Saturday, February 9, 2008

ကိုးနာရီကျော်ဖုန်းမဆက်ရ..

ကိုးနာရီကျော် ဖုန်းမဆက်ရ
ချစ်သူ……
အချိန်ရဲ့ ကန့်သတ်ချက်တွေကို
ဘောင်တွေအဖြစ် မမြင်ပဲ
လှပတဲ့ ခံစားချက်အဖြစ်ကြည့်ခဲ့တယ်
ချစ်သူကို သိပ်ချစ်လို့ပေါ့..
အသံဆိုတာ သောတ……
ကြားချင်လှတာ ထိန်းမရ
ကြားရတဲ့ အခိုက်က ပီတိ
“ဟယ်လို” ဆိုတာက အသည်းထိ..
ကြားချင်လှတဲ့ သူအသံ..
“ဟုတ်ကဲ့ပြောပါ” နားထဲကမထွက်
ချစ်တက်တဲ့ ဒီနှလုံးသား..
နားစည်နဲ့ တိုက်ရိုက်ဆက်သွယ်ထား..
ဖုန်းခေါ်တိုင်း ရင်အစုံခုန်..
သူ့ပြန်ဖြေသံကြား..
ရင်အစုံ ၀ရုန်းသုန်းကား ဖြစ်ဖြစ်သွား…
ရှစ်နာရီခွဲ ဖုန်းလိုင်းကမအားသေး..
ကိုးမက်တင်း ဖုန်းလိုင်းရဲ့ဖြေသံ..
တူတူ သံမြည်စဲ..
ခုန်နေတဲ့ ရင်အစုံ.
တ၀က်နဲ့ပဲ ရပ်တန့်ရမှာလား…
လွှမ်းမိုးလှ ချည်လားချစ်သူ..
ကိုးနားရီကျော် ဆက်မရဖုန်း
သတိရလို့ ဆက်နေတုန်း..
ကိုးနာရီ နောက်ပိုင်းသတိမရနဲ့…
ဟုတ်ကဲ့ ချစ်သူ…..
ဖုန်းမဆက်ရပေမဲ့ သတိရလို့..
ကဗျာတော့ ရေးခွင့်ပေးပါ…
သတိရလို့ ဆက်တဲ့ဖုန်း
အလွမ်းတွေက ၀ရုံးသုန်း
ဆက်လို့မရတဲ့ဖုန်း….
ကိုးနာရီကျော် ဆက်နေတုန်း……
ဖိုးသူတော်

ကိုးနာရီကျော် ဖုန်းမဆက်ရ
ချစ်သူ..
အချိန်တွေရဲ့ ကန့်သတ်မှု
ဘောင်တွေအဖြစ် မရှုဘဲ..
နုညံ့တဲ့ခံစားချက်နဲ့ ကြည့်
သိခဲ့တဲ့ အချစ်တွေ..
သောတ ဆိုတဲ့သူ့အသံ..
အဖန်ဖန်ပြန် ကြားချင်မိ
ပီတိတွေဝေနေတဲ့အခိုက်..
အသည်းထိ လိုက်သွားတာ “ဟယ်လို”……
သူ့အသံကို ကြားချင်
နားဆင်ကာ..“ဟုတ်ကဲ့ပြော”
မျောသွားတဲ့ ကိုယ့်နှလုံးသား..
ဆက်သွယ်ထားတဲ့ ကိုယ့်နားစည်..
ရင်ခုန်မဲ့ ဖုန်းတစ်ချက်
သူ့အတွက်ဖြေဆဲ..
ဝရုန်းသုံးကား လျှံသွားတဲ့အချစ်..
အပြစ်လို့ မဆိုပါနဲ့ ချစ်သူ..
လိုင်းမအားတာ ရှစ်နာရီခွဲ..
လွဲသွားတဲ့ ကိုးမတ်တင်း
“ဟင်း” ခနဲ့သက်ပြင်းချ..
ဆက်ရင်းက တူတူမြည်..
ဖြေမစည်တဲ့ ရင်ဝ..
တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်ရ..
ကိုးနာရီကျော် ဆက်မရတဲ့ဖုန်း..
သတိရလို့ ဆက်နေတုန်း..
ပြုံးမနေနဲ့ချစ်သူ
အပြစ်မယူစေချင်တဲ့ ဒီစကား..
“သတိမရနဲ့” လို့တား…
“ ဟုတ်ကဲ့ပါ..ချစ်သူ..”
မူနေတဲ့ ဒီဖုန်း
သတိရလွန်းလို့ ဆက်နေတုန်း..
အမုန်းတော့ မပွားစေလို..
ပြိုနေတဲ့ ဒီအဖြစ်..
ကဗျာအသစ်တော့ရေးချင်..
အတွေးဝင် စိတ်ဆော်နှိုး..
ကိုးနာရီကျော် ဖုန်းမဆက်နဲ့..
ဒါဟာ ချစ်သူအတွက်…
ကိုသံသရာ..

