Friday, April 18, 2008

တစ်ယောက်သောသူ

ဒီရင်မှာ မြိုသိပ်ထားတဲ့ ချစ်ခြင်း
ဖွင့်ဟပြောဖို့ မသင့်တော်လို့
ဆက်လက်သိမ်းထားဦးမယ်
တိတ်တခိုး ချစ်သူရယ်...

ခင်မင်နေတဲ့ သံယောစဉ်
ငါ့ကြောင့် တစ်ခုခု ညစ်နွမ်းသွားမယ်ဆို
ဒီချစ်ခြင်းကို ရင်မှာ သိမ်းဆည်း
အဖြူရောင် သံယောစဉ်ကိုပဲ
ဆက်လက်ပေးသွားပါ့မယ်....

အချစ်ဆိုတာလည်း အဆန်းသား
ဖြည်းဖြည်းလေး ၀င်လာပြီး
ဗြုန်းကနဲ ထပေါ်
ငါ့မှာ ရုတ်တရက် လန့်သွားတယ်
အဲ့ဒါ မင်းကို ချစ်နေပီတဲ့..........

Thursday, April 17, 2008

သတိရနေတယ်

ညက လသာတယ်

လကိုကြည့်လိုက်တော့ တိုးတိုးလေးပြောတယ်

နင်ဟိုးဝေးဝေးမှာ ရှိတယ်

သူလဲကြည့်နေတယ်တဲ့

ဒါဆို ကိုယ်စား သူ့အား ပြောပေးပါ..

သတိရနေတယ်လို့...

နှစ်သစ်ဆုတောင်း

မင်္ဂလာရှိသော နှစ်သစ် အခါသမ သို့ရောက်ရှိလို့လာပြန်ပါပြီ။ ၁၃၇၀ ပြည့်နှစ် တွင် မြန်မာပြည်သူ ပြည်သား အပေါင်း ကျမ်းမာရွှင်လန်း ဘေးဘယာတွေ ကင်းဝေး ကြပါစေလို့ တောင်းဆု မေတ္တာပို့သ ပါတယ်။

ကမ္ဘာသူ ကမ္ဘာသားတွေလည်း ကျမ်းမာရွှင်လန်း အေးချမ်းပါစေ။

အားလုံးသော စစ်ပွဲများလည်း ရပ်တန့်ပြီးဆုံးပါစေ။ နိုင့်ထက်စီးနင်း လုပ်ကိုင်မှုများ လည်း ပပျောက်ပါစေ။ လက်နက်အားကိုး အနိုင်ကျင့်မှုများလဲ ပပျောက်ပါစေ။ အေးချမ်းသာယာ ပါစေ။ အမြင်တွေ ပွင့်လင်းပါစေ။ အတွေးတွေ ဆန်းသစ်ပါစေ။ ကောင်းကျိုးမင်္ဂလာ အဖြာဖြာ ပြည့်ပါစေ..............

ဖိုးသူတော်

Saturday, April 12, 2008

သင်္ကြန်အတွေး

အချိန်ကာလကတော့ သင်္ကြန်ကျပြီ ပေါ့လေ.. လမ်းပေါ်မှာလည်း သင်္ကြန်သီချင်းသံ တွေက ပျံ့လွင့်လို့ နေပါတယ်။ ကျွန်တော်တို့ မြန်မာတွေမှာ ၁၂ လရာသီမှာ ပွဲတော်တွေကလည်း ၁၂ လ လုံးလုံးကို ရှိနေပါတယ်။ ပွဲကြိုက်တဲ့ လူမျိုးတွေကိုး။ ဒီ..ပွဲတော်တွေထဲမှာမှ သင်္ကြန်ပွဲတော်ဆိုတာ ပျော်စရာအကောင်းဆုံးပါ။ တွေးစရာလေးတွေလည်း နဲနဲတော့ ရှိပါတယ်။ ဒါက သင်္ကြန်နဲ့ ပတ်သက်တဲ့ အတွေးတွေပါ။ ပွဲတော်ဖြစ်ပေါ်လာရခြင်း သမိုင်းအချက်အလက်တွေတော့ ရှိလိမ့်မယ်လို့ ယူဆပါတယ်။ ဒီပွဲတော် ကျင်းပရခြင်းက လည်း စဉ်းစားစရာကောင်းပါတယ်။ ပျော်စရာ လည်းကောင်းပါတယ်။

