Monday, October 6, 2008

စိတ်အခန့် မသင့်တာလေးတွေ

စိတ်အခန့်မသင့်တာလေးတွေ

ဘာလို့ ဒီ ultra surf ဆိုတဲ့ ပရောစီ ဆော့ဝဲလ်က ဖွင့်လို့မရတာလဲ။ ခါတိုင်းဖွင့်နေကျဟာကို။ လူများ အဆင်မပြေချင်ရင် ပြောပါတယ် ဘာမှ ကိုမပြေဘူး။ အဲ့လို ပရော်စီမှ ဖွင့်မရတော့ ဒီစာတွေကိုဘယ်လို ကိုယ့်ဘလော့ဂ်မှာ တင်မလဲ။ ခက်တာပဲဗျာ.. ဒီမှာကလည်း ဘာခက်မှန်း မသိဘူး.. အစကတည်းက ဘာမှ မလွယ်တာကို။ ဖွင့်ထားတဲ့ သီချင်းကလည်း ကြိုက်လို့တာ ဖွင့်ထားတာ.. ဘာတဲ့ ‘ကိုယ်ဟာ ချစ်သော ရင်ခွင်ပျောက်သူတဲ့’  အဆင်မပြေသေးဘူး သီချင်းစာသားကိုကလေ။ ဒီလိုပဲ ထုံးစံအတိုင်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ စမ်းချောင်းလမ်းထဲက ၀က်မြီးမှာ ဆုံပြီး စကားများများ ပြော.. ငြင်းခုန်ပြီ ပြန်လာတော့ အချိန်က ရိုးရိုးလိုင်းကားတွေ မဆွဲတော့တဲ့ အချိန်လေ။ အဲ့ဒါနဲ့ ဆေးလိပ်တစ်လိပ်သောက်လို့ ကုန်ချိန်ကြတော့ ကြားကားလို့ခေါ်ကြတဲ့ လိုက်အေ့စ် တစ်စီး ဖုတ်လိုက်ဖုတ်လိုက်ဝင်လာတယ်။ စပါယ်ယာ တို့ဝသီအတိုင်း လမ်းကြောင်းတွေ လျှောက်ခေါ်နေပြီး ခရီးသည်တွေကို ဖိတ်ခေါ်နေတယ်လေ။ ဒါပေမဲ့ တော်တော်နဲ့ကို မထွက်သေးဘူး။ ကိုယ်ကတော့ ထွက်တော့မလားဆိုပြီး စီးကရက် မတိုမရှည်လေး ကို ပြစ်လိုက်ရင်း ကားထွက်မှာကို စောင့်နေမိတယ်။ ဆေးလိပ်မသောက်ရတာပဲ အဖတ်တင်ပါတယ် .. စပါယ်ယာတွေကတော့  ခေါ်တုန်းပါဗျာ။

အဲ့ဒါနဲ့ ကားစီးလာတာ ကိုယ်ဆင်းရမဲ့ မှတ်တိုင်ကိုရောက်ရောပေါ့ဗျာ။ ထုံးစံအတိုင်း လမ်းလျှောက်ပေါ့ဗျာ ကားမှတ်တိုင်ကနေ အဆောင်ကို။ အဆောင်ရောက်တော့ အရင်နေ့တွေလို အဆင်မပြေဘူးဗျာ။ ဘာဖြစ်လဲဆိုတော့ ညစာ အတွက် ထမင်းက ကိုယ်တိုင်မှ လာမယူရင် ထုတ်မပေးဘူးတဲ့။ အာ…. ဘယ်လိုဖြစ်တာလဲဗျာ… အရင် ပေးနေကျကို.. အေး… ခု ဒီလိုပဲတဲ့။ ဒီမှာ ငါနင့်အတွက် ချန်ထားတယ်တဲ့.. အမတော်သူက ပြောတယ် ။ အင်းပေါ့လေ. ဒီချိန်ရောက်နေပြီ ရှိရာစားရမှာပေါ့ နက်ဖန်မှ မေးကြည့်ရမယ် ဒီကိစ္စကို ဘယ်လိုဖြစ်တာလဲပေါ့လေ။