အတူနေ သူငယ်ချင်း ကိုသံသရာ က ကျွန်တော့် ခံစားချက်ကို ခံစားချက်အတိုင်း ပုံစံမပြောင်း အဓိပ္ပယ်တူ နောက်တမျိုးရေးဖွဲ့ခံစား ပေးထားခြင်းဖြစ်ပါသည်။ ကျေးဇူးပါ…သူငယ်ချင်း…

Wednesday, February 6, 2008

To Nay Phone Latt !

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Thursday, January 24, 2008

ရီ(ရယ်) ရသားဗျ

ရီ(ရယ်) ရသားဗျ

၁။ တစ်နေ့နေလည်ခင်းတွင် ယာဉ်မောင်းတစ်ဦးသည် အိမ်နီးချင်းတစ်ဦးထံသို့ ချဉ်းကပ်၍ ပြောသည်။

`ကျွန်တော် တကယ်ကိုဝမ်းနည်းပါတယ်ဗျာ။ ကျွန်တော်ခုပဲ ခင်ဗျားကြောင်ကို ကားနဲ့တိုင်မိတယ်ထင်ပါတယ်။ ကျွန်တော် အစားထိုးပေးရမလား´

ထိုအခါ အိမ်နီးချင်းက ယာဉ်မောင်းကိုခြေဆုံးခေါင်းဆုံး ကြည့်ပြီးပြောလိုက်သည်မှာ

`မင်းကငါ့ကြောင်လို ကြွက်ခုတ်နိုင်ပါမလား´

၂။ လူတစ်ယောက်သည် ကွယ်လွန်ပြီး ကောင်းကင်ဘုံသို့ ရောက်သွားသည်။ သူသည် ဘုရားသခင်အား တွေ့ခွင်ရပြီး မေးခွန်းနည်းနည်း မေးနိုင်ပါသလားဟု မေးသည်။

`ရတယ်၊ မေးပါ´

`အရှင် မိန်းမတွေကို ဘာဖြစ်လို့ဒါလောက် လှအောင် ဖန်းတီးထားရတာလဲ´

ဘုရားသခင်က ဖြေသည်။

`ဒါမှ မင်းသူတို့ကို ချစ်မှာပေါ့ ´

`ဟုတ်ပါပြီ။ ဒါပေမယ့် ဘာဖြစ်လို့သူတို့ကို ဦးနှောက်မရှိအောင် ဖန်တီးထားတာလဲ´

ထိုအခါ ဘုရားသခင်က ဖြေသည်။

` ဒါမှ သူတို့ မင်းကိုကြိုက်မှာပေါ့ ´

၃။ သေခါနီးဆဲဆဲ လူတစ်ယောက်သည် သူ့ဇနီးအား ပြောသည်။

`ကိုယ်တော့ မင်းကို အမှန်မပြောဘဲ အသေမဖြောင့်နိုင်ဘူးကွယ်။ ကိုယ်တို့ အိမ်ထောင်ကျနေတဲ့ တစ်လျှောက်လုံး မင်းကို ကိုယ်လည့်စားခဲ့ပါတယ်။ ကိုယ်အိုဗာတိုင် ဆင်းနေရတယ်လို့ပြောခဲ့တဲ့ ညတွေအားလုံး တခြား မိန်းမတွေနဲ့ ရှိနေခဲ့တာပါ။ ပြီးတော့တစ်ယောက်တည်းတောင် မဟုတ်ဘူး။ မိန်းမအတော်တော်များများ နဲ့ ကိုယ်အိပ်ခဲ့တာပါ ´

