နိုင်ငံများ၊ Ameraica နိုင်ငံများ၊ Europe နိုင်ငံများမှာရှိတဲ့ မြို့အသီးသီးမှာလည်း Barcamp များ အကြိမ်းများစွာ ပြုလုပ်ကျင်းပ နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဆက်ပြီး ကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံတွေ မြို့တွေလည်း အများအပြား ရှိပါတယ်။

Barcamp Yangon ပွဲကို ၂၀၁၀ ဇန်န၀ါရီလ ၂၃၊ ၂၄ ရက်နေ့များတွင် Myanmar Info-Tech တွင် ကျင်းပသွားမှာဖြစ်ပြီး ၎င်းပွဲဖြစ်မြောက်ရေးအတွက် MCPA မှဦးဆောင်ပြီး Frellance လူငယ်အိုင်တီသမားများနှင့် ပူးပေါင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ ထပ်မံ၍ ပူပေါင်းပါဝင်လိုတဲ့ အိုင်တီသမားများ ၊ Volunteer များကိုလည်း ဖိတ်ခေါ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ BarcampYangon ဟာ ပထမဆုံးအကြိမ် ကျင်းပမဲ့ Barcamp တစ်ခု ဖြစ်ပါတယ်။ Barcamp Yangon မှာ နယ်ပယ်အသီးသီးမှာရှိတဲ့ လုပ်ငန်းရှင်၊ ပညာရှင်၊ ၀ါသနာရှင်များကို စုစည်းပြီး ကိုယ့်ရဲ့ အတွေ့အကြုံ၊ နည်းပညာ၊ ဗဟုသုတ၊ အကြံဉာဏ်တွေကို ဖော်ထုတ်စုစည်းနိုင်ဖို့၊ လက်တွေ့အကောင်အထည်ဖော်ကြဖို့ အတွက် Open Environment တစ်ခု ဖန်တီးပေးဖို့ ရည်ရွယ်ကျင်းပသွားမှာဖြစ်ပါတယ်။ Barcamp Yangon မှာ ကျွန်တော်တို့ရဲ့ အသိဉာဏ်ဗဟုသုတတွေကို လွတ်လပ်ပွင်းလင်းစွာ ဖလှယ်ကြဖို့၊ ပြန်ကျဲနေတဲ့ Idea တွေကို ၀ါသနာတူ ၊ စိတ်တူ၊ ကိုယ်တူသူများနဲ့ စုစည်း အကောင်အထည်ဖော်နိုင်ကြဖို့ အဓီက ရည်ရွယ်ကျင်းပသွားမှာပါ။ Barcamp Yangon မှာ ဘယ်နယ်ပယ်၊ ဘယ်ဘာသာရပ်တွေကို အဓိက ဆွေးနွေးကြမယ်ဆိုတာ တက်ရောက်တဲ့ ပရိတ်သက်များက ဆုံးဖြတ်ကြပါလိမ့်မယ်။ ကျွန်တော်တို့က ပရိတ်သတ်ကို အချိန်၊ နေရာ ၊ စသည်ဖြင့် organize လုပ်ပေးတာပဲဖြစ်ပါတယ်။ ဘာသာရပ်မျိုးစုံမှာ အားလုံးရဲ့ ပူးပေါင်းညှိနှိုင်းဆွေးနွေးမှု၊ သရုပ်ပြမှု ၊ အပြန်အလှန်ထိတွေ့မှုကနေ အကျိုးရလာဒ်ကောင်းတွေ ထွက်ပေါ်လာမယ်လို့ ယုံကြည်ယူဆပါတယ်။

Barcamp Yangon အတွက် Logo ပြိုင်ပွဲလေး တစ်ခုကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပြီး အရွေးချယ်ခံရတဲ့ ဒီဇိုင်းဆုအတွက် ငွေးသားထက် အမှတ်တရ လက်ဆောင်တစ်ခု ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် Logo ကို ဒီဇင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး Web Development Team မှ ကိုထူးတေဇာ tayzar44@gmail.com ထံကို ပေးပို့သွားရမှာ ဖြစ်ပါတယ်။ အခြားနိုင်ငံတွေမြို့တွေမှာ ပြုလုပ်ခဲ့တဲ့ Barcamp တွေရဲ့ Logo တွေကို http://Barcamp.org.LogoGallery မှာ လေ့လာကြည့်ရှုနိုင်ပါတယ်။