ပြီးတော့ သတိရတဲ့ သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်လိုက်သေးတယ်။ အဲ့ဒီမှာ ပထမ တစ်ကောလ် ၀င်သွားတယ်။ စကားပြောချင်လို့ပါဆိုတော့ ဘာမှမပြောပဲ ဒီတိုင်းဖုန်းကြီးကိုင်ထားတယ်။ အဲ့ဒါနဲ့ ဖုန်းခဏ ချပြီးနောက်တစ်ခေါက် ထပ်ခေါ်လိုက်တယ်။ ဖုန်းလိုင်းဝင်သွားတယ် ဒီတစ်ခါ လာကိုင်တာ အမျိုးသားတစ်ယောက်။ ဘာကိစ္စလဲဆိုတော့ ကျွန်တော်က သူငယ်ချင်းနဲ့ ပြောချင်လို့ပါပေါ့.. အဲ့ဒါန အဲ့လူက ဘာပြောတယ်မှတ်လဲ ‘ ဟေ့ကောင် မင်းဒီချိန်ရှိနေပြီ နားမည်လည်ဘူးလား. ဘာလဲတဲ့ အိပ်နေပြီကွ’ ဆိုပြီး ခပ်မာမာပြောပါတယ်။ တစ်သက်နဲ့ တစ်ကို တစ်ခါမှ ဒီလိုဖုန်းဆက်လို့ အပြောခံဘူးတာလဲမဟုတ်။ နောက်ပြီးဆက်တာကလဲ ခင်တဲ့ သူငယ်ချင်းမလေး။ အချိန်ကလည်း ၁၀ နာရီကျော်လေးပဲ ရှိသေးတာ။ အရင် ဒီချိန်ဆိုဆက်ပါတယ် ။ နောက်ပြီး သူလဲ အင်တာနက်သုံးရင် ၁၂ နာရီ ၁ နာရီ။ ဘာလို့ခုမှပြောရတာလဲပေါ့။ စိတ်ထဲမှာ ဒေါသကလည်းထွက်သွားသလို အံ့သြောခြင်းနဲ့ ဘာလို့အဲ့လိုပြောရတာလဲ ဆိုတာလဲ စဉ်းစားလိုက်မိတယ်။ အဲ့ဒါနဲ့ ဆောရီးပါဗျာ ကျွန်တော်တောင်းပန်ပါတယ် ဆိုပြီး ဖုန်းကိုပြန်ချလိုက်ရပါတယ်။

ပြီးတော့ အွန်လိုင်းကိုဝင်လိုက်တော့ စမ်းချောင်းထဲမှာ တူတူ ထိုင်ခဲ့တဲ့ သူငယ်ချင်းနဲ့တွေ့တော့ အဲ့အကြောင်းတွေ ပြောပြမိတယ်။ သူကလည်း ကိုယ့်အကြောင်းတွေ သိနေတဲ့ သူဆိုတော့လေ။ ထားလိုက်ပါဗျာ ကျွန်တော်နက်ဖန်မှ ပြောပါတော့မယ် အဲ့ဒါတွေဆိုပြီးတော့ အမ ချန်ထားတဲ့ ထမင်းကို စားရင်းနဲ့ စဉ်းစားနေမိတယ်။ ဘာလို့ငါ့ကို  အဲ့လိုပြောတာလဲပေါ့ ငါက ကောင်းကောင်းမွန်မွန်ပြောတာကိုပဲ ဆိုပြီးတော့လေ။ အင်း…… ထားလိုက်ပါတော့လေ. ဒါကလည်းဖြစ်တက်ပါတယ်လေ တစ်ခါတစ်လေ ဆိုပြီး ကိုယ်က နားလည်ပေးလိုက်ပါတယ်။ ပြောတာတော့ ပြောရဦးမှာပဲလေ။ နားလည်တယ်ဆိုတဲ့ နေရာမှာလည်း နားလည်သင့် နားလည်နိုင်တဲ့ သူဆို နားလည် လိုက်ရတာ ကောင်းပါတယ်။ လူတိုင်းကို အရမ်းကာရော နားလည်ပေးနေတယ်ဆိုရင်တော့ မဟုတ်သေးဘူးလို့ ကိုယ့်ကိုယ်ကို ထင်ပါတယ်။

ဒီစာရေးတာကလည်း ပုဂ္ဂိုလိက ခံစားချက်သက်သက်ကိုရေးတာပါ။ ဒီစာလာဖတ်တဲ့ သူတွေလည်း စာဖတ်ရင်း စိတ်ညစ်မယ်ဆို တောင်းပန်ပါတယ်။ စိတ်မကောင်းပါဘူးဗျာ။ ကိုယ်ပိုင်ခံစားချက်နဲ့ ပတ်သက်ပြီးတော့ တကယ်တော့ ဘလောဂ့်မှ မတင်ချင်ပါဘူး။ ဒါပေမဲ့ ဒီတစ်ခါ စိတ်ထဲမှာ မကောင်းဖြစ်မိတာကို ရေးချင်တာနဲ့ တင်လိုက်ပါတယ်။

