Friday, May 16, 2008

သတင်းဆောင်းပါ (၂)

ကျွန်တော်တို့ ဘိုကလေးမြို့ ကိုအခက်အခဲတွေကြားကနေသွားရောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ သွားရောက် လှူဒါန်းတာ မဟုတ်သေးပေမယ့် ပထမအစီအစဉ်အဖြစ် တိကျတဲ့ အချက်အလက်တချို့နဲ့ လမ်းကြောင်းအတွေ့

အကြုံရအောင်သွားရောက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ ဘလောက်ဂါမောင်နှမ များအနေဲ့ တက်အားသ၍ လက်လှမ်းမှီသလောက်သွားရောက် ကူညီချင်တဲ့ ဆန္ဒတွေ အကောင်အထည်ဖော်နိုင်ဖို့ အားလုံး ကြိုးစား ခဲ့တာ ရက်ပေါင်းအတော်ကြာခဲ့ ပါပြီ။ အကြောင်းကြောင်းများကြောင့် ပြည်တွင်း ပြည်ပက နေစေတနာ ထားလှူဒါန်း နေ ကြတဲ့ အထောက်အကူတွေ မရောက်ရှိခဲ့လဲ ကျွန်တော်တို့ နိုင်တဲ့ ဘက်ကနေ ဆောင်ရွက်ချင်တဲ့ အတွက် အခု လို တခြားသော အလှူရှင်များနဲ့အတူ သွားရောက်ခဲ့တာပါ။ ကျွန်တော်တို့အဖွဲ့မှာ လူပေါင်း ၃၀ နီးပါး ပါဝင်ခဲ့ ပြီး ကျွန်တော်နဲ့ အတူ ကိုကြီးကျော်၊ ဘာညာ၊ ပေါက်ကရ၊ ကိုဂေါက်၊ အပုလေး၊ ၀င်းဇော်ထက်၊ ညီညီ စတဲ့ ဘ လောက် ဂါများ ပါဝင်ခဲ့ပါတယ်။ ရန်ကုန်ကနေ ၁၄ ရက်နေ့ မနက်စောစောပိုင်းစထွက်လာခဲ့ပါတယ်။ဒါတောင်မှ ကျွန်တော်က မီရုံလေးပါ။ စုရပ်၎ ခါလောက်လုပ်တာ နောက်ဆုံးစုရပ် ကျမှ ကမန်းကတန်း ရောက်လာတာပါ။ ရှေ့ဟာတွေက လွဲနေလို့ပါ။ ဒါနဲ့ မိုးကလေး ကလဲတဖွဲဖွဲနဲ့ လိုက်အေ့စ်( အမိုးမရှိ) ရဲ့ နောက်ကနေ လိုက်ပါခဲ့ ပြီး စုစုပေါင်း ကုန်ပစ္စည်းတင်ထားတဲ့ ကား များ အပါအ၀င် ကားပေါင်း ၈ စီးနဲ့ထွက်လာခဲ့ပါတယ်။ စထွက်တယ်ဆိုရင်ဘဲ လှိုင်သာယာ ဘက်က အပျက် အစီးတွေကို စတင်တွေ့ရှိရပါတယ်။ စက်ရုံတွေ အမိုးလန်တာကတော့ ထွေထွေထူထူး ပြောစရာမလိုအောင်ပါ ။

လှိုင်သာယာ တခုထဲမှာတင် ဓါတ်တိုင်တွေ ရာဂဏန်းလောက်လဲနေတာ မြင်ခဲ့ရပါတယ်။ မိုးကလဲ ရွာမလိုလိုနဲ့ ဖွဲဖွဲ လေးကျနေ၊ လေအေးအေးထဲမှာ လိုက်ပါလာရင်း ထန်းတပင် ကိုရောက်လာတဲ့အထိ ဓါတ်တိုင်တွေ ကျိုးပဲ့နေ တာ၊ အိမ်တွေအနဲငယ်ပျက်နေတာက လွဲပြီး ကြီးမားတဲ့အပျက် အစီးတွေ မတွေ့ရသေး ပါဘူး။ လမ်းကလဲ ကောင်း ပါတယ်။ ဒါနဲ့ ပုံမှန်အတိုင်းထွက်ခွာလာခဲ့ရာက ကားလမ်းတလျောက်ကို ကြည့်လိုက်ရင် လမ်းဘေး ၀ဲယာက အရိပ်ရပင်တွေက ရိုးတံခြောက်ခြောက်နဲ့ သစ်ရွက်တွေ တခုမှမရှိလောက်အောင် လေတိုက်ခံထား ရသလို တခြားသော အပင်တချို့ကလဲ ဓါတ်တိုင်တွေနဲ့ အပြိုင် ကျိုးကျနေတာ ကိုတွေ့ရပါတယ်။ လယ်ကွင်းတွေ တော့ ရေတချို့ဝင်နေပြီး စပါးတွေရေစိုနေတာ ကိုထွက်လှန်းနေတဲ့ တောင်သူတွေကို ဘဲ တွေ့ ရပါတယ်။ ညောင်တုန်း ဘက်ကိုသွားတဲ့ တလျှောက်မှာလဲ အိမ်တွေ အမိုးလန်တာ ၊ ပျက်တာတွေ တွေ့တာပါဘဲ။ ညောင်တုန်းကကျော် လို့ မအူပင်ဘက်ကိုသွားတဲ့ လမ်းမှာတော့ တကယ့်ကို စိတ်ပျက်စရာ စိတ်မကောင်းစရာ မြင်ကွင်းတွေကိုတွေ့ရပါတယ်။ လမ်းဘေးဘက်တွေမှာ တကယ့် ယာယီတဲလို့ဆိုရမယ့် သုံး လေးပေလောက်ရှိတဲ့ တဲလေးတွေနဲ့ နေကြရတဲ့ လေဘေး ဒုက္ခသည်တွေကိုတွေ့ရပါတယ်။ သူတို့မိသား စုတွေ ရဲ့ကလေးတချိုက တော့ ကျွန်တော်တို့ ကားနောက်တွေကို ကြည့်ရင်း ငေးနေတာတွေ့ပါတယ်။ ကလေးလူကြီးတွေက လဲ စူးစမ်းတဲ့ အကြည့်နဲ့တချက်လောက်ကြည့်ပြီး၊ မထူးပါဘူးဆိုတဲ့ ပုံစံနဲ့ ပြန်လည် ငြိမ်သက်နေတာ တွေ့ပါတယ်။ ကျွန်တော်တို့ တော့ ပါလာတဲ့ မုန့်အချို့ ကို ကလေးတွေထံ ချပေးခဲ့တာ ကလွဲ ပြီး တခြားဘာမှမတတ်နိုင်ခဲ့ ပါဘူး။ အဲလိုနဲ့ ကျွန်တော်တို့ မအူပင်ကိုရောက်လာခဲ့ပြီး မအူပင်တက္ကသိုလ် မရောက်ခင် ဆိုင်လေးတစ်ဆိုင်မှာ ကော်ဖီသောက်ပါတယ်။ ပျက်ဆီးနေတဲ့ အိမ်တွေ ရုံးတွေကြားကနေ ချိနဲ့ရှင်သန်နေတဲ့ သူတွေကို ကျော်ဖြတ်လို့ မြို့လေးကို ကျောခိုင်းခဲ့ပါတယ်။