လူဦးရေ အရေအတွက်ပေါ်မူတည်၍ စီစဉ်စရာများရှိတဲ့အတွက် ပါဝင်လိုသူများ၊ တက်ရောက်လိုသူများ အနေနဲ့ www.barcampyangon.org မှာ ကြိုတင် Register ပြုလုပ်ဖို့ လိုအပ်ပါတယ်။ Lucky Draw အစီအစဉ်များ၊ Gift Pack များ ပေးသွားမဲ့ အစီအစဉ်များကိုလည်း အလျဉ်းသင့်သလို ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

နည်းပညာ၊ အတွေ့အကြုံ၊ အကြံဉာဏ်များကို ဖလှယ်ဖို့ စိတ်ဝင်စားသူအားလုံး Barcamp Yangon မှာ ဆုံကြဖို့ မျှော်လင့်ပါတယ်။

ဖိုးသူတော် ( ၁၀.၁၂.၂၀၀၉)
Related Post: ကိုကျော်ဇေယျမင်းယွန်းသစ်

Sunday, December 6, 2009

နိုဝင်ဘာပြီး နောက်တစ်လ

နိုဝင်ဘာပြီး နောက်တစ်လ

ဟေ့...ဒီမှာ

နိုဝင်ဘာပြီး နောက်တစ်လ
မင်းကို နာမည်မခေါ်ချင်လို့
ဒီလိုခေါ်တယ်....။

ဘာလို့လဲ...မင်းဟာ...
မင်းဟာ မင်းကို ခေါ်ဖို့ မပီသလို့ပဲ
အရင်က မင်းက နှင်းမှုံဝေေ၀နဲ့
အေးအေးချမ်းချမ်း॥

ခုတော့ မင်းက॥
မင်းတာဝန် မကြေသလိုလို...

မဆိုင်သလိုလိုနဲ့...
ငါ့တို့ကို ပူလောင်မှုတွေပေးလေရဲ့...

နိုဝင်ဘာပြီး နောက်တစ်လရေ॥
မင်းရဲ့အရင်လို အစွမ်းတွေပြန်ပြပါကွာ॥
ငါတို့ကြောင့် ဖြစ်ရတယ်ဆိုပေမဲ့॥
မင်းအစွမ်းမင်းပြပါ॥
ငါတို့လည်း ထိမ်းပါမယ်॥

နိုဝင်ဘာပြီး နောက်တစ်လရေ...
တကယ်တော့ မင်းရှိတဲ့လဟာ
ပျော်စရာကောင်းတဲ့ လပါကွာ....
နှစ်သစ်ကို ရောက်ဖို့
မင်းဆီ အရင်လာရတာပါ...။

နိုဝင်ဘာပြီး နောက်တစ်လရေ...
ငါ တကယ်အေးစက်မှုအပြင်
မင်းရဲ့ အရသာကိုပါခံစားမိရင်
မင်းကို နာမည်အရင်းပြန်ခေါ်ပါမယ်

ခုတော့...
နိုဝင်ဘာပြီး နောက်တစ်လရေ...

ဖိုးသူတော်
(၆.၁၂.၂၀၀၉)
၂ နာရီ ၄၅ မိနစ်

Saturday, December 5, 2009

ဖိုးသူတော် မရှင်းချင်ပဲ ရှင်းရသည်..

ဖိုးသူတော် မရှင်းချင်ပဲ ရှင်းရသည်..

