Saturday, January 24, 2009

ခဲရောင်မှော်ကြိုးလေး

ခဲရောင်မှော်ကြိုးလေး

အချိန်က ညီအစ်ကို မသိတသိ ကိုလွန်၍ အမေ နဲ့ သမီး ကွဲကွဲပြားပြားပင် မမြင်ရတော့ သော အချိန်ကိုရောက်နေပြီဖြစ်သည်။ သို့သော် ၄ ပေမီးချောင်း တစ်ချောင်း၏ မီးရောင်သည် နေရာကွက်ကွက် ကလေးပေါ်သို့ ယှက်ဖြာ ကျဆင်းနေသောကြောင့် ၀န်းကျင်လေးကို အနည်းငယ်မြင်နေရသည်။ လူမနေသည်မှာ လအတော်အတန် ကြာနေပြီဖြစ်သော အိမ်တစ်လုံး ၏ အနီးသို့ ထိုမီးရောင်လေး ကို အားပြုပြီး လူငယ် နှစ်ဦး ချဉ်းကပ်လာနေသည်။ သူတို့ ၂ ဦးတွင် ကြီးမားသော အကြံရှိလေသည်။ လူငယ်တစ်ဦး ၏ လက်ထဲတွင် အသက်ငင်နေသော ဓာတ်မီး တစ်လက်ရှိပြီး နောက်လူငယ်တစ်ဦးမှာ စာအုပ်တစ်အုပ် ခါးကြားတွင်ညပ်ပြီး ၈ ပေ ခန့်ရှည်သော လှေကား ကို မကာ မှောင်မဲ တိတ်ဆိတ်နေသော အိမ်ခန်းအတွင်းသို့ နောက်ဖေး ပေါက် မှ တိုးဝင်သွားလေသည်။

အခန်းထဲတွင် ဖျော့တော့သော ဓာတ်မီးရောင် ဖြင့် ဟိုဟိုဒီဒီ ထိုးကြည့်ပြီးနောက် မီးလုံးလေး တစ်ပွင့်ကို တွေ့မြင်လိုက်ရသည်. သည်မှာတွင်ပင် လူမနေသော အိမ်လေးမှာ မီးလုံးလေး အလင်းရောင်ဖြင့် တဖြည်းဖြည်းမြင်စ ပြုလာလေသည် ထို အိမ်ထဲတွင် လူငယ်လေးများ အလိုရှိသော ထူးဆန်း၍ အံ့ဩဖွယ်ကောင်းသော ကမ္ဘာကြီး တစ်ခုလုံးနှင့် ဆက်သွယ်နိုင်သော ခဲရောင် မှော်ကြိုးလေး တစ်ချောင်းရှိသည်။ လူငယ်လေး၂ ဦးမှာ ဤကြိုးလေးအတွက် ယခု ကဲ့သို့ စွန့်စားရောက်ရှိလာ ခြင်းဖြစ်သည်။

ထိုမှော်ကြိုးလေးသည် အခန်းငယ်လေး တစ်ခု အတွင်းတွင် အထက်မျက်နှာကျက်ဆီ မှ တွဲလောင်းကြနေသည်ကို မြင်လိုက်သည်နှင့် တပြိုင်နက် လှေခါး ပါလာသော လူငယ်သည် မျက်နှာကျက်လူဝင်ပေါက် အောက်တဲ့တဲ့တွင် လှေခါးကို ထောင်လိုက်သည်။ ထို့နောက် ဓါတ်မီး ကိုင် လူငယ်သည် လှေကားမှတဆင့် မျက်နှာကျက်လူဝင်ပေါက်မှာ ၀င်သွားကာ မှော်ကြိုးလေးကို အပြင်သို့ တဖြည်းဖြည်း ဆွဲထုတ်လာလေသည်။ အပြင်သို့ ကြိုးလေး ရောက်လာသောအခါ ကြိုးလေသည် ပေ ၂၀ နီးပါး မြင့်သော ဓါတ်တိုင်၏ အပေါ်တွင် ခွ၍ တင်ထားသောကြောင့် လှေကားနှင့် လူငယ်သည် လှေကားကို ဖြန့်ခင်းကာ ပုဆိုးကတောင်း ကျိုက်၍ တက်ပြီး ဖြုတ်ပါတော့သည်။