မအူပင်ကနေ မအူပင်တံတားကိုကျော်ဖို့ သွားတဲ့ ကွင်းပြင်တွေမှာလဲ တဲအိမ်တွေ အသီးသီးထိုးထားတဲ့ ရွာတန်းရှည်လို ပုံစံ လူအုပ်ကြီးက ကြော်ငြာ ကားလို့ ကလေးတွေက ကျွန်တော်တို့ ကိုခေါ်တဲ့ ကားတန်း ပေါ်က နေပစ်ချတဲ့ ပစ္စည်းတွေကို တပျော်တပါးလိုက်ကောက်နေကြပါတယ်။ အိမ်လေးတွေလို့ ပြောရမယ့် ယာ ယီတဲလေးတွေက၀က်တကောင်ကို ထားတဲ့ အနေအထားထက်တောင်ဆိုးတာပါ။ အခင်းအကာ အလုံအခြုံ မရှိလှဘဲ ပေါများလှတဲ့ အုန်းပင် အကျိုးတွေက အုန်းလက်တွေကိုသီပြီး ဖြစ်သလိုနေ ထိုင်နေကြာတွေ့ရ ပါတယ်။ တစစပေါများစွာတွေ့လာရတဲ့ အုန်းပင် တောအုပ်တွေ၊ ကွမ်းသီးပင်တွေဟာ အပိုင်းပိုင်း ကျိုးကျနေတာ လေဘယ်လောက်ပြင်းထန်ခဲ့တယ်ဆို တာကို နေရာအလိုက်ဖော်ပြပေးနေတာနဲ့ အလွန်တူပါတယ်။ ကျွန်တော်တို ကားတန်းတွေဟာ မိုးတွေလေတွေအနည်းငယ်တိုက်ခတ်နေတဲ့ ကြားက ဖြတ်ကျော်နေသလို အဲလို မိုးတွေလေတွေကြားကနေ လမ်းဘေးဝဲယာက ထောင်နဲ့ချီတဲ့ လူတန်းတွေကလဲ မျှော်လင့်ချက်ကိုစီနဲ့ ကား တွေ ကို လိုက်လံ ကြည့်ရှုနေဆဲ ဖြစ်ပါတယ်။ ပါတဲ့ သကြားလုံးတွေ နဲ့ မုန့်အချို့ ကို ကလေးလေတွေ ကိုတွေ့တိုင်း ပစ်ချပေးခဲ့ရင်း ကျွန်တော်တို့ ဘာလာလုပ်တာလဲ ပြန်လည်တွေးမိပါတယ်။ တကယ်တော့သူတို့ တတွေလဲ ဒုက္ခ သည်တွေမဟုတ်ဘူးလား။ မပြောတတ်အောင်ပါဘဲ။ သက်ဆိုင်ရာက တော့လုံလောက်တဲ့ အထောက်အပံ့တွေ ပေး ထားသေးပုံမပေါ်သေးပါဘူး။ မအူပင်တက္ကသိုလ်ကျော်လာရင်း မနက် ၁၀ နာရီလဲ သာသာလောက်ဖြစ်လာပါ ပြီ။ တော်တော်လေး သွားလာလိုက်ရင်း လန်နေတဲ့ အုန်းပင် တွေကိုငေးလိုက်၊ ရေတွေဝင်နေတဲ့ စပါးကြည်တွေ ကို ကြည့်လိုက်၊ အဝေးက မိုးကုတ်စက်ဝိုင်းက မိုးသားတွေကို မျှော်လိုက်နဲ့ စဉ်းစားနေရင်း ကျိုက်လတ်ကို ၀င်နေ ပြီဆိုတာ သတိထားမိတော့ ၁၀နာရီခွဲလောက်ဖြစ်မယ်ထင်ပါတယ်။ ကျိုက်လတ်ကို ၀င်တော့လဲ မအူပင်တုန်းကလောက်မဆိုးပေမယ့် အတူတူလောက်ရှိမယ်ထင်ရတဲ့ အကူအညီ တောင်းခံလိုတဲ့ လူတန်းတွေကို ပြတ်တောင်းပြတ်တောင်းတွေ့နေရဆဲပါဘဲ။ ဘယ်မှာလဲသူတို့မှာ သန့်ရှင်းတဲ့ သောက်ရေ ၊ သန့်ရှင်းတဲ့ အစားအစာ။ ဘယ်လို ဘယ်ပုံနဲ့နွေးနွေးထွေးထွေးနေ ကြသလဲဆိုတာလဲ သံသယ ဖြစ်စရာ မကောင်းအောင်ကို ရှင်းလင်းနေလှပါတယ်။ ကျိုက်လတ်မြို့ထဲ ကိုဖြတ်သန်းတယ်ဆိုရင် တချိန်က စီကား ခဲ့တဲ့ အမှတ်သင်္ကေတဖြစ်တဲ့ ကိုလိုနီလက်ရာ အုတ်တိုက် အဆောက်အဦးတွေ အစီအရီတွေ့ရပြီး ကြားထဲက သစ်သား အိမ်မဲမဲတွေ ကိုအလဲလဲ အပြိုပြိုနဲ့ အပြိုင်အဆိုင်ရှိနေကြပါတယ်။ လေကြမ်းဒဏ်ကို အလူးအလဲ မခံလိုက်ရဘူးလို့ မဆိုရင်တောင် ကျိုက်လတ်လဲ သက်သာလှတယ်မဟုတ်ပါဘူး။ ၈၀ ရာခိုင်နှုန်းလောက် တော့ အိမ်တွေ အမိုးလန်နေတာတွေ့ရပြီး ပြန်လည်ပြုပြင်နေတဲ့ အဆောက်အဦးအချို့ ကိုတွေ့ရပြီး စီးပွားရေး သိပ်မ ကောင်းလှတဲ့ မြို့ကလေးအတွက် ပြန်လည်ထူထောင်ရေးက တော့ သူတို့မြို့ ကလဲနေတဲ့ ဓါတ်တိုင်တွေကို ပြန် ထူ သလိုလွယ်လှမယ်တော့မထင်ပါဘူး။ ကျိုက်လတ်မှာ ကျွန်တော်တို့ကားလေး ခဏနား ထမင်းစားရင်း နောက်ကလာမဲ့ ကားတန်းကိုစောင့်ပါတယ်။