ဒီနေ့ မနက် ရုံးရောက်ကတည်းက တစ်နေ့ကုန် ရုံးမှာပဲ နေနေတာ။ ဘယ်မှ လည်းသွားဖို့ စိတ်ကူးမရှိဘူး။ ညနေကျတော့ မိတ်ဆွေ တစ်ယောက်ခေါ်တာနဲ့ ဈေးဝယ်စင်တာ တစ်ခုမှာလိုအပ်တာလေးတွေ ဈေးဝယ်ပြီး ပြန်လာတယ်။ ခဏနေတော့ အွန်လိုင်းပေါ်တက်တော့ သူငယ်ချင်းတစ်ယောက်အမျိုးသမီး မီးဖွားခါနီးမို့လို့ ဆေးရုံသွားရမယ်ဆိုပြီး သွားလိုက်တယ်။ ကလေးမက တော့ ဖွားခန်းထဲမှာ။ ကျွန်တော်တို့က အပြင်တစ်နေရာမှာပေါ့လေ။

အဲ့ဒါနဲ့ အင်တာနက် ၀င်သုံးတော့ ကျွန်တော့် ဘလော့ဂ်နဲ့ပတ်သက်ပြီး ကွန့်မန့်တစ်ခုရောက်နေတာနဲ့ ဖတ်ကြည့်လိုက်။ ကွန့်မန့်က အောက်ပါအတိုင်းဖြစ်ပါတယ်။

SmithEver has left a new comment on your post "ပင်လယ်အပြုံး":

Dude, juz want to let ya know abt this post - http://chenaddy.blogspot.com/2009/12/blog-post_03.html.
I believe someone took ya nick intentionally.
'Coz u won't be such person who like to criticize with rude words।

သူပေးထားတဲ့ လင့်က်မှာ ပါတဲ့ ဟာကို သွားဖတ်ကြည့်လိုက်တော့ အဲ့ဒီဘလော့ဂ်ပိုင်ရှင်ဟာ အန်တီချမ်းဆိုသော ပုဂ္ဂိုလ်တစ်ဦး ရေးထားသော သူ၏ ပါဆင်နယ် ဘလော့ဂ်တစ်ခုဖြစ်တယ်ဆိုတာ သိရပါတယ်။ ကျွန်တော် အန်တီချမ်းဆိုသော ပုဂ္ဂိုလ်ကို မသိဘူးတဲ့အပြင် မကြားဘူးပါ။ ဘယ်မှာသိဘူးသလဲဆိုတော့ လွန်ခဲ့တဲ့ လ အနည်းငယ်က ကျွန်တော့် သူငယ်ချင်း(ညီမလေး) နန်းညီ က ကိုဖိုးသူတော် နဲ့ အန်တီချမ်း ဘယ်လိုဖြစ်ကြတာလဲ ဘာလဲဆိုပြီး မေးကာမှ ကျွန်တော်က ဘာလဲ ညီညီ ဘာဖြစ်တာတုန်း ဘယ်သူလဲ အန်တီချမ်းဆိုတာ ဆိုပြီး မေးယူရပါတယ်။ သူက အဲ့ဒီတော့ ဒီမှာ ဒီပို့စ်ကို ဖတ်ကြည့်ဆိုပြီး လင့်က် တစ်ခု ပေးတယ်။ အဲ့ဒါနဲ့ သွားကြည့်လိုက်တော့ အန်တီချမ်းဆိုသူနဲ့ ဖိုးသူတော် ဆိုပြီး အမည်ခံထားသူ တစ်ယောက် အပြန်အလှန် ရေးထားတာတွေ တွေ့တယ်။ ခေါင်းစဉ်က ဖိုးသူတော်နှင့် ဘာဆိုလား ဗျာ မေ့သွားပြီ။ သိချင်သူများ ရှာဖွေဖတ်ကြည့်။ အဲ့မှာ ရေးထားသော ဖိုးသူတော် အမည်ခံလူက ကျွန်တော် ဖိုးသူတော် နာမည်နဲ့ အင်တာနက် အွန်လိုင်း စာမျက်နှာမှာ ဘလော့ဂ်ရေးမှန်း တခြား လှုပ်ရှားမှုများ လုပ်မှန်း သိပုံ မရလောက်ပါဘူး။