ထိုသို့ဖြုတ်ရုံနှင့် မပြီးသေးပါ။ အကြောင်းမူကာ အဆိုပါ ခဲရောင်မှော်ကြိုးလေးသည် တဘက် အဆောက်အဦ ၏ ခေါင်မိုးပေါ်သို့ သွယ်တန်းနေပြီး မျက်နှာကျက်ကြားထဲသို့ ၀င်ပြေးသွားသည်ကို တွေ့ရပါသည်။ ထိုကြောင့် အဆိုပါကြိုးကို လိုက်ဖမ်းနိုင်ရန် လူငယ် ၂ ဦးသည် ဘီး ၁၀ ဘီးတက် ယာဉ်ကြီးတစ်စီး ဖြင့် လိုက်လံ ဖမ်းဆီးပါသည်.. ဖမ်း၍ မိသမျှကို ခွေခေါက်ကာ သိမ်းဆည်းပြီး မျက်နှာ ကျက်ကြားထဲတွင် ညပ်ထားလိုက်ပါသည်။ ထို့နောက်ထို အဆောက်အဦ မျက်နှာကျက် ကြားထဲသို့ ခက်ခဲ စွာဝင်ရောက်၍ ထို မှော်ကြိုးလေးအား ဖမ်းဆီးတုတ်နှောင်သော ကြိုးဂွင်းလျှောသေးသေးလေးများနှင့် ဖမ်းဆီးတုတ်နှောင်ပြီး အသာအယာ ခေါ်ဆောင်လာပါသည်။ လူငယ် ၂ ဦး နေထိုင်ရာ အိမ်သို့ ကြိုးလေး မရောက်မှီ လွန်စွာကြီးမားသော သစ်ပင်ကြီး တစ်ပင် တားဆီးကာကွယ်နေသောကြောင့် လှေကားကိုင် လူငယ်သည် ပုဆိုးကို တဖန် ကတောင်းမြှောက်အောင်ကျိုက်ပြီး သစ်ပင်ဂွ ကြားတက်ကာ အတားအဆီး အကာအကွယ်များကို ဖယ်ရှားကာ အဆိုပါကြိုးလေး အား အိမ်ခန်းထိ ရောက်အောင် သယ်ဆောင်ယူလာတော့သည်။

ထို့နောက် ထိုကြိုးလေး အား မှော်ဓာတ်များ ကိန်းအောင်နေသော ဖန်ပြားတစ်ခုပါသော သေတ္တာပါးပါးလေးနှင့် ဆက်သွယ်လိုက်ပြီး လူငယ်လေး ၂ ဦးသည် ကမ္ဘာကြီး တစ်ခုလုံးနှင့် ချိတ်ဆက်ကာ အလိုရှိသော နေရာဒေသများသို့ မိမိတို့ အခန်းတွင်းမှ ပင် ကြိုးလေး အကူအညီဖြင့်သွားရောက် လည်ပတ်တော့သည်….။။။ ဩော် အံ့ဖွယ်သရဲ ထူးဆန်းလှပါလား လောကဓာတ်ပညာတို့ရယ် ဟူ လူငယ်တစ်ဦး၏ စိတ်မှ တိုးတိုးလေး ရွတ်ဆိုမိလိုက်ပါတော့ သည်…..

ဖိုးသူတော် (၂၄.၁.၀၉)

၁ နာရီ ၄၇မိနစ်….

Sunday, January 18, 2009

ကျွန်တော်နှင့် ၁၉ လမ်း

ကျွန်တော်နှင့် ၁၉ လမ်း

နက်ဖန် ၁၉ ရက်နေ့ ဆိုရင် Pinkgold မွေးနေ့ရောက်ပြီ.။ မနှစ်က ဒီလိုချိန် ဒီလိုနေ့တွင် သူငယ်ချင်းများစွာ ၁၉ လမ်းတွင် မွေးနေ့ပွဲကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။ ဒါပေမဲ့ ဒီနှစ်တွင် ကျင်းပနိုင်တော့မည်မဟုတ်ပါ။ မနှစ်က မွေးနေ့ပွဲကို လာသောသူများ၏ တစ်ဝက်နီးပါးလောက်လည်း ဒီနိုင်ငံတွင်မရှိကြတော့ပါ။ ရှိနေရက်နဲ့ လာခွင့် မရှိသူလည်း ရှိသည်။ ဘာပဲပြောပြော ဒီချိန်ရောက်လာ၍ လွမ်းသည်။ အားလုံးကိုလွမ်းသည်။ လွမ်းတဲ့အထိမ်းအမှတ်နှင့် ၁၅ ရက်နေ့ကတော့ စမ်းချောင်းလမ်းတွင် လူနည်းနည်းနှင့် အကျဉ်းရုံးလေး တွေ့ပြီး သောက်ခဲ့ကြသည်။ ကျွန်တော် တော်တော်မူးခဲ့သည်ဟူ၍လည်း ပြောကြသည်။ :P