ပျော်စရာကောင်းတာကတော့ အားလုံးသိကြတဲ့ အတိုင်း ပျော်ကြရလို့ ဖြစ်ပါတယ်။ အဲ..စဉ်းစားစရာ တွေးစရာလေးကတော့ ဒီလိုပူပျင်း ခြောက်သွေ့တဲ့ ရာသီမှာ ဒီလိုမျိုးပွဲတော် ဘာကြောင့် ကျင်းပကြရသလဲ ဆိုတာပါ။ ကျွန်တော့် အမြင်ပြောရရင် ရာသီဥတု ပူပြင်းတဲ့ အတွက်ကြောင့် လူတွေရဲ့ စိတ်ဓာတ်တွေ မလန်းဆန်း မတက်ကြွ ဖြစ်နေမယ်။ အဲ့ဒါကို တက်ကြွလန်းဆန်းအောင် ရေအေးနဲ့ ပတ်ဖြန်းပြီး အတီးအမှုတ် အကတွေနဲ့ ပြုလုပ်ပျော်ရွှင် ဆင်နွှဲကြခြင်း ဖြစ်မယ်လို့ ယူဆမိပါတယ်။ ဟိုးရှေးရှေး ကတည်းက တစ်ဦးနဲ့ တစ်ဦး ရေပတ် ဆော့ကစားကြရင်း ပွဲတော်ကို ဆင်နွှဲကြပါတယ်။ အဲ့ဒီလို ရေပတ်ဆော့ကစားတဲ့ အလေ့အထကို ရှေး ပုဂံပြည်မှာ ရှိတဲ့ ဘုရင်တွေ လက်ထက်ကတည်းက အခမ်းအနားများနဲ့ ပြုလုပ်ဆင်နွှဲကြတယ်လို့ မှတ်သားဖူးပါတယ်။

ရှေးအခါသမယက သင်္ကြန်ပွဲတော်ကို ဘယ်လိုပျော်ရွှင်စွာ ကျင်းပခဲ့သလဲ ဆိုတာတော့ ကိုယ်လည်းမမြင်ဘူးလို့ မသိပါဘူး။ သမိုင်းဆိုင်ရာ စာအုပ်တွေထဲမှာတော့ ရှိကောင်းရှိပါလိမ့်မယ်။ ဒီလိုနဲ့ ခေတ်အဆက်ဆက် နှစ်တွေ ပြောင်းလာလိုက်တာ ကျွန်တော်တို့ ဒီဘက်ခေတ်မှာ ရေကစားပျော်ပွဲ ဆင်နွှဲကျင်းပ တာပုံစံတွေ ပြောင်းလဲလို့ လာကုန်ပါပြီ။ ကျွန်တော်တို့ မိဘတွေ ခေတ်တုန်းက အလှပြ ရေသဘင် ကားကြီးတွေနဲ့ နေ့မှာ လမ်းမကြီးတွေမှာလိုက်လံ ဖျော်ဖြေပြီး ညပိုင်းတွေမှာတော့ ရပ်ကွက် လမ်းတွေထဲမှာ လည့်လည်ဖျော်ဖြေတယ်လို့ ကြားနားမှတ်သားဘူးပါတယ်။ အဲ့လိုမျိုးဖျော်ဖြေမှုတွေကို ရုပ်ရှင်ထဲမှာတော့ ကြည့်ဖူးပါတယ်။ သင်္ကြန်မိုးဇာတ်ကားမှာပါ။ ဒီဘက် ကျွန်တော်တို့ ခေတ်မှာ မရှိတော့ပါဘူး။ ဒါပေမဲ့ မန္တလေးမြို့ မှာတော့ ဒီလိုအလေ့အထမျိုး ရှိကောင်းရှိဦးမှာပါ။ (မန္တလေးမှ ညီအကို မောင်နှမ သူငယ်ချင်းများ အဲ့လို ကားကြီးနဲ့ လျှောက်က တာ ရှိသေးလားမသိ)။