ကျိုက်လတ်ကနေ ဆက်လက်ရွေ့လျားလာခဲ့ တဲ့ ကျွန်တော်တို့ ယဉ်တန်းဟာ တခြားသော ရာနဲ့ချီ သွားပြန် နေ တဲ့ ကူညီကယ်ဆယ်ရေး စေတနာရှင်ကားတွေ၊ အစိုးရစစ်ဘက် ထောက်ပံ့ရေးကားတွေ၊ ကုလ ကကားတွေ နဲ့ အတူ ရွှံ့တွေ ရေတွေကြားကနေ လာနေကြပါတယ်။ မကြာခင်မှာဘဲ ကျွန်တော်တို့ ခရိုင်ရုံးစိုက်တဲ့ ဖျာပုံရဲ့ အစွန် အဖျားတွေကို လှမ်းမြင်နေရပါတယ်။ လမ်းတလျောက်က မြင်ခဲ့ရတဲ့ အုန်းတောတွေထဲက အရင်းကနေ ကျိုးပဲ့ ကျ နေတဲ့ အုန်းပင်တွေနည်းတူ အပုံလိုက်ပြိုပျက်နေတဲ့ အိမ်တွေ၊မျက်နှာစာ ဘဲကျန်တဲ့ အိမ်တွေ ၊ လမ်းသာ မြင် ရတော့တဲ့ ရပ်ကွက်တွေကို စတင်တွေ့ရှိရပါတယ်။ ၁၀ မိနစ်လောက် မြို့ထဲဝင်လာခဲ့ရင်း မြို့ ကိုရှောင်ပြီး တခါ ထဲ ဘိုကလေး ကိုသွားဖို့ အတွက် ဖျာပုံကအထွက် တံတားလေးတခုနားမှာ နောက်က ကားတွေ ပြတ်ကျန် နေတာ နဲ့စောင့်နေရင်း အနီးအနားမှာ ရှိတဲ့ ကလေးတွေ ၊မိသားစုတွေ ကို ဓမ္မာရုံကနေ ဆန်တချို့ ဝေ နေတာ ကြားမိပါတယ်။ ကျွန်တော်တို့မှာ ကောက်ညှင်းပေါင်း အတုတ် ၂၀၀၀ ပါလာပါတယ်။ စားတာလဲစား၊ လမ်း မှာလဲ ဝေဖို့ပါ။ အဲဒီထဲက ကောက်ညှင်းပေါင်းတွေကို မွတ်သိပ်တဲ့ အကြည့်နဲ့ကြည့်နေတဲ့ ကလေးလေး တွေကို တွေ့ရာက ဝေးပေးဖို့ ကျွန်တော်တို့ရဲ့ အလှူရှင်က ပြောတာနဲ့ ကလေးတွေကို တယောက်တထုတ် ဝေပေးခဲ့ ပါတယ်။ တကယ်ဆို အဲဒီကောက်ညှင်းပေါင်းကို စားရင် တမနက်ဆာတော့ ကောင်းကောင်း ဖူလုံ လောက်ပါတယ်။ ကလေးတွေတယောက်ကိုတထုတ်ပေးနေရာက လူကြီးတွေပါလာပါတယ်။ ၂ခေါက်တောင်း ခိုင်းတာတွေ၊ လက်နှစ်ဘက်လုံးထိုးထည့်တာတွေ၊ အတင်းဝင်လုတဲ့ ပုံစံတွေပေါက်လာတဲ့ အတွက် ကျွန်တော်တို့ ဝေပေးတဲ့ အလုပ်ကို ရပ်နားလိုက်ပါတယ်။ လုံးဝမရဘဲ မျက်လုံးလေး တွေ မှာအရောင်မလက် နိုင်တဲ့ ကလေးတချို့ ကို တွေ့လိုက်ရလဲ ကျွန်တော်တို့ လုံးဝရပ်နားလိုက်ရပါတယ်။ နောက်က ကားတွေလဲ မှီလာ ပါပြီ၊ သွပ်နဲ့ စားစရာတွေ ၊ အိုးတွေ၊ အခင်းအကာတွေတင်လာတဲ့ ကွန်တိန်နာ တစင်းလုံးဝ သွားလို့ မရ အောင် ဖြစ်သွားပါတယ်။ ကလပ်ကဖြစ်တယ်လို့ ယူဆရလဲ ပြင်ဆင်တက်တဲ့သူမပါတဲ့ ကျွန်တော်တို့ အဖွဲ့က အဲဒီကားကိုပြင်ဆင်ဖို့ ကားပြင်တဲ့ သူကိုရှာရန် ဖျာပုံ မြို့ ကိုပတ်ကြည့်တော့မှ အတော်လေး ထိခိုက်ထားတဲ့ ဖျာ ပုံကို နီးနီးကပ်ကပ် လေ့လာခွင့်ရခဲ့ပါတယ်။ ဆေးရုံကြီး ၀င်းထဲက အဆောင်တလုံးဆို လုံးဝ သုံးမရအောင် လဲ ပြိုနေတာဖြစ်ပြီး သံယာဆေးရုံ အမိုးကိုတော့ တာလပတ်တွေ ပြန်လည် ဆင်ထားတာတွေ့ပါတယ်။ ၀င်းအတွင်း မှာလဲ ယူနီဆက် က ကားတစီင်္းရပ်ထားတာတွေ့ပါတယ်။ အဲဒီနားမှာ မြန်မာ့သစ်လုပ်ငန်းက ၁၀ ဘီးကားတွေက သစ်တွေ အပြည့်တင်ဆောင်ထားပြီး အရှေ့မှာ တော့ ဧရာဝတီတိုင်း လေဘေး ကယ်ဆယ်ရေး အထူးတာဝန် ဆို ပြီးရေးထားတဲ့ သစ်ကားပေါင်း ၃၀ ခန့်ရပ်နားထားတာတွေ့လိုက်ရတယ်။ အစားအစာ ၊ ဆေးဝါးနဲ့ အရေးပေါ် နေရေး ထိုင်ရေး အဓိကလိုအပ်နေကာ ကျန်းမာရေးစောင့်ရှောက်မှုကင်းဝေးနေတဲ့ လေဘေးသင့် ပြည်သူတွေ အတွက် အဲဒီသစ်တွေ ကဘယ်လို အကျိုးပြုမယ်ဆိုတာတော့ စီစဉ်သူတွေသိလောက်ပေမယ့် ကျွန်တော် တော့ အခုချိန်ထိလက်လှမ်းမှီသလောက်ပါဘဲ။ နောက်တော့ ဆေးရုံကဆင့် မြို့တွင်းရောက်လာတော့ အိမ်ကောင်းကောင်း တွေတောင်လေ ကြောင့်မှန်တွေ အမိုးတွေ ကွဲကြေပြိုပျက်နေပြီး ဈေးကတော့ အမိုးမဲ့ သွားတဲ့ လေဟာ ပြင်ဈေး ဖြစ်သွားပါတယ်။ ကမ်းနားပိုင်းတွေမှာ ရှိတဲ့ ရေစင်တွေ အဆောက်အအုံတွေ အကြောင်း ကတော့ မပြောချင်လောက်အောင် ပျက်ဆီးပါတယ်။ ထောက်ပံ့ရေး ယဉ်တန်းတွေ အဖြစ် တရား ၀င် သွားရောက်မယ့် စစ်ယဉ်တန်းတွေ တွေ့နေရပြီး ဘိုကလေး ကိုသွားမယ်လို့ပြောတာကြားပါတယ်။ ဆန်တွေ အဓိက ပါဝင်တယ်လို့ ပြောတာ လဲကြားပါတယ်။ ရေတပ်က စစ်ကားတစီးက ဖြတ်သွားရင်း ကျွန်တော်တို့ ကို လက်ပြနှုတ်ဆက်သွား တဲ့ ရဲဘော်တယောက်ကို တွေ့လိုက်ပါတယ်။ ကားပြင်ဆရာ ကိုတွေ့လို့ ကျွန်တော်တို့ ကားတန်းဆီပြန်လာပါတယ်။ ကားကတော့ ဘယ်လိုမှ နာရီပိုင်းအတွင်း ပြင်ဆင်ဖို့ မဖြစ်နိုင်တော့တဲ့ အတွက် အဲဒီကားကိုထားခဲ့မှ ဖြစ်တော့မှာပါ။ ရန်ကုန်ကို ပစ္စည်း လှမ်းမှာ၊ ပစ္စည်းရောက်ရင် ပြင်နဲ့တရက်တော့ကြာမှာ ဖြစ်တဲ့ အတွက် ကားနောက်က ကွန်တိန်နာကို သော့ ခတ် ဖို့ အလှူရှင်က စီစဉ်ခဲ့ ပြီး ကျွန်တော်တို့ ဆက်ထွက်ခဲ့ပါတယ်။ ကျွန်တော်တို့ ကားတန်းမှာ ပါလာတဲ့ အကူအညီ ပေးရေး ပစ္စည်းတန်ဖိုးက ကာလပေါက်ဈေး သိန်း ၄၀၀ ၀န်းကျင်မက ပါရှိလာတဲ့ အတွက် အလှူ ရှင်တွေက လဲ သူတို့ပစ္စည်းတွေ ကိုသူတို့ လှူလိုသူတွေလက်ထဲ ကိုရောက်အောင်ပေးချင်နေပါတယ်။