ဒီနှစ် ဒီနေ့ ၁၈ ရက်နေ့ညနေ တွင် မက်မက် က ချိန်း၍ သူငယ်ချင်းများ အားလုံးနှင့် တွေ့ချင်သည်ဆို၍ တွေ့ဆုံပွဲ လေးတစ်ခု ကို အလုံမြို့နယ်ရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် ပြုလုပ်ခဲ့ကြသည်။ ဘလော့ဂ်ရေးသားသော ညီအကို မောင်နှမ ၁၇ ဦးတက်ရောက်ခဲ့သည်။ ထို့နောက်  ကော်ဖီဆိုင်လေးမှ ကန်တော်ကြီး မျှော်စင် ကျွန်းသို့ သွားကာ အမှတ်တရ ပျော်ရွှင်စွာ ကစားခဲ့ကြပါသေးသည်။ ကစားရင်းနှင့် တစ်ဦးနှင့် တစ်ဦး ပိုမိုရင်းနှီးလာပြီး ညစာ စားသောက်ကြရန် မျှော်စင်ကျွန်းမှ ၁၉ လမ်းသို့ ချီတက်ကြပါသည်။

ကျွန်တော့တွင် ချိန်းထားတာလေး တစ်ခု ရှိ၍ စဥ့်အိုးတန်းလမ်းတွင် ဆင်းကား ချိန်းဆိုထားသော တစ်ယောက်သော သူဆီသို့ တရောသောပါး သွားရပါသည်။ ချိန်းထားတာက ၆ နာရီတိတိ တွင်ဖြစ်သည်။ :P  ရောက်သွားတာက ၇နာရီ ဖြစ်ပါသည်။ကံကောင်းထောက်မစွာဖြင့် သူမက စောင့်နေပါသည်။ အဲ့ဒီနောက် ၁၉ လမ်းသို့ သူမအား ခေါ်၍ ပြန်လာခဲ့သည်။ ထိုအချိန်တွင် သူငယ်ချင်းများအားလုံးသည် ဆိုင်တွင်ထိုင်နေကြပြီး ဖြစ်သည်။

သို့ပေမဲ့ သူငယ်ချင်းများ ထိုင်နေသော ဆိုင်သို့ရောက်ရှိသွားသောလည်း ကံအကြောင်းမလှစွာဖြင့် ကျွန်တော် ထိုင်ခွင့် မရလိုက်ပါ။ L. ထိုအတွက် ထိုင်နေသော သူငယ်ချင်းများကို အထူးအားနာလှပါသည်။ ကျွန်တော် စိတ်လည်း မကောင်းပါ။

၁၈ ရက်နေ့တွင် ၁၉ လမ်းသည် ကျွန်တော်နှင့် ကံဆုံဟန် မရှိဟု့ ထင်မိသည်။ ဆိုင်တွင်ရောက်၍ ထိုင်နေသော သူငယ်ချင်းများအားလုံး ကျွန်တော့် ကိုနားလည်ပေးကြမည်ဟု့ မျှော်လင့်ပါသည်။

၁၈ ရက်နေ့ ၁၉ လမ်းရှိ သူငယ်ချင်းများကို တောင်းပန်ရင်း ၁၉ ရက်နေ့ ၁၉ လမ်းသူငယ်ချင်းများကို သတိရစွာဖြင့်………………….

ဖိုးသူတော် ( ၁၈.၁.၀၉)

၂၃ နာရီ ၁ မိနစ်

 

Thursday, January 15, 2009

ခရမ်းရောင် လမင်း

ခရမ်းရောင် လမင်း


ညနေခင်း…

လမင်းက မသာသေးပေမဲ့

ရောင်စုံအခင်းအကျင်း

သူ့အလင်းနဲ့ သူ့ဟာသူ

တန်ဆာဆင်နေတယ်…


ညခင်းကို အရောင်ချယ်မဲ့..

လမင်းရယ် လင်းကြည့်ပါဦး..

ပုံမှန်ဖြစ်ရိုး ဖြစ်စဉ်မို့..