သင်္ကြန်ယိမ်းတို့ ဘာတို့ကတော့ မြို့တော်ဝန် မဏ္ဍပ်နဲ့ မဏ္ဍပ်အနည်းငယ် မှာပဲရှိပါလိမ့်မယ်။ ကျန်ရေကစားမဏ္ဍပ် အများစုကတော Dancer တို့ DJ တို့တွေနဲ့ မြူးမြူးကြွကြွ တွေများပါတယ်။မြူးကြွကောင်းတဲ့ အရွယ် လူငယ်တွေ အများစုပါတယ်ဆိုတော့ သူ့ခေတ်သူ့အခါနဲ့ လိုက်ပါတယ်.. မြူကြွတဲ့ အခွေတွေလည်းထွက်တယ်.. ဟိုလူတွေက Remix လုပ်လိုက်…ဒီလူတွေက လုပ်လိုက်နဲ့တော့ ၀ယ်ရတာမော.. အဲ့ ကောင်းပါတယ်..

ပျော်မြူးကြတယ်ဆိုတဲ့ အထဲမှာ အပျော်ကျူးပြီး မူးတာ ရမ်းတာတွေကို ခုခေတ်လူငယ်တွေ သိဖို့လိုတယ်။

ပျော်ကြပါးကြတယ်ဆိုတဲ့ နေရာမှာ အပျော်လွန်ကဲ ထင်တိုင်းကြဲရင် မကောင်းပါဘူး။ ကိုယ့်အတွက် မကောင်းသလို ကိုယ့်ဘေးပတ်ဝန်းကျင် အတွက်လည်း မကောင်းပါဘူး။ သင်္ကြန်တွင်း ၀တ်စားဆင်ယင်မှု နဲ့ ပတ်သက်လို့ကတော့ အထွေအထူး မပြောချင်ပါဘူး။ ပြောလို့လဲ မရဘူးကို။ (ပြောပြန်ရင်လည်း ဆရာကြီးလား ဘာလားဆိုပြီး လာဦးမယ်) အထူးသဖြင့် ကတော့ အမျိုးသမီးလေးတွေ ကိုပြောချင်တာပါ။ ဒီဇိုင်းအနေနဲ့ က ဆန်းသစ်ပါ။ ဒါပေမဲ့ ကိုယ်ခန္ဒာ လုံခြုံမှုကိုတော့ ဂရုပြုသင့်ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်း နဲ့ ကမ္ဘာပြား ဖြစ်စဉ်တွေကို နားလည်ပေမဲ့ ယဉ်ကျေးမှုနှင့် လူမျိုးကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ မြန်မာလူမျိုးတွေပါ။ ဒါကြောင့် နဲနဲတော့ ကိုယ့်ယဉ်ကျေးမှုလေးရှိသင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် အတိုင်းထက်အလွန် ၀တ်စားမယ်ဆိုရင် ဘာပဲပြောပြောမကောင်းပါဘူး။ ကိုယ့်အတွက်မကောင်းသလို ကိုယ့်အသိုင်းအ၀ိုင်း အတွက်လည်းမကောင်းပါဘူး

သိကြတဲ့ အတိုင်း ဒီနေ့ခေတ်ကြီးက အင်တာနက်ခေတ်ကြီးဆိုတော့ ကိုယ့်အနေအထိုင် အ၀တ်အစားလေးနဲနဲမှားရင် နောက်တနေ့ဆို ဆိုသလို ကံမကောင်းရင် အင်တာနက်မှာ ပါလာနိုင်ပါတယ်။ ဒီအတွက် အနည်းငယ်ဆင်ချင်စေ လိုပါတယ်။

အားလုံးပဲ မြန်မာရိုးရာသင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲပါဝင်စေလိုပါတယ်။ နှစ်သစ်မှာလည်း အားလုံး ဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်ကြပြီး ကျမ်းမာပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ဖိုးသူတော်၏ ကိုယ်ပိုင်ရေးအတွေး ဖြစ်တဲ့အတွက် ဖတ်ပြီး စိတ်အနှောက် အယှက် ဖြစ်ရင် တောင်းပန်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Tuesday, April 8, 2008

Happy Birthday ko gout

ဘလောက်ဂါ ဘာလာဂေါက် ခေါ် ကိုဂေါက်၏ ၂၈ နှစ်မြောက်မွေးနေ့ မင်္ဂလာဖြစ်ပါသည်။

ကျွန်တော်၏ သူငယ်ချင်း ကိုဘလာဂေါက် ၂၈ နှစ်မြောက်မွေးနေ့မှ သည် နောက်နှစ်ပေါင်း များစွာ ပျော်ရွှင်ချမ်းမြေ့စွာ နဲ့ ဘ၀ လမ်းကို လျှောက်လှမ်း နိုင်ပါစေ။ ခင်ဗျား စိတ်ကူးတွေ လည်း အကောင်အထည်ဖော်နိုင်ပါစေဗျာ..