မိုးကလဲ ပြန်ရွာလာပါတယ်။ မိုးရေထဲကနေ ပြီး ဖျာပုံကထွက်လာပါတယ်။ ချောင်းလေးတခုကိုဖြတ်သန်း ပြီး တဲ့ နောက် ကိုးအိမ်တန်း တံတားရောက်တဲ့ အထိကားတွေပိတ် ၊ လမ်းကဆိုးနဲ့ ခရီက မတွင်သလို ၊ လမ်း တလျောက်မှာလဲ ၀က်တွေထားတဲ့ တဲလောက်သာ ဆောက်လုပ်နိုင်တဲ့ လေဘေးသင့် ပြည်သူတွေကို မြင်ရေ ရပြီး ကျွန်တော်တို့ ကို တပြုံး ပြုံးနဲ့လက်ပြနှုတ်ဆက်နေတာ ကိုမြင်ရပါတယ်။ မြန်မာလူမျိုး ပီပီ ဒီလောက် ခက် ခဲနေတဲ့ ကြားက အပြုံးတပွင့် ကို လွယ်ကူစွာချွေပြနိုင်တာ အရမ်းကြည်နူးမိပါတယ်။ လမ်းက ဆိုးသထက် ဆိုးလာ ပါတယ်။လမ်းဘေးဝဲယာ တစ်လျှောက်မှာ ရှိနေတဲ့ နေဖြစ်ရုံအိမ်လေးတွေ ကိုကြည့်ပြီး စိတ်ထဲမှာတော်တော်လေး မကောင်းဖြစ်မိပါတယ်။ ဒီလိုနဲ့ ကားတန်းဟာသွားနေလိုက်တာ နောက်ဆုံးကားတွေ အများကြီး ပိတ်နေတဲ့နေရာကိုရောက်သွားပါတယ်။ စုံစမ်းကြည့်လိုက်တော့ တံတာက အခြေနေမကောင်းလို့ ကားငယ်များသာ သွားလို့ရမည်ဆိုသောကြောင့် ကားများပိတ်ဆို့နေခြင်းဖြစ်ပါသည်။ ဖျာပုံနဲ့ ဘိုကလေးကို သွားတဲ့ လမ်းကြောင်းရဲ့ ပထမဦးဆုံး တံတားငယ်လေးပါ။ ဘာတံတားလဲဆိုတာ နာမည်မတွေ့ပေမဲ့ သဖန်းချောင်းကို ဖြတ်ကူးထားတဲ့ တံတာလေးပါ။

ဆက်ရန် - - - -

သတင်းဆောင်းပါး

မေလ ၁၃ ရက်နေ့မှာ တွံတေးမြို့ကို သွားရောက်ခဲ့ပါ့တယ်။ မုန်တိုင်းသင့်ပြည်သူများ အခြေအနေနှင့်လိုအပ်ချက်များအား သွားရောက် ဒေတာကောက်ယူခြင်းဖြစ်ပါတယ်။ ပထမဆုံး တွံ့တေးတံတားမရောက်ခင် ပန်းလှိုင်တံတားမှ မိနစ် ၂၀ လောက်ဆင်းအပြီးမှာ လမ်းဘေးတစ်လျှောက် လယ်တောတ၀ိုက်တွင်ရှိသော ရွာများ အခြေအနေဆိုးဝါးလျှက်ရှိနေပါတယ်။တွံတေးတံတာကို နေ့လည် ၁၁ နာရီ ၅၀ မှာရောက်ရှိပါတယ်။ သံဖြူကျေးရွာအနီးမှာ ဒုက္ခသည်များကို စေတနာရှင်ပြည်သူများမှ ပေါင်မုန့်များ လှူဒါန်းနေသည်ကို တွေ့ရပါသည်။ ကယ်ဆယ်ရေးလုပ်ငန်း ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းများအနေဖြင့် ထိရောက်စွာမလုပ်ပေးနိုင်သေးသော အနေအထားမှာရှိပါတယ်။ လမ်းသွားလမ်းလာများ၊ ကယ်ဆယ်ရေးသွားသောအဖွဲ့များမှ အစားအသောက်များပြစ်ချလေ့ ရှိဟန်တူသောကြောင့် လမ်းဘေးဝဲယာတစ်လျှောက် နေပူမရှောင် မိုးရွာမရှောင် တောင်းရမ်းနေပုံကို မြင်ရတာလည်း တစ်စက်မှ စိတ်ချမ်းသာစရာမကောင်းပါဘူး။