သတိမထားပဲ နေခဲ့…


ရုတ်တရက်..

ကျွန်တော့ ညခင်း..

လမင်းက ခရမ်းရောင်..

ဝင်းဝင်းပပ ထွက်လာခဲ့..


ဟော…ကြည့်ပါဦး..

ကျွန်တော့ ညခင်း..

ခရမ်းရောင်လမင်းက…

မင်းမူးလို့ထွန်းလင်း…

ရွှန်းပပသာ…

ခရမ်းရောင်တွေသာ..


ဖိုးသူတော်..(၁၅.၁.၀၉)

တစ်ရက်သော ခရမ်းရောင် ညလေးကို အမှတ်တရ ရေးဖွဲ့ခြင်း ဖြစ်ပါသည်….

Thursday, January 1, 2009

What did 2008 ?

What did 2008 ?

နှစ်တစ်နှစ် ကုန်ဆုံးလို့ နောက်နှစ်တစ်နှစ် ရောက်လာပြန်ပြီ။ ဘာမှတော့ မထူးဆန်းပါ။ ရပ်တန့်မနေ့တဲ့ အရာတွေထဲမှာ အချိန်ကာလ ဆိုတာလည်း ပါရှိတဲ့အတွက် သူ့ဟာသူ သွားမြဲ သွားနေမှာပါ။ ဒါပေမဲ့ ကုန်ဆုံးခဲ့ တဲ့တစ်နှစ်အတွင်း ကိုယ်ဘာတွေ လုပ်ခဲ့ ဖြစ်ခဲ့သလဲ ဆိုတာကို ပြန်ဆန်းစစ်ကြည့်မိသည်။ ကောင်းတာတွေ လုပ်ခဲ့သလို မကောင်းတာတွေလဲ လုပ်ခဲ့သည်။ မှန်တာတွေ ရှိသလို မှားတာတွေလဲ ရှိခဲ့သည်။ ဘာပဲပြောပြော ၂၀၀၈ က ကုန်ဆုံးသွားခဲ့သည်။ တစ်သက်လုံးမှာ နောက်ထက် ၂၀၀၈ ဆိုတာ ဘယ်တော့မှ မရှိတော့ပါဘူး။ ပြီးသွားခဲ့ပြီ။ ဒါပေမဲ့ ကိုယ့်ရဲ့လုပ်ရပ်တွေကတော့ အမြဲတမ်း ရှိနေမှာပါ။ ကဲ.. ဘာတွေလုပ်ခဲ့သလဲ ၂၀၀၈ မှာ….. ဘလော့ဂ်၊ ဆိုရှယ် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့…


၂၀၀၈ ခုနှစ် ဇန်န၀ါရီလ..

ဘလော့ဂ်ရေးတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ မွေးနေ့မှ အစပြု၍ ပြည်တွင်းတွင် ရှိသော ဘလော့ဂ်ရေးသူ တော်တော်များများနှင့် မိတ်ဆွေဖြစ်ခဲ့သည်။


၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ..

မိတ်ဆွေတစ်ယောက်၏ သား ကျောင်းတက်ခြင်းကို အကြောင်းပြု၍ တိုက်ခန်းတစ်ခန်း မှာ နေပေးဖြစ်သည်။ မိတ်ဆွေ သူငယ်ချင်းများစွာ၏ စုရပ်နေရာ တစ်ခု ဖြစ်လာသည်။


၂၀၀၈ ခုနှစ် မတ်လ

တူတူလက်တွဲလုပ်ကိုင်နေသော အလုပ်မှ မိတ်ဆွေများ နိုင်ငံခြားသို့ ထွက်သွားကြသည်။

မတ်လ၏ ညနေခင်းတွေမှာ မိတ်ဆွေများနှင့် နေ့တိုင်းနီးပါးတွေ့ဖြစ်သည်။


၂၀၀၈ ခုနှစ် ဧပြီလ

ဘလော့ဂ်ရေးသော သူငယ်ချင်းတစ်ယောက် အိမ်ပေါ်မှ ဆင်းလာသည်။

သင်္ကြန်ကို ၂ ရက် ဘလော့ဂ်ရေးသော သူငယ်ချင်းများစွာနှင့် မဏ္ဍာပ်ထိုင်ရေ ကစားဖြစ်ခဲ့သည်။

အိမ်ပေါ်မှ ဆင်းလာသော မိတ်ဆွေနှင့် တူတူ နေဖြစ်သည်။


၂၀၀၈ ခုနှစ် မေလ..