ထိုအခါ ဇနီးဖြစ်သူက သူ့ကိုတည်တည်ငြိမ်စွာကြည့်ပြီး ပြောလိုက်သည်။

`ကျွန်မက ရှင့်ကို ဘာဖြစ်လို့ အဆိပ်ကျွေးသတ်တယ်လို့ ရှင်ထင်နေလို့လဲ ´

၎။ လူတစ်ယောက်သည် မိန်းမလှလေးတစ်ဦးနှင့် ချစ်နေသည်။ တစ်နေ့တွင် သူမက သူ့အား နောက်နေသည် သှူမ၏ မွေးနေ့ဖြစ်ကြောင်း ပြောသည်။ သူက သူမထံ နှင်းဆီ ပန်းစည်းတစ်စည်းကို အသက်တစ်နှစ်လျှင် နှင်းဆီ တစ်ပွင့်နှုန်းဖြင့် ပို့ပေးမည်ဖြစ်ကြောင်း ပြောသည်။

ထိုနေ့ညနေတွင် သူသည် နယ်မြေပန်းသည်ထံ ဖုန်းဆက်ပြီး နှင်းဆီ ၂၁ ပွင့်ကို နောက်တစ်နေ့ မနက်တွင် သူ့ကောင်မလေးထံ ပထမဆုံး ပို့ပေးရန် ပြောလိုက်သည်။

ပန်းသည်က ပန်းစည်းပြင်ဆင်သောခါ ထိုလူငယ်သည် ၀ယ်နေကြဖောက်သည်ဖြစ်၍ တစ်ဒါဇင် အပို ထည့်ပေးလိုက်သည်။

ထိုသူသည် ကောင်မလေး သူကို ဘာကြောင့် စိတ်ဆိုးနေမှန်း ဘယ်တော့ မှမသိပေ။

၅။ ကျွန်တော့်မိန်းမနဲ့ ကျွန်တော် အိမ်ထောင်သက် အနှစ် ၅၀ လုံးလုံး ဘယ်တုန်းကမှ ခွန်းကြီးခွန်းငယ် မဖြစ်ခဲ့ကြဘူး လို့ဂုဏ်ယူပြီး ပြောပါတယ်။ ဒါပေမဲ့ တစ်လောကတော့ မိန်းမက ကျွန်တော့်ကို ကြိမ်းလိုက်မောင်းလိုက် လုပ်တယ်ဗျာ။ သူ့ကို ကားတံခါး ဖွင့်မပေးလို့တဲ့။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော်လည်း ရေပေါ်ကို တက်နိုင်ဖို့ ကြိုးစားရင်း အလုပ်ရှုပ်နေလို့ပါ။

ရယ်မောရင်း တွေးနိုင်ကြပါစေ။

Saturday, January 19, 2008

လွတ်လပ်ပေါ့ပါး

လွတ်လပ်ပေါ့ပါး
ချစ်သူ..
သက်တန့်တွေပေါ် လမ်းလျှောက်ရရင်
မင်းနဲ့ကိုယ်နဲ့ လျှောက်ကြမယ်..
သက်တန့်က ခုံးခုံးလေးဆိုတော့
တို့တွေ လျှောစီးကြတာပေါ့…
လွတ်လပ်ပေါ့ပါးတဲ့ ရင်ခုန်သံတွေနဲ့
ရယ်မောချင်တယ်..
ချစ်သူ..
ပန်းဥယျာဉ်ထဲမှာ တူတူလမ်းလျှောက်မယ်
ဥယျာဉ်လမ်းက ပြေပြေလေးဆိုတော့
ကိုယ့်ပခုံးလေး ကိုမှီတွဲလို ရတာပေါ့..
လွတ်လပ်ပေါ့ပါးတဲ့ ရန်ခုန်သံတွေနဲ့
ရယ်မောချင်တယ်..
ချစ်သူ..
ကန်ထဲမှာ လှေကလေးရှိရင်
လှေလှော်ကြတာပေါ့
ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့
လေနုအေးကို ရှုရှိုက်ရင်း
ပျော်ရွှင်စွာ လှေလှော်ကြတာပေါ့
လွတ်လပ်ပေါ့ပါးတဲ့ ရန်ခုန်သံတွေနဲ့
ရယ်မောချင်တယ်..
တကယ်ပါ..
မျှော်လင့်တမ်းတခြင်းတွေသာ
ဖြစ်လာခဲ့မယ်ဆိုရင်……