နောက်ပြီးတော့ တွံ့တေးမြို့ မရောက်ခင် ကံဘဲ့စံပြကျေးရွာ မှာလည်း အိမ်ခြေ ၉၀% လောက်လုံးဝနေလို့မရတော့တဲ့ အနေအထားမှာရှိပါတယ်။အထက်တန်းကျောင်းကြီး ခေါင်းမိုးများအားလုံးလဲ လန်ထွက်နေပါတယ်။ ရွှေစံတော်စံပြ ရပ်ကွက်မှာတော့ တရုတ်မှ လှူဒါန်းထားသော Tent ပေါင်း ၂၁ လုံးဖြင့် မုန်တိုင်းသင့်ပြည်သူများကိုထားထားပါတယ်။ ဟိုမှ ဒီမှ လာရောက်စစ်ဆေးသောအခါ ပြထားချင်ပုံရပါတယ်။ Tent ပေါင်း ၂၁ လုံးတည်းဖြင့် တွံ့တေး မြို့နယ်တစ်ဝိုက်များ ဒုက္ခသည်များအားလုံးဆံ့ရင်တော့ အရမ်းကောင်းတာပေါ.ဗျာ ။ တဲတလုံးကို မိသားစု ၂ စု ထားတယ်လို့သိရပါတယ် ။ တဲတလုံးအကျယ် က လ၄ယောက်လောက် အိပ်လိုက်ရင် ပိာုလူပ်ဒီလူးလို.တောင် မရတဲ.အနေအထားပါဗျာ ။ တဲ့အလုံး ၂၀ကျော်နဲ့ တွံတေးတခုလုံးကို ကယ်ဆယ်ထားတယ်ဆိုတော့ .... ဆက်မတွေးချင်တော.ဘူးဗျာ။

တွံ့တေးမြို့ထဲရောက်တော့ ကျနော်တို့ရန်ကုန်ဘက်လို သစ်ရွက်၊ သစ်ကိုင်း ပုံကြီးတွေ မရှိတော့သော်လည်း ဓာတ်တိုင်များကိုတော့ လုံးဝ လာရောက် ပြင်ဆင်ခြင်းမရှိသေးပါဘူး။ ဒါနဲ့ကျနော်တို့တွေလည်း ယို့ယွင်းပျက်စီးနေသော ရွှေစာရံစေတီတော်ကြီး ကိုတစ်ပတ်လှည့်ကြည့် ၊ (တီဗီထဲမှာ လိုပေါ.ဗျာ လိုအပ်တာတွေကို မှာစား (အခုတော. ပါလာတဲ. ဘီစကစ်လေးကို စားပြီး) ပြန်ဆင်းလာခဲ.တယ်။
အဲ.တ၀ိုက်မှာတော. လမ်းကြောင်းလာမယ်ဆိုပြီး လမ်းရှင်းနေတဲ. ရဲတွေတော့တွေ့ခဲ့ရတယ် ။ ကဲ ... မပြောတော.ပါဘူး ။။ ဒီကောင်တွေ လူပါးဝနေတာ ကြာပြီပဲ ။
မြို့ထဲဘက်လိုမဟုတ်... ကူညီမည့်အဖွဲ့များ မရှိသော ရန်ကင်း၊ တန်းလျှားလေး ကျေးရွာများဘက်ကိုရောက်ခဲ့ပါတယ်။အဲ့ရွာတွေမှာ တော့ အခြေနေဆိုးတယ် ဗျာ ။ ခန့်မှန်း လူဦးရေ ၁၅၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ တရွာလုံးကျွတ်ကို ပျောက်သွားတာ ။ ပြီးတော့ တရွာလုံးမှာမှ အိမ်ကောင်းဆိုလို. ၃၊၄၊၅လုံးပဲကျန်တယ် ။ အဲ့ဖက်က လူတွေက လက်လုပ်လက်စား ကွမ်းရွက်ခူးတဲ့သူတွေဖြစ်ပြီး အခု ကယ်ဆေးရေး ၊ ထောက်ပံရေး တခုမှမရသေးပါဘူး ။ မြို့ထဲရွှေစာရံ ဘက်မှာသာ ရနေကြတာပါ ။ လူမြင်ကွင်းမှာ တဲထိုးပေးထားတဲ့လူတွေလောက်သာရနေတာပါ ။ ပြီးတော့စဉ်းစားကြည့်ဗျာ ။ ကယ်ဆယ်ရေးစခန်း ရယ်လို့ ဖွင့်လို့လည်းမရတဲ. အခြေအနေမှာ ရှိသေးတဲ့အိမ်လေးတွေပေါ် တက်နေရတယ် တဲ့ ။ စားဖို့သောက်ဖို့က တော့ အပူတပြင်းရုံးကန် လမ်းမပေါ်အထိ ကလေးနဲ့မိန်းမတွေ မကျန် တက်တောင်းရမ်း စားသောက်နေရတယ် ။ လမ်းတဖက်တချက် က လမ်းမတွေမှာ ငတ်နေတဲ.လူတွေ တက်တက်တောင်းနေတာ ရန်ကုန်နဲ. တွံတေး လမ်းမပေါ်မှာ အများကြီးပဲ ။ အသေအပျောက်တော့ နည်းတယ်လို့ကြားခဲ့ရတယ်။

တွံတေးမှ လိုအပ်သော သတင်းအချက်အလက်များ ရယူပြီး နေ့လည် ၁ နာရီလောက်ပြန် လှည်ထွက်ခွာခဲ့ကြပါတယ်။

အသွားတင် မိုးရွာနေသောကြောင့် လမ်းဘေးဝဲယာ တစ်လျှောက်ဒုက္ခသည်များ အနည်းငယ်သာ ရှိသော်လည်း အပြန်တွင် ရာသီဥတု ကောင်းသဖြင့် လမ်းဘေးဝဲယာ တစ်လျှောက်ဒုက္ခသည်များ အများအပြားတွေ့ခဲ့ ရပါသည်။ ဒီလိုနှင့် အဖွဲ့သားများ ပြန်လာကြရာ လမ်းတွင် တွံတေးတံတားအဆင်း ကားအနည်းငယ်မောင်းပြီးသော အခါ ရုံးမှလာသော ကားနှင့်တွေ့သောကြောင့် ကော့မှုး ၊ ကွမ်းခြံကုန်းဘက်သို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။ လမ်းတွင် မောင်းတီးစေတီတော်ကြီးမှာ ထီးတော်ကြီး ပြုတ်ကျနေတာကို စိတ်မကောင်းဖွယ်တွေ့ရှိခဲ့ရပါတယ်။ ကော့မှုးမြို့နယ်သို့ နေ့လည် ၂ နာရီလောက်တွင် ရောက်ရှိခဲ့ပါသည်။ ဆင်ခြံကျေးရွာသို့ ရောက်ရှိတော့ ကျွန်တော်တို့ သွားရောက်လှူဒါန်းခဲ့ သော ပရဟိတ ကျောင်းလေးကို တွေ့ရပါသည်။ ကျောင်းရှေ့မုဒ်ဦးဝ တွင် ကလေးငယ်များ မိုးရေထဲတွင် သနားစဖွယ်တွေ့ရှိခဲ့ပါသည်။ကော့မှုးမြို့နယ် အတွင်းတွင်ရှိသော ကျေးရွာအများစု၏ မူလတန်းကျောင်းများမှာ တော်တော်များများကို ပျက်စီးသွားသည်ကိုတွေ့ရှိရပါသည်။ အိမ်များမှာလည်း အမိုးလန်ရုံတင်မက ပြိုလဲနေသည်များကိုပင်မြင်တွေ့ခဲ့ရပါသည်။ နေ့လည် ၂ နာရီခွဲခန့်တွင် ကွမ်းခြံကုန်းမြို့သို့ ရောက်ရှိခဲ့ပါသည်။ ကွမ်းခြံကုန်းမြို့၏ ပျက်စီးမှုများမှာ ကော့မှုးထက်ပင် များမယ်ထင်ပါသည်။ ကျွန်တော်တို့ ပထမဦးဆုံး အထက (၁) သို့သွားရောက်ပါသည်။ ထိုကျောင်းရှေ့တွင် စေတနာရှင်များမှ လူတစ်ဦးလျှင် ဆန် ၂ လုံး၊ အားလူး လေး ငါးလုံး နှင့် ကြက်သွန် လေး ငါး လုံး လှူဒါန်းနေသည်ကိုတွေ့ရပါသည်။