မြန်မာနိုင်ငံ အောက်ပိုင်းဒေသများအား မုန်တိုင်း အကြီးအကျယ်အတိုက်ခံရသည်။ မုန်တိုင်းဒဏ်ခံ ရသော ဒေသများအား သွားရောက်ခဲ့သည်။

ထို့နောက် ထိရောက်သော လူမှုရေး ကယ်ဆယ်မှုများ ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်း ဧရိယာ တွင်းသို့ ၃ခေါက်မျှသာ သွားရောက်ခဲ့သည်။ မြစ်ဝကျွန်းပေါ် ဒေသများအား ကြိမ်ဖန်များစွာ သွားရောက်ပြီး အရေးပေါ်လိုအပ်သော ပစ္စည်းများ ထောက်ပံ့နိုင်ခဲ့သည်။


၂၀၀၈ ခုနှစ် ဇွန်လ..

မုန်တိုင်းဒဏ်ခံ ဒေသများအား ထောက်ပံ့မှုများဆက်လက်လုပ်ကိုင်ခဲ့သည်။


၂၀၀၈ ခုနှစ် ဇူလိုင်လ..

မုန်တိုင်းဒဏ်ခံ ဒေသများအား ထောက်ပံ့မှုများ ဆက်လက်လုပ်ကိုင်ခဲ့သည်။ ကျွန်တော်နေသော တိုက်ခန်းတွင် မိတ်ဆွေ သူငယ်ချင်းများစွာနှင့် တူတူနေဖြစ်ခဲ့သည်။ ထိုသူငယ်ချင်းများနှင့်ပင် တိုင်ပင်ဆွေးနွေးပြီး မုန်တိုင်းဒဏ်ခံ ဒေသများအား ကူညီမှုများ ပြုလုပ်ပေးနိုင်ခဲ့သည်။ အထောက်အပံ့များမှာ နိုင်ငံတကာမှ မိတ်ဆွေများ၏ ထောက်ပံ့ကူညီမှုများဖြစ်သည်။


၂၀၀၈ ခုနှစ် ဩဂုတ်လ..

မုန်တိုင်းဒဏ်ခံ ဒေသများ၏ လိုအပ်ချက်ဖြစ်သော မျိုးစပါး လိုအပ်မှုအား နိုင်ငံတကာ မိတ်ဆွေများ၏ အကူအညီဖြင့် သွားရောက် ထောက်ပံ့နိုင်ခဲ့သည်။ ဘလော့ဂ်ရေးသော သူငယ်ချင်းများစွာနှင့် တွေ့ဆုံ ဆွေးနွေး ၍ ၂၀၀၈ ခုနှစ် World Blog day seminar တစ်ခု ဖြစ်အောင် ကြိုးစားခဲ့ကြသည်။ အကြောင်းများစွာနှင့် ထိုပွဲလေး မဖြစ်မြောက်ခဲ့ပါ။


၂၀၀၈ ခုနှစ် စက်တင်ဘာာလ..

မိတ်ဆွေသူငယ်ချင်းများနှင့် တူတူ နေခဲ့သော တိုက်ခန်းလေးမှ ထွက်ခွာခဲ့သည်။ ပြည်ပပြန် နာမည်ကြီး ဘလော့ဂ်ဂါ မမ တစ်ယောက်နှင့် တွေ့ဆုံ ဖြစ်ခဲ့ကြသည်။ စက်တင်ဘာလ အတွက် ကဗျာ တစ်ပုဒ် ရေးခဲ့သည်။


၂၀၀၈ ခုနှစ် အောက်တိုဘာလ..

မိတ်ဆွေသူငယ်ချင်းများ နှင့် အရင်လို အတူတူ မနေဖြစ်တော့ပေမဲ့ တွေ့ဖြစ်နေခဲ့သည်။ ညနေတွေ ရွှေရောင် တောက်ဖြစ်နေသည်။ အားလပ်နေသော အလုပ်မှ ပြန်လည် အသက်ဝင်ပြီး အလုပ်တွေများနေသည်။


၂၀၀၈ ခုနှစ် နိုဝင်ဘာလ..

တစ်လလုံးလိုလို အလုပ်တွေများနေသည်။ မိတ်ဆွေများနှင့်လည်း ရံဖန်ရံခါ သာ တွေ့နိုင်ခဲ့သည်။


၂၀၀၈ ခုနှစ် ဒီဇင်ဘာလ..