ဖိုးသူတော်

Saturday, April 5, 2008

ကိုယ်တို့ရဲ့လမ်း

ကိုယ်တို့ရဲ့လမ်း

မနက်ခင်းမှာ ငှက်တသင်းက..

တေးဆိုတယ် အချစ်ရယ်..

လေအဝေ့မှာ ငုပန်းလေးတွေ

ကြွေကြလာတယ် အချစ်ရယ်..

လိပ်ပြာစုံတွဲ တူယှဉ်တွဲလို့..

ဥယျာဉ်ထဲမှာ ပျံဝဲနေတယ် အချစ်ရယ်..

ငုဝါပန်းတွေ လှိုင်လှိုင်ပွင့်လို့..

ပိတောက်ပန်းကို ကြိုနေကြတယ် အချစ်ရယ်..

ကိုယ့်လက်ကို ခိုင်ခိုင်တွဲလို့..

ဘ၀လမ်းကို လျှောက်လှမ်းမယ် အချစ်ရယ်…

ဖိုးသူတော်

သံယောစဉ်လမ်း

သံယောစဉ်လမ်း

လမ်းလေးပေါ် ငါလျှောက်ခဲ့တယ်..

တလှမ်းချင်း တလှမ်းချင်းပေါ့..

ဟော..လမ်းလေးက

ညာဘက်ကွေ့သွားတယ်

ငါလည်းသူ့အတိုင်း လိုက်ကွေ့ရတာပေါ့…

ဟော….လမ်းလေးက

ပြေပြေလေး ဆင်းသွားပြီ..

ငါလည်းပြေပြေလေး လိုက်ဆင်းရတာပေါ့..

ဒီလမ်းလေးပေါ် ငါပျော်မွေ့တယ်..

ဒီလမ်းလေးကို မဆုံးစေချင်ဘူး..

ဖြစ်နိုင်ရင် တသက်လုံး..

ဒီလမ်းလေးပေါ် ငါလျှောက်ချင်တယ်..

အို….လမ်းလေး…

ဖိုးသူတော်

Thursday, March 27, 2008

ချစ်ပန်းကုံး

ချစ်ပန်းကုံး
ချစ်တာကို စီကုံးလို့ သီပြပါဆို
ဒီအချစ်ပန်းကုံး ကြယ်စင်ဆုံးထိ...

ချစ်သူကို ဒီပန်းကုံး
ကြယ်စင်ဆုံးမှ ယူပေးချင်လို့..

မသေမချာ အလင်းနှစ်တွေကြား
သေသေချာချာ ကိုယ်အရောက်သွားမယ်
ကြယ်ချစ်သူရယ်
လိုက်ခဲ့ပါလား..

Wednesday, March 12, 2008

အတွေးအမြင်များ


အလှ
ကျွန်ုပ်ဆုတောင်းပါ၏။
အို-ဘုရားသခင်၊
ကျွန်ုပ်၏ အတွင်းစိတ် လှပ ပါစေသား။
ဆော့ခရတ္တိ