အောင်မြင်ရေး

အောင်မြင်ရေး
သဘာဝတရားက လှပတယ်
ဒါပေမဲ့ ဆန်းကြယ်တယ်
လူ့လောက,က ရှုပ်ထွေးတယ်
ဒါပြင်ကောက်ကျစ်တယ်
ဒီလောကကိုအလည်ခဏ
ရောက်လာခဲ့ တဲ့ဘ၀မှာ
မင်းစိတ်ကို မင်းပိုင်
စေတနာ နဲ့ မေတ္တာကို
ရှေ့တန်းမှာထား
မှန်ရာကို မှန်သလိုလုပ်
မင်းလုပ်သမျှ မအောင်မြင်ရင်
ကံကိုတော့ ပုံမချမချနဲ့ဦး
ဉာဏ်နဲ့ ၀ီရီယ ဆိုတာ ချန်ထားလို့မရ
သူတို့နဲ့ပါ တိုင်ပင် မင်းဒီအတိုင်းလုပ်ရင်
အောင်မြင်မှာ မုချပဲ….

ဖိုးသူတော်

Thursday, January 3, 2008

အလွမ်းမရှိ

နှစ်ထောင်ရှစ်ဟာ အလွမ်းတွေမရှိသော နှစ်ဖြစ်သည်

နှစတွေတစ်နှစ်ပြီး တစ်နှစ်ပြောင်းသွားတာ

ထောငစုနှစ် နှစ်ခုလည်း ကျော်လာခဲ့တာ

ရှစခုမြောက်ဖြစ်ခဲ့ပြီ..

ဟာ တာတာရင်တစ်ခုလည်း

ရင်လို မနာတော့ပေမယ့်

လွမ်း နေတဲ့စိတ်ကတော့

တွေ ဝေစွာ သတိရနေပြီး..

ဆုံနိုင်တော့မဲ့သူကို

ရှိ လိမ့်လေ ဦးမလားလို့……

ဒါပေမဲ့...

သော ကစိတ်တွေကို ထိန်း

နှစ် လုံးသားကိုတိုင်တည်

ဖြစ် တည်ရာ ဒီဘ၀မှာ သူနှင့်

သည် မှာပဲ ပြီးဆုံးချင်ပါပြီး…

ဖိုးသူတော်

အမြဲတမ်းလွမ်းနေရတဲ့ ဖိုးသူတော် ဒီတစ်ခါ မလွမ်းတော့ဘူး..

Wednesday, January 2, 2008

ခရီးမှပြန်ရောက်ကြောင်း

၃၀ ရက်နေ့ မနက်စောစော ပျဉ်းမနား (နေပြည်တော်)မှ ပြန်လည်ရောက်ရှိ လို့လာပါသည်။ ကားဂိတ် ရောက်ရောက်ခြင်း ပထမဦးဆုံး ကြားရတာက ဆီဈေး နှင့် CNG ဓာတ်ငွေ့ တို့ အကြောင်းဖြစ်ပါသည်။ နှစ်ရက် သုံးရက် အတွင်း ဘယ်လိုဖြစ် သွားမှန်း မသိပါဘူး။ ထို့ကြောင့် ကားခကို မနဲညှိပြီးမှ ပြန်လာရပါတယ်။ အစက ဟိုမှာ နည်းနည်းကြာဦးမယ် ထင်ထားတာ။ သွားလုပ်ရတဲ့ လုပ်ငန်းကလည်း ပြီးသလောက်ဖြစ် ဒီကလည်းပြန်ခေါ် ကိုယ်ကလည်းပြန်ချင် ဆိုတော့ အတော်ပါခင်ဗျာ။ ထိုသို့သော အကြောင်းများကြောင့် မောင်ဖိုးသူတော် တစ်ယောက် ရန်ကုန်ရွှေမြို့တော်ကြီးသို့ ပြန်ရောက် လို့လာပါကြောင်း………………အခုမှ ရေးရတာကို နားလည်ပေးကြပါ။ ကျေးဇူးတင်ပါတယ်။