သိသိ နဲ့လုပ်တယ်ဆိုရင်တော့ ကိုယ့် အနေအထား ကိုယ် နားလည်တော့ဗျာ။ ဒီလို နာမည်တူ ကိစ္စများက ပြင်ပ ပရင့်တက် စာပေ မီဒီယာ အသိုင်းအ၀ိုင်းများမှာပါ သူတို့ချင်းချင်း လိုက်ရှင်းနေရတဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ကျွန်တော်က ကဲ... အွန်လိုင်းဆိုတော့ သေချာ သုံးဖူးရင်သိကောင်းမှာပဲ ဆိုပြီး ဘာမှ မလုပ်ပဲ ထားပါတယ်။ ခုလိုမျိုး ကျွန်တော့် ဘလော့ဂ်ဖတ် ပရိတ်သက်က ယုန်ထင်ကြောင်ထင် ဖြစ်ပြီး အထင်လွဲမှုမျိုးကို လုံးဝ လက်မခံနိုင်ပါ။

အဲ့ဒီတော့ ............
အန်တီချမ်းဆိုသူ၏ ဘလော့မှာ ရေးသားနေသော ဖိုးသူတော်။

နောက်ကျွန်တော် Googling လုပ်ပြီး ရှာဖွေတွေ့သော နေပြည်တော်နေ အသက် ငယ်ငယ်လေး ရှိသော ဖိုးသူတော်။

ကျန်သော ကျွန်တော် မသိသေးသော ဖိုးသူတော်များ...

ကိုယ့်ဟာကိုယ် ကြိုက်သလို နာမည်ပေးခွင့် ရှိသည်ဆိုသော်လည်း သူများ ပေးပြီးသားနာမည်ဖြစ်ပါက မတူအောင် ကိုယ့်အတွက် ထူးခြားသော ၀ိသေသ တစ်ခု ထည့်ပါ။ အကယ်၍ ငါက ဒီနာမည်ပေးတာကြာပြီ။ မင်းက ဘယ်တုန်းက ပေးထားလို့ ဒါမျိုးလည်း ဆိုတာတော့ ရှင်းချင်သပ ဆိုသေချာ အတိအလင်း ရှင်းပါ။ ကျွန်တော်ရှင်းပါမည်။ ကျွန်တော် အွန်လိုင်းတွင်ဖိုးသူတော် နာမည်နဲ့ ဘလော့ဂ်ရေးခြင်း အခြားသော အွန်လိုင်းလှုပ်ရှားမှု (activities) များလုပ်ဆောင်နေသည်မှာ သိသူအတော်များများ လည်း သိကြပါသည်။

ဒီလို မျိုးပို့စ် မရေးချင်သော်လည်း နောက်များ ဆိုလျင် ဒီထက်ပိုပြီး ယုန်ထင်ကြောင်ထင် မခံနိုင်ပါ။ ကျွန်တော်က အွန်လိုင်းတွင် profile သာမက Facebook တွင်လည်း ရာ နှင့်ချီသော ဓါတ်ပုံများ တင်ထားသော သူတစ်ယောက်ဖြစ်သည်။ ကျန်သောသူများ ဘာဆိုသည်ကို မသိပါ။ ကျွန်တော် အခါအားလျော်စွာ Google အစရှိသော search engine များတွင် ဖိုးသူတော်ကို မြန်မာလို အင်္ဂလိပ်လို ရှာဖွေပါသည်။ အဲ့သည်မှာ ကျွန်တော် မဟုတ်သော သူများ အထက်တွင် ဖော်ပြသော သူများကို တွေ့ရပါသည်။