အသေးအဖွဲ ကိစ္စလေးတွေ လို့ပြောလို့ရပါတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော်စိတ်မကောင်းလို့ တင်လိုက်တာပါ။ စာလာဖတ်တဲ့ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေ ကို ဒီနေရာကနေပဲ တောင်းပန်ပါတယ်ဗျာ စိတ်အခန့်မသင့်တာတွေ ရေးထားလို့ ။ ဆောင်ဦးလှိုင် ကသီချင်းဆိုနေပါတယ် ‘ ကိုယ်ကကောင်းတိုင်း သူတို့ ပြန်ကောင်းနိုင်ပါမလား ‘ တဲ့ ……….

ခင်မင်စွာဖြင့်

ဖိုးသူတော် ( ၆.၁၀.၀၈)

၁နာရီ ၇ မိနစ်

Saturday, October 4, 2008

ကဗျာချစ်ပန်း

ကဗျာချစ်ပန်း

အရေခွံလဲပြီးစ ကောင်းကင်က

မအိပ်ချင်သေးတဲ့ ငှက်တစ်အုပ်ကို

အဖော်လုပ်ရင်း သူ့ဘ၀ကို

အနားယူချင်နေတယ်..


အရောင်တွေပြောင်းနေတဲ့

မီးပွိုင့်တွေက ၀ါစိမ်းနီလုပ်ရင်း

ခပ်မှောင်မှောင် လမ်းကို

ပြုံးကြည့်နေတယ်..


ကျွန်တော်ကလည်း

ချစ်သူကိုစောင့်နေရင်း

ခပ်တိုးတိုးလေး

ကဗျာတစ်ပုဒ်ကို

စပ်ဆိုနေမိတယ်..


ကျွန်တော်ချစ်တဲ့ကောင်းကင်ကတော့

အရေခွံမလဲ…

အရောင်တွေမပြောင်း..

ကဗျာတစ်ပုဒ်ကို ပေါင်းသင်ပြီး

အိပ်ခါနီး ငှက်တွေကို

သယ်ဆောင်သွားစေခဲ့တယ်

ချစ်သူလေးရဲ့ အိပ်မက်ထဲမှာ

ကဗျာချစ်ပန်းလေး

ပွင့်စေဖို့ပေါ့..


ဖိုးသူတော် ( ၄.၁၀.၀၈)

၁ နာရီ ၅၈ မိနစ်

Monday, September 29, 2008

နေညိုရင်

နေညိုရင်

သူငယ်ချင်းတို့ရေ နေစောင်းပြီ

လေအောင်းတော့ မခံနဲ့

သွားကြစို့ ဆုံနေကြနေရာ

‘အေ့’ ခနဲ့လေတက်

အဖြေအတွက်တော့ ဘာမှမပူနဲ့

ဝက်မြီးရောက်ရင်

ချက်ချင်းပျောက်စေရမယ်….


ထုံးစံအတိုင်း ရေခဲရေသန့်

ဖန်ခွက်နဲ့ အပြားကြီးတစ်ပြား

ကစွန်းပလိန်းနဲ့ ရုံးနှစ်ကင်

ရူဘီတစ်ပွဲလောက်တော့ ဆွဲခဲ့ဦး


ဖန်ခွက်တွေတိုက်လိုက်

အောင်မြင်ပါစေတလှည့်

စော်ကြည်အကြွေးကြေ အသက်ရှည်တလှည့်

စလိုက်ကြတဲ့ပွဲ နဲနဲမှကို မစဲဘူး


ဆွေးနွေးတာတွေလည်းပါတယ်

ငြင်းခုန်တာတွေလည်းပါတယ်

အတင်းချတာတွေလည်းပါတယ်

သတင်းရတွေလည်းပါတယ်


ပွဲသိမ်းလို့ အိမ်အပြန်

ကားခတွေတော့မျှကြဦး

ဘုရင်မ နှစ်ရာဖိုးနဲ့

ရူဘီလေးတော့ ဆွဲလိုက်ဦး

ကဲ.. အားလုံးပဲ

ဂွဒ်ညတဲ့….