Tuesday, December 25, 2007

ခရီးသွားမည်

၂၇ ရက်နေ့ ပျဉ်းမနား( နေပြည်တော်) ကို အလုပ်ကိစ္စ နှင့်သွားစရာ ရှိပါတယ်။ ဒါကြောင့် ဘလော့ကော အင်တာနက် ကော သုံးနိုင်မယ် မထင်ပါ။ ပြန်ရောက်လာရင် သူငယ်ချင်း အပေါင်းအသင်းများကို ပြောပါမယ်။ ကျေးဇူးတင်ပါတယ်။

ဖိုးသူတော်

Thursday, December 20, 2007

ချစ်ခွင့်

ချစ်ခွင့်

ည…

ဘာလို့မှောင်နေတာလဲ…

မမေးနဲ့လေ နေမရှိလို့ဖြစ်မှာပေါ့..

လ…

ဘာလို့လင်းနေရတာလဲ..

မမေးနဲ့လေ နေ၀င်သွားလို့ဖြစ်မှာပေါ့..

သိပ်..

ဘာလို့သိပ်ထည့်နေရတာလဲ..

မမေးနဲ့လေ ပြည့်ပြီးလျှံမှာစိုးလို့ပေါ့..

ချစ်…

ချစ်တယ်လို့ဘာလို့ပြောတာလဲ..

မေးပါကွာ ကိုယ်အရမ်းချစ်နေလို့ပါ..

လသာတဲ့ ညမှာ

သိပ်ချစ်တဲ့မင်းကို စဉ်းစားရင်း

သတိရ ရာတာကိုယ့်အတွက်

ခံစားရ မှုတစ်မျိုးပါ…

သိပ်ချစ်တဲ့ မင်းကို

ညမှာ လကိုကြည့်ရင်း

စဉ်းစားရတာ ကြည်းနူးစရာပါ…

ဒါပေမဲ့…..

ကိုယ့်ကိုချစ်ခွင့်ပေးပါ…

Overall PLC

Overall PLC system.

PLC စနစ်တစ်ခုမှာ အဓိက အစိတ်အပိုင်းကြီး ၄ ခုရှိပါတယ်။ အဲဒီအစိတ်အပိုင်းကြီး ၄ ခု ကတော့

1. Central Processing Unit (CPU)

2. Programmer/ Monitor (PM)

3. I/O Module

4. Racks and Chassis တို့ဖြစ်ကြပါတယ်။

Central Processing Unit (CPU) မှာအောက်ဖော်ပြပါ အစိတ်အပိုင်းငယ် ၃ ခု ပါဝင်ပါတယ်။

အဲ့ဒါတွေကတော့…

1. Processor

  1. Memory
  2. Power supply တို့ပဲဖြစ်ပါတယ်။

PLC စနစ် ရဲ့ optional use အနေနဲ့ သုံးလို့ ရတဲ့ ပစ္စည်းတွေကတော့ Printer နဲ့ program Recorder/Player တို့ဖြစ်ကြပါတယ်။

PLC စနစ် အကြောင်းကို ဒီထက်ပိုရေးချင်ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ ဘာသာပြန်နိုင်မှု စွမ်းရည် ညံ့ဖျင်းသောကြောင့် အချိန်ရမှ အေးအေးဆေးဆေး လုပ်ပါမယ်။ ဒါကအခြေခံ စလုံးရေစ ပါ။ ကျေးဇူးတင်ပါတယ်။