ထိုမှ တဖန် မြို့နယ် လျှပ်စစ်ရုံးသို့ သွားရောက်၍ မြို့တွင်း လျှပ်စစ်အခြေအနေကို မေးမြန်းပါသည်။ လမ်းမီးတိုင်ပေါင်း ၂၃၀ ခန့် ပြိုလဲပျက်စီးသွားသည်ဟု့ ကြားသိပါသည်။ လိုအပ်တာများကိုပြောကြားပီး ညနေ လေးနာရီ ကျော်ခန့်တွင် ပြန်လာပါသည်။

အပြန်လမ်းတွင် ကျွန်တော်တို့ ကားပေါ်တွင် ပါလာသော အ၀တ်အထည် များအား လမ်းဘေးဝဲယာ ဒုက္ခသည်များအား ပေးအပ်လှူဒါန်းပါသည်။ လိုအပ်သော သတင်းဓာတ်ပုံများအား အခက်အခဲ ရှိသောကြောင့် မတင်နိုင်သေးပါ။

နောက်တစ်နေ့တွင် ဘိုကလေးသို့သွားမည်ဖြစ်ပါသည်။

Monday, May 12, 2008

သတင်းဓာတ်ပုံ

သတင်း သတင်း

ယနေ့ နေ့လည် ၂ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အမေရိကန်လေတပ်မှ မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများအတွက် ရေနှင့် ရိက္ခာများအား C130 လေယာဉ်ဖြင့် လာရောက်ပို့ဆောင်ခဲ့ပါတယ်။

လေယာဉ်ပျံ ရပ်ရမည်နေရာသို့ တက်စီဝေးမှ လာနေပုံ


အမေရိကန်နည်းတူ နိုင်ငံတကာမှလည်း အထောက်အပံ့လာရောက်ပေးပို့သော လေယာဉ်ပျံများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ်။



လေယာဉ်ပေါ်တက်ပြီးလက်တော့ တစ်လုံးနှင့် ဘာလုပ်နေမှန်းမသိသော လေယာဉ်ဝန်ထမ်း စစ်သားတစ်ဦးအား မှတ်တမ်းတင်ထားပုံ။


ရန်ကုန်မှ မီဒီယာ သမားအချို့လဲ ပြေးပြေးလွှားလွှားသွားရောက် သတင်းယူနေပုံ

သံရုံးမှ တာဝန်ရှိသူတွေ စစ်တပ်မှ တာဝန်ရှိသူတွေ နှင့် သတင်းမီဒီယာများ




လေယာဉ်ပျံမှ ကယ်ဆယ်ရေးနှင့် ရိက္ခာပစ္စည်းများ ထုတ်ယူရန်အတွက် နောက်ဖုံးအားဖွင့်နေပုံ

အမေရိကန်လေတပ် မှ MSEG Robert White နှင့် အမှတ်တရ


သူပြောကြားချက်အရ အပြင်သို့ ထွက်ကြည့်ခွင့် ရလျှင် ထွက်ကြည့်ချင်ကြောင်းပြောပါသည်။

နောက်တစ်ခေါက်လည်း ထပ်လာဦးမည်ဟု့ပြောပါသည်။ တချို့ဟာတွေလည်းပြောသေးတယ်ဗျ။ ကျွန်တော်သူပြောတာအကုန်လုံး နားမလည်ပါဘူး။ ကျွန်တော်တို့ ရုပ်ရှင်တွေထဲက စစ်သားတွေ စကားပြောသလို ပြောတဲ့အတွက် စာတန်းများထိုးရင်နားလည်မလားပဲခင်ဗျာ။

သတင်းဓာတ်ပုံများ ကျန်ပါသေးတယ်ခင်ဗျာ။ အကုန်မတင်နိုင်သေးတာကို နားလည်ပေးပါ။ ပြီးတော့ တစ်ချို့သတင်းတွေကလည်း အတိအကျမသိသေးလို့။ အနားလေးကပ်ခွင့်ရတာကိုက တော်တော်ကံကောင်နေပါတယ်။ အမေရိကန်မှ ပေးအပ်တဲ့ ပစ္စည်းစာရင်းကို မကြာမီတင်ပြပါမယ်။
အထက်ပါဓာတ်ပုံများအား သုံးစွဲလိုပါက အီးမေးလ်မှတဆင့် ပြောကြားပါရန် မေတ္တာရပ်ခံပါသည်။
ကျေးဇူးတင်ပါတယ်။ (ဖိုးသူတော်)



Friday, April 18, 2008

တစ်ယောက်သောသူ

ဒီရင်မှာ မြိုသိပ်ထားတဲ့ ချစ်ခြင်း
ဖွင့်ဟပြောဖို့ မသင့်တော်လို့
ဆက်လက်သိမ်းထားဦးမယ်
တိတ်တခိုး ချစ်သူရယ်...

ခင်မင်နေတဲ့ သံယောစဉ်
ငါ့ကြောင့် တစ်ခုခု ညစ်နွမ်းသွားမယ်ဆို
ဒီချစ်ခြင်းကို ရင်မှာ သိမ်းဆည်း
အဖြူရောင် သံယောစဉ်ကိုပဲ
ဆက်လက်ပေးသွားပါ့မယ်....

အချစ်ဆိုတာလည်း အဆန်းသား
ဖြည်းဖြည်းလေး ၀င်လာပြီး
ဗြုန်းကနဲ ထပေါ်
ငါ့မှာ ရုတ်တရက် လန့်သွားတယ်
အဲ့ဒါ မင်းကို ချစ်နေပီတဲ့..........