ထို့အတွက်ကြောင့် အွန်လိုင်းအင်တာနက်ဆိုသည်မှာ ရေးချင်ရာလုပ်ချင်ရာလုပ်လို့ရသည်ဟုထင်မြင် ယူဆနေသော သူများ အားလုံး သတိပေးလိုပါသည်။ အင်တာနက်ကို တန်ဖိုးရှိစွာ အကျိုးရှိရှိ အသုံးချနေသောကြောင့် ကျန်သော ကိစ္စများကို သိပ် ခေါင်းရှုပ်မခံနိုင်ပါ။ ခင်ဗျားတို့ အနေဖြင့် တနပ်စား တခါလုပ်ရုံဆိုလျှင် တခြားအမည် ပြောင်းလုပ်ပါ။ ဖိုးသူတော်နာမည် မခံပါနဲ့ ။ ဒီနာမည် သုံးချင်လျှင်လည်း ဖိုးသူတော် (xxxxx) ဆိုပြီး ထပ်သုံးဖို့ တိုက်တွန်းပါသည်။ အားလုံးကိုကျေးဇူးတင်နေပါမည်။

ကျွန်တော်၏ ဖိုးသူတော် နာမည်နှင့် ကျွန်တော် မဟုတ်ပဲ ထုတ်ဖော်ရေးသား ပြောဆိုခြင်းများသည် ကျွန်တော် မဟုတ်ပဲ တစ်စုံတစ်ရာ ပတ်သတ်မှုရှိလာသော် ကျွန်တော် မည်ကဲ့သို့ ရှင်းရတော့မည်နည်။ ကျွန်တော်ရှင်းနိုင်မည့် နည်းလမ်းများစွာရှိပါသည်။ သို့သော အဲ့ဒီအတွက် အချိန်မကုန်ခံလိုပါ။ ကျွန်တော် အွန်လိုင်းတွင် လူမှုရေးနှင့်ပတ်သက်သော လှုပ်ရှားမှုများစွာလည်း ရှိပါသည်။ ကျွန်တော်နှင့် ပတ်သက်ဆက်နွယ်သော သူများ အားလုံးသိပါသည်။ ထို့အတွက်ကြောင့် ကျွန်တော် အကြောင်းအကျိုး တစ်စုံတစ်ရာ အကယ်၍ ကျွန်တော်နှင့် တိုက်ရိုက်မပတ်သက်ပါက မဖြေရှင်းချင်ပါ။ အတက်နိုင်ဆုံး တောင်းပန်ပါသည်။ နာမည်တူ ကိစ္စကို နည်းနည်းများ ဂရုစိုက်ကြပါ။ ကိုယ်က သဘောကျလို့ ပေးလိုက်ပေးမယ် သူများက ဒီနာမည်သုံးပြီး ဘာတွေလုပ်ဆောင်နေသလဲ ဆိုတာ အင်တာနက်တွင်အလွယ်တကူ ရှာနိုင်ပါသည်။

အန်တီချမ်းဆိုသူလည်း ကျွန်တော်ဟာ ဖိုးသူတော် ဆိုသော ဘလော့ဂ်ဂါတစ်ဦးဟု သိမည် မထင်ပါ။ သိလျှင်လည်း ကျွန်တော်သည် သူ့အား ကွန့်မန့်လာလာရေးနေသော ဖိုးသူတော် ဟုထင်ပါမည်။ သူပေးသော ကွန့်မန့်၏ အီးမေးလ် တွင်သေချာကြည့်ပါ ကျွန်တော် ကြည့်လိုက်ပါသည်။ ကျွန်တော့် မေးလ် လိပ်စာမဟုတ်ပါ။ နားလည် သဘောပေါက်စေလိုပါသည်။

ဖိုးသူတော် ကိစ္စများကို ရှင်းရှင်းလင်းလင်း သိစေလိုပါသည်။ တောင်ဝှေးလဲရင် ဖိုးသူတော်ထူနိုင်သည်။ ဖိုးသူတော် လဲပါက တောင်ဝှေးမထူနိုင်ပါ။


အားလုံး မုဒိတာပွား နားလည်သဘောပေါက်နိုင်ကြပါစေ။

ကျွန်တော့် အသိမိတ်ဆွေအများ သူငယ်ချင်းများခေါ်သော ဒါ့အပြင် မသိသေးသူများ ထပ်မိသိရန် ကျွန်တော် အမည်များ ရေးပေးပါမည်...