အချစ်
အရွယ်ရောက်ပြီးစနှင့် အိုမင်းသောအရွယ်ကြားတွင်
အချစ်သည်အဆင့် (၃)ဆင့်ကို ဖြတ်သန်းရ၏။
မင်းအလှကို ငါချစ်တယ်။
မင်းစကားကို ငါချစ်တယ်။
မင်းအလုပ်ကို ငါချစ်တယ်။
တချို့လူများကတော့ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် တတိယအဆင့်သို့ ကြိုး
ပမ်းအားထုတ်ခြင်းမရှိရ ပဲရောက်သွားကြ၏။ တချို့ကား ပထမအဆင့်အတွက်
ဆွဲဆောင်နိုင်သောအရွယ်လွန်သွားကြသော်လည်း ထိုအဆင့်မှာပင်
နစ်မြဲနစ်နေကြလေ၏။
လိုရက်ကာဝူဒက်
R.D ဖေဖော်ဝါရီ ၁၉၈၇
သိုး
သိုးများသည် ဘယ်တော့မှ မော့မကြည့်ပဲ မြက်များကိုစားရင်းစားရင်း
လမ်းလျှောက်ကြသည်ဟုဆို၏။
ထိုစကားလေးသည် ကျွန်တော်တို့အားလုံးအတွက်လည်းမှန်သည်။
ကျွန်တော်တို့လည်း မျက်စိရှေ့မှောက်ကိစ္စများကိုသာ အာရုံစိုက်ကြကုန်၏။
ဘ၀ကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် မကြည့်တက်တော့ပေ။
ဒိုနေးလ်ဘစ်ဘာရာ
R.D ဖေဖော်ဝါရီ ၁၉၈၇


တွေးစရာ
အောင်မြင်ခြင်းက လူကိုအချည်းအနှီးဖြစ်စေသည်။ အတ္တကြီးစေသည်။
ကိုယ့်ဖို့သာ ကြည့်စေသည်။ ထို့ကြောင့် အောင်မြင်ခြင်းက လူကို ဖျက်ဆီး
သည်ဟု လူအများက ထင်မြင်ကြ၏။ ယင်းအယူအဆကား မှားပေသည်။
ယင်းနှင့်ဆန့်ကျင်ဘက် အောင်မြင်ခြင်းက လူကိုများသောအားဖြင့် နှိမ့်ချစေ၏။
သည်းခံစေ၏။ ကြင်နာစေ၏။ လူအများ ခါးခါးသီးသီး
ရိုင်းစိုင်းကြမ်းကြုတ်လှသည်မှာ ကျဆုံးမှုကြောင့်သာဖြစ်လေ၏။
ဆမ်မားဆက်မော်မ်
R.D ဖေဖော်ဝါရီ ၁၉၈၇



အရွယ်
ကျွန်တော်တို့ မျက်နှာပေါ်မှာ ပါးရေနားရေ တွန့်ချင်တွန့်ပါစေ။
နှလုံးသားကိုတော့ ပါးရေနားရေ မတွန့်ပါစေနှင့်။
စိတ်ဓာတ်ဟူသည် အိုမင်းမသွားသင့်ပေ။
ဂျိမ်းအေဂါဖီး

ဘ၀မှာ အောင်မြင်ဖို့ နည်းကလေးတစ်ခုကတော့ ခင်ဗျားစားချင်တဲ့ အစာကိုစားလိုက်ပါ။ ပြီးတော့ အဲဒီ အစာက ၀မ်းထဲမှာ မတည့်တာ မဖြစ်ရအောင် ရောဂါကို တိုက်ခိုက်စေဖို့ပါပဲ။

( ရှေးခေတ် အမေရိကန်ဟာသစာရေးဆရာကြီး မာ့ခ်-တွိန်း)

အိပ်မက် မက်ဝံ့သူများ (၄)

“စပိန်ဆိုဖာတစ်လုံးကို အကြောင်းပြု၍ ”

