Thursday, September 25, 2008

အနာဂတ်

အနာဂတ်

ပြုံးနေပေမယ့် ကျနေတဲ့ငါ့မျက်ရည်တွေ

ရိုးတံပေါ်တင်နေတဲ့ နှင်းစက်တွေလောက်

မချိုမြိန်ပါဘူး..........

ငါ့ ကိုယ်မှာစိုက်ဝင်နေတဲ့

ကိုယ်တိုင်မြနေအောင် သွေးခဲ့မိတဲ့ဓား

ပြန်ဆွဲမနုတ်ရက်တာနဲ့

ဒီအတိုင်းအရသာခံနေခဲ့တယ်.......

ဘယ်လောက်ထိခံစားရမလဲ......

ငါ့နှလုံးသွေးတွေ

တစ်စက်ပြီးတစ်စက်မြေခတယ်....

ပြက္ခဒိန်မရှိတဲ့ရက်စွဲတွေ

တစ်ရက်ပြီးတစ်ရက်ကြွေကျတယ်......

ငါ့အနာဂတ်ကို.....

ဘယ်သူတွေကများ ကျိန်စာတိုက်ခဲ့သလဲ......

အခုတော ထက်ပိုင်းကျိုးသွားတဲ့

ငါ့အိမ်မက်တွေနဲ့အတူစီးမျောရင်း....

ဘယ်တော့မှ အဆုံးသတ်မှာလဲ.....

အလွမ်းသစ်..

ကျောင်းနေတုန်းက သူငယ်ချင်း သီဟ ရေးဖွဲ့ထားသော ကဗျာလေးဖြစ်ပါတယ်။ သူ့ရဲ့ခွင့်ပြုချက်နဲ့ အခု ဒီဘလော့ဂ်လေးမှာ ပြန်တင်ပေးလိုက်ခြင်းဖြစ်ပါသည်။

ဖိုးသူတော် ( ၂၅.၉.၀၈)

Sunday, September 21, 2008

Happy Birthday Ko Myat lone

ကျွန်တော်ရဲ့ မိတ်ဆွေသူငယ်ချင်း ကိုမျက်လုံး၏ ၂၁ ရက်နေ့ စက်တင်ဘာမှာကျရောက်သောမွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာ သူချစ်သော မိသားစု သူငယ်ချင်းများစွာနှင့် ပျော်ရွှင်ကြည်နူးရပါစေလို့ ဆုတောင်းပါတယ်။ ကိုမျက်လုံးရေ ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ။

သူတော်( ၂၁.၉.၀၈)

သူ

သူ…..

သတိရမိနေတဲ့ စိတ်အလျင်

ငြိတွယ်မိတဲ့ ဒီရင်မှာ

သံယောစဉ်တွေသာ ခေါင်းပါးမနေဘူးဆိုရင်…

ချစ်ခဲ့တာ အပြစ်တော့ဖြစ်မယ် မထင်ပါဘူး…..


မြတ်နိုးမိတဲ့ မျက်ဝန်းထဲ..

အမုန်းတစ်စွန်းတစ တွေ့မလားလို့

နားလည်ရခက်တဲ့ တုံ့ပြန်မှုသာ..

သေချာစွာ မသိခဲ့ဘူး…


ရင်ခုန်မိတဲ့ အခိုက်အတန့်တွေများလွန်းလို့..

ကိုယ့်ရင်ဘက်တောင် ကိုယ် မသင်္ကာတော့ဘူး..

ဒီလိုဒီလိုတွေ့တိုင်း ဘယ်လိုပြောရမလဲ..

သေချာခြင်းရဲ့ နောက်ကွယ်က

မရေရာမှုဆိုတာ အတ္တပါးပါးလေးတော့ ရှိကောင်းရှိရဲ့..


နောက်ဆုံးတော့ ချစ်တဲ့သူသာ..

ဦးနှောက်ဆန်မှု ၀ါဒကိုငြင်းပယ်ရင်း

နှလုံးသားရဲ့ ရုပ်သေးအဖြစ်..

အလွမ်းဇာတ်တွေ ဆက်ကလို့နေတယ်..

သူသိပါစ………….


ဖိုးသူတော်( ၁၉.၉.၀၈)

အသိအမှတ်

အသိအမှတ်

မမျှော်လင့်ဘဲ သူ့အသံ

ကြားလိုက်ရတဲ့

အခိုက်အတန့်တော့

ပျော်ရွှင်မှုတွေ..