ဖိုးသူတော် ၊ သူတော်လိမ် ၊ ကီးစိန်

သင်တို့အားလုံး၏

ဖိုးသူတော် (၅.၁၂.၂၀၀၉)
Myanmar Blogger Society
၁ နာရီ ၄၅ မိနစ်

Thursday, November 5, 2009

ပင်လယ်အပြုံး


ပင်လယ်အပြုံး....

ညနေခင်းဟာ ပယင်းရောင်တောက်နေတယ်
မင်းရဲ့အရိပ်ကိုလည်း မသည်းမကွဲမြင်နေရတယ်
ဟူး....ရွှေရည်တွေလွှမ်းခြုံထားတော့
ရင်မှာမူးဝေပြီပေါ့...။

တမြန်နေ့က တွေ့ခဲ့တဲ့ ချစ်သူရေ
ပြာနှမ်းနှမ်းပင်လယ်လို မရူးချင်ပါနဲ့
စိတ်ရှိတိုင်းသာ ရွက်လွှင့်မယ်ဆို
နောဧရဲ့လှေကို မှီတောင်မှီဦးမယ်
လမ်းပြကြယ်ကိုတော့ ကြည့်ထားဦး....။

ဂီတသံစဉ်ရဲ့ ပျော်ဝင်ပေါင်းစည်းမှု
တစ္ဆေအော်သံလို တဟူးဟူးမြည်ဟီး
ပင်လယ်ဟာကြမ်းပါတယ်ဆို
ဘာလို့ ဒုတ်ကိုခုန်တိုးချင်တာလဲ
လိမ္မာပါ ခွေးကလေးရယ်...။

ငါတို့ဟာ ပုစ္စုပန်မှာပဲ ပျော်သူတွေ
ကမ္ဘာပျက်မယ်ဆိုတဲ့ ရူးနှမ်းနှမ်းစကားကို
ရေခဲနဲ့ ရေသန့်လောက် မပြောဖြစ်ဘူး
တစ်ခါတစ်လေ ကြယ်ကြွေတာမြင်ရင်တောင်
ဆုတောင်းဖို့မေ့နေသူတွေ...။

မိုးလင်းလို့ မျက်စိဖွင့်ရသေးရင်
ငါ့ကမ္ဘာမပျက်သေးဘူး...
အပြုံးတွေကို လက်မခံချင်တော့ဘူးကွာ...
ဘာဖြစ်လို့လည်ဆိုတော့ ချိုချင်ယောင်ဆောင်နေတဲ့
ဓာတုဆေးထိုး အပြုံးတွေလေ...

ငါ့မနက်အလင်း အပြုံးကို
သဘာဝပဲ ဖြစ်ချင်တာပေါ့...
တနေ့တာ လူလောကထဲ
သဘာဝ အပြုံးတစ်ခုနဲ့ပဲဝင်ပါ
ကျန်တာတွေ အလိုလို လတ်ဆက်လာမှာပေါ့....

မိန်းခလေးရေ...
ပင်လယ်ကို မကိုးကွယ်နဲ့...
ပြာနှမ်းနှမ်းနဲ့ တည်ငြိမ်ချင်သယောင်...
ကမ္ဘာကိုတောင် အန်တုချင်သေးတာ...
ငါ့ပယင်းခွက်ထဲက ရွှေရည်လိုတော့
သူ ဟန်မဆောင်တက်သေးဘူး

တကယ်တော့ ......
ပင်လယ်ရဲ့ အပြုံးမှာ
သူငါတွေ ကျရှုံးတာများနေပြီ...
ပင်လယ် ပင်လယ်
အပြုံးတုတစ်ခုရဲ့ ရီသံ...
ဟိုး............အဆုံးမှာ....
လှိုင်း လှိုင်း လှိုင်း လှိုင်း.....။ ။

ဖိုးသူတော်
၅.၁၁.၂၀၀၉

၁၂ နာရီ ၅၂ မိနစ်။



Photo source : Internet