များခဲ့သော အလုပ်များ လက်စ သပ်သော အချိန်ရောက်လာခဲ့သည်။ မိတ်ဆွေတစ်ဦး၏ The web show 2008 (My web My style) ပွဲ လေး အားကူညီပေးခဲ့သည်။

နှစ်သစ်ကူးသွားသော အချိန်ကို သတိမထားမိလိုက်သလို Happy new year ဆိုသည့် အော်ဟစ်သံများကို မကြားလိုက်သော နှစ်ဖြစ်သည်။

ဖိုးသူတော် ( ၁.၁.၂၀၀၉)

၁၈နာရီ ၅၃မိနစ်

Wednesday, December 31, 2008

Myanmar Genius Member (MGM)

စက္ကန့် နှင့်အမျှပြောင်းလဲနေတဲ့ ကျွန်တော်တို့ ရဲ့ ၂၁ ရာစုခေတ်ထဲမှာ အသိပညာ၊ အတတ်ပညာ များဟာ အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲလို့ လာနေပြီ ဖြစ်ပါတယ်...။ ဒီလိုတိုးတက်ပြောင်းလဲနေ တဲ့ နည်းပညာများ၊ အသိပညာများကို မျက်ခြေမပြတ်လိုက်နိုင်ဖို့ ဆိုရင်တော့ ကျွန်တော်တို့ ရဲ့ မျက်စိတွေ၊ နားတွေကို အစွမ်းကုန် ဖွင့်ထားဖို့လိုပါလိမ့်မယ်...။

ထို့ကြောင့် ကျွန်တော်တို့ သိထား၊ တတ်ထားသည်များကို ဝေမျှရန်၊ မသိသေးတာတွေကို မေးမြန်း၊ တိုင်ပင်ကြနိုင်စေရန်အတွက် ကျွန်တော်တို့ ရဲ့ Myanmar Genius Forum ကိုတည်ထောင်လိုက်ခြင်းရခြင်း ဖြစ်ပါတယ်...။ အားလုံးပူးပေါင်းပါဝင်လက်တွဲပြီး ကျွန်တော်တို့ ချစ်သောနိုင်ငံနှင့် အနာဂတ်အတွက် မိမိကျရာအခန်းအခန်းကဏ္ဍမှ ပါဝင်ကြိုးစားရင်း မိမိတို့ရဲ့ တိမ်မြုပ်နေသော အရည်အချင်းများကို ထုတ်ဖော်ပြသကြဖို့ ကျွန်တော်တို့ရဲ့ Myanmar Genius ၀ိုင်းတော်သားများမှ လေးစားစွာ ဖိတ်ခေါ်၊ ကြိုဆိုပါကြောင်း အသိပေး အပ်ပါသည်။

ကျွန်တော်တို့ ရဲ့ Forum မှာ Member များအဖြစ် ပါဝင်လက်တွဲကြမယ့် Genius များအတွက် အောက်ပါအစီအစဉ်များကိုလည်း ပြုလုပ်ထားပါတယ်...။

Novice Member (0 Post to 50) - Download Role

Beginner Member (50 Posts to 100 Posts) - Wordpress with subdomain (yourdomain.myanmargenius.com)

Permanent Member (100 Posts to 500 Posts) - Wordpress+Subdomain+ FTP account with Database

VIP Member & Special Member - (Wordpress, Joomla, Phpbb3, Icyphoenix, Vbulletin) + Subdomain + FTP account with Database

စသောအစီအစဉ်များနှင့် အခြားသော အစီအစဉ်ပေါင်းများစွာကို အခမဲ့ အသုံးပြုခွင့် ပေးသွားမှာ ဖြစ်ပါတယ်။

Black Dream ပို့သော အီးမေးလ် မှ တင်ပြထားခြင်းဖြစ်ပါသည်။

သူတော် ( ၃၁.၁၂.၂၀၀၈)




Saturday, December 20, 2008

My Web My Style ( The Web Show 2008)


 

မိတ်ဆွေကြီး ဘလာဂေါက်၏ My Web My Style ( The Web Show 2008) အား ၂၅.၁၂.၀၈ ရက်နေ့တွင် မြန်မာအင်ဖိုတက် ကွန့်ဖရန့်ဟောလ် တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ကျင်းပမည်ဖြစ်ကြောင်း အသိပေးအကြောင်း ကြားအပ်ပါသည်။ 
ဖိုးသူတော် (၂၀.၁၂.၀၈)

Sunday, December 7, 2008

တစ်နေ့သေမဲ့ ငါ…

တစ်နေ့သေမဲ့ ငါ…

မနေ့ကငါ့ကို ဒီနေ့ငါက လိုက်မရှာဘူး..