ရင်နဲ့ အပြည့်..


ချစ်ခြင်းတွေက သူ့အပေါ်သာ

အကုန်ပေးထားလေတော့

တခါတရံ ကိုယ့်ဟာကိုယ်တောင်..

ချစ်ဖို့ မေ့နေလေရဲ့..


ရူးတယ်လို့ပြောပြော

ပထမဦးဆုံး ချစ်မိခဲ့လေတော့

ရင်နဲ့တောင် မဆန့်ချင်ဘူး..


ထားခဲ့မိတဲ့ သံယောစဉ်ကြိုးက..

လွန်းတင်ကာ ရစ်ပတ်..

ဒီရင်ကို နှောင်ဖွဲ့နေလေတော့..

ပြန်မချစ်နိုင်ဘူးဆိုတောင်..

ကိုယ့်ရဲ့ချစ်ခြင်းကိုတော့

အသိအမှတ်ပြုပေးပါ..

ချစ်သူ………..


ဖိုးသူတော်(၁၉.၉.၀၈)

Monday, September 15, 2008

ONE YEAR

တစ်နှစ်သားကျွန်တော်

၁၅.၉.၀၈ ဆိုရင် ကျွန်တော် ဖိုးသူတော် နာမည်နဲ့ ဘလော့ဂ်ရေးတာ ၁ နှစ်တိတိ ပြည့်ခဲ့ပါပြီ။ ဘလော့ဂ်ရေးတဲ တစ်နှစ်အတွင်း ဘလော့ဂ်ရေးတဲ့သူတွေနဲ့ သိကျွမ်းခင်မင်ခဲ့ရတာလဲ မနည်းမနောပါပဲ။ အွန်လိုင်းမှာခင်တဲ့သူတွေ၊ အော့ဖ်လိုင်းမှာခင်တဲ့သူတွေ၊ အွန်ပြီးမှ အော့ဖ် ခင်သွားတဲ့ သူတွေ အစရှိသဖြင့်ပေါ့လေ။ သူငယ်ချင်းမိတ်ဆွေ တိုးပွား အသိတွေလည်း များရတာပေါ့။ ဒီလို စဖီးယား တစ်ခုကို ၀င်လာပြီဆိုရင် ဒီစဖီးယားထဲက လူများနဲ့ ဆက်ဆံရမှာတော့ မလွှဲမသေပါ။ ကောင်းတဲ့လူတွေ ရှိသလို မကောင်းတဲ့ လူများလည်း ရှိနိုင်ပါတယ်။

ဘလော့ဂ်ဂါ သူငယ်ချင်းများနှင့်လည်း အမျိုးမျိုးသော လူမှုရေး လှုပ်ရှားမှုများလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အောင်မြင်တာတွေ ရှိခဲ့သလို မအောင်မြင်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ တစ်နှစ်သား မှတ်တမ်းလေးဟာလည်း များများလို့ လာခဲ့ပါပြီ။ ကျွန်တော် ၃လပြည့် တုန်းက ရေးခဲ့သလိုပါပဲ ၃လပြည့် မှတ်တမ်းပါးပါးလေးမှသည် အများအတွက် အသုံးဝင်နိုင်မည့် မှတ်တမ်းထူကြီး ဖြစ်အောင် လုပ်ပါမည် ဆိုတဲ့ အတိုင်း လာရောက်လည်ပတ်တဲ့ သူတွေအတွက် အသုံးမ၀င်ဘူးဆိုသည့်တိုင် ကျေနပ်အောင် ပြုလုပ်ထားပါတယ်။ ဒေသန္တရဗဟုသုတလေးတွေ၊ အတွေးအမြင်လေးတွေ၊ ကဗျာလေးတွေ အစရှိသဖြင့်ထည့်သွင်း ဖော်ပြထားပါတယ်။ ကျေနပ်ကျမယ်လို့လဲ မျှော်လင့်ပါတယ်။