၁၉၉၀-ပြည့်နှစ်က ဂီနာအယ်လစ်(၂၉)နှစ် နှင့် သူမ၏ခင်ပွန်း ဘီလ်(၃၄)နှစ်တို့သည် လောစ့်အိန်ဂျယ်လစ်မြို့၌ အေးချမ်းစွာ နေထိုင်ခဲ့ကြ၏။ သူမက ဟိုတယ်အုပ်ချုပ်ရေးမှုးဖြစ်ပြီး ခင်ပွန်းသည်က ကြော်ငြာအေဂျင်စီ တစ်ခုတွင် ညွှန်ကြားရေးမှုးဖြစ်သည်။ ဂီနာမှာ သားဦးမွေးဖွားရန် ကိုယ်ဝန်အရင့်အမာ ရှိနေ၏။
ဒီဇင်ဘာ လလယ်လောက်တွင် ဘီလ်အား ကြိုတင်သတိပေးခြင်း မရှိပဲသူ၏ ကြော်ငြာအေဂျင်စီက အလုပ်ဖြုတ်ပစ်လိုက်၏။ ခရစ္စမတ်ပွဲတော်ကို မိမိတို့ပျော်ရွှင်စွာ မဆင်နွှဲနိုင်တော့မည့် အဖြစ်ကို တွေးလိုက်မိတော့ ဂီနာ ခါးသီးနာကျည်းသွား၏။ စိတ်အပြောင်းအလဲ ဖြစ်စေလိုသောသဘောဖြင့် စပိန်နိုင်ငံတွင် တစ်ခါက မြင်ခဲ့ဘူးသော “ဆိုဖာ” တစ်လုံးနှင့် ပတ်သက်သည့် ပန်းချီပုံကြမ်းများကို လေ့လာနေကြ၏။ ရေဆေး၍ရသော ဆိုဖာအဖုံးမှာ ရာသီအလိုက် ပြောင်းလဲ တပ်ဆင်အသုံးပြုနိုင်သဖြင့် ထိုဆိုဖာပုံစံက ဆွဲဆောင်မှုရှိ သလောက် လက်တွေ့အသုံးဝင်လှသည်။ သို့သော် အမေရိကန်နိုင်ငံတွင် ယင်းဆိုဖာမျိုးကို သူတို့ ရှာမတွေ့ကြချေ။ ထို့ကြောင့် စပိန်နိုင်ငံသို့လှမ်းမှာ ပြီးဆိုဖာတစ်လုံး ၀ယ်ယူလိုက်ကြ၏။ ယင်းဆိုဖာကို မိတ်ဆွေများကလည်း နှစ်သက်ကြသည်။ သူတို့ဇနီးမောင်နှံတွင် အခြားပရိဘောဂ ပစ္စည်းအသုံးအဆောင်များ၏ ပန်းချီပုံကြမ်းများလည်း ရှိနေကြ၏။ ယင်းပန်းချီကားချပ်ကို ဘီလ်က တစ်ချက်လှမ်းကြည့်ပြီး “အဲဒါဘာတွေလဲဆိုတာ မင်းသိပါတယ်နော်၊ ဒို့များဒါတွေ လုပ်ရောင်းရင် ရမှာပဲ” ဟုဇနီးဖြစ်သူအားပြောလိုက်၏။
ဘီလ်၏ အပြောကြောင့် ဂီနာအားတက်သွား၏။ “ကျွန်မတို့မှာ အိမ်ဂရံ စတော့ရှယ်ယာ ၀ယ်ထားတာရှိသားပဲ”
နောက်တစ်ပတ်အကြာတွင် အိမ်ဂရံဖြင့်ငွေချေးပြီး Quatrine Washable Furniture အမည်ဖြင့် ပရိဘောဂ လုပ်ငန်းတစ်ခု တည်ထောင် လိုက်ကြ၏။ ဆိုင်ခန်းနေရာ ကလေးတစ်ခုကို ငှားကာ ပရိဘောဂ ဆရာအား ပထမအသုတ်အဖြစ် ကုလားထိုင်နှင့် ဆိုဖာ (၅)လုံးတည်ဆောက်ခိုင်း၏။ “ရှုံးသွားရင်လည်း နောက်တစ်ကြိမ် ပြန်လုပ်တာပေါ့” ဟု သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် အားပေးလိုက်ကြ၏။