မနက်ဖန်ငါ့အတွက် ဒီနေ့ငါက သေဆုံးခဲ့တယ်..

ငါဟာငါ အကြိမ်ကြိမ်ဖြစ်လို့ ငါဟာငါ အခါခါသေဆုံးခဲ့တယ်…

ငါနဲ့ငါကြား ဗျာများနေဆဲ..

ကိုငှက်က ဆိုခဲ့တယ်..

ငါနဲ့ငါကတော့ အကြိမ်ကြိမ်ပြန်သတ်နေတယ်..

ငါသေပြီးရင်သေ.. နေပြီးရင်းနေ.

ငါဟာငါ အကြိမ်ကြိမ်ပြန်ရှင်နေတယ်..

အချစ်တွေနဲ့ငါ….. အမုန်းတွေနဲ့ငါ..

အလွမ်းတွေနဲ့ငါ…. အကြမ်းတွေနဲ့ငါ…

အမှန်တွေနဲ့ငါ… အမှားတွေနဲ့ငါ..

အစစ်တွေနဲ့ငါ.. အတုတွေနဲ့ငါ..

သေဆုံးတဲ့ငါ.. ရှင်သန်တဲ့ငါ….

ငါ…ငါ…..ငါ……

တစ်နေ့တော့သေရမဲ့..ငါ…..

(တစ်ခါတစ်လေ အားလုံးမဟုတ်တောင် တော်တော်များများ လွတ်ချလိုက်ပါ)

ဖိုးသူတော်( ၇.၁၂.၀၈) ၂၂:၁၀ မိနစ်

Monday, December 1, 2008

အဖေ့မွေးနေ့

ဒီဇင်ဘာလ (၁)ရက်နေ့တွင် ကျရောက်သော အဖေ့ရဲ့ (၅၃)နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ကျမ်းမာပျော်ရွှင်ပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းများ ပြည့်စုံပါစေလို့ ဆုတောင်းလိုက်ပါတယ်။

သူတော်(၁.၁၂.၀၈)

Sunday, November 23, 2008

ညခင်းအိမ်အပြန် 

နီယွန်မီး တောက်လျှောက်
ထွန်းထားတဲ့ လမ်းမ
ချစ်သူပေးတဲ့ အိုင်ပေါ့တစ်ဖက်
ထီးတစ်လက်ကိုဆွဲလို့
အိမ်အပြန်ညခင်း
လ မလင်းပဲ ပြန်ခဲ့တယ်… 

အတွေးတွေ ပြန့်ကျဲ
ကဗျာပန်းခင်းထဲ
ခပ်ကြမ်းကြမ်း …
နှင်းဆီတစ်ပွင့် ပွင့်လိုက်တယ်..

နက်ဖန်နံနက် ချစ်သူအတွက် 
အပြာရောင်ညရဲ့ နှင်းဆီ
သူ့ခေါင်းမှာပန်ဖို့ ခံစားလို့ဖွဲ့ဆို 
ကဗျာတစ်ပုဒ်ပွင့်လိုက်တယ်..
ချစ်သူရယ် တစ်နေ့လုံး 
နှင်းဆီကဗျာရနံ့
ရပါစေ…….
ဖိုးသူတော် ( ၁.၁၀.၀၈)

ရေးထားတာကြာပြီ။ ဘလော့ဂ်မှာ မတင်ဖြစ်တဲ့ ကဗျာတစ်ပုဒ်။ 
ဖိုးသူတော်(၂၁.၁၁.၀၈)

Friday, November 21, 2008

လက်တလော ရောက်တက်ရာရာများ

လက်တလော ရောက်တက်ရာရာများ

 ဘလောဂ့်မရေးဖြစ်တာ အတော်တောင်ကြာသွားပြီ။ မရေးဖြစ်ပေမဲ့လည်း ဖတ်နေကြဘလော့ဂ်တွေဆီကိုတော့ သွားဖတ်ဖြစ်တယ်။ ခု ရက်ပိုင်းတွေ အလုပ်မအားတာကော လူကကျန်းမာရေးမကောင်းတာတွေရော ရောနေလို့ စာရေးဖို့ ကဗျာရေးဖို့ စိတ်က မရောက်ဖြစ်နေတယ်။ ဒီနေ့တော့ အလုပ်လေး အားတာနဲ့ မတင်ဖြစ်တဲ့ ပို့စ်တွေအတွက် တင်မလို့ စာလေးဘာလေးရေးမလား စဉ်းစားမိတယ်။ 