Thursday, April 17, 2008

သတိရနေတယ်

ညက လသာတယ်

လကိုကြည့်လိုက်တော့ တိုးတိုးလေးပြောတယ်

နင်ဟိုးဝေးဝေးမှာ ရှိတယ်

သူလဲကြည့်နေတယ်တဲ့

ဒါဆို ကိုယ်စား သူ့အား ပြောပေးပါ..

သတိရနေတယ်လို့...

နှစ်သစ်ဆုတောင်း

မင်္ဂလာရှိသော နှစ်သစ် အခါသမ သို့ရောက်ရှိလို့လာပြန်ပါပြီ။ ၁၃၇၀ ပြည့်နှစ် တွင် မြန်မာပြည်သူ ပြည်သား အပေါင်း ကျမ်းမာရွှင်လန်း ဘေးဘယာတွေ ကင်းဝေး ကြပါစေလို့ တောင်းဆု မေတ္တာပို့သ ပါတယ်။

ကမ္ဘာသူ ကမ္ဘာသားတွေလည်း ကျမ်းမာရွှင်လန်း အေးချမ်းပါစေ။

အားလုံးသော စစ်ပွဲများလည်း ရပ်တန့်ပြီးဆုံးပါစေ။ နိုင့်ထက်စီးနင်း လုပ်ကိုင်မှုများ လည်း ပပျောက်ပါစေ။ လက်နက်အားကိုး အနိုင်ကျင့်မှုများလဲ ပပျောက်ပါစေ။ အေးချမ်းသာယာ ပါစေ။ အမြင်တွေ ပွင့်လင်းပါစေ။ အတွေးတွေ ဆန်းသစ်ပါစေ။ ကောင်းကျိုးမင်္ဂလာ အဖြာဖြာ ပြည့်ပါစေ..............

ဖိုးသူတော်

Saturday, April 12, 2008

သင်္ကြန်အတွေး

အချိန်ကာလကတော့ သင်္ကြန်ကျပြီ ပေါ့လေ.. လမ်းပေါ်မှာလည်း သင်္ကြန်သီချင်းသံ တွေက ပျံ့လွင့်လို့ နေပါတယ်။ ကျွန်တော်တို့ မြန်မာတွေမှာ ၁၂ လရာသီမှာ ပွဲတော်တွေကလည်း ၁၂ လ လုံးလုံးကို ရှိနေပါတယ်။ ပွဲကြိုက်တဲ့ လူမျိုးတွေကိုး။ ဒီ..ပွဲတော်တွေထဲမှာမှ သင်္ကြန်ပွဲတော်ဆိုတာ ပျော်စရာအကောင်းဆုံးပါ။ တွေးစရာလေးတွေလည်း နဲနဲတော့ ရှိပါတယ်။ ဒါက သင်္ကြန်နဲ့ ပတ်သက်တဲ့ အတွေးတွေပါ။ ပွဲတော်ဖြစ်ပေါ်လာရခြင်း သမိုင်းအချက်အလက်တွေတော့ ရှိလိမ့်မယ်လို့ ယူဆပါတယ်။ ဒီပွဲတော် ကျင်းပရခြင်းက လည်း စဉ်းစားစရာကောင်းပါတယ်။ ပျော်စရာ လည်းကောင်းပါတယ်။

ပျော်စရာကောင်းတာကတော့ အားလုံးသိကြတဲ့ အတိုင်း ပျော်ကြရလို့ ဖြစ်ပါတယ်။ အဲ..စဉ်းစားစရာ တွေးစရာလေးကတော့ ဒီလိုပူပျင်း ခြောက်သွေ့တဲ့ ရာသီမှာ ဒီလိုမျိုးပွဲတော် ဘာကြောင့် ကျင်းပကြရသလဲ ဆိုတာပါ။ ကျွန်တော့် အမြင်ပြောရရင် ရာသီဥတု ပူပြင်းတဲ့ အတွက်ကြောင့် လူတွေရဲ့ စိတ်ဓာတ်တွေ မလန်းဆန်း မတက်ကြွ ဖြစ်နေမယ်။ အဲ့ဒါကို တက်ကြွလန်းဆန်းအောင် ရေအေးနဲ့ ပတ်ဖြန်းပြီး အတီးအမှုတ် အကတွေနဲ့ ပြုလုပ်ပျော်ရွှင် ဆင်နွှဲကြခြင်း ဖြစ်မယ်လို့ ယူဆမိပါတယ်။ ဟိုးရှေးရှေး ကတည်းက တစ်ဦးနဲ့ တစ်ဦး ရေပတ် ဆော့ကစားကြရင်း ပွဲတော်ကို ဆင်နွှဲကြပါတယ်။ အဲ့ဒီလို ရေပတ်ဆော့ကစားတဲ့ အလေ့အထကို ရှေး ပုဂံပြည်မှာ ရှိတဲ့ ဘုရင်တွေ လက်ထက်ကတည်းက အခမ်းအနားများနဲ့ ပြုလုပ်ဆင်နွှဲကြတယ်လို့ မှတ်သားဖူးပါတယ်။

ရှေးအခါသမယက သင်္ကြန်ပွဲတော်ကို ဘယ်လိုပျော်ရွှင်စွာ ကျင်းပခဲ့သလဲ ဆိုတာတော့ ကိုယ်လည်းမမြင်ဘူးလို့ မသိပါဘူး။ သမိုင်းဆိုင်ရာ စာအုပ်တွေထဲမှာတော့ ရှိကောင်းရှိပါလိမ့်မယ်။ ဒီလိုနဲ့ ခေတ်အဆက်ဆက် နှစ်တွေ ပြောင်းလာလိုက်တာ ကျွန်တော်တို့ ဒီဘက်ခေတ်မှာ ရေကစားပျော်ပွဲ ဆင်နွှဲကျင်းပ တာပုံစံတွေ ပြောင်းလဲလို့ လာကုန်ပါပြီ။ ကျွန်တော်တို့ မိဘတွေ ခေတ်တုန်းက အလှပြ ရေသဘင် ကားကြီးတွေနဲ့ နေ့မှာ လမ်းမကြီးတွေမှာလိုက်လံ ဖျော်ဖြေပြီး ညပိုင်းတွေမှာတော့ ရပ်ကွက် လမ်းတွေထဲမှာ လည့်လည်ဖျော်ဖြေတယ်လို့ ကြားနားမှတ်သားဘူးပါတယ်။ အဲ့လိုမျိုးဖျော်ဖြေမှုတွေကို ရုပ်ရှင်ထဲမှာတော့ ကြည့်ဖူးပါတယ်။ သင်္ကြန်မိုးဇာတ်ကားမှာပါ။ ဒီဘက် ကျွန်တော်တို့ ခေတ်မှာ မရှိတော့ပါဘူး။ ဒါပေမဲ့ မန္တလေးမြို့ မှာတော့ ဒီလိုအလေ့အထမျိုး ရှိကောင်းရှိဦးမှာပါ။ (မန္တလေးမှ ညီအကို မောင်နှမ သူငယ်ချင်းများ အဲ့လို ကားကြီးနဲ့ လျှောက်က တာ ရှိသေးလားမသိ)။

သင်္ကြန်ယိမ်းတို့ ဘာတို့ကတော့ မြို့တော်ဝန် မဏ္ဍပ်နဲ့ မဏ္ဍပ်အနည်းငယ် မှာပဲရှိပါလိမ့်မယ်။ ကျန်ရေကစားမဏ္ဍပ် အများစုကတော Dancer တို့ DJ တို့တွေနဲ့ မြူးမြူးကြွကြွ တွေများပါတယ်။မြူးကြွကောင်းတဲ့ အရွယ် လူငယ်တွေ အများစုပါတယ်ဆိုတော့ သူ့ခေတ်သူ့အခါနဲ့ လိုက်ပါတယ်.. မြူကြွတဲ့ အခွေတွေလည်းထွက်တယ်.. ဟိုလူတွေက Remix လုပ်လိုက်…ဒီလူတွေက လုပ်လိုက်နဲ့တော့ ၀ယ်ရတာမော.. အဲ့ ကောင်းပါတယ်..