ဖိုးသူတော်(၂၉.၉.၀၈)

၁၉နာရီ၁၄မီနစ်

စက်တင်ဘာသမိုင်း

စက်တင်ဘာ သမိုင်း

သက္ကရာဇ်တွေ ပြိုပြိုကျလာတာ

ရာစု ၂၁ ခုတောင်ရှိသွားပြီ

မရင့်ကျက်နိုင်သေးဘူးလား..

ဒီလူ့သမိုင်းရဲ့ အတိတ်တွေ

အနာဂတ်တွေ ပုစ္စုပန်အချိန်တွေ..


အောင်မြင်ကျော်ကြားခဲ့တဲ့သူတွေ

ကျော်ကြားကျဆုံးခဲ့ရသူတွေ..

သမိုင်းစာမျက်နှာပေါ်က လူတွေ

သမိုင်းစာမျက်နှာအောက်က လူတွေ

………………………………….. လူတွေ..


ဒီနေ့ဟာ မနက်ဖြန်အတွက်သမိုင်းတဲ့

ဘယ်သူပြောခဲ့သလဲတော့မသိဘူး

မနှစ်ကဆိုတာ ဒီနှစ်အတွက် သမိုင်းပေါ့

ကောင်းတဲ့သမိုင်း ဆိုးတဲ့သမိုင်း

မေ့လို့မရတဲ့သမိုင်း သွေးစွန်းတဲ့သမိုင်း


အဲ့ဒီသမိုင်းတွေထဲမှာ သမိုင်းကို ပြန်ရှာကြည့်တယ်

တွေ့ပါပြီ အဲ့ဒါ စက်တင်ဘာရဲ့သမိုင်း..

မေ့လို့မရတဲ့ သွေးစွန်းတဲ့သမိုင်း…


ဖိုးသူတော် (၂၉.၉.၀၈)

၁၃နာရီ ၃၆ မိနစ်

Friday, September 26, 2008

ချစ်သူ

ချစ်သူ....


အစရှိရင်အဆုံးရှိတယ်တဲ့....

ပျောက်ဆုံးနေတဲ့ငါ့အတိတ်ကို

အစပြန်ဆွဲထုတ်တော့

ဘ၀ဟာ သုညဖြစ်လို့ပါလား....

တကယ်တော့...

တည်ငြိမ်စပြုနေတဲ့ ငါ့နှလုံးသားကို

ခလုတ်တိုက်မိတဲ့ မင်းရဲ့အပြုံးတစ်ချက်ကြောင့်

ငါဟာ ထွက်ပေါက်မဲ့ခဲ့ရပြီလေ....

ပြုံးတော့ပြုံးပါ....မမုန်းလိုက်ပါနဲ့နော်....

ခံစားမှုကြောင့် ဖြစ်ပေါ်လာတဲ့

ငါ့ကဗျာအပိုင်းအစတွေက

အတော့်ကို ကာရံမဲ့နေသလား....

ဘာပဲဖြစ်ဖြစ်လေ...

နေပူပူမှာ အရိပ်မဲ့တာလောက်တော့....

ခရီးပေါက်အောင် လျှောက်နိုင်ပါသေးတယ်...

ဝန်ခံပါတယ်ချစ်သူ....

မင်းအပြုံးကြောင့်လည်း အိမ်မက်တွေအများကြီးမက်မိပါတယ်.....

ဒါပေမယ့်...

စိတ်ကူးအိမ်မက်တိုင်းဟာ...

မဖြစ်ပေါ်လာနိုင်သလို....

ပျက်စီးပျောက် ကွယ်ဖို့ဟာလည်း

လွယ်ကူလွန်းပါတယ်.......

နင့်အတွက်ကြောင့် ငါ...

အငိုမျက်လုံး..အပြုံးမျက်နှာနဲ့သာ...

လှည့်ပြန်ခဲ့ရမယ်ဆိုရင်လည်း...

နင့်ကို..

ငါ့ ဘာသာတစ်ယောက်ထဲလည်း

မေတ္တာရှိနေနိုင်တယ်မဟုတ်လို့...

တွေးမိပြန်တယ်...

အဆုံးမှာတော့...

အသိတစ်ခုရဲ့...နောက်ဆုံးမျက်ရည်တွေပဲဖြစ်ပါစေတော့.....

အလွမ်းသစ်...


သီဟရေးတဲ့ နောက်တစ်ပုဒ်ပါ.

သူတော်(၂၆.၉.၀၈)