ကမ္ဘာ့စီးပွားရေးပျက်ကပ်အကြောင်းတွေကလည်း ဟိုကကြားဒီကကြားနဲ့ စိတ်ချမ်းသာစရာမရှိ။ ကျွန်တော်တို့က လူမချမ်းသာပေမဲ့ စိတ်တော့ ချမ်းသာချင်တယ်။ ကိုယ်နဲ့ စတော့က်ရှယ်ယာတို့ ဘာတို့တွေက ဒိုက်ရိုက်ကြီးမသက်ဆိုင်ပေမဲ့ အဲ့ဒါတွေ ကျတဲ့ အတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေက ကိုယ်တွေဆီကိုပါ ဂရက်ရိုက်ခက်လာနိုင်ပါတယ်။ စင်္ကာပူမှာလည်း စီးပွားရေးတွေကျဆင်းနေကြောင်း ပြောနေကြပေမဲ့လည်း တစ်နေ့တစ်နေ့ စင်္ကာပူကိုသွားနေတဲ့သူတွေ အများကြီးကို နေ့စဉ်မြင်တွေ့နေရတယ်။ 

အရင်အမြဲဆုံဖြစ်နေကြ သူငယ်ချင်းတွေနဲ့ လည်း သွားမဆုံဖြစ်တာကြာပြီ။ သူတို့ကလည်းမအားတာတွေ ဘာတွေဖြစ်၊ ကိုယ်ကလည်း မအားဆိုတော့ မတွေ့ဖြစ်ကြဘူး။ ကျန်းမာရေးမကောင်းဘူးဆိုတာကလည်း နေပူပူကွင်းပြင်ကြီးထဲမှာ တစ်နေ့ကို ၂ မိုင်ခွဲ ၃ မိုင်လောက် လျှောက်ရတော့ ဘယ်ကလာ ကောင်းနိုင်တော့မလည်း။ ကိုင်ရိုက်ထားသလို တစ်ကိုယ်လုံးနာကျင်၊ မျက်ရည်ပူတွေကျ၊ စီးနေကျ ဖိနပ်က ပေါက်၊ ခြေထောက်မှာ ဖိနပ်အပူကြောင့် အပူနာလို အနာတွေဖြစ်၊ ပြည်တည်ချင်သလိုလိုနဲ့ ပေါင်မှာ အကျိတ်ဖြစ်၊ ဆေးသောက်လိုက်၊ လမ်းလျှောက်လိုက်နဲ့ပဲ လုံးခြားလိုက်နေတယ်။ တော်သေးလို့ အနာတွေ ပျောက်ကုန်တာ။ ဒါတောင် ကျန်ချင်သေးတယ်။ 

ဒီဇင်ဘာရောက်ရင် ကျောင်းက ပြန်တက်ရတော့မယ်။ တက်ဖြစ်မတက်ဖြစ်က ခုထိကို ရေရေရာရာ မရှိသေးဘူး။ လူက ကိုယ့်ဟာကို မပိုင်သလို ဖြစ်နေတယ်။ အလုပ်နဲ့ကလည်း ပြတ်လို့မရ၊ ကျောင်းပညာလေးလည်း တက်ချင်ဆိုတော့ တွဲသာ လုပ်ရမယ်ဆိုရင် ၂ ဆ ၃ ဆ ပင်ပန်းခံရဦးမယ်။ ဒီလိုပါပဲ ဘ၀ဆိုတာ ပင်ပန်းခံရမယ်လို့ပြောကြပေမဲ့ တကယ်လုပ်ကြည့်တော့ မလွယ်ဘူး။ အချိန်တွေကတော့ ကုန်မြန်လိုက်တာ လူကိုစောင့်တယ်ရယ်လို့ကို မရှိဘူး။ သူ့ကိုအမှီလိုက်နေရတယ်။ ဒီလိုနဲ့ပဲ နက်ဖန်ပေါင်းများစွာကို ဖြတ်သန်းရဦးမှာပဲလေ.။။

 ဖိုးသူတော် ( ၂၁.၁၁.၀၈)