ပျော်မြူးကြတယ်ဆိုတဲ့ အထဲမှာ အပျော်ကျူးပြီး မူးတာ ရမ်းတာတွေကို ခုခေတ်လူငယ်တွေ သိဖို့လိုတယ်။

ပျော်ကြပါးကြတယ်ဆိုတဲ့ နေရာမှာ အပျော်လွန်ကဲ ထင်တိုင်းကြဲရင် မကောင်းပါဘူး။ ကိုယ့်အတွက် မကောင်းသလို ကိုယ့်ဘေးပတ်ဝန်းကျင် အတွက်လည်း မကောင်းပါဘူး။ သင်္ကြန်တွင်း ၀တ်စားဆင်ယင်မှု နဲ့ ပတ်သက်လို့ကတော့ အထွေအထူး မပြောချင်ပါဘူး။ ပြောလို့လဲ မရဘူးကို။ (ပြောပြန်ရင်လည်း ဆရာကြီးလား ဘာလားဆိုပြီး လာဦးမယ်) အထူးသဖြင့် ကတော့ အမျိုးသမီးလေးတွေ ကိုပြောချင်တာပါ။ ဒီဇိုင်းအနေနဲ့ က ဆန်းသစ်ပါ။ ဒါပေမဲ့ ကိုယ်ခန္ဒာ လုံခြုံမှုကိုတော့ ဂရုပြုသင့်ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်း နဲ့ ကမ္ဘာပြား ဖြစ်စဉ်တွေကို နားလည်ပေမဲ့ ယဉ်ကျေးမှုနှင့် လူမျိုးကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ မြန်မာလူမျိုးတွေပါ။ ဒါကြောင့် နဲနဲတော့ ကိုယ့်ယဉ်ကျေးမှုလေးရှိသင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် အတိုင်းထက်အလွန် ၀တ်စားမယ်ဆိုရင် ဘာပဲပြောပြောမကောင်းပါဘူး။ ကိုယ့်အတွက်မကောင်းသလို ကိုယ့်အသိုင်းအ၀ိုင်း အတွက်လည်းမကောင်းပါဘူး

သိကြတဲ့ အတိုင်း ဒီနေ့ခေတ်ကြီးက အင်တာနက်ခေတ်ကြီးဆိုတော့ ကိုယ့်အနေအထိုင် အ၀တ်အစားလေးနဲနဲမှားရင် နောက်တနေ့ဆို ဆိုသလို ကံမကောင်းရင် အင်တာနက်မှာ ပါလာနိုင်ပါတယ်။ ဒီအတွက် အနည်းငယ်ဆင်ချင်စေ လိုပါတယ်။

အားလုံးပဲ မြန်မာရိုးရာသင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲပါဝင်စေလိုပါတယ်။ နှစ်သစ်မှာလည်း အားလုံး ဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်ကြပြီး ကျမ်းမာပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ဖိုးသူတော်၏ ကိုယ်ပိုင်ရေးအတွေး ဖြစ်တဲ့အတွက် ဖတ်ပြီး စိတ်အနှောက် အယှက် ဖြစ်ရင် တောင်းပန်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Tuesday, April 8, 2008

Happy Birthday ko gout

ဘလောက်ဂါ ဘာလာဂေါက် ခေါ် ကိုဂေါက်၏ ၂၈ နှစ်မြောက်မွေးနေ့ မင်္ဂလာဖြစ်ပါသည်။

ကျွန်တော်၏ သူငယ်ချင်း ကိုဘလာဂေါက် ၂၈ နှစ်မြောက်မွေးနေ့မှ သည် နောက်နှစ်ပေါင်း များစွာ ပျော်ရွှင်ချမ်းမြေ့စွာ နဲ့ ဘ၀ လမ်းကို လျှောက်လှမ်း နိုင်ပါစေ။ ခင်ဗျား စိတ်ကူးတွေ လည်း အကောင်အထည်ဖော်နိုင်ပါစေဗျာ..

ဖိုးသူတော်

Saturday, April 5, 2008

ကိုယ်တို့ရဲ့လမ်း

ကိုယ်တို့ရဲ့လမ်း

မနက်ခင်းမှာ ငှက်တသင်းက..

တေးဆိုတယ် အချစ်ရယ်..

လေအဝေ့မှာ ငုပန်းလေးတွေ

ကြွေကြလာတယ် အချစ်ရယ်..

လိပ်ပြာစုံတွဲ တူယှဉ်တွဲလို့..

ဥယျာဉ်ထဲမှာ ပျံဝဲနေတယ် အချစ်ရယ်..

ငုဝါပန်းတွေ လှိုင်လှိုင်ပွင့်လို့..

ပိတောက်ပန်းကို ကြိုနေကြတယ် အချစ်ရယ်..

ကိုယ့်လက်ကို ခိုင်ခိုင်တွဲလို့..

ဘ၀လမ်းကို လျှောက်လှမ်းမယ် အချစ်ရယ်…

ဖိုးသူတော်

သံယောစဉ်လမ်း

သံယောစဉ်လမ်း

လမ်းလေးပေါ် ငါလျှောက်ခဲ့တယ်..

တလှမ်းချင်း တလှမ်းချင်းပေါ့..

ဟော..လမ်းလေးက

ညာဘက်ကွေ့သွားတယ်

ငါလည်းသူ့အတိုင်း လိုက်ကွေ့ရတာပေါ့…

ဟော….လမ်းလေးက

ပြေပြေလေး ဆင်းသွားပြီ..

ငါလည်းပြေပြေလေး လိုက်ဆင်းရတာပေါ့..

ဒီလမ်းလေးပေါ် ငါပျော်မွေ့တယ်..

ဒီလမ်းလေးကို မဆုံးစေချင်ဘူး..

ဖြစ်နိုင်ရင် တသက်လုံး..

ဒီလမ်းလေးပေါ် ငါလျှောက်ချင်တယ်..

အို….လမ်းလေး…

ဖိုးသူတော်