ဆိုင်သို့ လာသူတိုင်းကပင် ပရိဘောဂများကို ချီးမွမ်းသွားကြလေ့ရှိ၏။ သို့သော် ဈေးကြီး လှသည် ဆို၏။ ထို့ကြောင့် ၃-လကြာသည့်တိုင် ကုလားထိုင် တစ်လုံးမျှ မရောင်းရသေးချေ။ သမီးလေး နီနာကိုပင် မွေးဖွားခဲ့ပြီးဖြစ်၏။ သူတို့၏ စားဝတ်နေရေး အတွက်အကြွေးကတ်ပြားများပေါ်တွင် မှီခိုရပ်တည်နေကြရ၏။ ရင်သွေးမွေးမြူစောင့်ရှောက်ရေးကိုလည်း သူတို့ပြန်မကြည့်နိုင်ကြတော့။ နီနာကလေးအား ဆိုင်ကောင်တာ နောက်တွင် လှည်းကလေး တစ်လုံးထဲ ထည့်ပြီး သိပ်ထားရ၏။
“ငါတို့ တစ်ခုခုတော့ မှားခဲ့ပြီ ထင်တယ်” ဟု တစ်ညနေ ဆိုင်သိမ်းရင်း ဘီလ်က ဆို၏။
“မမှားဘူး၊ အခွင့်အရေးကို မယူခဲ့ရင်သာ ကျွန်မတို့ အမြဲတမ်း နောင်တ ရနေမှာ” ဟု ဂီနာက ပြန်လည်နှစ်သိမ့်၏။
ရက်အနည်းငယ် အကြာတွင် ခေတ်ဆန်ဆန် အမျိုးသမီးတစ်ယောက် ဆိုင်ထဲသို့ ၀င်လာ၏။ အကောင်းဆုံး ပရိဘောဂများကို စိတ်ကြိုက်ရွေးပြီးနောက် အမျိုးသမီးက ဒေါ်လာ ၁၄၀၀၀ တန် ချက်လက်မှတ်တစ်စောင် ထုတ်ပေး၏။ ၀ယ်သူအမျိုးသမီး ထွက်သွားသည်နှင့် ဂီနာက ချက်လက်မှတ်ကို ခင်ပွန်းသည်အား ပေးအပ်လိုက်၏။ “အမျိုးသမီး စိတ်မပြောင်းခင် ဘဏ်ကို မြန်မြန်သွားလဲလိုက်” ဟု ဂီနာက ဆို၏။
ကြွေးရှင်များအား ငွေအနည်းငယ် ပေးဆပ်ခြင်းဖြင့် သက်သာရာ ရရှိသွားကြ၏။ ထို့ပြင် ဈေးနှုန်း သင့်တင့်သော ပရိဘောဂ ပစ္စည်းများထပ်မံ မှာယူလိုက်ကြ၏။ နွေရာသီ အရောက်တွင် ပရိဘောဂ အသစ်များ စတင်ရောင်းချနေရ တော့၏။
နောက် ၂-နှစ်အကြာတွင် ဒက်ထရွိက်မြို့ ဆင်ခြေဖုံးအရပ်သို့ ပြောင်းရွှေ့သွားကြ၏။ ဘ၀မှာလည်း ပိုမို တည်ငြိမ်လာ၏။ ယင်းသို့ ဆိုင်ပြောင်းပြီး မကြာမီအချိန်အတွင်း မှာပင် သူတို့ထံ အမှာစာများ ပိုမိုရောက်ရှိလာကြ၏။ သူတို့ ရောင်းနိုင်အားထက်ပင် အမှာစာများက သာလွန်နေသေး၏။ ယနေ့အချိန်တွင် ဒါးလတ်စ်၊ ချီကာဂို၊ ဒင်ဗာ စသောမြို့များအထိ ဆိုင်ခွဲများ တို့ချဲ့ဖွင့်လှစ်ထားရပြီး တစ်နှစ်လျှင် ဒေါ်လာ ၅-သန်းကျော်ဖိုး ရောင်းနေရ၏။
မရေမရာ နိုင်လှသော မိမိတို့ ဘ၀အစကို ပြန်လှည်အမှတ်ရတိုင်း ဂီနာ တစ်ခါ တစ်ရံ ငိုကြွေးမိ၏။ “ဒါပေမဲ့ ဘီလ်သာ အလုပ်မပြုတ်ခဲ့ရင် ကျွန်မတို့ မိသားစု အခုလို အခြေအနေမျိုး ရောက်လာမှာ မဟုတ်ဘူး” ဟု ပြန်လည်ဖြေသိမ့် လိုက်လေ့ရှိ၏။ ဒုက္ခအခက်အခဲ များက သူတို့ကို သင်ခန်းစာတစ်ခုပေးခဲ့၏။ ယင်းသင်ခန်းစာကို အောင်မြင်သော လုပ်ငန်းရှင်တိုင်း လည်းသိထားကြ၏။ ယင်းမှာ အခြားမဟုတ်။ “စွန့်စားမှ အကျိုးအမြတ် ခံစားရနိုင်မည်” ပင်ဖြစ်ပါသည်။