ကျွန်တော်တို့ မြန်မာဘလော့ဂ်လောက ဒီထက်ပိုမို ကျယ်ဝန်းပြီး နိုင်ငံတကာ ဘလော့ဂ်များနှင့် ရင်ဘောင်တန်းနိုင်ဖို့လည်း ကျွန်တော်တို့ အများကြီး ကြိုးစားအားထုတ်ကြဖို့ လိုအပ်ပါတယ်။ အားလုံးလဲ ကြိုးစားကြမယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံတကာ ရင်ဘောင်တန်းနိုင်ဖို့ဆိုလျှင်လည်း မိမိ မိခင်ဘာသာစကားနှင့် တင်မဟုတ်တော့ပဲ အင်္ဂလိပ်ဘာသာစကားဖြင့်လည်းရေးသားဖို့ လိုအပ်ပါတယ်။ ကျွမ်းကျင်သော ဘလော့ဂ်ဂါ ညီအကိုမောင်နှမများ ပြုလုပ်ကြစေချင်ပါတယ်။ အနောက်နိုင်ငံများနှင့် မယှဉ်နိုင်သေးဘူးဆိုရင်တောင် ဒေသတွင်းနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်အောင် ကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ ကြပီး မြန်မာ့ဘလော့ဂ်လောက ကိုမြှင့်တင်နိုင်ပါစေလို့ ၁နှစ်သားလေးမှ ဆုမွန်ကောင်းတောင်းလိုပါတယ်။

ဖိုးသူတော် ( ၁၄.၉.၀၈)

၂၃နာရီ ၂၃မိနစ်

Saturday, September 13, 2008

ဆရာသစ္စာနီနှင့် စကားစမြည်း

ဆရာသစ္စာနီနှင့် စကားစမြည်း

ကျွန်တော်တို့လူငယ်ဘလော့ဂ်ဂါများနှင့် ဆရာသစ္စာနီ တခုသော မိုးဖွဲဖွဲ ညနေခင်းတွင် ခပ်လှောင်လှောင် လ္ဘက်ရည်ဆိုင်တစ်ခုတွင် ဆုံမိကြသည်။ ဆရာ၏ ပုံသဏ္ဍာန်မှာခင်မင်နှစ်လိုဖွယ်ကောင်းသော ပုံဖြစ်ပါသည်။ တွေ့ဆုံပြီး အဓိကပြောဖြစ်သော အကြောင်းအရာများမှာ စာပေစီးမျှောမှုနှင့် ကဗျာများ ကွဲပြားမှုတို့ဖြစ်ပါသည်။ ယနေ့ခေတ် တိုးတက်လာသော အင်တာနက် အသုံးပြုမှုများလည်း အနည်းငယ်ပါ ပါသည်။ စာပေသမားပီသသော ဆရာက စာပေသဘောတရားများကို သူ့၏ အမြင်နှင့်တောက်လျှောက်ပြောသွားပါသည်။ ကျွန်တော်တို့အားလုံး ကြားသိရသည်မှာ ကောင်းလှပါသည်။ ဆရာ၏ မာန်မာန ကင်းမဲ့သော စကားလုံးများနှင့် အပြုအမှုအပြောအဆို များကိုလည်း သဘောကျပါသည်။ ကျွန်တော်တို့ကိုလည်း ချာတိတ်တွေ ဆိုပီတော့လည်း မထင်သည့်ပုံဖြစ်ပါသည်။ ကျွန်တော်တို့၏ ပြန်လှည်ပြောဆိုချက်များကိုလည်း သေချာနားထောင်ပြီး ပြောပါသည်။ တချို့သော ကဗျာနှင့်ဆိုင်သော အတွေးသစ်များကိုလည်း ချပြသွားပါသည်။

ကျွန်တော်ကြိုက်သော တစ်ခုမှာ ဆရာ လွန်ခဲ့သော နှစ်၃၀ လောက်က ဖန်တီးခဲ့သော ပါဖော့မန့်အက် တစ်ခုဖြစ်ပါသည်။ ခေါင်းစဉ်မှာ ကဗျာကိုကိုယ်တိုင်ဖန်တီးခြင်းဟု့ဖြစ်ပါသည်။ ၂ ပေ ပတ်လည် သစ်သားတုံးများကို လေးထောင့်တုန်းများဖြစ်အောင် ပထမလုပ်ပါသည်။ ထို့နောက် အံစာတုန်းများလို ဖြစ်အောင် ဘေးစောင်းများကို ပွတ်စားပြစ်လိုက်ပါတယ်။ ထိုအံစာတုန်းမျက်နှာပြင်မှာ ပေါ်မှာ စကားလုံးများ ရေးထားခြင်းဖြစ် သည်။ ထိုကဲ့သို့ စာလုံးများပါသော အံစာတုန်းပေါင်း ၂၂ တုန်းကို ဇလားတစ်ခုထဲ ထည့်၍ပြခြင်းဖြစ်ပါသည်။ ကဗျာဖန်တီးခြင်သူက ဇလားကိုမကာ ကြမ်းပြင်ပေါ်သို့ သွန်ချလိုက်လျှင် စကားလုံးများနှင့် ကဗျာတစ်ပုဒ် ဖြစ်ပေါ် လာမည်ကို ရည်ညွှန်းခြင်းဖြစ်သည်။

အဲ့ဒီနေ့က ကဗျာဆရာများနှင့် သူတို့၏ကဗျာအမြင်များကို ဆရာသစ္စနီက သူ့၏ အမြင်များနှင့် သုံးသက်ပြောဆိုသွားပါသည်။ စာပေရေးသားခြင်းအပေါ် ဆရာမရှိသော ဆရာ သစ္စာနီက ပုဂ္ဂိုလ်စွဲ မရှိပဲ သုံးသက်ပြောဆိုချက်များမှာ ကောင်းမွန်လှပါသည်။ ဆရာသစ္စာနီနှင့် ပထမဆုံးအကြိမ်တွေ့ဆုံးဖူးခြင်းဖြစ်ပါသည်။ သို့ပေမဲ့ သူ၏စာများကို ဖတ်ဖူးသည်မှာ ကြာပီဖြစ်ပါသည်။ ကျွန်တော် ဆရာသစ္စာနီ၏ အခြားအရာများနှင့် လူ ဆိုသည့် စာအုပ်ကို သဘောကျပါသည်။

လူငယ်လူရွယ်များ ထိုသို့ စာရေးဆရာများနှင့် တွေ့ဆုံဟောပြောပွဲများ များများ လုပ်နိုင်လျင်ဖြင့် ကောင်းမွန်ပါသည်။ စာရေးဆရာများကလည်း သူတို့၏ အတွေးအမြင်များကို ဝေငှနိုင်သည်။ လူငယ်များမှာလည်း အတွေ့အကြုံ သဘောတရားများကို နားလည်သဘောပေါက်နိုင်ပါသည်။ စာပေချစ်စိတ်များလည်းတိုးပွားလာနိုင်ပါသည်။ ဆရာပြောသလို မြန်မာနိုင်ငံ၏ စာပေအဆင့်အတန်းကို နိုင်ငံတကာကို ဘယ်လိုထိုးဖောက်လဲ ဆိုတဲ့ အတွေးများနှင့် လက်တွေလုပ်ဆောင်မှုများလည်း ဖြစ်ထွန်းလာနိုင်ပါသည်။ အနာဂတ် နိုင်ငံ၏စာပေအဆင့်အတန်းသည် လက်ရှိလူငယ်များနှင့် များစွာသက်ဆိုင်နေပါသည်။ ထို့ကြောင့်ကျွန်တော်တို့ လူငယ်များများစွာ ကြိုးစားရန်လိုအပ်ပါသည်။

ဖိုးသူတော် ( ၁၁-၉-၀၈)

Thursday, September 11, 2008

ငါ့ရင်ထဲက ပန်းသီးပင်

ငါ့ရင်ထဲက ပန်းသီးပင်

ခဏတော့ တိတ်ဆိတ်သွားတယ်..

ငါ့ကမ္ဘာငယ်လေး..

ရင်ခုန်သံ ရပ်သွားလို့လဲဖြစ်တယ်..

စိုက်ပျိုးခဲ့တဲ့ သစ်ပင်ငယ်လေး..

အပင်လောင်းလေး ဘ၀မှာတင် သေသွားတယ်..


မြေဩဇာပဲ မကောင်းလို့လား

ဥယျာဉ်မှူးပဲ မကောင်းတာလား

ဘာပဲပြောပြော…

အပင်ငယ်လေး သေသွားတယ်….


ရေမြေကိုလည်း အပြစ်မတင်ပါဘူး..

ရာသီဥတုကိုလည်း အပြစ်မတင်ပါဘူး..

ဥယျာဉ်မှူးကတော့ ကိုယ့်ဟာကိုယ် အပြစ်တင်တယ်..


အပင်လေး ကြီးထွားစေချင်တဲ့ သူ့ဆန္ဒကိုလေ..

ဥယျာဉ်မှူးရင်ထဲမှာတော့ ထာဝရရှင်သန်နေဦးမှာပဲ..

စကတည်းက စိုက်ခဲ့တာ..

ပန်းသီးပင်လေးကို....


ဖိုးသူတော် ( ၂၆.၀၈.၀၈)

၂၂:၁၀ နာရီ